အခန်း (၁၀၄၁)
Vol. 70 Ch. 1041
ဘုန်း ဘုန်း
ကြမ်းတမ်းပြီး ကြီးမားလွန်းလှသော မုန်တိုင်းကြီးထဲမှာတော့ မိုးကြိုးလှိုင်းများသည် ရူးရူးမူးမူးနှင့် ကျဆင်းလျက် ရှိနေတော့သည်။ ကောင်းကင်ကြီး တစ်ခုလုံးသည် တလက်လက်နှင့် လင်းလက်နေ၏။ စက်ခန်းအတွင်းတွင် ရှိနေသော လော်ကျစ်လုံ၏ လက်များသည် တုန်ခါလျက်ရှိနေ၏။ သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု များနှင့် ပြည့်နှက်လျက်ရှိနေ၏။
အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် လီချင်းယန်သည် ဓားကြီးကို လက်မှ ကိုင်ကာဖြင့် ကောင်းကင်ပေါ်သို့ မြှောက်ကိုင်ထားခဲ့သည်။ မိုးကြိုးနှင့် လျှပ်စီးတန်းများသည် ရူးရူးမူးမူး ကျဆင်း လာပြီးသည့်နောက်မှာတော့ ဓား၏ထိပ်နှင့် ထိတွေ့လျက် ရှိကာ ကြောက်မက်ဖွယ်ရာကောင်းသော အလင်းတန်းများအဖြစ် ဖြစ်တည်နေသည်။ ဤဓားကြီးသည် မိုးကြိုးလှိုင်းများကို ဆွဲယူလျက်ရှိနေပြီး အားလုံးသောသူများကို လုံခြုံစေခဲ့သည်။
“ကောင်းကင်ဘုံ... ကြောက်ဖို့ကောင်းလိုက်တာ” ကုန်းပတ်တွင် မတ်တပ်ရပ်လျက်ရှိနေသော ရှောင်ကျီသည် ဆွံ့အလျက် ရှိနေ၏။
လီချင်းယန်သည် ၎င်း၏ လက်နက်ကို အသုံးပြုကာဖြင့် ပစ်ချလိုက်သော မိုးကြိုးနှင့် လျှပ်စီး စွမ်းအင်များအားလုံးကို ဆွဲယူရရှိနိုင်စွမ်း ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
သို့ပေမဲ့ ဤအရာသည် ဂိုဏ်းချုပ်ကျွင်း၏ အကြံအစည်သာလျှင် ဖြစ်၏။ ကောင်းကင်ပေါ်တွင် မိုးကြိုးနှင့် လျှပ်စီးလှိုင်းများ စုဝေးနေသည်ကို မြင်သည့်အချိန်မှာတော့ မိုးကြိုးဓားအား ပိုမိုအားကောင်းအောင် ပြုလုပ်ရန် အချိန်ကာလကျပြီဟု သူသည် တွေးထင်ထားလိုက်မိ၏။ ထို့ကြောင့်ပင် စမ်းသပ်ခိုင်းခဲ့ခြင်းပင် ဖြစ်၏။ တကယ်တမ်းလည်း အလုပ်ဖြစ်ခဲ့၏။
ဘုန်း ဘုန်း
လီချင်းယန်သည် တောက်ပသည့် မျက်လုံးအစုံဖြင့် ပြောလိုက်တော့၏။ “လက်ရှိ မိုးကြိုးအပြစ်ပေးမှုခန္ဓာကိုယ်နဲ့ ဒီနတ်ဘုရားလက်နက်ရဲ့ အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုမယ်ဆိုရင် အားအင်အဆင့်က ကျိန်းသေပေါက် ပိုပြီး အားကောင်းသွားတော့မှာပဲ” ပြောနေရင်းမှာပဲ ကောင်းကင်ပေါ်တွင် ရှိနေသော မိုးကြိုးနှင့် လျှပ်စီးတန်းများ အားလုံးသည် အကူအညီမဲ့စွာပဲ တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
“ပြီးသွားပြီပဲ” လော်ကျစ်လုံသည် အံ့အားသင့်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “ဒီလိုပဲ ပြီးသွားတာလား”
သူ့တပည့်၏ နတ်ဘုရားလက်နက်ကို အကောင်းမွန်ဆုံး အခြေအနေအထိ သန့်စင်နိုင်လိမ့်မည်ဟု သူထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အလုံးစုံ လုံလောက်သည့် အားအင်မျိုးကိုပင် မရရှိခဲ့ပေ။
လီချင်းယန်သည် လက်ကို ယမ်းခါပြီးသည့်နောက် မိုးကြိုးဓားကို ပြန်လည် သိမ်းဆည်းလိုက်၏။
“ဂိုဏ်းချုပ်”
သူသည် တောက်ပသည့် မျက်လုံးအစုံဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။ “တကယ်လို့ ကျွန်တော်ရဲ့ အဆုံးမဲ့ တိုက်ကွက်ကိုသာ ထုတ်ဖော်အသုံးပြုမယ်ဆိုရင် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ဒါမှမဟုတ် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကိုတောင်မှ သတ်ဖြတ်နိုင်လိမ့်မယ်လို့ ထင်တယ်”
“မဆိုးဘူး၊ မဆိုးဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လော်ကျစ်လုံသည် အနည်းငယ် မူးနောက်နောက်ပင် ဖြစ်သွား၏။ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်နှင့် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ ဆိုသည်မှာ အားလုံးသောသူများ မော့ကြည့်ရသည့် တည်ရှိမှုပင် ဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်း၏ တပည့်မှာတော့ ထိုသူများကို သတ်ဖြတ်ပစ်နိုင်သည်ဆိုသည့် ခံစားချက်များ ရရှိနေသည်ဟု ပြောဆိုလျက် ရှိနေသည်။ ဤအရာမှာ ရူးသွပ်ဖွယ်ရာ ကောင်းလွန်းနေ၏။
မုန်တိုင်းကြီး ပြီးဆုံးသွားပြီးသည့်နောက် ရှေးရွက်လှေကြီးသည် အရှေ့ဘက် အရပ်ဆီသို့ ဆက်လက်ကာ ပျံသန်းလျက် ရှိနေကြသည်။ သင်္ဘောကြီးသည် မြန်ဆန်စွာ ရွှေ့လျားနေခြင်းကြောင့် အမဲရောင်တိမ်များသည် အနောက်ဘက်တွင် ပြတ်ကျန်ကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြီဖြစ်၏။
လော်ကျစ်လုံသည် ပျောက်ကွယ်သွားသော တိမ်များကို လှမ်းကြည့်ပြီးသည့်နောက် ၎င်း၏ စိတ်များသည် မတည်ငြိမ်နိုင်သလိုပင် ဖြစ်မိနေသည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ “ငါတို့ ပထမဦးဆုံး ကပ်ဘေးကြီးကို ဒီလိုပဲ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်ခဲ့တာလား”
သူ့အနေနှင့် ဆိုးရွားလှသည့် ရာသီဥတုများနှင့် ကြုံတွေ့ရသည့်အချိန်တွင် သေလုမတတ် အခြေအနေအထိပင် ဖြစ်ခဲ့ရ၏။ ထိုအချိန်တုန်းက သူသည် မိုးကြိုးတည်နေရာကြီးကို ဖြတ်သန်းရသည့်အချိန်တွင် တကယ့်ကို ငရဲကျသလို ခံစားမိခဲ့သည်။ လက်ရှိအခြေအနေမှာတော့ တကယ့်ကို ရိုးရှင်းစွာဖြင့် ကျော်ဖြတ်လာနိုင်နေ၏။
“အဘိုးကြီးလော်”
ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “ပြီးရင် ဘယ်လို ကပ်ဘေးတွေ ရှိသေးလဲ”
လော်ကျစ်လုံက ပြောလိုက်သည်။ “ဒုတိယမြောက် ကပ်ဘေးကိုတော့ ရွေ့လျားနေတဲ့ ကျောက်တုံးကြီးလို့ ခေါ်တယ်လေ၊ ဒါက မုန်တိုင်းကြီးနဲ့ တူတူပဲ၊ ဒါပေမဲ့ မိုးကြိုးတွေ ပစ်ချတာ မဟုတ်ဘူး၊ ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေ ကောင်းကင်ပေါ်က ကျဆင်းလာတာ၊ သင်္ဘောကြီးနဲ့ ထိတွေ့သွားမယ်ဆိုရင် သင်္ဘောကြီးက အပိုင်းပိုင်း ဖြစ်သွားမှာပဲ”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ထ၍ ပြောလိုက်သည်။ “ဘယ်လိုမျိုး ကပ်ဘေးတွေပါလိမ့်၊ ဒါဆိုရင် ဓားတောင်တွေ၊ မီးပင်လယ်တွေကော ကျန်သေးလား”
“ရှိတာပေါ့”
“အမ်... တကယ် ရှိနေတာလား”
စနစ်က ပြောလိုက်သည်။ “ဘာလဲ အံ့ဩသွားတာလား”
..........
ဝှစ်
ရှေးသင်္ဘောကြီးသည် ကောင်းကင်ယံတွင် ရွှေ့လျားလျက် ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် နက်ရှိုင်းလှသည့် ပင်လယ်၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက်မှာတော့ အန္တရာယ်များ အများအပြားကို ထပ်မံကာ ကြုံတွေ့ခဲ့ရသည်။
ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ အရှိန်နှေးကွေးသွားခဲ့သည်။ ပင်လယ်ထဲမှာတော့ ရွက်လှေများသည် တခဏကြာလျှင် တစ်ခုဆိုသလို တွေ့ရလျက်ရှိ၏။ တချို့သည် လုံလုံခြုံခြုံနဲ့ သွားလာနေကြပြီး တစ်ချို့မှာတော့ အသက်ဘေးနှင့် ရင်ဆိုင်နေကြရ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အရှေ့တွင် ရှိနေသော စုတ်ပြတ်သတ်လျက် ရှိနေသည့် ရွက်လှေတစ်စင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အဲမှာရှိကြတဲ့ သိုင်းကျင့်ကြံသူတွေ အကုန်လုံးက သေနေတာပဲ”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိသွား၏။ “ဒီသင်္ဘောက အရှေ့ပင်လယ်ဆီ ဦးတည်နေတာပဲလေ၊ သူတို့ရဲ့ ခရီးစဉ်က အန္တရာယ် အရမ်းကြီးမှာပဲ၊ ဒါပေမဲ့ ဘာလို့ သေမှန်းသိသိနဲ့ သွားနေရတာလဲ”
“ဘာလို့လဲဆိုတော့”
လော်ကျစ်လုံသည် လေးလေးနက်နက် ပြောလိုက်၏။ “ချမ်းသာမှု၊ ဂုဏ်သတင်းနဲ့ စွမ်းအား တွေကြောင့်ပေါ့”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားကြ၏။ “အရှေ့ပင်လယ်ထဲမှာ အရမ်းကို လျှို့ဝှက်တဲ့ ရတနာတစ်ခုခု ချန်ထားခဲ့တယ်ဆိုတဲ့သတင်း ရှိနေလို့လား၊ ဒါကြောင့် သိုင်းကျင့်ကြံသူ အများကြီးက အဲကို အလျင်စလိုနဲ့ သွားနေကြတာလား”
လော်ကျစ်လုံက ပြောလိုက်၏။ “အရှေ့ပင်လယ်ဒေသထဲမှာ များပြားလှတဲ့ သဘာဝမိုင်းတွင်းတွေ ရှိတယ်လေ၊ ဒါတွေက ကြီးမားတဲ့ ချမ်းသာမှုပေါ့၊ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကျော်တုန်းက မိုင်းတွင်းတွေ တူးခဲ့ကြတယ် ဆိုပေမဲ့ လက်ရှိအချိန်အထိ လူပေါင်းများစွာကို ဆွဲဆောင်နိုင်နေတုန်းပဲလေ”
“သဘာဝမိုင်းတွင်းတွေ ဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။
“သွားပြီပဲ”
စနစ်သည် သူ့ဘာသာ ပြောလိုက်တော့၏။ “လက်ခံသူရဲ့အရှေ့ဘက်ပင်လယ်ဆီသွားတဲ့ ရည်ရွယ်ချက်က ဆရာဖန်းကို ကယ်တင်ဖို့ မဟုတ်တော့ဘူး၊ မိုင်းတွင်းတွေကို လုယက်ဖို့ ဖြစ်သွားပြီပဲ”
“ဒါဆိုရင် ဂုဏ်သိက္ခာတရားနဲ့ စွမ်းအားဆိုတာ ဘာကိုပြောတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
လော်ကျစ်လုံသည် ခဏလောက် ငြိမ်သက်ပြီးနောက် ပြောလိုက်တော့သည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက် တုန်းက ကျုပ်က အရှေ့ဘက်ပင်လယ်ထဲမှာ ခဏလောက် နေထိုင်ခဲ့တယ်လေ၊ ဒီတော့ အဲဒီမှာရှိတဲ့ အင်ပါယာ ဆယ်ပါးကို ကောင်းကောင်းသိရှိခဲ့တယ်၊ ဒီလူတွေက တစ်နှစ်ပတ်လုံး တစ်ယောက်နဲ့တစ်ယောက် စစ်ဖြစ်နေကြတာ၊ သိုင်းကျင့်ကြံသူတွေက ကောင်းမွန်တဲ့ အားအင်ကို ပိုင်ဆိုင်ပြီဆိုရင် အဲအင်ပါယာတွေဆီကို သွားပြီး သစ္စာခံကြတယ်၊ ပြီးတော့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ကြတယ်၊ အဲဒီလိုနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာ တရားနဲ့ စွမ်းအားတွေကို ရရှိခဲ့ကြတာပေါ့”
“ကျုပ်သိပြီ”
ချမ်းသာမှု၊ ဂုဏ်သိက္ခာနှင့် စွမ်းအား - ဤအရာသုံးခုသည် ကျွင်းချောင်ရှောင်း အရင်ဘဝတုန်းက လိုချင်ခဲ့သည့်အရာမျိုးသာဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လုံးဝ စိတ်မဝင်စားချေ။
စနစ်က ထပ်၍ ပြောလိုက်သည်။ “လက်ခံသူက အလှအပတွေကိုလည်း စိတ်မဝင်စားပါဘူး၊ ဟုတ်တယ်မလား”
လော်ကျစ်လုံက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်တုန်းက အရှေ့ပင်လယ်ထဲမှာရှိတဲ့ ကျန်းဝေ အင်ပါယာက အသစ်ဖြစ်လာခဲ့တယ်လေ၊ သူက ရဲရဲရင့်ရင့်နဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ပြန်လည်အသွင်ပြောင်း ပြီးတော့ တခြားအင်ပါယာတွေကို စိန်ခေါ်ခဲ့တယ်၊ သူ့ကို ကြည့်ရတာ အရှေ့ဘက်ပင်လယ် တစ်ခုလုံးကို တစ်စုတစ်စည်းထဲ ဖြစ်သွားစေချင်တဲ့ပုံ ပေါ်တယ်”
“ဒီလိုမျိုး ရည်ရွယ်ချက် ရှိတဲ့လူတွေက နေရာအနှံ့မှာ ရှိနေတာပေါ့”
ကျွင်းချောင်ရှောင်းက စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်တော့သည်။ “အဘိုးကြီးလော်၊ ဆရာဖန်း အကြောင်းကို ကြားဖူးလား”
“ဆရာဖန်းလား ၊ ဖန်းရီကျိ အကြောင်းကို ကျုပ် ကြားဖူးတာပေါ့၊ သူက ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ အကျော်ကြားဆုံး ပန်းပဲပညာရှင်ပဲ မဟုတ်လား” လော်ကျစ်လုံက ပြောလိုက်သည်။
“အင်း”
လော်ကျစ်လုံသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဆရာဖန်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျုပ်နဲ့အတူ အရှေ့ပင်လယ်ကို လာခဲ့ကြတာပေါ့၊ ဒါပေမဲ့ သူ အသက်ရှင်လျက် ရှိသေးလားတော့ မသိဘူး”
“သူက ခင်ဗျားနဲ့အတူ သွားခဲ့တာ ဟုတ်လား” ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။
လော်ကျစ်လုံက ပြောပြလိုက်၏။ “သူနဲ့အတူ များပြားလှတဲ့ ပန်းပဲဆရာတွေလည်း ပါတယ်လေ၊ သူတို့ရဲ့ ပြောစကားအရဆိုရင် အင်ပါယာကျန်းဝေက သူတို့ကို မှော်ဆန်တဲ့ကျောက်ရိုင်းအသစ်ကို စမ်းကြည့်ဖို့ ဖိတ်ခေါ်ခဲ့တယ်တဲ့”
“အင်ပါယာကျန်းဝေ ဟုတ်လား” အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေသော ရီရှင်းချန်၏ မျက်နှာပေါ်တွင်တော့ အထင်အမြင်သေးသည့်အပြုံးမျိုး ဖြစ်တည်လာခဲ့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာ ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့ဖူးသည်မို့ သူသည် လူသားများ၏ မိမိကိုယ်ကို အင်ပါယာဟု သုံးနှုန်းသည်ကို သဘော မတွေ့လှချေ။ မည်သို့သော သူများသည် အလွန်တရာ မောက်မာလွန်းသောကြောင့် မိမိကိုယ်ကို အင်ပါယာဟု ခေါ်ဝေါ်သုံးနှုန်းနေရသနည်း။
“ဆရာဖန်းက ကျုပ်တို့ဆီကို ပုလင်းထဲ စာတွေထည့်ပြီး အမြဲပို့ခဲ့တာလေ၊ သူအသက်ရှင်သေးလားဆိုတာ ကျုပ် ဘယ်လို သိနိင်မလဲ” ကျွင်းချောင်ရှောင်းက ဇဝေဇဝါ ဖြစ်မိနေသည်။
လော်ကျစ်လုံသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အရှေ့ပင်လယ် တည်နေရာကြီးဆိုတာက အရမ်းကို ဝေးတယ်လေ၊ ပုလင်းထဲကို စာထည့်ပြီး ပို့လိုက်မယ်ဆိုရင် နှစ်အနည်းငယ်ကြာမှ အရှေ့တောင်ဘက် ကို ရောက်လိမ့်မယ်”
“..........”
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပြောလိုက်မိ၏။ “ဒီကိစ္စကို ငါမေ့နေတာပဲ”
စာရောက်လာဖို့အတွက် ဤမျှကြာအောင် စောင့်ဆိုင်းရမည်ဆိုလျှင် ပုလင်း သူ့ဆီရောက်ဖို့အတွက် အချိန် မည်မျှကြာလိုက်မည်နည်း။ ဆရာဖန်း၏ အကူအညီတောင်းမှုသည် ဆယ်စုနှစ်အကျော် အရင်တုန်းကသာ ဖြစ်ခဲ့သည်ဆိုလျှင် လက်ရှိတွင် အသက်ရှင်လျက် ရှိနေသေးလား၊ မရှိတော့ဘူးလားဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်နေတော့သည်။
ကျွင်းချောင်ရှောင်းသည် ရှေးသင်္ဘောကြီးအား ပဲ့ကိုင်ကာ အရှေ့ဘက် ပင်လယ်ဆီသို့ ဦးတည်သွားခဲ့တော့သည်။ များပြားလှသော သဘာဝဘေးအန္တရာယ်များသည် သူ၏ ရှေ့တွင် ဖြစ်တည်လာခဲ့၏။
ဟူး ဟူး
လေလှိုင်းများသည် ရိုက်ခတ်လာခဲ့တော့သည်။
တည်နေရာမြင်ကွင်းကို တခြားတစ်နေရာဆီသို့ ရွှေ့ပြောင်းလိုက်မည် ဆိုပါက အလွန်တရာ သီးခြားဆန်လှသော ကျွန်းငယ်လေးကို မြင်ရမှာဖြစ်သည်။
ထိုတည်နေရာမှာတော့ ဆံပင်တွေ ပွစာကျဲလျက်ရှိနေသော အဘိုးအိုတစ်ယောက်သည် ကျောက်တုံး တစ်ခုပေါ်တွင် ထိုင်လျက်ရှိ၏။ သူ၏ အဝတ်အစားများသည် စုတ်ပြတ်သတ်လျက်ရှိပြီး သူ၏ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရလောက်အောင် ညစ်ပတ် မဲသဲလျှက် ရှိနေ၏။ သူ၏ လက်နှင့် ခြေထောက်များအား သံချိန်းကြိုးများနှင့် ချုပ်နှောင်ထားခဲ့ပြီး ဤကျွန်းကြီးပေါ်တွင် နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရကြောင်း သိသာလွန်းလှ၏။
“ပုလင်းထဲကစာတွေ အဓိက ကုန်းမြေဆီ ရောက်သွားရင် တစ်စုံတစ်ယောက်က ငါ့ကို လာကယ်မှာပဲ” ဤအရာမှာ အမှန်ပင် ဖြစ်သည်။ ထိုလူမှာ ပန်းပဲဆရာ ဆရာဖန်းဖြစ်၏။
“အဘိုးကြီး”
အနောက်ဘက်တွင် ရှိနေသော ချပ်ဝတ်အပြည့်နှင့် စစ်သားတစ်ယောက်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “အရမ်း ဝေးကွာတဲ့နေရာကနေ ဒီကိုလာကယ်ဖို့ မပြောနဲ့တော့၊ ဒီပင်လယ်ကြီးထဲမှာ ရေတွက်လို့မရအောင် များပြားတဲ့ သားရဲတွေ ရှိတယ်လေ၊ ဒီလူတွေ အဲကနေ ကျော်ဖြတ်လာဖို့ပဲ စောင့်ပါအုံး၊ ဒါမှမဟုတ်ရင်လည်း ခင်ဗျား ပေးပို့လိုက်တဲ့ ပုလင်းတွေ အကုန်လုံးက ရေသားရဲတွေ ဝါးမြိုပြီးတော့ အကုန်ပျောက်ကုန်လိမ့်မယ်”
ဆရာဖန်းက ပြောလိုက်သည်။ “ဒီပုလင်းထဲမှာ ကျုပ် ထောင်ချောက်တွေ ထားထားတယ်လေ၊ ပင်လယ်မွန်းစတားတွေ ဘယ်လိုဖြစ်ပြီး လွယ်လွယ်ကူကူ စားလို့ရနိုင်မှာလဲ”
သူသည် ပြောနေရင်းမှ တစ်ခု စဉ်းစားလိုက်မိ၏။
“ဟမ့်”
စစ်သားသည် သဘောမတွေ့သလို ပြောလိုက်မိ၏။ “အဓိက ကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေ သိသွားတော့ရော ဘာထူးမှာလဲ၊ ခင်ဗျားကို မိုင်ပေါင်း အဝေးကြီးကနေ လာပြီးတော့ ကယ်တင်မယ်လို့ ထင်နေတာလား၊ လောကကြီး အကြောင်းကို ခင်ဗျားသိသင့်တယ်လေ၊ လူတွေ အများကြီးက ကိုယ့်အတွက်ပဲ ကိုယ်အသက်ရှင်နေကြတာ၊ ဘယ်သူက ကိုယ့်အသက်ကို စတေးခံပြီးတော့ ပန်းပဲပြုလုပ်ဖို့ပဲသိတဲ့ အဘိုးကြီးကို လာပြီးတော့ ကယ်တင်နေမှာလဲ”
ဆရာဖန်း၏ မျက်လုံးများသည် တောက်ပသွား၏။ “ကျုပ်ရဲ့ တွက်ချက်မှုအရဆိုရင် ပုလင်းက ဒီအချိန်လောက်ဆိုရင် အဓိက ကုန်းမြေဆီကို ရောက်သွားလောက်ပြီလေ၊ ဒီတော့ ကျွမ်းကျင်သူတွေ အများကြီး လာပြီးတော့ ကျုပ်ကို ကယ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျုပ် ဖန်းရီကျိ ဆီမှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်လေ”
စစ်သားသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကြည့်ရတာ တစ်စုံတစ်ယောက် ခင်ဗျားကို လာကယ်တင်မှာကို ခွင့်မပြုရအောင် ကျုပ်တို့ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်လိမ့်မယ်”
“...........”
သူသည်သာ ချိန်းကြိုးများနှင့် ချုပ်နှောင်ခြင်း ခံထားရသည်သာ မဟုတ်ပါက ဆရာဖန်းသည် ကိုယ့်ပါးကိုယ် ပိတ်ရိုက်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် တဖက်လူများ လာရောက် ကယ်တင်မည့်အကြောင်းကို သူ၏ အစောင့်အား ပြောပြနေမိသည်။
“ထားလိုက်တော့၊ ထားလိုက်တော့၊ အရမ်းပြောပြရင်လည်း မကောင်းဘူး၊ ဆက်ပြောရင် အကုန်လုံး ပေါ်ကုန်တော့မယ်”