အခန်း (၁၀၄၄)
Vol. 70 Ch. 1044
ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်းနှင့် ဘယ်တော့မှ ထပ်မံ၍ မတွေ့တော့ဟု ကျိန်ဆိုခဲ့၏။ ထို့ကြောင့် လွန်ခဲ့သည့်လ အနည်းငယ်က သူသည် များပြားလှသော ပိုက်ဆံများကို အသုံးပြုကာဖြင့် ရေကြောင်းပြ တစ်ယောက်ကို ငှားရမ်းကာ အရှေ့ပင်လယ်ဘက် ဆီသို့ ရွက်လွှင့်ခဲ့ခြင်းပင် ဖြစ်သည်။
များပြားလှသည့် အသက်ဘေး များကို ရင်ဆိုင် ကျော်ဖြတ်ပြီးသည့်နောက် သူသည် ကုန်းမြေတိုက်ကြီးနှင့် ခွဲထွက်နေသည့် ကျွန်းနေရာလေး တစ်ခုနားသို့ နီးကပ်စွာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဘာမှန်းမသိသော နေရာတစ်ခုတွင် ဘာမှန်းမသိသော ဓလေ့ထုံးစံနှင့် အမူအကျင့်များ တည်ရှိလို့နေခဲ့\။
“ကျုပ် ယွမ်ဖန်က ဒီနေရာမှာ ဘဝကြီးတစ်ခုလုံးကို အသစ်ပြန်ပြီစပစ်မယ်”
သို့ပေမဲ့ သူသည် ထိုကဲ့သို့ ကြိမ်းဝါးနေသည့် အချိန်အတောအတွင်းမှာပဲ ဓားပြအဖွဲ့၏ ဝန်းရံတားဆီးခြင်းကို ခံခဲ့ရ၏။ ကောင်းမွန်လှသည့် ကံတရားကို ပိုင်ဆိုင်သော ယွမ်ဖန်ပါလေတကား။
ကျုပ် ယွမ်ဖန်က ဘယ်လိုမျိုး တပါးသူတွေကို မကောင်းကြံခဲ့လို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။
“ယွမ်သခင်လေး”
ပဲ့၏ထိပ်ပိုင်းတွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် ပြုံးကာဖြင့် ပြောလိုက်တော့ သည်။ “ဒီကိစ္စကို ကျုပ်က မေးရမှာ မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့်နောက် သင်္ဘောပေါ်တွင် ယွမ်သခင်လေးတစ်ယောက် ရှိနေကြောင်း မြင်လိုက်ရတော့သည်။ ကုန်းမြေတိုက်ကြီးတွင်နေသော ယွမ်သခင်လေးသည် အဘယ်ကြောင့် အရှေ့ပင်လယ်သို့ ရွက်လွှင့်နေသည်ကို သူစဉ်းစားမိတော့ အံ့အားသင့်လျက်ရှိနေသည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ လွတ်မြောက်လာပြီးသည့်နောက်မှာတော့ ၎င်းသည် ထိုနေရာတွင် ဆက်လက်၍ နေထိုင်သည်ဆိုပါက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရမှာ သေချာသည်။ ထို့ကြောင့် သူ၏ အသက် ဆက်လက်ရှင်သန်နိုင်ရန်အတွက် အရှေ့ပင်လယ်ဆီသို့ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
“အင်း... သနားစရာကောင်းလိုက်တာ”
ယွမ်ဖန်သည် လက်သီးကိုဆုပ်ကာဖြင့် ထ၍ အော်လုမတတ် ဖြစ်နေသည်။
ကျုပ် ဘာလို့ ဒီကိုရောက်နေလဲ ဟုတ်လား၊ ခင်ဗျားကြောင့်ပေါ့၊ ခင်ဗျားကြောင့် …။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် ဓားမြများကို လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်မိသည်။ “တကယ်ကို အန္တရာယ်ရှိနေပုံပဲ၊ ကျုပ်ရဲ့အကူအညီ လိုသေးလား”
ယွမ်သခင်လေးသည် တိတ်ဆိတ် ငြိမ်သက်သွားသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ဒါက ယွမ်သခင်လေးလို့ ခေါ်ပါတယ်၊ ဒီကျွင်းရဲ့ မိတ်ဆွေရောင်းရင်းကြီးလေ၊ ဒီတော့ ကျုပ်ရဲ့မျက်နှာနဲ့ သူ့ကို ခက်ခဲအောင် ဆက်မလုပ်ပါနဲ့တော့လား”
သူသည် ကျင့်ကြံခြင်းလောကတွင် တကယ့်ဆရာ့ဆရာကြီးတစ်ယောက်လို ပြုမူပြောဆိုလျက် ရှိနေသည်။
ယွမ်သခင်လေး “.....”
ကုန်းမြေတိုက်ကြီးပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် လွှမ်းမိုးမှုရှိသူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်၏။ သို့ပေမဲ့ အရှေ့ဘက်ပင်လယ်တွင်တော့ ၎င်းကို သိရှိသူဟူ၍ မည်သူမှ မရှိချေ။
ထင်မှတ်ထားသည့်အတိုင်းပင် မျက်လုံးတစ်ဖက်တည်းသာရှိသော ဓားမြခေါင်းဆောင်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်သည်။ “ကောင်လေး... မင်းရဲ့ ပျံသန်းနိုင်တဲ့သင်္ဘောက တကယ့်ကို ရတနာတစ်ခု ဖြစ်လိမ့်မယ်၊ ဟုတ်တယ်မလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မှန်တာပေါ့”
မျက်လုံးတစ်ဖက်နှင့်လူ၏ မျက်လုံးသည် လင်းလက်သွားခဲ့၏။ သူသည် ပင်လယ်ထဲတွင် နှစ်ပေါင်းများစွာ အခြေချကာ လုယက်ခဲ့သူဖြစ်သည်။ သို့ပေမဲ့ ပျံသန်းနိုင်သော သင်္ဘောကို မြင်ရသည်မှာတော့ ပထမဦးဆုံးအကြိမ်သာဖြစ်တော့၏။ ထို့ကြောင့် သူသည်သာ ထိုအရာကို ရရှိမည်ဆိုပါက အနာဂတ်တွင် များပြားလှသောလူများဆီမှ လုယူရာတွင် ပိုမိုကာ လွယ်ကူလာပေလိမ့်မည်။
“အမှိုက်လေး”
မျက်လုံးတစ်ဖက်နှင့်လူသည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ငါ မင်းကို မျက်နှာသာပေးမယ်၊ ဒီတော့ မင်း ဒီယွမ်သခင်လေးလို့ ခေါ်တဲ့လူကို လွှတ်ပေးစေချင်တယ်ဆိုရင် အဲ့သင်္ဘောကြီးကို ငါ့ကိုပေးလိုက်”
“ပစ္စည်းတစ်ခုအတွက် အသက်တစ်သက်ပေါ့၊ ခင်ဗျားရဲ့ နည်းဥပဒေသတွေက အရမ်းကောင်းတာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ယွမ်သခင်လေး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ တဖက်လူသည် တကယ်ပဲ သူ၏ အသက် လုံခြုံရေးအတွက် သင်္ဘောကို ပေးရန် စီစဉ်နေသည်လား၊ မဖြစ်နိုင်ချေ။ ထိုသို့ဆိုလျှင် ကျွင်းချောင်ရှောင်း၏ ဦးခေါင်းအား မြင်းကန်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။
အကြိမ်ပေါင်းများစွာ ငွေညှစ်ခံရသည့် အတွေ့အကြုံဆိုးကို ပိုင်ဆိုင်သည့်လူတစ်ယောက်ဖြစ်သည်မို့ ယွမ်သခင်လေးသည် ဂိုဏ်းချုပ်ကျွင်းအကြောင်းကို ကောင်းကောင်း သိရှိနေသည်။ ဂိုဏ်းချုပ်ကျွင်း အတွက် အရေးကြီးသည်မှာ ၎င်း၏ ပိုက်ဆံနှင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် သူကသာ တခြားသူများကို ငွေညှစ်မှာဖြစ်သည်။ ငွေညှစ်ခံရခြင်းအား ကြည်ကြည်ဖြူဖြူဖြင့် ပေးအပ်လိုက်မည့် လူစားမျိုး မဟုတ်ချေ။
ဆွစ် ဆွစ်
ထိုအချိန်မှာဘဲ အကြီးအကဲလင်းအား တိုက်ခိုက်လျက်ရှိနေသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ အနည်းငယ် တို့သည် ရှေးသင်္ဘောကြီးနားသို့ ပျံသန်းရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ခေါင်းဆောင်၏ အမိန့်ကို ရရှိသည်နှင့် တပြိုင်နက် တစ်ဖက်လူ ပေးချင်ချင်၊ မပေးချင်ချင် တစ်ခါတည်း လုယက်ကြတော့မှာဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ပဲ့၏ ထိပ်နေရာတွင် အသာရပ်ပြီးနောက် ပြုံးလိုက်၏။ “ဒါပေမဲ့ ကျုပ်သင်္ဘောရဲ့ တန်ကြေးက နည်းနည်းမြင့်တယ်လေ၊ အသက်တစ်သက်လောက်နဲ့ လဲလှယ်လိုက်တယ်ဆိုတာက ဆုံးရှုံးမှု ဖြစ်မှာပေါ့”
“ဒါဆိုရင် ဘာကိုလဲချင်လဲ”
မျက်လုံးတစ်ဖက်နှင့်လူသည် ပြုံးလိုက်မိသည်။ ပြီးသည့်နောက်မှာတော့ သူ၏ တပည့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဆီသို့ အသံပို့လွှတ်ကာ တိုက်ခိုက်ဖို့ပြင်ထားရန် အမိန့်ပေးလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က...”
သူ၏ မျက်လုံးများသည် ရုတ်တရက် လေးနက်သွားသည်။ “ခင်ဗျားတို့ရဲ့အသက်တွေနဲ့ လဲချင်တယ်”
ဝှစ် ဝှစ်
ပြောပြောပြီးချင်းမှာပဲ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းလှသော ဓားအော်ရာများ ထွက်လာပြီးသည့် နောက်မှာတော့ ကြီးမားသည့်လှိုင်းအဟုန်ကဲ့သို့ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့တော့သည်။
“မကောင်းတော့ဘူး” လှေ၏ ပဲ့ပိုင်းတွင် ဝိုင်းရံထားခဲ့ကြသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများသည် တစ်ဖက် လူဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ရှောင်တိမ်းရန် ကြိုးစားကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် မည်သို့မှ မလှုပ်ရှားနိုင်ဘဲ တည်နေရာ ကြီးထဲတွင် ငြိမ်သက်လျက် ရှိ၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ရာများ၏ ဖိအား အောက်မှာတော့ ၎င်းတို့ငါးယောက်သည် ငရဲပြည်သို့ ရောက်ရှိသွားသလို ခံစားနေ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ရှိနေသော တုန်လှုပ်မှုများသည်လည်း ပိုမိုကာ အားကောင်းလာခဲ့သည်။ ဤအရာသည် ဓားနှင့်သိုင်းသူတော်စင်၏ အော်ရာပင် ဖြစ်သည်။ ဤအသက်နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်လေးတစ်ယောက်သည် ဓားနှင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်လို့နေခဲ့သည်။
ဝှစ် ဝှစ်
ဓားနှင့်သိုင်းသူတော်စင် အော်ရာများသည် ချက်ချင်းပဲ ပျံ့နှံ့သွားပြီးသည့်နောက် ပင်လယ်ကြီး၏ ပေတစ်ထောင် အကွာအဝေးဆီသို့ ဖုံးလွှမ်းသွားခဲ့၏။ ဤတည်နေရာကြီးထဲတွင်ရှိနေသော လေလှိုင်းများ၊ သစ်ပင်များ၊ ဓားမြများ အားလုံးတို့သည် မမြင်ရသည့် အားအင်ကြီးနှင့် ချုပ်နှောင်ခံထားရသလို ရပ်တန့်လျက် ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းသည် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးကတည်းက ဤကဲ့သို့သော အော်ရာများ ကို ထုတ်ဖော်အသုံးပြုနိုင်သည်။ သို့ပေမဲ့ သူသည် ဘယ်တော့မှာ ထုတ်ဖော်အသုံးမပြုခဲ့ချေ။ လက်ရှိအခြေအနေ မှာတော့ သူ့ထက် အားနည်းလွန်းသော ကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသည့်အချိန်မှာတော့ အော်ရာနှစ်ခုကို ထုတ်ဖော်ကာ တိုက်ရိုက်ပင် တခြားသူများ မလှုပ်ရှားနိုင်အောင် ဖိနှိပ်ခဲ့တော့သည်။ ဤအရာမှာ ရိုးရှင်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ဒဏ်ရာ ရရှိထားသော အကြီးအကဲလင်းသည် အလွန်အားကောင်းလှသော အော်ရာများကို ခံစားပြီးသည့်နောက် မှာတော့ ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်မိ၏။ “ဒီအော်ရာက ဂိုဏ်းချုပ်ရဲ့အော်ရာထက်တောင် ပိုပြီး အားကောင်းနေသလိုပဲ”
ယွမ်သခင်လေးသည်လည်း ထိုအော်ရာများ၏ အားအင်အဆင့်ကို မသုံးသပ်နိုင်ပေ။ ထို့ကြောင့် မယုံကြည်နိုင်စွာ ပြောလိုက်သည်။ “သူ... သူတော်စင်အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီနဲ့ တူတယ်၊ သူက ဓားနဲ့သိုင်း သူတော်စင်ပဲ”
ဝှစ်
ထိုအချိန်မှာတော့ မျက်လုံးတစ်ဖက်နှင့်လူသည် ထိုအော်ရာများ၏ ဖိနှိပ်မှုကို ခံရပြီးသည့်နောက် မလှုပ်ရှား နိုင်တော့ချေ။ သူသည် ကျွင်းချောင်ရှောင်း၏ ချုပ်နှောင်ပြီး အပေါ်သို့ ဆွဲမြှောက်ခြင်းကို ခံလိုက်ရသည်။
“ဒီသင်္ဘောက ….”
ကျွင်းချောင်ရှောင်းက ခေါင်းကို ငဲ့စောင်းကာ ပြောလိုက်သည်။ “ဒါကို လိုချင်သေးလား”
..................
မျက်လုံးတစ်ဖက်နှင့်လူသည် အရူးတစ်ယောက် မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ သူ၏ ပြိုင်ဘက်သည် အလွန် အားကောင်းလှသည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် အလောတကြီးဖြင့် ပြောလိုက်မိသည်။ “ကျုပ်... ကျုပ်မလိုချင်ပါဘူး”
“ယောက်ျားတွေဆိုတာ ပြောစကားကို တည်ရတယ်”
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ကြည့်ကာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို သင်္ဘောပေးမယ်၊ ဒါပေမဲ့ ခင်ဗျားနဲ့ ခင်ဗျားလူတွေရဲ့ အသက်ကိုတော့ ကျုပ်ကို ပေးရမယ်”
“မဟုတ်ဘူး”
ဘုန်း
မျက်လုံးတစ်ဖက်နှင့်လူသည် စကားကို တစ်ခွန်းသာ ပြောလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲ ထွက်သွားတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း
တချိန်တည်းမှာပဲ များပြားလှသော သိုင်းနယ်မြေ ကျင့်ကြံသူများ အားလုံးသည်လည်း အသားစများကဲ့သို့ ပေါက်ကွဲ ထွက်သွားကြ၏။
ဝှစ်
လီချင်းယန်၊ ရှောင်ကျီတို့အားလုံးသည် လက်ကိုဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ကို ဖြန့်ကျက်ကာဖြင့် ၎င်းတို့ဆီမှ ကျဆင်းလာသော သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်ကြတော့သည်။
ဂိုဏ်းချုပ်သည် ဟန်ထုတ်၍ တိုက်ခိုက်ခြင်းကို ပြုလုပ်နေသည့်အချိန်တွင် ၎င်းတို့သည် တစ်ဖက်လူဆီမှ ရသမျှ အရာအားလုံးကို ရယူဖို့ တာဝန်ကို ယူထားရမည် ဖြစ်၏။
ဘန်း ဘန်း ဘန်း
ပေါက်ကွဲမှုများသည် ဆက်တိုက် ဖြစ်တည်နေ၏။ ခဏလောက်ကြာပြီးသည့်နောက်မှတော့ ပင်လယ်ထဲရှိ သင်္ဘောပေါ်တွင်ရှိနေသော ဓားပြတစ်ရာကျော်တို့အားလုံးသည် သေဆုံးသွားခဲ့ကြပြီဖြစ်၏။
ကျွင်းချောင်ရှောင်း သည် ထိုဓားမြနှင့် လုယက်သူများ အားလုံးကို တစ်စက်ကလေးမှ ညှာတာမှု မရှိခဲ့ချေ။ သူသာ မသတ်ဖြတ်ပါက သူ့အား တခြားသူများက သတ်ဖြတ်ကြမှာ မဟုတ်လား။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ရာများကို ပြန်လည် ရုတ်သိမ်းကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားလို ပါရမီရှင်တစ်ယောက်အနေနဲ့ ဒီကို ဉာဏ်ကောင်းပြီး တော်လွန်း လှတဲ့ ခေါင်းဆောင်တစ်ယောက်နောက်ကို လိုက်မယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်မှုကို ရရှိမှာပဲ၊ ဒါနဲ့... ဘာလို့ အရှေ့ပင်လယ်ဆီကို သွားဖို့ စဉ်းစားနေတာလဲ”
“.........” ယွမ်သခင်လေးသည် တိတ်ဆိတ် ငြိမ်သက်သွား၏။ သူ့အနေနှင့် သူ၏ပါရမီနှင့် ဉာဏ်ပညာကို အသုံးပြုကာဖြင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား အရင်တုန်းကကဲ့သို့ အောင်မြင်မှုများ ပြန်လည်ရရှိအောင် ကူညီချင်နေမိ၏။
သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းကဲ့သို့သော လူတစ်ယောက်နှင့် တွေ့ဆုံပြီးသည့်နောက် အရာအားလုံး ပြိုပျက်ခဲ့ရသည်။ ထို့အပြင် သူသည် ဉာဏ်ကောင်းလှပါသည်ဆိုသော်လည်း သူနှင့်တွဲဖက်ကာ အလုပ် လုပ်ကြသည့် လူများအားလုံးသည် ဝက်ကဲ့သို့သော လူများဖြစ်၏။ ရှေ့နောက် ကျိုးကြောင်းဆီလျော်မှု မရှိဘဲ မိမိလုပ်ချင်ရာကို လုပ်တတ်ကြသောလူများကို စီမံအုပ်ချုပ်ရသောကြောင့် ဤကဲ့သို့ ဆုံးရှုံးမှုများကို ဖြစ်ပေါ်ရခြင်းလည်း ဖြစ်သည်။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ခင်ဗျားကို ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ ကျုပ် ထပ်ပြီး ဖိတ်ခေါ်ချင်တယ်”
သူ့တို့သည် ဝေးကွာလှသော အရှေ့ပင်လယ်ထဲတွင် လာရောက် တွေ့ဆုံရသည်မှာ ရေစက်ရှိ၍ ဖြစ်မည်။ ထို့ပြင် ဤကဲ့သို့ ဂိုဏ်းတစ်ခုကို ဦးဆောင်ပြီး ခက်ခဲကြမ်းတမ်းမှုများကို ကျော်ဖြတ်ဖူးသည့်လူတစ်ယောက်အား တခြားတွင် ရှာဖွေရန်ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။
“တောင်းပန်ပါတယ်”
ယွမ်သခင်လေးသည် တိကျသေချာစွာကြည့်၍ ပြောလိုက်မိသည်။ “ကျုပ်တို့က မတူညီတဲ့ လမ်းကိုလျှောက်နေကြတာလေ”
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာဖြင့် လက်မထောင်ပြလိုက်သည်။ “ခင်ဗျားက ကျုပ်ရဲ့ ထပ်ခါတလဲလဲ ဖိတ်ခေါ်မှုကို ငြင်းပယ်တဲ့ ဒုတိယမြောက်လူပဲ”
ပထမလူသည် တိုင်လုပင်ဖြစ်၏။ သို့ပေမဲ့ ၎င်းသည် အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ခံထားရပြီး ကျိုးဒူဒူ၏ နေ့စဉ် နေ့တိုင်း ပြောဆိုဆုံးမမှုများကို ခံယူနေရသည်။
ယွမ်သခင်လေးမှာတော့ တိုင်လုထက်ပို၍ ကံကောင်းလွန်းလှ သည်။ အနည်းဆုံးတော့ သူသည် ပင်လယ်ကို ဖြတ်ကာ ခပ်ဝေးဝေးသို့ သွားရောက်နိုင်ခဲ့သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်လည်း ကိစ္စမရှိပါဘူး၊ နောက်တစ်ကြိမ် ကျုပ်တို့တွေ့မယ်ဆိုရင် ခင်ဗျား ကျုပ်ကို မငြင်းဘူးလို့ထင်တယ်”
ဝှစ်
ရှေးသင်္ဘောကြီးသည် ထိုသို့နှင့်ပဲ ပျံသန်းကာ ပျောက်ကွယ်သွားတော့သည်။
“သူထွက်သွားခဲ့တယ်ပြီ ဟုတ်လား”
ယွမ်သခင်လေး၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ သည်။ ကျွင်းချောင်ရှောင်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သည့်အချိန်တွင် သူသည် သေဆုံးရန် ကြိုတင်ပြင်ဆင်ထား ခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့အား လွှတ်ပေးခဲ့၏။
ဤကဲ့သို့သော အခြေအနေကို သိရှိမည် ဆိုပါက တိုင်လုသည် အားရပါးရ ငိုကြွေးသတိလစ် မေ့မျောသွားမှာ သေချာသည်။
“သခင်လေး”
အကြီးအကဲလင်းသည် လက်သီးကိုဆုပ်ကာဖြင့် ဖြူလျော်နေသော မျက်နှာနှင့် ပြောလိုက်မိသည်။ “ကျွင်းချောင်ရှောင်းက အရှေ့ပင်လယ်ကို သွားတာနဲ့တူတယ်၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ”
ယွမ်သခင်လေးသည် နာနာကျင်ကျင်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “ကျုပ် သူ့ကို ထပ်တွေ့လိမ်မယ်လို့ မထင်မိခဲ့ဘူးလေ၊ ဒါပေမဲ့ ပုန်းနေလို့ရတာ မဟုတ်မှတော့ ဒီလိုပဲ ရင်ဆိုင်ရတော့မှာပေါ့၊ သွားကြရအောင်၊ အရှေ့ဘက်ပင်လယ်ကိုပဲ ဆက်သွားကြမယ်”