← Chapters

အခန်း (၁၀၄၅)

Vol. 70 Ch. 1045

အခန်း (၁၀၄၅)

Vol. 70 Ch. 1045

၎င်းတို့ အရှေ့ပင်လယ်ဆီသို့ ရောက်ရန် နီးလာသည်ကို သိရှိပြီးသည့်နောက် ယွမ်သခင်လေးသည် ကျိန်းသေပေါက် အနောက်ဘက်ဆီသို့ ပြန်လှည့်ရန် စိတ်ကူးမရှိတော့ချေ။ မိမိကိုယ်ကို အားတင်းကာဖြင့် အရှေ့သို့ ဆက်သွားရန်သာ ရှိတော့၏။ အကယ်၍ ကျွင်းချောင်ရှောင်းနှင့် ထပ်မံကာ တွေ့ဆုံမည်ဆိုပါက သူ့အနေနှင့် သူ၏ ကံဆိုးမှုကိုသာ အပြစ်တင်ရမည်ဖြစ်၏။

“သခင်လေး”

အကြီးအကဲလင်းက ပြောလိုက်သည်။ “သူ ကျုပ်တို့ကို ကယ်တင်ခဲ့တာပဲ”

“ဟင်း …..”

ယွမ်သခင်လေး၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့သည်။ ပထမတုန်းက သူသည် ကျွင်းချောင်ရှောင်း၏ လွတ်ပေးမှုကို ခံခဲ့ရ၏။ ဒေါသထွက်လျက် ရှိနေသည်ဆိုသော်လည်း အရင်ဦးဆုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ သည့်အတွက် စိတ်ချမ်းသာမှုတော့ ရရှိခဲ့သည်။ သို့ပေမဲ့ ဤတစ်ကြိမ်တွင်လည်း ဓားပြများကို သတ်ပြီး သူ့အား ကယ်တင်ခဲ့ပြန်သေး၏။

ယွမ်သခင်လေးသည် ထိုအရာကို မလိုချင်ဘူးဆိုသော်လည်း အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း ပေါ်တွင် ကျေးဇူးကြွေးတင်နေသည်ဆိုသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ချေ။

သူဘာလုပ်သင့်လဲ၊ အနာဂတ်တွင် ပြန်လည်ကာ ကူညီရမည်လား။

“ထားလိုက်တော့၊ ထားလိုက်တော့”

ယွမ်သခင်လေးသည် တွေးလိုက်မိ၏။ ဒီလူက အခုအချိန်မှာ အရမ်းကို အားကောင်းနေပြီလေ၊ ငါသူ့ကို ပြန်ပြီးတော့ ကယ်တင်ဖို့ ကိစ္စမျိုးဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။

သူ၏ အဓိပ္ပာယ်မှာ ကျွင်းချောင်ရှောင်းတစ်ယောက် ဒုက္ခတွေ့နေသည်ဆိုလျှင် ပြန်လည်ကာ ကူညီပြီး တစ်ယောက်အပေါ်တွင် တင်ရှိနေသော အကြွေးအား တစ်ယောက် ပြန်လည်ချေပရန် စဉ်းစားထားခြင်းသာဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဓားနှင့်သိုင်းသူတော်စင်အဆင့်ဆီသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ သိုင်းအင်ပါယာများသည် အချိန်အတော်ကြာမှသာ တစ်ခါထွက်ပေါ်လာခဲ့သော ဤလောကကြီးတွင် ကျွင်းချောင်ရှောင်းဆိုသောလူသည် အလွန်အားကောင်းသော လူတစ်ယောက် ဖြစ်နေသည်မှာ သေချာ၏။ ထို့ကြောင့် သူ့အနေနှင့် ပြန်လည်ကာ ကူညီရန် အခွင့်အရေး မရှိတော့ချေ။

ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်း၏ ကယ်တင်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ မည်ကဲ့သို့ ပြန်လည်၍ အကြွေးဆပ်ရမည်ကို စဉ်းစားနေသည်ဆိုမှတော့ ယွမ်သခင်လေးသည် ကျိန်းသေပေါက် ဆိုးသွမ်းလွန်းသော စိတ်အခံနှင့် လူတစ်ယောက် မဟုတ်တာ သေချာ၏။

“သခင်လေး”

အရှေ့တွင် သင်္ဘောအား မောင်းနှင်လျက်ရှိသော လူက ပြောလိုက်၏။ “ဒီပင်လယ်မှာ ဓားပြတွ အသက်ခံလိုက်ရပြီ၊ ဒီတော့ တခြားဓားပြတွေ အကုန်လုံးကတော့ အလန့်တကြားဖြစ်သွားလိမ့်မယ်၊ ကျုပ်တို့ လမ်းကြောင်းပြောင်းမှ ဖြစ်လိမ့်မယ်”

“မလိုဘူး”

ယွမ်သခင်လေးသည် ရှေးသင်္ဘောကြီး ပျောက်ကွယ်သွားရာတည်နေရာဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။ “ကျုပ်တို့ အဲလမ်းအတိုင်းပဲသွားမယ်၊ အဲတာ အရမ်းကို လုံခြုံတယ်လေ”

လှေသမားသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “အရှေ့ လီတစ်ရာအကွာအဝေးအတွင်းမှာ နဂါးကိုးကောင် ကျွန်း ရှိတယ်လေ၊ ဒီမှာသေဆုံးသွားတဲ့ မျက်လုံးတစ်ဖက်နဲ့လူက နဂါးကိုးကောင်ကျွန်းကိုးခုထဲက ကျွန်းတစ်ခုရဲ့ ကျွန်းသခင်ပဲလေ၊ ဒီတော့ အဲကိုသွားတယ်ဆိုတာ ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲလေ”

“စိတ်မပူနဲ့”

ယွမ်သခင်လေးက ပြောလိုက်သည်။ “ကျုပ်တို့ အန္တရာယ် လုံးဝမရှိနိုင်ရုံတင်မကဘူး၊ နဂါးကိုးကောင် ကျွန်းဆိုတာကြီးက ဒီနေ့မှာ သွေးချောင်းစီးသွားလိမ့်မယ်”

ကျွင်းချောင်ရှောင်းအပေါ် သူ၏ နားလည်မှုအရဆိုလျှင် ဤအရာမှာ ကျိန်းသေပေါက် ဖြစ်မည့်အရာဖြစ်သည်။ ထို့အပြင် ဤကဲ့သို့သော နားလည်မှုသည် စဉ်းစားသုံးသပ်ရုံဖြင့် ဖြစ်ပေါ်လာခဲ့သည့်အရာမျိုး မဟုတ်ပေ။ ထပ်ခါတလဲလဲ တွေ့ကြုံရသည့် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုလျှင် သူသည် အရှေ့ပင်လယ်ဆီသို့သွားရာလမ်း၌ ဓားပြများ၏ တည်နေရာကိုဝင်၍ အထဲမှာရှိသည့် ပစ္စည်းများကို လုယက်တော့မှာ သေချာသည်။ ပြီးလျှင် ထိုသူများအားလုံးကို သတ်ဖြတ်ပစ်တော့မှာ သေချာ၏။

နှစ်ပေါင်းများစွာအတွင်း သူသည် ကျွင်းချောင်ရှောင်းနှင့်ပတ်သက်၍ သတင်းအချက်များကို စုဆောင်းထားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခုကို ဖျက်ဆီးပြီးပြီဆိုလျှင် အထက်ပိုင်းအကြီးအကဲများကို သတ်ဖြတ်ပြီး တပည့်များကို လက်လွှတ်ပေးခဲ့၏။ သို့ပေမဲ့ ဓားပြများနှင့် ရင်ဆိုင်သည့်အချိန်မျိုးတွင်တော့ သူသည် ရှိရှိသမျှသော လူများကို သုတ်သင်ရှင်းလင်းတတ်သည်ကို သူသိရှိပြီး ဖြစ်သည်။

ယွမ်သခင်လေး ပြောသည်မှာ အမှန်ပင် ဖြစ်၏။ ရှေ့လီတစ်ရာ အကွာအဝေး ကျွန်းကိုးခုဆက်ထားသော တည်နေရာ အကွာအဝေး အတွင်းမှာတော့ ရှေးသင်္ဘောကြီးတစ်စင်းသည် ရပ်တန့်သွားခဲ့သည်။ အလွန်တရာ ခမ်းနားလှသော အော်ရာများသည် ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ အောက်ရှိ ကျွန်းရှစ်ခု၏ ဓားပြထောင်ကျော် တို့အား ဖုံးလွှမ်းထားတော့သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ပြီးနောက် ပြောလိုက်သည်။ “အဲမှာ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေကနေ၊ သိုင်းနယ်မြေကျင့်ကြံသူတွေအထိ အများကြီး ရှိနေတာပဲ”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်မိသွား၏။ “ဓားပြတွေတောင်မှ ဒီလိုအားကောင်းတာလား၊ ဘယ်လိုဖြစ်ပြီးတော့ ထိပ်တန်းကျွမ်းကျင်သူတွေ အကုန်လုံးက လူဆိုးသူခိုးတွေ ဖြစ်နေရတာလဲ”

ဟယ်ဝူတီက ပြောလိုက်သည်။ “ဒီသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေရဲ့ ချီတွေက မငြိမ်သက်ဘူးလေ၊ သူတို့က တချို့သောနည်းလမ်းတစ်ခုကို အသုံးပြုပြီးတော့ သူတို့ရဲ့ အားအင်တွေကို တိုးတက်အောင် ပြုလုပ်ထားတာ ဖြစ်ရမယ်”

“အင်း” ကျွင်းချောင်ရှောင်းသည် ပိုမိုကာ အံ့အားသင့်မိသည်။ ဤကဲ့သို့ တစ်စုံတစ်ယောက်၏ အဆင့်အား သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်ထိရောက်ရှိအောင် မြှင့်တင်နိုင်သည့်နည်းလမ်းဆိုသည်မှာ အလွန်တရာ အားကောင်းပေလိမ့်မည်။

ဟယ်ဝူတီက ထပ်ပြောလိုက်၏။ “‌စောနတုန်းက ဂိုဏ်းချုပ်သတ်ခဲ့တဲ့လူတွေကလည်း အဲလိုပဲလေ၊ မဟုတ်ရင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်တဲ့လူတွေက ဒီလောက်လွယ်လွယ်ကူကူနဲ့ သေဆုံးသွားကြမှာ မဟုတ်ဘူး”

ရီရှင်းချန် မျက်မှောင်ကုတ်မိသွားသည်။ ဤလူငယ်သည် သူ၏ အတိတ်ဘဝက အင်ပါယာ အတွေ့အကြုံများထက် ပိုမို၍ သိရှိနားလည်သူတစ်ယောက်ပင် ဖြစ်နေသည်လား။

“ဒါကြောင့် သူတို့က သတ်ရလွယ်ကူတာကိုး”

ကျွင်းချောင်ရှောင်းသည် စပီကာနှင့် မိုက်ကြီးကို ထုတ်ယူကာဖြင့် အလွန်တရာ တည်ငြိမ်အေးဆေးသည့်လေသံဖြင့် အော်ဟစ်လိုက်တော့သည်။ “ခင်ဗျားတို့အားလုံးကို ဝိုင်းထားပြီးပြီ၊ ဒီတော့ လက်တွေကို ခေါင်းပေါ်တင်ပြီးတော့ မြေပေါ်ကို ဆောင့်ကြောင့် ထိုင်လိုက်ကြပါ”

“............”

ဓားမြတစ်ထောင်ကျော်တို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ပျံသန်းနေသော သင်္ဘောကြီးသည် ရုတ်တရက် ၎င်းတို့၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ရဲရဲရင့်ရင့်ဖြင့် ၎င်းတို့အား ဝိုင်းရံထားပြီး ဖမ်းဆီးမည်ဟု ဆိုလျက်ရှိနေသည်။ မည်မျှ မောက်မာလိုက်သနည်း။

“ကောင်လေး”

နဂါးကိုးကောင်ကျွန်း၏ တတိယ်မြောက် ကျွန်းသခင်သည် ထွက်ပေါ်လာကာ ပြောလိုက်တော့သည်။ “ဘယ်လိုဖြစ်ပြီးတော့ နဂါးကိုးကောင်ကျွန်းဆီကို လာရဲရတာလဲ၊ အသက်ရှင်ရတာ ပင်ပန်းနေလို့လား”

ဘုန်း

ပြောပြောပြီးချင်းမှာပဲ ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာသည်။ ရှေးသင်္ဘောကြီးပေါ်မှာတော့ ကြီးမား လှသော အမြှောက်ဆံကြီးသည် ချက်ချင်းပဲ နဂါကိုးကောင်ကျွန်း၏ အကာအကွယ် အစီအရင်ကြီးကို ဖျက်ဆီး တော့သည်။

ဖြောက် ဖြောက် ဖြောက် ဖြောက် ဖြောက်

ဘန်း

ခဏလောက်ကြာပြီးနောက် အလင်း၏ အတားအဆီးများသည် ကျွန်းအား ဖုံးလွှမ်းသွားပြီးသည့်နောက်မှာတော့ ထိုအစီအရင်ကြီးသည် မည်သည့်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့တော့သည်။ အထဲတွင်ရှိနေသော တပည့် များအားလုံး၏ မျက်နှာသည် ဖြူလျော်ပြီး ကြောက်လန့်သွားခဲ့ကြတော့သည်။ ဤအစီအရင်ကြီးသည် ၎င်းတို့အား နှစ်ပေါင်းများစွာ ကာကွယ်ပေးထားခဲ့၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် တစ်ဖက်လူများ၏ တစ်ချက် တည်းသော တိုက်ခိုက်ချက်အောက်တွင် လွယ်လွယ်ကူကူနှင့် ကျိုးပြတ်ခဲ့ရပြီဖြစ်၏။

ဖောက်

ရှေးသင်္ဘောကြီးပေါ်မှာတော့ ရှောင်ကျီသည် အမြှောက်ကြီးပေါ်တွင် ခြေတစ်ဖက်တင်၍ ထွက်ပေါ်လာသော မီးခိုးငွေ့များကို အသာမှုတ်လျက် ရှိနေတော့၏။ ဂိုဏ်းချုပ်သည် သူ့အား ထိုအမြှောက်ကြီးနှင့်ပစ်ခတ်ရန် ကြိုတင်ကာ အမိန့်ပေးထားခဲ့ပြီဖြစ်သည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ခပ်ရေးရေးပြုံးကာ ပြောလိုက်၏။ “ခင်ဗျားတို့ ခိုးဆိုးလုယက် ထားတဲ့ ရွှေတွေ၊ ငွေတွေ အားလုံးကို ပေးတော့၊ မဟုတ်ရင်”

သူသည် ခြောက်ကပ်ကပ်အသံဖြင့် ရယ်ကာ ပြောလိုက်သည်။ “ဒီကျွန်းကိုးခုလုံးကို ပင်လယ်အောက်ထဲ မြှုပ်ပစ်မယ်”

အရှေ့ဘက်ပင်လယ်ဆီသို့ လာရာလမ်းတွင် သူ့အား တစ်စုံတစ်ယောက်က လုယက်သည်ဆိုပါက ထိုသူများ၏ အတွင်းခံပါမကျန် ပြန်လည်ကာ လုယူမည်ဟု သူဆုံးဖြတ်ချက် ချထားခဲ့၏။ ယောက်ျားတို့သည် စကားကို တည်ရမည်ဖြစ်၏။

ရှောင်ကျီသည် ကျွန်း၏ အကာအကွယ် အစီအရင်ကြီးအား တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပြီးသည့်နောက်မှာ တော့ ကျွန်းထဲတွင်ရှိနေသော ဓားပြများသည်သာမက ကျွန်းသခင်ရှစ်ယောက်တို့သည်လည်း ထိတ်လန့်အံ့ဩ သွားခဲ့ကြသည်။ ၎င်းတို့သည် တွေးလိုက်မိ၏။ "တစ်ဖက်လူက နည်းနည်း အားကောင်းတာပဲ"

ဟုတ်ပေသည်။ ဤမျှလောက် အားမကောင်းပါက အဘယ်ကြောင့် ဤနေရာသို့လာ၍ ပြဿနာရှာရဲနေမည်နည်း။

ပထမကျွန်းသခင်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ရောင်းရင်း... မင်းကို ကြည့်ရတာ မရင်းနှီးဘူး၊ ဒီအရှေ့ဘက်ပင်လယ်ဆီကတော့ မဟုတ်ဘူးနဲ့တူတယ်၊ ဟုတ်တယ်မလား"

"လိုရင်းကို ပြောရအောင်"

ကျွင်းချောင်ရှောင်းသည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်၏။ "ခင်ဗျားတို့ သိမ်းဆည်းလုယက်ထားတဲ့ပစ္စည်းတွေ အကုန်လုံး ကျုပ်ကိုပေးတော့၊ ဒါဆိုရင် ခင်ဗျားတို့ အသက်တွေကို ချမ်းသာ ပေးမယ်"

ဤကဲ့သို့စကားမျိုးသည် ဓားပြများ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာတတ်သည့် စကားမျိုးဖြစ်၏။ သို့ပေမဲ့ လက်ရှိ အချိန် မှာတော့ ဓားပြများ၏ တည်နေရာသို့ ရောက်ရှိလာပြီး ဂိုဏ်းချုပ်ကျွင်းဆိုသည့်လူသည် ဟန်ပါပါဖြင့် ပြောဆို လုယက်သည့် အလုပ်ကို ပြုလုပ်လျက် ရှိနေသည်။

ပထမကျွန်းသခင်၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့တော့သည်။ သူသည်နှစ်ပေါင်းများစွာ ဤနေရာတွင် လုယက်ဓားပြတိုက်ခြင်းကို ပြုလုပ်ခဲ့သူဖြစ်သည်။ သို့ပေမဲ့ တခြားသူသည် သူ၏အိမ်ဆီသို့လာပြီး သူ့အား ရေွှ၊ငွေများ ထုတ်ပေးရန် ပြောဆိုနေခြင်းသည် ပထမဦးဆုံးအကြိမ်သာ ဖြစ်ပေသည်။ ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက မည်မျှ ရှက်ရွံ့စရာကောင်းသည့် အခြေအနေမျိုး ဖြစ်လာမည်နည်း။

"အမှိုက်"

သွေးပူတတ်သော တတိယမြောက်ကျွန်းသခင်သည် လေပေါ်သို့ ခုန်တက်လာပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါ့လက်သီးကို မြည်းကြည့်လိုက်တော့"

ဝှစ် ဝှစ်

ကြမ်းတမ်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လက်သီးချက်ကြီးသည် ရှေးသင်္ဘောကြီး ဆီသို့ ရောက်ရှိလာ၏။

"သွားစမ်း၊ ဒီကောင့်ကို ဖျက်ဆီးလိုက်တော့"

ဝှစ် ဝှစ်

တခြားသော ကျွန်းသခင်နှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ အားလုံးသည် လေပေါ်သို့ ခုန်တက်လာပြီး သည့်နောက်မှာတော့ စွမ်းအင်မျိုးစုံတို့ကို စုစည်းကာ တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။ တစ်နှစ်ပတ်လုံး တခြား သောသူများကို လုယက်နေသည့် ဓားပြများ ဖြစ်သည်မို့ ၎င်းတို့သည် ၎င်းတို့၏ ပစ္စည်းများကို ကျိန်းသေပေါက် ပေးလိမ့်မည် မဟုတ်ချေ။ ထို့အစား ခုခံပြီး တိုက်ခိုက်ရန် နည်းလမ်းကိုသာ စဉ်းစားကြပေလိမ့်မည်။

ဝှစ် ဝှစ်

ဝှစ် ဝှစ် ဝှစ်

နဂါးကိုးကောင်ကျွန်းဆီမှ ကျွမ်းကျင်သူများသည် ပျံသန်းလာပြီးသည့်နောက်မှာတော့ ရှေးသင်္ဘောကြီးကို ဝိုင်းရံ လိုက်ကြတော့သည်။ စွမ်းအင်မျိုးစုံတို့သည် မီးပန်းများပစ်လွှတ်လိုက်သကဲ့သို့ စုဝေးနေ၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် အသာထိုင်ပြီးသည့်နောက် လက်ချောင်းများကို ယှက်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့က မပူးပေါင်း မပါဝင်ချင်ဘူးဆိုမှတော့ ကျုပ်ကို အပြစ်မတင်နဲ့တော့"

သူ၏နောက်တွင်ရှိသော လီချင်းယန်၊ ရှောင်ကျီ၊ ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ အားလုံးသည် ခေါင်းနှင့် ခန္ဓာကိုယ်ကို ခါယမ်းလိုက်ကြ၏။ လေထုထဲတွင်တော့ တိုက်ခိုက်ရေး အသုံးအဆောင်ပစ္စည်းများ ပေါ်လာခဲ့ကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လျက်ရှိ၏။

..........

ယွမ်သခင်လေး၏ သင်္ဘောသည် နဂါးကိုးကောင်ကျွန်းနှင့် လီလေးရာ၊ ငါးရာ အကွာအဝေးသို့ ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် ဤနေရာဆီသို့ရောက်ရှိရန် နှစ်နာရီတိတိ မောင်းနှင်လာခဲ့ကြ၏။ သို့ပေမဲ့ ကျွန်း၏ အပြင်ဘက်နား ဆီသို့ မရောက်ခင်မှာပဲ ပင်လယ်လေထဲတွင် ညှီစို့စို့ အနံ့များ ပါဝင်လာကြောင်းကို ခံစားလိုက်မိကြသည်။

"ဒါက"

လှေမောင်းသောလူသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။ "ဒါက သွေးညှီနံ့ပဲ"

ပြောပြီးသည့်နောက် မှာတော့ သူသည် နေရာမှထ၍ ခုန်လုမတတ်ပင် ဖြစ်သွားတော့သည်။ ၎င်းတို့၏ အောက်တွင်ရှိသော ပင်လယ်ပြာပြာ၏ရေသည် သွေးကဲ့သို့ နီရဲလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ ထို့အပြင် ဓားပြများ၏ အလောင်း များသည် ပေါချင်းသောချင်းဖြင့် မျောပါလျက်ရှိနေ၏။

ဘုတ်

လှေမောင်းသည့်လူသည် ထိုင်နေရာမှ အောက်သို့လဲကျသွားပြီးသည့်နောက် ကြောက်လန့်တကြားဖြင့် ပြောလိုက် မိသည်။ "ဒါ... ဒါ ဓားပြတွေပဲ၊ သူတို့ အကုန် သေကုန်တာပဲ"

အကြီးအကဲလင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်ပြီးသည့်နောက်မှာတော့ ကျွန်းကိုးခုလုံးသည် မီးလောင်ပြာကျလျက်ရှိနေသည်ကို မြင်လိုက်ရ၏။

"သခင်လေး.. ကျွန်းပေါ်မှာ ဘယ်ဓားပြမှ အသက်ရှင် မကျန်တော့ဘူး၊ သူတို့အားလုံးကို ကျွင်းချောင်ရှောင်း သတ်သွားတာပဲ ဖြစ်ရမယ်"

ယွမ်သခင်လေးသည် အံ့အားမသင့်ချေ။ သူသည် အရှေ့ဘက်ဆီသို့ မျှော်ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်သည်။

"အရှေ့ပင်လယ်ဆီမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေရေ ….... မင်းတို့ရဲ့ ကပ်ဘေးကောင်ကြီး ရောက်လာပြီ"

All Chapters