ရှန်းမိသားစု၏အခြေအနေ
Vol. 7 Ch. 121
“အဖေဆိုလိုချင်တာက”
ဟွမ်ဝမ်ယုက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် သမီးထင်တဲ့အတိုင်းပဲ၊ ယောင်ကျန်းထျန်နဲ့ ချူးပါ့ကျန့်တို့ နှစ်ယောက်လုံး သေသွားကြပြီ”
ဟွမ်လင်းအယ်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဟွမ်ဝမ်ယုက သူမြင်သမျှ အဖြစ်အပျက်အားလုံးကို သမီးဖြစ်သူကို ရှင်းပြလိုက်ပြီးနောက် မှတ်ချက်ချလိုက်သည်။
“သူတို့နှစ်ယောက်လုံး ရွှေအမြုတေအဆင့်ကို အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်။ နောက်တစ်ချက်က သူတို့နှစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေသဘောထားကလည်း အဖေမြင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ လင်းအယ် အနာဂတ်မှာ သမီးအနေနဲ့သူတို့နှစ်ယောက်နဲ့ ထပ်ဆုံဖြစ်ကြရင် သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားသင့်တယ်”
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယခုတိုက်ပွဲအပြီး ရရှိလာသော ရတနာပစ္စည်းများကို အလုံးစုံစစ်ဆေးပြီးပြီဖြစ်၍ ပင်းချွမ်စီရင်စုသို့ ဦးတည်ပျံသန်းလျက်ရှိသည်။ ယောင်ကျန်းထျန်တို့ထံမှ ရရှိလိုက်သော ပစ္စည်းများမှာ အရေအတွက်အားဖြင့် မနည်းလှပါ။ ဝိညာဉ်ကျောက်တုံးတစ်မျိုးတည်းပင် တစ်သိန်းခွဲခန့်ရှိပြီး သူတို့နှစ်ဦး အသုံးပြုခဲ့သော ဓမ္မရတနာသုံးခုနှင့်အတူ ဓမ္မရတနာလောင်းတစ်ခုကိုပါ အပိုဆုအနေနှင့် ရရှိလိုက်သည်။ ဓမ္မရတနာသုံးခုမှာ ချူးပါ့ကျန့်၏ ရတနာလှံပျံ၊ ယောင်ကျန်းထျန်၏ အစိမ်းရောင်ဓားပျံနှင့် အစိမ်းရင့်ရောင်ပိုက်ကွန်တို့ဖြစ်ပြီး ဓမ္မရတနာလောင်းကတော့ ရှန်းရူယန်လက်ချက်ဖြင့် ပျက်စီးသွားသော ပုတီးစေ့ဖြူ ဖြစ်သည်။
ထိုပုတီးလုံး၏အမည်မှာ တိမ်လွှာကောင်းကင် ပုတီးစေ့ ဖြစ်ပြီး ကာကွယ်ရေးအတွက် အသုံးပြုသည့် ဓမ္မရတနာလောင်းတစ်ခုဖြစ်သည်။ ထိုမျှမကသေး ယောင်ကျန်းထျန်နှင့် ချူးပါ့ကျန့်တို့၏ သိုလှောင်လက်စွပ်များအတွင်းမှ ကျီဖုအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော ဝိညာဉ်ဆေးဝါးဆေးပြားများနှင့် အဖိုးတန်ရှားပါးပစ္စည်းများကိုလည်း တစ်ပွေ့တစ်ပိုက် ရရှိလိုက်သေးသည်။ ပစ္စည်းအားလုံးပေါင်းတန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး တစ်သိန်းနီးပါးရှိသည်။
ထိုစဉ် ရှန်းရူယန်က
“ယောက်ျား ကျွန်မတို့ထွက်လာတုန်းက တစ်ခုခုသတိထားမိလိုက်လား”
ကျန်းချန်ရွှမ်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“ကိုယ်တို့ကို လူနှစ်ယောက် လှမ်းကြည့်နေတယ်လို့ ထင်တာပဲ”
“သူတို့ဘယ်သူလဲမြင်လိုက်လား”
ကျန်းချန်ရွှမ်က အနည်းငယ်စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။
“မမြင်လိုက်ဘူး၊ အကာအကွယ်မန္တန်တစ်မျိုး သုံးထားပုံပဲ။ ကိုယ့်ရဲ့ ကောင်းကင်ဘုံ အတွင်းစိတ်မျက်လုံးနဲ့တောင် သဲသဲကွဲကွဲ မမြင်လိုက်ဘူး၊ ဒါပေမဲ့ အဲဒီလူနှစ်ယောက်က ကိုယ်တို့နဲ့ သိကျွမ်းဖူးတဲ့ လူတွေဖြစ်ပြီး ကိုယ်တို့ကို ရန်မူလိုစိတ် မရှိတာတော့ သေချာတယ်”
ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ခုခု စဉ်းစားမိဟန်နှင့် နှစ်ဦးသား အကြည့်ဆုံသွားကြသည်။
“သူတို့များဖြစ်နေမလား”
………
ထိုအချိန် ပင်းချွမ်စီရင်စုရှိ ယွီဟွာတောင်ထိပ်တစ်နေရာတွင်….
ရှန်းမိသားစု၏ ယာယီအကြီးအကဲအဖြစ် တာဝန်ယူထားသော ရှန်းပိုင်ဖေးသည် ရှန်းရူရွှမ်နှင့် ရှုန်းဝမ်တောင်တို့၏ အစီရင်ခံမှုကို နားထောင်ရင်း တဖြည်းဖြည်း မျက်နှာထား တင်းမာလာသည်။ ဘိုးဘေးရှန်းမန်ရွှယ် ကွယ်လွန်ပြီးမကြာမီ ဟုန်မိသားစုနှင့် ဆက်နွယ်မှုမကင်းသော ကျီဖုအဆင့် မိသားစုအချို့သည် ရှန်းမျိုးနွယ်စုကို ရည်ရွယ်ချက်ရှိရှိနှင့် ပစ်မှတ်ထားတိုက်ခိုက်လာကြသည်။
ပထမဆုံးတိုက်ခိုက်ခံရသူများမှာ ရှန်းမျိုးနွယ်စု၏ ပြင်ပဂိုဏ်းတပည့်များဖြစ်ပြီး တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ အမျိုးမျိုးအဖုံဖုံ နှောက်ယှက်ခြင်းကို ခံကြရသည်။ ထို့ပြင် ရှန်းမိသားစုလက်အောက်ရှိ လုပ်ငန်းများ၊ စျေးများကိုလည်း ကျင့်ကြံသူအများအပြားက သပိတ်မှောက်ကြပြန်သည်။ လွန်ခဲ့သည့်ဆယ်ရက်အတွင်း ကျောက်စိမ်းဖြူစျေးတွင် ရောင်းဝယ်ဖောက်ကားသူများ မရှိသလောက် နည်းပါးသွားသည်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်လက်ဖြစ်ပွားနေပါက မကြာမီ ရှန်းမိသားစုအတွက် အရင်းအမြစ်များ ရှားပါးကျပ်တည်းလာတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ကျောက်စိမ်းဖြူစျေးကို ဝိညာဉ်ကျောက်တုံးငါးသိန်းဖြင့် ဝယ်ယူရန် သွေးတိုးစမ်းကမ်းလှမ်းမှုများပင် ရှိလာသည်ဖြစ်ရာ ရှန်းပိုင်ဖေးနှင့် ဂိုဏ်းအကြီးအကဲများမှာ အကြီးအကျယ် ဒေါသထွက်နေကြတော့သည်။ ကျောက်စိမ်းဖြူစျေးသည် ရှန်းမိသားစု၏ အဓိကဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်ပြီး ဝိညာဉ်ကျောက်တုံးသိန်းချီ နှစ်စဉ်ရှာဖွေပေးနေသည် ဖြစ်ရာ ငါးသိန်းခန့်ဖြင့် ကျောက်စိမ်းဖြူစျေးမြို့တစ်ခုလုံးကို ဝယ်ယူမည်ဟူသော ကမ်းလှမ်းချက်မှာ အတော်ပင်ရင့်သီးသော ကမ်းလှမ်းမှုတစ်ခုဟု ဆိုရမည်။
ရှန်းပိုင်ဖေးသည် သူ့ရှေ့မှောက်ရှိ စားပွဲကို လက်သီးဖြင့် အားကုန်ထုချလိုက်သည်။ ထို့နောက် ရှန်းရူရွှမ်နှင့် ရှုန်းဝမ်တောင်တို့အား စူးစူးရဲရဲကြည့်လျက်
“ညီမရူရွှမ်နဲ့ အကြီးအကဲရှုန်း ငါတို့ကျောက်စိမ်းဖြူစျေးကို ငါးသိန်းနဲ့ ဝယ်ချင်တာ ဘယ်ကောင်တွေလဲ၊ ဘိုးဘေးမရှိတော့တာနဲ့ ငါတို့ကို အနိုင်ကျင့်လို့ရမယ် ထင်နေကြတာလား”
ရှန်းပိုင်ဖေး၏ အမေးကိုကြားလျှင် ရှန်းရူရွှမ်တို့နှစ်ဦးလည်း မျက်နှာအသီးသီး ပျက်သွားကြပြီး အတန်ကြာ တိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင် ရှုန်းဝမ်တောက်က မဖြေချင်ဖြေချင်ဟန်နှင့်
“ကျန်းမိသားစုပါ”
“ဘာကွ”
ရှန်းပိုင်ဖေးမှာ မယုံနိုင်ဟန်နှင့် ကြက်သေသေငိုင်သွားမိသည်။ ကျောက်စိမ်းဖြူစျေးကို ဝိညာဉ်ကျောက်တုံးငါးသိန်းဖြင့် စျေးနှိမ်ဝယ်ယူရန် ကမ်းလှမ်းသူမှာ ကျန်းမိသားစုဖြစ်နေမည်ဟု သူမမျှော်လင့်ထားပါ။ ရှန်းနှင့် ကျန်းမိသားစုများ အကြားရှိ ဆက်ဆံရေးမှာ အတိတ်နှစ်ကာလများစွာကတည်းကပင် အထူးကောင်းမွန်ခဲ့သည် မဟုတ်ပါလား။ နတ်ဆိုးသားရဲကပ်ဘေးအတွင်းကလည်း ရှန်းယွမ်လုံနှင့် ကျန်းမိသားစုဘိုးဘေးဖြစ်သူ ကျန်းပိုင်ယန်တို့ အတူလက်တွဲတိုက်ခိုက်ခဲ့ကြသေးသည်လေ။
ကျန်းမိသားစုလို ကျီဖုအဆင့် မျိုးနွယ်စုကြီးတစ်ခုအနေနှင့် ကျောက်စိမ်းဖြူစျေး၏ တန်ကြေးအမှန်ကို မသိ၍ ကမ်းလှမ်းမိသည်ဟု ဖြည့်တွေးပေးရန် မဖြစ်နိုင်ကြောင်း ရှန်းပိုင်ဖေး ဆင်ခြင်မိသလို ယခုဖြစ်ရပ်ကိုလည်း ကျန်းမိသားစု၏ဘိုးဘေး ကျန်းပိုင်ယန် မသိဘဲနေမည်မဟုတ်ဟု ရှန်းပိုင်ဖေးယူဆမိသည်။ ကျန်းပိုင်ယန်မှာ သိသိလျက်နှင့် ကျန်းမိသားစုအား ယခုလိုပြုမူခြင်းအတွက် တားမြစ်ခြင်းမရှိခဲ့သည်ကိုတွေးရင်း ရှန်းပိုင်ဖေးတစ်ယောက် ဝမ်းနည်းမိသည်။
“ကျန်းမိသားစုတောင်မှ ငါတို့ကို ပစ်ပယ်ချင်နေပြီကိုး၊ ငါတို့မိသားစုမှာ ခေါင်းဆောင်မဲ့နေတာကို အခွင့်ကောင်းယူပြီး ရသမျှလှီးယူမယ်ဆိုတဲ့အကြံပဲ”
“တတိယဦးလေး ကျန်းမိသားစုရဲ့ ဘိုးဘေးက ဒီကိစ္စကို မသိလို့များလား”
ရှန်းရူရွှမ်က မဝံ့မရဲမေးလိုက်သည်။ ရှုန်းဝမ်တောက်က ခေါင်းခါရင်း
“သူမသိဘဲနဲ့ ကျန်းမိသားစု ဒါမျိုးလုပ်မှာမဟုတ်ဘူး၊ ကျန်းပိုင်ယန်က ဂူပိတ်ကျင့်ကြံရာက ပြန်ထွက်လာတာလည်း ကြာပြီလို့သိရတယ်။ နောက်ပြီး သူမသိရင်တောင် သူတို့ရဲ့ ဒုတိယဘိုးဘေး ကျန်းပိုင်ရှန် မသိဘဲမနေဘူး၊ ကျုပ်သိသလောက်က ကျန်းမိသားစုရဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို ကျန်းပိုင်ရှန် အတည်ပြုပေးပြီးမှ ဆောင်ရွက်ခွင့်ရတယ်တဲ့၊ ဒါကြောင့် ကျန်းမိသားစုရဲ့ အကြီးအကဲတွေအနေနဲ့ ဒီလိုကိစ္စမျိုးကို ကျန်းပိုင်ရှန်ထံ အသိမပေးရဲမှာ မဟုတ်ဘူး”
သူ့စကားကြောင့် ရှန်းရူရွှမ်မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးနောက် နာကြည်းမုန်းတီးဟန်နှင့်
“ကျွန်မတို့ဘိုးဘေးတောင် မသေသေဘူး၊ သူတို့က ဒီလိုလုပ်ရက်သလား၊ ဘိုးဘေးမန်ရွှယ်မရှိတော့တဲ့အချိန်မှာ ဒီလိုမျိုးလုပ်ရင် အင်မော်တယ်ပိုင်လုံစိတ်ဆိုးမှာကို သူတို့မကြောက်ဘူးလားမသိဘူး”
ရှန်းရူရွှမ်စကားကိုကြားလျှင် ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့သည် မချိပြုံးများ ကိုယ်စီပြုံးလျက် ခေါင်းခါလိုက်မိကြသည်။ ရှုန်းဝမ်တောက်က
“အကြီးအကဲရူရွှမ်ရေ အင်မော်တယ်ပိုင်လုံက ဘိုးဘေးမန်ရွှယ်ရဲ့ တာအိုကျင့်ကြံဖော်ဖြစ်ပေမဲ့ ရှန်းမိသားစုရဲ့ သားသမက်မဟုတ်ဘူးလေ။ ဒီလိုအသေးအဖွဲကိစ္စမျိုးမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ သူတို့လိုအဆင့်မြင့်ကျင့်ကြံသူတွေအနေနဲ့ ရှန်းမျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသတ်ဖြတ်ခံရတော့မဲ့ အခြေအနေမျိုး မရောက်မချင်း ဘာတစ်ခွန်းမှ ဝင်ပြောမှာမဟုတ်ဘူး၊ နောက်ပြီး….”
ထိုအချိန်တွင် ရှုန်းဝမ်တောက်၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်လေးနက်သွားပြီး
“ရှန်းမိသားစုရဲ့ အကြီးဆုံးအန္တရာယ်က ဒီကိစ္စမဟုတ်ဘူး”
သည်တစ်ခါတွင် ရှန်းပိုင်ဖေးကိုယ်တိုင်ပင် ရှုန်းဝမ်တောက်၏ စကားကို နားမလည်ဟန်ဖြင့် ဇဝေဇဝါကြည့်မိလိုက်သည်။ ရှန်းရူရွှမ်က မနေနိုင်တော့ဘဲ
“ဒီအခြေအနေက ရှန်းမိသားစုအတွက် အန္တရာယ်မဟုတ်ရင် ဘယ်ဟာက အန္တရာယ်လဲ”
ရှုန်းဝမ်တောက်က သက်ပြင်းချလျက် ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
“နတ်ဆိုးကျင့်ကြံသူတွေ”
***