နတ်ဆိုးကျင့်ကြံသူတွေ ပြန်လာပြီ
Vol. 7 Ch. 122
“နတ်ဆိုးကျင့်ကြံသူ ဟုတ်လား”
ထိုစကားကြောင့် ပထမတွင် ရှန်းပိုင်ဖေးနှင့် ရှန်းရူရွှမ်နှစ်ဦးစလုံး အံ့အားသင့်သွားမိသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရမိလိုက်ပြီး အကြီးအကျယ် မျက်နှာပျက်သွားကြတော့သည်။
ကျီဖုအဆင့် မသေမျိုးမိသားစုတစ်ခုအနေနှင့် ပုံမှန်အားဖြင့်သာမန်သေမျိုးလူသား သန်း၅၀ ကျော်ကို တာဝန်ယူကာကွယ်ပေးမည့် ဝတ္တရားရှိသည်။ လက်ရှိအခြေအနေတွင် ရှန်းမိသားစုလက်အောက်ရှိ သေမျိုးလူသားတို့နေထိုင်ရာ မြို့တစ်မြို့ကို နတ်ဆိုးကျင့်ကြံသူများ ဝင်တိုက်ခိုက်ပါက ရှန်းမိသားစု၏ လက်ရှိအင်အားဖြင့် တစ်စုံတစ်ရာ တုံ့ပြန်နိုင်မည်မဟုတ်။ အဆိုပါသေမျိုးလူသားများသာ နတ်ဆိုးကျင့်ကြံသူများ လက်ချက်ဖြင့် အသုတ်သင်ခံရပါက ရှန်းမိသားစု၏ ရေသောက်မြစ်များကို ရိုက်ချိုးလိုက်သလိုဖြစ်ပြီး ရှန်းမျိုးနွယ်စုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပါလိမ့်မည်။
ကျင့်ကြံခြင်းမျိုးနွယ်စု သို့မဟုတ် ဂိုဏ်းများ၏ အဓိကအုတ်မြစ်မှာ ထိုမျိုးနွယ်စုနှင့် ဂိုဏ်းများလက်အောက်ရှိ သေမျိုးလူသားများဖြစ်သည်။ အဆိုပါ သေမျိုးများအနက်မှ ဝိညာဉ်အမြစ်ပါရှိသူများနှင့် ကျင်ကြံခြင်းပါရမီရှင်များကို ရွေးနုတ်ပြီး မသေမျိုးမိသားစုများ၏ အဖွဲ့ဝင်အင်အားအဖြစ် စုဆောင်းပျိုးထောင်ရခြင်းဖြစ်သည့်အတွက် သေမျိုးလူသားတို့၏ လူဦးရေများလေလေ ထိုသေမျိုးတို့အထဲမှ ကျင့်ကြံသူ အရေအတွက်များများ မွေးထုတ်ပေးနိုင်လေလေ ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။ အခြေခံအုတ်မြစ်ဖြစ်သည့် သေမျိုးလူသားများနည်းပါးနေလျှင် အဆိုပါမိသားစုတွင် ရင်းမြစ်များ၊ ကျင့်ကြံခြင်းနည်းစနစ်များ အလျှံပယ်ရှိနေဦးတော့ ထိုမိသားစု၏အင်အားမှာ ကျိန်းသေဆုတ်ယုတ်လာမည်ဖြစ်သည်။
အဆိုပါဖြစ်စဉ်မျိုးမှာ ကျင့်ကြံခြင်းဂိုဏ်းများအတွက် ပြဿနာအကြီးအကျယ်မရှိသော်လည်း ရှန်းမိသားစုလို အစဉ်အလာရှိသည့် မျိုးနွယ်စုတစ်ခုအတွက်တော့ အန္တရာယ်များလှသည်။ ထို့ကြောင့် ရှန်းပိုင်ဖေးတို့မှာ ရှုန်းဝမ်တောက်၏ သတိပေးစကားကိုကြားမှ ထိုအချက်ကို ဂရုပြုမိပြီး မျက်စိမျက်နှာပျက်သွားရခြင်းဖြစ်သည်။
ပထမတွင် ဘိုးဘေးရှန်းယွမ်လုံအား အခြေအနေအားလုံးကို တင်ပြရန် စဉ်းစားမိသော်လည်း ထိုအကြံကို ပယ်ချလိုက်ရသည်။ ဘိုးဘေးမန်ရွှယ်ကွယ်လွန်ကြောင်းကိုပင် ရှန်းယွမ်လုံအား အသိမပေးရသေးသည့်အတွက် ဂူပိတ်ကျင့်ကြံ၍ နာလန်ထူရန် ကြိုးစားနေရသော ဘိုးလေးရှန်းယွမ်လုံကို ယခုကိစ္စကိုပါ အသိပေးလိုက်လျှင် ဘိုးဘေးတစ်ယောက် စိတ်ထိခိုက်ပြိုလဲသွားနိုင်ချေရှိသည်။
“မိသားစုအကြီးအကဲကို ပြောရင်ရော”
ရှန်းရူရွှမ်က အမောတကောဖြင့် အကြံပေးလိုက်သော်လည်း ရှုန်းဝမ်တောက်နှင့် ရှန်းပိုင်ဖေးတို့က ပယ်ချလိုက်သည်။ ရှန်းပိုင်ဖေးက
“ဘယ်ဖြစ်မလဲ၊ တောက်မင်က ကျီဖုအဆင့်ကို တက်လှမ်းဖို့ အဆုံးအဖြတ်အချိန်ကို ရောက်နေတာ၊ သူ ကျီဖုအဆင့်ကို ရောက်၊မရောက် ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ရှန်းမျိုးနွယ်စုတစ်ခုလုံးရဲ့ ကံကြမ္မာပြောင်းလဲသွားနိုင်တယ်။ ငါတို့မျိုးနွယ်စုရဲ့ သေရေးရှင်ရေး အခြေအနေရောက်မှ သူ့ကိုအသိပေးသင့်တယ်”
ထိုစဉ် သူတို့သုံးဦးစလုံး၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားများ ရုတ်တရက် တုန်ခါလာတော့သည်။ ရှန်းမိသားစု အကြီးအကဲသုံးဦး စလုံး၏ ဆက်သွယ်ရေးအဆောင်များထံ အချက်ပေးသံ ပြိုင်တူဝင်လာခြင်းသည် ကြီးကြီးမားမား ကိစ္စတစ်ရပ် ဖြစ်ပေါ်နေပြီဟု သွယ်ဝိုက်ရည်ညွှန်းသောကြောင့် သုံးဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ ကျောက်စိမ်းပြားပေါ်မှ သတင်းစကားကို ဖတ်ရှုပြီးနောက် သူတို့အားလုံး၏ မျက်နှာများမှာ ရုတ်ချည်းတင်းမာခက်ထန်လာတော့သည်။
ရှန်းရူရွှမ်က အံကိုတင်းတင်းကြိတ်လျက် ကျိန်ဆဲလိုက်သည်။
“လူယုတ်မာတွေ”
ရှန်းမိသားစုလက်အောက်ရှိ မြစ်ဖြူမြို့ ဟုခေါ်သော သေမျိုးလူသားတို့ နေထိုင်ရာမြို့ကို နတ်ဆိုးကျင့်ကြံသူများ အလစ်ဝင်ရောက် တိုက်ခိုက်သည့်အတွက် မြို့နေလူထု ၁.၈ သန်းခန့် သေဆုံးပြီး နတ်ဆိုးကျင့်ကြံသူများ၏ စတေးခံယဇ်ကောင်များ ဖြစ်သွားရသည်ဆိုသော သတင်းဆိုးကြီးပင်ဖြစ်သည်။ ရှန်းမိသားစု ရွှေရောင်လွှမ်းသောကာလများတွင် အဆိုပါအဖြစ်အပျက်မျိုး တစ်ခုတလေမျှ ဖြစ်ပွားခဲ့ခြင်းမရှိပါ။ ထိုစဉ် ရှန်းရူရွှမ်က
“တတိယဦးလေး ကျွန်မတို့ဒီအတိုင်း ရပ်ကြည့်နေလို့မဖြစ်ဘူး။ ကျွန်မနဲ့ အကြီးအကဲရှုန်းတို့ မြစ်ဖြူကို ချက်ချင်းသွားမယ်။ အဲဒီမှာ နတ်ဆိုးကျင့်ကြံသူတွေ ရှိနေသေးရင် တစ်စစီဆွဲစုတ်ပစ်မယ်”
ရှန်းရူရွှမ်မှာ တိုက်ပွဲအတွေ့အကြုံနည်းပါးသည့် အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် လက်ရှိအချိန်တွင် စိတ်ခံစားမှုကို မထိန်းနိုင်ဘဲ ဒေါသကိုရှေ့တန်းတင်နေသောကြောင့် ရှန်းပိုင်ဖေးက သက်ပြင်းချ၍ ခေါင်းခါလိုက်သည်။
“ရူရွှမ် နင်မသွားရဘူး၊ ယွီဟွာတောင်မှာပဲ အခြေအနေကို စောင့်ကြည့်ရင်းနေခဲ့ပါ။ ငါနဲ့ အကြီးအကဲရှုန်းတို့ပဲ သွားလိုက်မယ်”
လက်ရှိအချိန်တွင် ယွီဟွာတောင်ကို စွန့်ခွာခြင်းမှာ အန္တရာယ်များကြောင်း ရှန်းပိုင်ဖေး သဘောပေါက်ပြီဖြစ်သည်။ မြစ်ဖြူမြို့၏ အခြေအနေမှာ သူတို့အားလုံးကို ထောင်ချောက်ဆင်ထားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် သူတို့အတွက် ရွေးစရာမရှိဘဲ မဖြစ်မနေသွားရောက်၍ ဖြေရှင်းကိုင်တွယ်ရမည်ဖြစ်သည်။ အကယ်၍ ရှန်းမိသားစုအနေနှင့် မိမိစောင့်ရှောက်မှုအောက်ရှိ မြို့တစ်မြို့တိုက်ခိုက်ခံရသည်ကို တစ်စုံတစ်ရာတုံ့ပြန်ခြင်းမပြုလျှင် ကျင့်ကြံခြင်းလောကတွင် ရှန်းမိသားစု၏ ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းမည့်အပြင် အစောင့်ရှောက်ခံ သေမျိုးလူသားတို့၏ ယုံကြည်မှုကိုပါ ဆုံးရှုံးသွားနိုင်ချေရှိသည်။
ထို့ပြင် နတ်ဆိုးကျင့်ကြံသူများအနေနှင့် ပိုမိုအတင့်ရဲလာပြီး နောက်ထပ်မြို့များကိုပါ တိုက်ခိုက်လာနိုင်သည်ဖြစ်ရာ ရှန်းပိုင်ဖေးအနေနှင့် ကိုင်တွယ်ဖြေရှင်းရုံမှတပါး အခြားနည်းလမ်းမရှိပါ။
ထိုအချိန်တွင် မြစ်ဖြူမြို့မှ မိုင်၅၀ ကွာဝေးသော တောင်ကုန်းတစ်ခုပေါ်တွင် သွေးကဲ့သို့ ချင်းချင်းနီလျက်ရှိသည့် အော်ရာများဝန်းရံထားသည့် ကျင့်ကြံသူငါးဦးသည် အဝေးတစ်နေရာရှိ မြစ်ဖြူမြို့၏ အခြေအနေကို သတိကြီးစွာဖြင့် အကဲခတ်နေကြသည်။ သူတို့ထဲမှ ပုပုဝဝလူက
“ရှန်းမိသားစုက မြစ်ဖြူကို လူလွှတ်မယ်ထင်လား”
သူ့စကားကို ပိန်လှီနေသော အဘိုးကြီးတစ်ဦးက ရယ်မောလိုက်သည်။
“မစိုးရိမ်နဲ့ ရှန်းတွေအကြောင်း ငါသေချာသိတယ်၊ ဒီကောင်တွေ လူလွှတ်မှာ သေချာသလောက်ရှိတယ်။ သူတို့မလာဘူးပဲ ထားကွာ၊ ဒီကောင်တွေမလာမချင်း သေမျိုးကောင်တွေကို ဆက်သတ်နေရုံပေါ့ကွ”
ပိန်လှီလှီအဘိုးကြီး၏ အေးစက်စက်မျက်လုံးများမှာ သွေးဆာဟန်နှင့် ရဲရဲတောက်နီစွေးလာသည်။ ထိုအခါ ရုပ်ရည်လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကလည်း တခစ်ခစ်ရယ်မောလျက် ပြောလိုက်ပြန်သည်။
“တာအိုရောင်းရင်း ကုရုံပြောတာမှန်တယ်၊ ရှန်းတွေ သွေးကြောင်ပြီး မလာရဲရင် ပိုတောင်ကောင်းသေးတယ်။ ရှန်းမိသားစုအောက်မှာ မြို့တွေအများကြီးရှိသေးတယ်၊ အဲဒီလူတွေအားလုံးကို စတေးပြီးရင် ငါတို့အနေနဲ့ ကျီဖုအဆင့်ကိုတောင် ရောက်နိုင်ချေရှိတယ်”
ထို့နောက် အမျိုးသမီး၏လေသံမှာ ရုတ်တရက်တည်ကြည်သွားပြီး ပြောလက်စ စကားကိုဆက်သည်။
“ဒါပေမဲ့ ငါတို့ရဲ့မူလရည်ရွယ်ချက်ကို မမေ့နဲ့၊ ဒီအဆင့်က ရှန်းမိသားစုရဲ့ အာရုံကို ဆွဲဆောင်တဲ့အဆင့်ပဲ။ ငါတို့ရဲ့ အဓိကပန်းတိုင်က ဟိုကောင်ကြီး ဂူပိတ်ကျင့်ရာကနေ အမြန်ဆုံးထွက်လာရအောင် လုပ်ဖို့ပဲ၊ ဒါကိုမမေ့နဲ့”
အမျိုးသမီးစကားကိုကြားလျှင် ပိန်လှီလှီအဘိုးကြီး အပါအဝင် ကျန်လေးဦးစလုံး၏ မျက်နှာထားများမှာ ရုတ်တရက်လေးနက်သွားတော့သည်။ ထိုစဉ် အမျိုးသမီး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသလို ကျန်လေးဦးသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိဟန်တူသည်။ သူတို့၏အကြည့်က မြစ်ဖြူမြို့၏ အဝင်လမ်းတစ်နေရာကို ရောက်သွားသည်။
ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြို့ပျက်ကြီးပမာဖြစ်နေသော မြစ်ဖြူမြို့ကိုကြည့်ရင်း အသားများတုန်လာသည်အထိ ဒေါသထွက်ကုန်ကြသည်။ ရှုန်းဝမ်တောက်၏ မျက်နှာသည် ဒေါသကြောင့် ရဲရဲနီလျက်ရှိသည်။ ထို့နောက် သူက ရှန်းပိုင်ဖေးထံလှည့်၍ တစ်ခုခုပြောမည်အပြုတွင် ရှန်းပိုင်ဖေး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး အသံကုန်ဟစ်အော်လိုက်တော့သည်။
“သတိထား!!!”
***