← Chapters

နတ်ဆိုးကျင့်ကြံ​သူတွေ ပြန်​လာပြီ

Vol. 7 Ch. 122

နတ်ဆိုးကျင့်ကြံ​သူတွေ ပြန်​လာပြီ

Vol. 7 Ch. 122

“နတ်ဆိုးကျင့်ကြံသူ ဟုတ်​လား​”

ထို​စကား​ကြောင့် ပထမ​တွင်​ ရှန်းပိုင်​ဖေး​နှင့် ရှန်းရူရွှမ်နှစ်​ဦး​စလုံး အံ့အားသင့်​သွားမိ​သည်။ ထို့နောက်​ တစ်စုံ​တစ်ရာကို သတိရမိလိုက်ပြီး အကြီး​အကျယ် မျက်နှာပျက်သွားကြတော့သည်။

ကျီဖုအဆင့် မသေမျိုးမိသားစုတစ်ခုအနေနှင့် ပုံ​မှန်​အားဖြင့်​သာမန်​သေ​မျိုး​လူသား​ သန်း​၅၀ ကျော်​ကို တာဝန်ယူ​ကာကွယ်​ပေးမည့် ဝတ္တရား​ရှိသည်။ လက်​ရှိ​အခြေအနေ​တွင် ရှန်းမိသားစု​လက်​အောက်​ရှိ သေမျိုးလူသားတို့နေထိုင်ရာ မြို့​တစ်မြို့ကို နတ်ဆိုးကျင့်ကြံသူများ ဝင်​တိုက်ခိုက်​ပါက ရှန်း​မိသားစု၏ လက်ရှိ​အင်အားဖြင့် တစ်စုံတစ်ရာ​ တုံ့ပြန်​နိုင်​မည်မဟုတ်။ အဆိုပါ​သေမျိုးလူသားများသာ နတ်ဆိုးကျင့်ကြံသူများ လက်ချက်ဖြင့် အသုတ်​သင်ခံရပါက ရှန်း​မိသားစု၏ ရေသောက်မြစ်​များကို​ ရိုက်​ချိုး​လိုက်​သလို​ဖြစ်ပြီး ရှန်း​မျိုး​နွယ်စု​အတွက်​ ကြီး​မား​သော ထိုး​နှက်​ချက်​တစ်ခု​ ဖြစ်​လာပါလိမ့်မည်။

ကျင့်ကြံခြင်းမျိုးနွယ်စု သို့မဟုတ်​ ဂိုဏ်း​များ၏ အဓိက​အုတ်​မြစ်မှာ ထို​မျိုး​နွယ်စုနှင့် ဂိုဏ်းများလက်​အောက်ရှိ သေမျိုးလူသားများဖြစ်သည်။ အဆိုပါ​ သေ​မျိုး​များအနက်မှ ဝိညာဉ်​အမြစ်ပါရှိသူများနှင့် ကျင်ကြံခြင်းပါရမီရှင်များကို ရွေးနုတ်​ပြီး မသေမျိုးမိသားစုများ၏ အဖွဲ့​ဝင်အင်အားအဖြစ် စုဆောင်း​ပျိုး​ထောင်​ရခြင်းဖြစ်သည့်အတွက် သေမျိုးလူသားတို့၏ လူဦးရေများလေလေ ထို​သေ​မျိုး​တို့အထဲမှ ကျင့်ကြံသူ အရေအတွက်​များ​များ​ မွေးထုတ်ပေးနိုင်လေလေ ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။ အခြေခံ​အုတ်​မြစ်​ဖြစ်သည့် သေမျိုးလူသားများနည်းပါးနေလျှင် အဆိုပါ​မိသားစုတွင် ရင်းမြစ်များ၊ ကျင့်ကြံခြင်းနည်းစနစ်များ အလျှံပယ်​ရှိနေဦးတော့ ထို​မိသားစု၏အင်အား​မှာ ကျိန်းသေဆုတ်ယုတ်လာမည်ဖြစ်သည်။

အဆိုပါ​ဖြစ်​စဉ်မျိုး​မှာ ကျင့်ကြံ​ခြင်း​ဂိုဏ်း​များအတွက် ပြဿနာ​အကြီး​အကျယ်​မရှိသော်လည်း ရှန်း​မိသားစု​လို အစဉ်အလာ​ရှိသည့် မျိုး​နွယ်စု​တစ်ခု​အတွက်​တော့ အန္တရာယ်​များ​လှသည်။ ထို့​ကြောင့်​ ရှန်း​ပိုင်​ဖေးတို့မှာ ရှုန်း​ဝမ်တောက်၏ သတိပေးစကားကိုကြားမှ ထိုအချက်​ကို ဂရု​ပြုမိပြီး မျက်စိမျက်နှာပျက်သွားရခြင်းဖြစ်သည်။

ပထမ​တွင်​ ဘိုး​ဘေး​ရှန်းယွမ်လုံအား အခြေအနေ​အား​လုံးကို တင်ပြ​ရန် စဉ်းစားမိသော်လည်း ထို​အကြံကို ပယ်​ချ​လိုက်​ရသည်။ ဘိုးဘေး​မန်​ရွှယ်​ကွယ်လွန်ကြောင်း​ကိုပင်​ ရှန်း​ယွမ်လုံ​အား အသိမပေးရသေးသည့်အတွက် ဂူပိတ်ကျင့်ကြံ၍ နာလန်ထူရန် ကြိုးစား​နေရ​သော ဘိုး​လေး​ရှန်း​ယွမ်လုံ​ကို ယခု​ကိစ္စ​ကိုပါ အသိပေး​လိုက်​လျှင်​ ဘိုး​ဘေးတစ်ယောက် စိတ်​ထိခိုက်​ပြို​လဲသွားနိုင်ချေရှိသည်။

“မိသားစု​အကြီးအကဲကို ပြောရင်ရော”

ရှန်းရူရွှမ်က အမောတကောဖြင့် အကြံပေး​လိုက်​သော်လည်း ရှုန်း​ဝမ်​တောက်​နှင့် ရှန်းပိုင်ဖေးတို့က ပယ်​ချလိုက်​သည်။ ရှန်း​ပိုင်​ဖေး​က

“ဘယ်​ဖြစ်မလဲ၊ တောက်မင်က ကျီဖုအဆင့်ကို တက်​လှမ်း​ဖို့ အဆုံး​အဖြတ်အချိန်ကို ရောက်​နေတာ၊ သူ ကျီဖုအဆင့်ကို ရောက်၊မရောက် ဆို​တဲ့ အချက်​ပေါ်​မူတည်​ပြီး ​ရှန်းမျိုးနွယ်စု​တစ်ခုလုံး​ရဲ့ ကံကြမ္မာ​ပြောင်း​လဲ​သွား​နိုင်တယ်။ ငါတို့​မျိုး​နွယ်စု​ရဲ့ သေရေးရှင်ရေး အခြေအနေ​ရောက်​မှ သူ့ကို​အသိ​ပေးသင့်တယ်”

ထိုစဉ် သူတို့​သုံး​ဦး​စလုံး​၏ ဆက်သွယ်​ရေး ကျောက်​စိမ်း​ပြားများ ရုတ်​တရက် တုန်ခါလာတော့သည်။ ရှန်း​မိသားစု အကြီးအကဲ​သုံး​ဦး စလုံး​၏ ဆက်သွယ်ရေးအဆောင်များထံ အချက်​ပေး​သံ ပြိုင်​တူဝင်လာခြင်းသည် ကြီး​ကြီး​မား​မား​ ကိစ္စ​တစ်ရပ် ဖြစ်​ပေါ်​နေပြီဟု သွယ်​ဝိုက်​ရည်​ညွှန်း​သောကြောင့် သုံး​ဦးသား​ တစ်ယောက်မျက်နှာ​ တစ်ယောက်​ကြည့်​မိ​လိုက်​ကြသည်။ ကျောက်​စိမ်း​ပြား​ပေါ်​မှ သတင်း​စကား​ကို ဖတ်​ရှုပြီးနောက် သူတို့​အားလုံး၏ မျက်နှာ​များ​မှာ ရုတ်​ချည်း​တင်း​မာ​ခက်ထန်​လာတော့သည်။

ရှန်း​ရူရွှမ်​က အံကိုတင်းတင်းကြိတ်လျက် ကျိန်​ဆဲ​လိုက်​သည်။

“လူယုတ်မာတွေ”

ရှန်း​မိသားစု​လက်​အောက်​ရှိ မြစ်​ဖြူမြို့ ဟုခေါ်​သော သေ​မျိုး​လူသား​တို့​ နေထိုင်​ရာ​မြို့​ကို နတ်ဆိုးကျင့်ကြံ​သူများ အလစ်ဝင်ရောက် တိုက်ခိုက်သည့်အတွက် မြို့​နေလူထု ၁.၈ သန်းခန့် သေဆုံး​ပြီး နတ်ဆိုးကျင့်ကြံသူများ၏ စတေးခံယဇ်ကောင်များ ဖြစ်သွားရသည်ဆိုသော သတင်း​ဆိုး​ကြီး​ပင်​ဖြစ်သည်။ ရှန်း​မိသားစု​ ရွှေရောင်လွှမ်းသောကာလများတွင် အဆိုပါ​အဖြစ်အပျက်​မျိုး တစ်ခုတလေမျှ ဖြစ်ပွားခဲ့ခြင်းမရှိပါ။ ထိုစဉ် ရှန်း​ရူရွှမ်က

“တတိယ​ဦး​လေး​ ကျွန်မ​တို့​ဒီအတိုင်း ​ရပ်ကြည့်နေလို့မဖြစ်ဘူး။ ကျွန်​မနဲ့ အကြီးအကဲရှုန်းတို့​ မြစ်​ဖြူ​ကို ချက်​ချင်း​သွားမယ်။ အဲဒီ​မှာ နတ်ဆိုးကျင့်ကြံသူ​တွေ ရှိနေသေးရင် တစ်စစီဆွဲစုတ်ပစ်မယ်”

ရှန်းရူရွှမ်မှာ တိုက်​ပွဲ​အတွေ့အကြုံနည်းပါးသည့် အဂ္ဂိရတ်​ပညာရှင်​တစ်ဦး​ဖြစ်သည့်အပြင် လက်​ရှိ​အချိန်​တွင် စိတ်​ခံစား​မှုကို မထိန်းနိုင်ဘဲ ဒေါ​သ​ကိုရှေ့တန်းတင်နေသောကြောင့် ရှန်း​ပိုင်​ဖေးက သက်ပြင်းချ၍ ခေါင်း​ခါလိုက်သည်။

“ရူရွှမ် နင်​မသွား​ရဘူး၊ ယွီဟွာတောင်မှာပဲ အခြေအနေ​ကို စောင့်​ကြည့်​ရင်းနေခဲ့ပါ။ ငါနဲ့ အကြီးအကဲ​ရှုန်း​တို့ပဲ သွား​လိုက်​မယ်”

လက်ရှိ​အချိန်​တွင် ယွီဟွာတောင်ကို စွန့်​ခွာခြင်းမှာ အန္တရာယ်​များ​ကြောင်း ရှန်း​ပိုင်​ဖေး သဘော​ပေါက်​ပြီဖြစ်​သည်။ မြစ်​ဖြူ​မြို့၏ အခြေအနေ​မှာ သူတို့​အားလုံး​ကို ထောင်ချောက်ဆင်ထားခြင်းလည်း ဖြစ်​နိုင်​သည်။ သို့​သော်​ သူတို့​အတွက်​ ရွေးစရာမရှိဘဲ မဖြစ်​မနေ​သွား​ရောက်၍ ဖြေရှင်း​ကို​င်တွယ်ရမည်ဖြစ်သည်။ အကယ်၍ ရှန်းမိသားစုအနေနှင့် မိမိစောင့်ရှောက်မှုအောက်ရှိ မြို့​တစ်​မြို့​တိုက်​ခိုက်​ခံရ​သည်ကို တစ်စုံ​တစ်​ရာ​တုံ့ပြန်​ခြင်း​မပြု​လျှင် ကျင့်ကြံခြင်းလောကတွင် ရှန်း​မိသားစု​၏ ဂုဏ်သိက္ခာ ​အကြီးအကျယ်​ကျဆင်း​မည့်အပြင် အစောင့်​ရှောက်​ခံ သေမျိုးလူသားတို့၏ ယုံကြည်မှုကိုပါ ဆုံးရှုံး​သွားနိုင်​ချေ​ရှိသည်။

ထို့​ပြင် နတ်ဆိုးကျင့်ကြံ​သူများ​အနေနှင့်​ ပိုမို​အတင့်ရဲလာပြီး နောက်​ထပ်​မြို့​များ​ကိုပါ တိုက်​ခိုက်​လာနိုင်သည်ဖြစ်ရာ ရှန်း​ပိုင်ဖေးအနေနှင့် ကိုင်​တွယ်​ဖြေရှင်း​ရုံမှတပါး အခြားနည်းလမ်း​မရှိ​ပါ။

ထို​အချိန်​တွင် မြစ်​ဖြူ​မြို့​မှ မိုင်​၅၀ ကွာဝေးသော တောင်​ကုန်း​တစ်​ခု​ပေါ်တွင် သွေးကဲ့သို့ ချင်း​ချင်း​နီလျက်ရှိသည့် အော်​ရာများ​ဝန်းရံ​ထားသည့် ကျင့်ကြံသူ​ငါးဦးသည် အဝေးတစ်နေရာရှိ မြစ်​ဖြူ​မြို့၏ အခြေအနေ​ကို သတိကြီးစွာဖြင့် အကဲခတ်​နေကြသည်။ သူတို့​ထဲမှ ပုပုဝဝလူက

“ရှန်း​မိသားစု​က မြစ်ဖြူကို လူလွှတ်မယ်ထင်လား”

သူ့​စကား​ကို ပိန်​လှီ​နေသော အဘိုး​ကြီး​တစ်ဦးက ရယ်​မော​လိုက်​သည်။

“မစိုးရိမ်နဲ့ ရှန်းတွေအကြောင်း ငါသေချာသိတယ်၊ ဒီကောင်​တွေ လူလွှတ်မှာ သေချာသလောက်​ရှိတယ်။ သူတို့​မလာဘူးပဲ ထားကွာ၊ ဒီကောင်​တွေမလာမချင်း သေမျိုးကောင်တွေကို ဆက်​သတ်​နေရုံပေါ့ကွ”

ပိန်​လှီလှီအဘိုး​ကြီး၏ အေးစက်​စက်မျက်​လုံး​များမှာ သွေး​ဆာဟန်နှင့် ရဲရဲတောက်​နီစွေးလာသည်။ ထိုအခါ​ ရုပ်​ရည်​လှပပြီး ဆွဲ​ဆောင်​မှုရှိသော အမျိုးသမီး​တစ်ဦး​ကလည်း တခစ်ခစ်ရယ်မောလျက် ပြောလိုက်​ပြန်သည်။

“တာအိုရောင်းရင်း ကုရုံပြောတာမှန်တယ်၊ ရှန်း​တွေ သွေးကြောင်ပြီး မလာ​ရဲရင် ပိုတောင်ကောင်းသေးတယ်။ ရှန်း​မိသားစု​အောက်မှာ မြို့​တွေ​အများကြီး​ရှိသေးတယ်၊ အဲဒီလူတွေအားလုံးကို စတေး​ပြီး​ရင်​ ငါတို့​အနေနဲ့​ ကျီဖုအဆင့်ကိုတောင် ရောက်နိုင်ချေရှိတယ်”

ထို့နောက်​ အမျိုးသမီး၏လေသံမှာ ရုတ်တရက်​တည်ကြည်သွားပြီး ပြော​လက်​စ စကားကိုဆက်သည်။

“ဒါ​ပေ​မဲ့ ငါတို့​ရဲ့မူလရည်ရွယ်ချက်ကို မမေ့နဲ့၊ ဒီအဆင့်က ရှန်း​မိသားစု​ရဲ့ အာရုံ​ကို ဆွဲဆောင်​တဲ့အဆင့်ပဲ။ ငါတို့​ရဲ့ အဓိက​ပန်း​တိုင်​က ဟိုကောင်​ကြီး ဂူ​ပိတ်​ကျင့်​ရာ​ကနေ အမြန်ဆုံး​ထွက်​လာ​ရအောင်​ လုပ်​ဖို့ပဲ၊ ဒါကို​မမေ့နဲ့”

အမျိုးသမီး​စကား​ကိုကြားလျှင် ပိန်လှီ​လှီအဘိုးကြီး အပါအဝင်​ ကျန်​လေး​ဦးစလုံး၏ မျက်နှာ​ထား​များမှာ ရုတ်တရက်​လေး​နက်သွားတော့သည်။ ထိုစဉ် အမျိုးသမီး၏ မျက်လုံးများ​မှာ ကျဉ်း​မြောင်းသွားသလို ကျန်လေးဦးသည်လည်း တစ်စုံ​တစ်​ခုကို အာရုံခံမိ​ဟန်​တူသည်။ သူတို့၏အကြည့်က မြစ်ဖြူမြို့၏ အဝင်​လမ်းတစ်နေရာကို ရောက်သွား​သည်။

ရှန်း​ပိုင်​ဖေးနှင့် ရှုန်းဝမ်တောက်တို့ ရောက်​ရှိ​လာခြင်းဖြစ်သည်။ မြို့ပျက်ကြီးပမာဖြစ်နေသော မြစ်​ဖြူ​မြို့​ကိုကြည့်ရင်း အသား​များတုန်လာသည်အထိ ဒေါသ​ထွက်​ကုန်​ကြသည်။ ရှုန်း​ဝမ်​တောက်​၏ မျက်နှာ​သည် ဒေါသ​ကြောင့်​ ရဲရဲနီလျက်ရှိသည်။ ထို့နောက်​ သူက ရှန်း​ပိုင်​ဖေး​ထံလှည့်၍ တစ်ခုခု​ပြော​မည်​အပြုတွင် ရှန်း​ပိုင်​ဖေး၏ မျက်လုံး​များ​မှာ ပြူး​ကျယ်​သွားပြီး အသံကုန်ဟစ်အော်လိုက်တော့သည်။

“သတိထား​!!!”

***

All Chapters