ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ပြန်လာပြီ
Vol. 7 Ch. 123
ထိုစဉ် မိစ္ဆာအော်ရာတစ်ခုက မီးတောင်ပေါက်ကွဲသကဲ့သို့ တစ်ရှိန်ထိုး မြင့်တက်လာပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် မိစ္ဆာဓမ္မလက်နက်ငါးခုသည် ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့ထံ တစ်ချိန်တည်းပြေးဝင်လာကြသည်။ ရှန်းပိုင်ဖေးတို့ သတိလက်လွတ် ဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး တစ်ချီတည်းနှင့် ပွဲသိမ်းရန်ကြံစည်လိုက်ခြင်းဖြစ်သည်။ ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောင်တို့သည်လည်း ကမန်းကတန်း ဓမ္မလက်နက်များဖြင့် ကိုယ်စီကာကွယ်လိုက်ကြသည်။
ရှန်းပိုင်ဖေး၏ ဓမ္မလက်နက်မှာ ဓားပြားကြီးတစ်လက်ဖြစ်ပြီး ရှုန်းဝမ်တောက်၏လက်နက်မှာ ယင်ယန်ကောင်းကင်ခွဲဓားနှစ်လက်ဖြစ်သည်။
သို့သော် နတ်ဆိုးကျင့်ကြံသူများ၏ ချုံခိုတိုက်ခိုက်မှုကို အပြည့်အဝကာကွယ်နိုင်ရန် ဓမ္မလက်နက်များဖြင့် မလုံလောက်ကြောင်း ရှန်းပိုင် ဖေးတို့ ရိပ်မိလိုက်ကြပြီး အဆောင်ပစ္စည်းများကို ထုတ်ယူပစ်လွှတ်လိုက်သည်။ အဆောင်ပစ္စည်းနှစ်ခုမှာ တဝီဝီမြည်လျက် ပျံသန်းသွားပြီးနောက် ရွှေရောင်အလင်းတန်းများအဖြစ် ဖြာထွက်သွားသည်။ အလင်းများမှိန်သွားသောအခါ ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောင်တို့၏ ရှေ့တည့်တည့်တွင် သံချပ်ဝတ်များဝတ်ဆင်လျက် ဓားပြားကြီးများကို ကိုင်ဆောင်ထားသော လူပုံစံပုံရိပ်နှစ်ခုကိုတွေ့လိုက်ရသည်။
“ရွှေသံချပ်ကာ ရုပ်သေးတွေဟ”
ပုပုဝဝလူကြီးက တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ နတ်ဆိုးသားရဲကပ်ဘေးပြီးကတည်းက ကျန်းချန်ရွှမ်၏ အဆောင်လက်နက်ဖြစ်သော ရွှေသံချပ်ကာရုပ်သေး အဆောင်များမှာ တစ်ဟုန်ထိုးနာမည်ကြီးလာပြီး ကျင့်ကြံသူအတော်များများ ထိုအဆောင်လက်နက် တည်ရှိနေမှုအကြောင်းကို သိရှိကြပြီးဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူငါးဦးမှာ မတိုင်ပင်ဘဲ ကိုယ်စီပြိုင်တူ ကျိန်ဆဲမိလိုက်ကြသည်။ အဆိုပါရုပ်သေးများရှိနေသရွေ့ သူတို့ငါးဦး၏ ချုံခိုတိုက်ခိုက်မှုမှာ အောင်မြင်နိုင်တော့မည်မဟုတ်ပါ။
ထိုစဉ် ရွှေသံချပ်ကာ ရုပ်သေးနှစ်ခုသည် ရုတ်တရက် အော်ဟစ်မာန်သွင်းလိုက်ပြီး ၎င်းတို့၏ကိုယ်မှ ရွှေရောင်မီးလျှံများ ထွက်ပေါ်လာကြသည်။ ထို့နောက် များမကြာမီ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရုပ်သေးနှစ်ခုသည် အလိုအလျောက် မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်ကြတော့သည်။ တစ်ခဏချင်းပင် ကြောက်မက်ဖွယ်အော်ရာလှိုင်းတစ်ခု မြေပြင်တစ်လျှောက် လှိမ့်ထွက်လာပြီး နတ်ဆိုးကျင့်ကြံသူငါးဦး၏ ဓမ္မလက်နက်ငါးမျိုးကို ဟန့်တားပိတ်ဆို့လိုက်သည်။ ထိုအခါမှပင် ရှန်းပိုင်ဖေးတို့နှစ်ဦးသား ကိုယ်စီ သက်ပြင်းချနိုင်တော့သည်။
ကျန်းချန်ရွှမ် လက်ဆောင်ပေးခဲ့သော ရုပ်သေးအဆောင်နှစ်ခုကို လိုရမယ်ယူလာခဲ့၍ ကံကောင်းသွားသည်ဟု ရှန်းပိုင်ဖေးတွေးမိသည်။ ထိုအဆောင်ပစ္စည်းပါမလာခဲ့လျှင် သူတို့နှစ်ယောက်၏ ကံကြမ္မာမှာ တွေးဝံ့စရာမရှိဟု သူယုံကြည်မိသည်။ ထို့နောက် ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့သည် အမျိုးသမီးဦးဆောင်သော နတ်ဆိုးကျင့်ကြံသူငါးဦးအဖွဲ့ကို အကဲခတ်လိုက်ပြီးနောက် မျက်လုံးများပြူးကျယ်သွားသည်။ အဆိုပါငါးဦး၏ ကျင့်ကြံမှုအဆင့်မှာ သူတို့ထင်ထားသည်ထက် သာလွန်နေ၍ဖြစ်သည်။ ရုပ်ချောချောအမျိုးသမီး၊ ပုဝဝလူနှင့် ပိန်လှီလှီအဘိုးကြီးသုံးယောက်စလုံးမှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ရှန်းပိုင်ဖေး၏အသက်ရှုသံမှာ မြန်ဆန်လာပြီး အခြေအနေသည် မျှော်မှန်းထားသည်ထက် ဆိုးဝါးနေကြောင်း သတိပြုမိသည်။
“ဟီးဟီးဟီး ဒီကမိတ်ဆွေတို့ ဘာတွေစဉ်းစားနေတာလဲ”
ခေါင်းဆောင်ဖြစ်ဟန်တူသည့် ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးမိစ္ဆာကျင့်ကြံသူက အသံလွင်လွင်ဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။ ထိုမိန်းမ၏စကားသံကိုကြားပြီးနောက် ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့နှစ်ဦးစိတ်ထဲတွင် အမျိုးအမည်မသိသော စိတ်အာရုံများ ရောထွေးဖြစ်တည်လာပြီး တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။ ထို့နောက် နှစ်ဦးသား မျက်လုံးပြူးသွားကာ ပြိုင်တူရေရွတ်မိလိုက်ကြသည်။
“မင်းက စိတ်ညှို့ရှင်ပဲ”
ထိုမိန်းမသည် ရှန်းပိုင်ဖေးတို့စကားကိုကြားလျှင် အနည်းငယ်အံ့သြဟန်နှင့် မျက်ခုံးတစ်ဖက်ပင့်သွားသည်။
“နင်တို့နှစ်ကောင်က ဗဟုသုတရှိသားပဲ။ ငါ့နည်းစနစ်ကို ရိပ်မိတယ်ပေါ့၊ ဒါဆိုလည်း အချိန်မဆွဲဘဲ နတ်ပြည်ပို့ပေးရမှာပေါ့”
စကားဆုံးသည်နှင့် ရှန်းပိုင်ဖေးတို့နှစ်ဦး ရှေ့မှောက်တွင် ချောမောလှပ၍ ညှို့အားပြင်းသော မိန်းကလေးငယ်များ ရုတ်တရက်ပေါ်လာပြီး လေးဖက်လေးတန်မှ ဝိုင်းရံထားလိုက်ကြသည်။ ထိုမိန်းကလေးများသည် သူတို့နှစ်ဦးအား လက်ယပ်ခေါ်၍ အမျိုးမျိုးအဖုံဖုံ မြှူဆွယ်သွေးဆောင်လျက်ရှိသည်။ ထိုမြင်ကွင်းကို သူတို့နှစ်ဦး မှင်သက်နေမိစဉ်တွင် သူတို့၏မျက်လုံးများမှာ ရုတ်တရက်ပြာဝေသွားသည်။ ပုဝဝလူနှင့် ပိန်လှီလှီအဘိုးကြီးတို့က ရုတ်တရက်ကောင်းကင်ထက်သို့ ခုန်တက်၍ အစီအရင်အလံ အများပြည်သူအပြားကို ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ ပေါက်ကွဲသံများနှင့်အတူ မိစ္ဆာအော်ရာများသည် ငါးကီလိုမီတာ အချင်းဝက်ခန့်ရှိသည့် မြေပြင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ထိုအော်ရာများအလယ်တွင် ပိတ်မိသွားတော့သည်။
နှစ်ဦးစလုံးမှာ မျက်နှာကိုယ်စီပျက်သွားကြသည်။ ထိုခဏတွင် ကမ္ဘာမြေထံမှ ချီဓာတ်များ စုပ်ယူ၍မရတော့ဘဲ ထိုအစား မိစ္ဆာအော်ရာများသာ နေရာအနှံ့ကြီးစိုးနေသည်ကို တုန်လှုပ်ဖွယ်တွေ့မြင်လိုက်ရသည်။ အစီအရင်အလံများက သူတို့နှစ်ဦးကို ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်သည်။ ရှန်းပိုင်ဖေးတို့မှာ ဟန်မဆောင်နိုင်တော့ဘဲ အကြောက်တရားကို စတင်ခံစားလာရသည်။
ထိုအချိန်တွင် ပင်းချွမ်စီရင်စု နယ်နိမိတ်အတွင်း ဝင်ရောက်လာပြီဖြစ်သော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဝေးတစ်နေရာတွင် မိစ္ဆာအော်ရာများ ထုထည်နှင့် လှိမ့်ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။ ရှန်းရူယန်က
“အဲဒီနေရာက ရှန်းမိသားစုရဲ့ လက်အောက်ခံဒေသ မဟုတ်လား”
“ဟုတ်တယ် ကိုယ်သိသလောက်တော့ သေမျိုးလူသားတွေနေတဲ့ မြစ်ဖြူဆိုတဲ့မြို့ပဲ”
ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ အရှိန်မြှင့်ပျံသန်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း မြစ်ဖြူမြို့တော်အထက်ကို ရောက်ရှိလာကြသည်။ မြို့၏အခြေအနေကို မြင်လိုက်ရချိန်တွင် နှစ်ဦးစလုံး၏မျက်နှာများ အေးစက်မာကျောလာတော့သည်။ တစ်မြို့လုံးသည် ငရဲတွင်းကဲ့သို့ဖြစ်နေပြီး မြို့နေလူထု ၁.၈ သန်းခန့်မှာ နတ်ဆိုးကျင့်ကြံသူများ လက်ချက်ဖြင့် အဖြူရောင်အရိုးစုများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်တို့နှစ်ဦးမှာ မျက်နှာအကြီးအကျယ် ပျက်သွားသလို သတ်ဖြတ်လိုသော ဆန္ဒအငွေ့အသက်များသည်လည်း အထိန်းအကွပ်မဲ့ ထွက်ပေါ်လာတော့သည်။ ထိုစဉ် မြေပြင်ထက်တစ်နေရာမှ ပုံမှန်မဟုတ်သည့် အော်ရာတစ်ခုကို ခံစားမိလိုက်၍ အောက်သို့ငုံ့ကြည့်မိလိုက်ကြသည်။
သူတို့နှစ်ဦး၏ အမြင်အာရုံများက အစီအရင်အလံများ၏ အကာအကွယ်အလွှာများကို ဖောက်ထွင်း၍ အတွင်းထဲထိ မြင်လိုက်သည်။
“တတိယဦးလေးနဲ့ အကြီးအကဲရှုန်းတို့ပဲ”
ကျန်းချန်ရွှမ်တို့လည်း အချိန်မဆိုင်းဘဲ တစ်ဟုန်ထိုး ဆင်းသက်တိုက်ခိုက်မှုလိုက်သည်။ ထိုအချိန်တွင် အစီအရင်အကွက်ထဲရှိ နတ်ဆိုးကျင့်ကြံသူများမှာ ရှန်းပိုင်ဖေးတို့ကို ပိတ်ဆို့တိုက်ခိုက်နေရာမှ ကြောက်မက်ဖွယ်အော်ရာများ ရုတ်တရက်ချဉ်းကပ်လာသည်ကို ခံစားမိလိုက် ကြပြီး မျက်စိမျက်နှာများ ပျက်ကုန်သည်။ သို့သော် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့ဖန်တီးထားသော အစီအရင်ကွက်ကြီးမှာ တစ်စစီဆုတ်ဖြဲခံလိုက်ရပြီး အစီအရင်တည်ရှိသော မြေလွှာကြီးသည်ပင် ချိုင့်ဝင်သွားတော့သည်။
အမျိုးသမီးနတ်ဆိုးကျင့်ကြံသူ၊ ပုဝဝလူနှင့် ပိန်လှီလှီအဘိုးကြီးတို့လည်း ကိုယ်စီဓမ္မရတနာများကို ဆွဲထုတ်၍ ကောင်းကင်ထက်သို့ ပျံသန်းလိုက်သည်။ ထိုအခါ ကောင်းကင်ထက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရုတ်တရက်မြင်လိုက်ရ၍ အံ့အားသင့်ပြီး
“နင်တို့ဘယ်လိုလုပ်ပြီး....”
***