← Chapters

ကျီဖုအဆင့် မိစ္ဆာကျင့်ကြံသူ

Vol. 7 Ch. 124

ကျီဖုအဆင့် မိစ္ဆာကျင့်ကြံသူ

Vol. 7 Ch. 124

အမျိုးသမီးမိစ္ဆာကျင့်ကြံသူ၏ စကားမဆုံးခင်မှာပင် ရှန်းရူယန်၏လက်ဖျားတွင် လျှပ်စီးများ ကွန့်မြူးလာပြီး မိုးခြိမ်းသံပမာ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ မိစ္ဆာကျင့်ကြံသူငါးဦးအနက် အနက်ရောင်ဝတ်ရုံဝတ်လူမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုမြင်ကွင်းကြောင့် ငါးဦးစလုံး တုန်လှုပ်ခြောက်ခြားသွားပြီး နောက်သို့ ကမန်းကတန်း ဆုတ်လိုက်မိသည်။ ပထမဆုံးအသိဝင်လာသူမှာ ပိန်လှီလှီအဘိုးကြီးဖြစ်သည်။

“ကျီဖုအဆင့်ပဲ”

သူ့စကားကြောင့် ကျန်သုံးဦးမှာ သွေးပျက်မတတ် တုန်လှုပ်သွားကြသည်။ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး၏ အဆင့်အတန်းကို သူတို့အားလုံး ကောင်းစွာနားလည်ထားကြပြီးဖြစ်သည်။ သူတို့၏လက်ရှိအင်အားကို နှစ်ဆမြှင့်တင်လိုက်လျှင်တောင် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးကို ဒဏ်ရာရရှိရန်ပင် တတ်နိုင်လိမ့်မည် မဟုတ်မှန်းလည်း ရိပ်မိလိုက်ကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ကျီဖုအဆင့်တို့၏ ကွာဟမှုမှာ မိုးနှင့်မြေကဲ့သို့ မဟုတ်သည့်တို်င အနေအထားတစ်ခုတော့ ကွာခြားနေသည့်အတွက် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ လေးယောက်သား ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။

စိတ်ညှို့နည်းစနစ်ကို အသုံးပြုသော အမျိုးသမီးက ဦးဆောင်၍ လေးဦးသားထွက်ပြေးနေစဉ်မှာပင် ပုဝဝလူက

“ဘိုးဘေးကုလင် ကျွန်တော်တို့ကို ကယ်ပါဦး”

ဖြစ်စဉ်အစအဆုံးကို မြေပြင်ထက်မှ ပါးစပ်အဟောင်းသားနှင့် ကြည့်ရှုနေသော ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့မှာ ရှန်းရူယန်၏ တာအိုခန္ဓာမှ များပြားလှသော ဓမ္မစွမ်းအင်များကို အာရုံခံမိလိုက်ပြီးနောက် အံ့ဩတုန်လှုပ်မိသွားသည်။ ရှန်းရူယန်တစ်ယောက် ကျီဖုအဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ရှန်းပိုင်ဖေးတို့နှစ်ဦး အံ့အားသင့်မှုနှင့်အတူ ဝမ်းသာပီတိဖြစ်နေသည့်အခိုက်တွင် မိစ္ဆာကျင့်ကြံသူလေးဦးမှာမူ ကြောက်အားလန့်အားဖြင့် အရှိန်မြှင့်ပျံသန်းလိုက်ကြသည်။ ရှန်းရူယန်သာ သူတို့လေးဦးကို ဖမ်းမိသွားခဲ့လျှင် ဟူသောအတွေးနှင့်အတူ တုန်လှုပ်လျက်ရှိကြစဉ် ကြောက်မက်ဖွယ်အော်ရာများ သယ်ဆောင်လာသော လှံတစ်စင်းသည် ဗလာနယ်ကိုဖြတ်ကျော်လျက် သူတို့လေးဦးပျံသန်းနေသော လမ်းကြောင်းအတိုင်း တစ်ဟုန်ထိုးပြေးဝင်လာတော့သည်။ ထို့နောက် မုတ်ဆိတ်နှင့်လူ၏ ကျောပြင်ကို ဖောက်ထွင်းသွားကာ စူးရှသောအလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ထိုသူ၏ခန္ဓာကိုယ်ကြီးမှာ တစ်စစီကွဲကြေသွားတော့သည်။

“အား”

အသံနက်ကြီးတစ်ခုက လေထုထဲ ပဲ့တင်ထပ်သွားသည်။ ထိုအသံကြီးကြောင့် ကျန်သုံးဦးမှာ ပို၍သွေးပျက်သွားပြီး ရှိသမျှအားအင်များကို ဖျစ်ညှစ်၍ ပျံသန်းမှုကို အရှိန်ကိုမြှင့်လိုက်ကြသည်။ သို့သော် ရှန်းရူယန်၏ ရတနာလှံသည် ပုဝဝလူ၏ ဦးခေါင်းအထက် ကောင်းကင်တွင် ရုတ်တရက်ပေါ်လာပြီး လှံအဖျားသည် ဒေါင်လိုက်အနေအထားအတိုင်း အောက်သို့ဆင်းသက်လာသည်။ ထို့နောက် ရုတ်တရက် တူဖြင့်ထုချလိုက်သလို လှံဖျားသည် ပုဝဝလူ၏ ဦးခေါင်းထိပ်တည့်တည့်မှသည် ခြေဖျားအထိ တံစို့ထိုးသည့်ပမာ ဖောက်ထွင်း၍ မြေပြင်ထက်သို့ ထိုးစိုက်သွားတော့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ပုရွက်ဆိတ်သတ်သည့်ပမာ အလွယ်တကူ သတ်ဖြတ်ပြနေသော ရှန်းရူယန်ကြောင့် ကျန်နှစ်ဦးဖြစ်သည့် ပိန်လှီလှီအဘိုးကြီးနှင့် အမျိုးသမီးကျင့်ကြံသူတို့သည် ဆောက်တည်ရာမရဖြစ်ကာ အားကုန်ဟစ်အော်လိုက်တော့သည်။

“ဘိုးဘေး ကယ်ပါဦး”

ထိုစဉ် ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးသည် လူ့အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်တစ်ခုထက်တွင် ထိုင်လျက် သူတို့ရှေ့မှောက်တွင် ရုတ်တရက်ပေါ်လာတော့သည်။ ထိုအဘိုးကြီး၏ ဘေးပတ်လည်တွင် အတိုင်းအဆမရှိ များပြားလှသည့် ဓမ္မစွမ်းအင်များ ဝန်းရံထားသည်ကို တွေ့ရသည်။ ထိုသူမှာ ကျီဖုနယ်ပယ် တတိယအဆင့်ရှိ မိစ္ဆာကျင့်ကြံသူ ကုလင်ဆိုသူဖြစ်ပြီး မြစ်ဖြူမြို့ကို တိုက်ခိုက်ခဲ့သော မိစ္ဆာကျင့်ကြံသူများကို နောက်ကွယ်မှ ညွှန်ကြားနေသူဖြစ်သည်။ ကုလင်က ရှန်းရူယန်ကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ရှန်းမိသားစုကနေ နောက်ထပ် ကျီဖုအဆင့် ပေါ်လာမယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းကိုကြည့်ရတာ ကျီဖုအဆင့်ကို ရောက်ခါစထင်တယ်”

ကုလင်၏စကားကြောင့် ရှန်းပိုင်ဖေးတို့နှစ်ဦး မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ ရှန်းရူယန်လို ကျီဖုနယ်ပယ်သို့ ရောက်ရှိခါစ ကျင့်ကြံမှုအဆင့်ဖြင့် ကုလင်ကဲ့သို့ တတိယအဆင့် ဝါရင့်ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်နိုင်ရန် မလွယ်လှပါ။ ရှန်းမိသားစုအနေနှင့် နှစ်ကာလအတန်ကြာ ကြိုးစားခဲ့ပြီးမှ မျိူးဆက်သစ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သော်လည်း ထိုအခြေအနေမှာ ကြာရှည်ခံပါ့မလားဟု သူတို့အားလုံး တွေးမိလိုက်ကြသည်။ ထိုအချိန်မှာပင် ကုလင်က ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်ရင်း

“မင်းရောက်လာတာ အချိန်ကိုက်လို့ ပြောလို့ရမယ်။ မင်းရဲ့သွေးအဆီအနှစ်ကို ဝါးမျိုလိုက်ရင် ငါ့ရဲ့ကျင့်ကြံမှုအဆင့်က နောက်တစ်ဆင့်ရောက်သွားမှာ သေချာတယ်။ အစကတော့ မင်းတို့ဘိုးဘေးကို မျှားထုတ်ဖို့ပဲ၊ ဒါပေမဲ့ မင်းလို ကျီဖုအဆင့်ရောက်ခါစ မနူးမနပ်နဲ့တွေ့တော့ ပိုအဆင်ပြေသွားတာပေါ့”

“ဟုတ်လား”

ရှန်းရူယန်သည် ကုလင်၏စကားကိုကြားလျှင် နှာခေါင်းရှုံ့လိုက်ပြီး

“ဒါဆိုလည်း စမ်းကြည့်ပါလား၊ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အရင်ကြည့်ရအောင်”

ပြောပြောဆိုဆိုနှင့် ရှန်းရူယန်သည် ရတနာလှံကို ရောင်စဉ်ခုနှစ်သွယ် အလင်းတန်းအဖြစ် အသွင်ပြောင်းလိုက်သည်။ လှံထံမှ စူးရှသောအသံတစ်မျိုး ထွက်ပေါ်လာပြီး မြားဖြင့်ပစ်ခတ်လိုက်သည့်အလား တစ်ဟုန်ထိုး ပြေးထွက်သွားကာ ကုလင်၏ ပတ်ပတ်လည်တွင် ကာရံထားသော အကာအကွယ် စက်ဝန်းများကို ဖြတ်သန်းထိုးဖောက်လျက် ကုလင်၏ မျက်နှာရှေ့တည့်တည့်ကို တစ်ခဏချင်း ရောက်ရှိလာတော့သည်။ ကုလင်မှာ မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် မျက်လုံးပြူးသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ထို့နောက် ကုလင်သည် သူထိုင်နေသော အရိုးခေါင်းပလ္လင်ကို တစ်ချက်ပုတ်လိုက်သည်။ ထိုခဏ၌ ပလ္လင်ထံမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရတနာလှံကို ကာကွယ်လိုက်သည်။ ကုလင်မှာ ထိုအခါမှပင် ကြိတ်၍သက်ပြင်းချလိုက်သည်။ ရှန်းရူယန်၏ တိုက်ခိုက်မှုမှာ သူထင်မှတ်ထားသည်ထက် အဆများစွာ သာလွန်နေသည်။ သူသာ အချိန်အနည်းငယ် နောက်ကျသွားခဲ့လျှင် လှံချက်စာမိပြီး စောစောစီးစီး အသက်ပျောက်မိမှာ သေချာသလောက်ရှိသည်။

တစ်ချိန်တည်းတွင် ရှန်းရူယန်သည်လည်း ကုလင်၏ စွမ်းအားအဆင့်အတန်းကို ခန့်မှန်းမိလိုက်သည်။ ကုလင်သည် ကျီဖုနယ်ပယ် တတိယအဆင့်ရှိသည်ဆိုသော်လည်း တိုက်ပွဲဝင်စွမ်းရည်မှာ ယောင်ကျန်းထျန်ထက်ပင် နိမ့်ကျပြီး ချူးပါ့ကျန့်နှင့်မှ တန်းတူလောက်ရှိသည်။ သို့သော် ကုလင်၏ အရိုးဖြူကြာပန်းပလ္လင်က ထိုးဖောက်ရခက်ခဲသည့် အဆင်မြင့်ရတနာတစ်ပါး ဖြစ်နေသည့်အတွက် ရှန်းရူယန်အတွက် အခက်တွေ့နေသည်။ ထိုပလ္လင်ကို ဖျက်ဆီးလိုလျှင် သူမ၏ မူလဓမ္မရတနာလက်နက်ကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သည်။

ထို့နောက် ကုလင်သည် အရိုးခေါင်းများဖြင့် စီရင်ထားသော ဓားပျံတစ်စင်းကို ထုတ်ယူလိုက်သည်။ ထိုဓားပျံတွင် သိပ်သည်းသော မိစ္ဆာချီဓာတ်များ ကိန်းအောင်းနေပြီး သတ်ဖြတ်ချေမှုန်းလိုသော အော်ရာများထုတ်လွှင့်လျက် ရှန်းရူယန်ထံသို့ ပြေးဝင်လာသည်။ သာမန်ကျင့်ကြံသူများမှာ အဆိုပါဓားနှင့် ထိတွေ့မိရုံမဆိုထားနှင့် ဓားအနီးသို့ချဉ်းကပ်မိရုံနှင့် စိတ်လွတ်ရူးသွပ်နိုင်သည်အထိ ကုလင်၏ဓားပျံမှာ ကြောက်မက်ဖွယ် အင်အားကြီးမားလှသော်လည်း ရှန်းရူယန်လို လျှပ်စီးငါးပါး တာအိုခန္ဓာပိုင်ရှင်အတွက်တော့ ထိခိုက်နိုင်စွမ်းမရှိပါ။

ရှန်းရူယန်က လက်ညှိုးတစ်ချက်တောက်လိုက်ရာ ရတနာလှံ၏ပတ်လည်တွင် လျှပ်စီးကြောင်းများသည် လှိုင်းပမာကွန့်မြူးလာပြီး လှံဖျားထိပ်တွင် စူးရှတောက်ပသော လျှပ်စီးကြောင်းများ စုစည်းသွားသည်။ ထို့နောက် ရတနာလှံသည် လျှပ်စီးဓာတ်များကို သယ်ဆောင်လျက် ကုလင်၏ အရိုးဖြူဓားပျံ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြေးဝင်သွားကာ ဓမ္မရတနာနှစ်ခု ထိပ်တိုက်တွေ့မိကြသည်။ ထိုခဏတွင် နားကွဲလုမတတ် အသံကျယ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ကုလင်၏ အရိုးခေါင်းဓားပျံ၏ မိစ္ဆာချီဓာတ်များနှင့် အော်ရာလှိုင်းများသည် နှင်းခဲအရည်ပျော်သည့်ပမာ ရုတ်တရက်ပျောက်ဆုံးသွားတော့သည်။

“ငါ့ဓားလေး….”

ကုလင်မှာ သူ၏ဓမ္မလက်နက်၏ ဖြစ်အင်ကို မြင်တွေ့ပြီးနောက် ကယောင်ကတမ်း အော်ဟစ်မိလိုက်သည်။ ရှန်းရူယန်၏ အခြေခံဓာတ်မှာ လျှပ်စီးဓာတ်ဖြစ်ပြီး နတ်ဆိုးကျင့်ကြံသူအများစု၏ အားနည်းချက်သည်လည်း လျှပ်စစ်ဓာတ်ပင်ဖြစ်ကြောင်း ကုလင်တစ်ယောက် ယခုမှ သတိရလိုက်မိသည်။ သို့သော် အချိန်အနည်းငယ် နှောင်းသွားသည်ဟု ဆိုရမည်။ သူ၏အရိုးခေါင်းဓားပျံမှာ ပျက်စီးလုနီးပါး ဖြစ်သွားပြီဖြစ်၍ သူ့စွမ်းအား၏ထက်ဝက်ခန့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

***

All Chapters