← Chapters

ကျန်း​ချန်​ရွှမ်နှင့် ကု​လင်

Vol. 7 Ch. 125

ကျန်း​ချန်​ရွှမ်နှင့် ကု​လင်

Vol. 7 Ch. 125

“သေ​ချင်​ပြီ​ထင်တယ်​”

ကုလ​င်၏မျက်နှာ​သည် ဒေါသ​ကြောင့်​ ရုပ်​ဆိုး​သွား​ပြီး လေပေါ်သို့ ခုန်တက်ပြီး တစ်စုံတစ်ခုကို​ လှမ်း​ယူလိုက်သည်။ လူ့​အရိုး​များဖြင့်​ ပြုလုပ်​ထားသော အလံတစ်ခုဖြစ်ပြီး ကုလင်၏ နောက်​ထပ်ဓမ္မ​ရတနာတစ်ခုဖြစ်သည့် သွေးစတေးခြင်း အလံဖြစ်သည်။ ထိုအလံသည် အခြေခံ​တည်ဆောက်​ခြင်းအဆင့် ကျင့်ကြံသူအရေအတွက်​ ထောင်​ဂဏန်း​ခန့်​ကို စတေး၍ သူတို့၏ဦး​ခေါင်း​ခွံများဖြင့် ဖန်တီး​စီရင်​ထား​ခြင်းဖြစ်သည်။ မိစ္ဆာ​ရတနာ​များအနက် ရှား​ပါး​ပစ္စည်း​ဟု သတ်မှတ်​နိုင်​လောက်​သည့် လက်နက်တစ်မျိုးပင်ဖြစ်သည်။

ထိုအလံအထဲတွင် အရိုး​ဖြူ​နတ်ဆိုး​ဟုခေါ်​သည့် မိစ္ဆာ​ဝိညာဉ်​တစ်​ကောင်​ ထည့်သွင်းမြှုပ်နှံထားပြီး ထိုဝိညာဉ်၏ တိုက်​ပွဲ​ဝင်​စွမ်းရည်​သည် ကျီဖု​နယ်ပယ်​ ပထမအဆင့်​ ကျင့်ကြံသူ​တစ်ဦး​နှင့်​ တန်းတူ​သည်။ ကုလင်​က အလံကိုဆွဲထုတ်ပြီး ချက်ချင်း​ဆို​သလို​ပင်​ အရိုး​ဖြူနတ်ဆိုးကို ဆင့်ခေါ်​လိုက်​တော့​သည်။ နတ်ဆိုး​သည် အလံ၏ ပထမဆုံး​အလွှာ​အတွင်း​မှ တိုး​ထွက်လာ​ပြီး​နောက်​ ရှန်းရူယန်​ကို ဦး​တည်​ချိန်ရွယ်လိုက်သည်။ တစ်​ဆက်​တည်း​တွင်​ နတ်​ဆိုး​သည် သားရဲ​ကြီး​တစ်​ကောင်​ပမာ​ ဟိန်း​ဟောက်​လိုက်ပြီး ၎င်း၏ပါးစပ်​ကြီးကို ဖွင့်​လျက် အနက်​ရောင်​အလင်းတန်းကြီးတစ်ခု ထုတ်​လွှတ်​ပစ်ခတ်လိုက်တော့သည်။

ရှန်းရူယန်​ထံဦးတည်လျက် အရှိန်​ပြင်း​စွာ ပြေးဝင်သွားသော အနက်​ရောင်​အလင်းတန်းကြီးထဲတွင် စတေးခံယဇ်ကောင်များ၏ ဝိညာဉ်​များသည် အကူအကယ်မဲ့စွာ မျော​ပါ​ရင်း စိတ်​နှလုံးမ​ချမ်းမြေ့​ဖွယ် အော်​ညည်း​လျက်​ရှိသည်။ အဆိုပါ​ အော်ညည်းသံများသည်​ လေထု​ကို​ ပဲ့တင်ထပ်၍ ပျံ့နှံ့​လာသည်​ဖြစ်ရာ ရှန်း​ပိုင်​ဖေး​၊ ရှုန်းဝမ်တောက်တို့အပြင် ကျန်​နတ်ဆိုးကျင့်ကြံသူ နှစ်ဦးပါ နား​များ​ကို​ အသီးသီးပိတ်ဆို့ထားကြရသလို ချွေးစီးများပြန်လျက် မြေပြင်​ထက်​ ရပ်​တည်​နိုင်​ရန်ပင် အနိုင်​နိုင်​ရုန်းကန်​နေ​ကြရသည်။ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့ နှစ်​ဦးသာလျှင် အခြေမပျက် ကြံ့ကြံ့ခံ​နိုင်စွမ်းရှိကြသည်။

ထို​စဉ် အနက်​ရောင်​အလင်း​တန်း​သည် ရှန်း​ရူယန်ကို တည့်တည့်မတ်မတ် ထိမှန်သွားပြီး ကျယ်​လောင်​သော ပေါက်ကွဲ​သံကြီး​နှင့်အတူ​ အနက်​ရောင်​မှို​ပွင့်​ပုံ​ တိမ်တိုက်ကြီးတစ်ခု ဖြစ်​ပေါ်​လာ​သည်။ ရှန်းပိုင်ဖေးတို့နှစ်ဦးမှာ ရှန်းရူယန်​အတွက်​ စိုး​ရိမ်​ပူပန်​သွားပြီး တိမ်တိုက်​အတွင်း​ ဝင်​ရောက်​ကယ်​ဆယ်​ရန်​ ပြင်ဆင်​လိုက်​သည်။ သို့​သော်​ ထိုတစ်ခဏမှာပင် ရှန်းရူယန်​တစ်ယောက်​ မှိုပွင့်ပုံတိမ်တိုက်အတွင်းမှ ဖြည်းညင်း​စွာ ထွက်​လာသည်​ကို မြင်တွေ့​လိုက်​ကြရတော့သည်။ ရှန်းရူယန်၏ ဦး​ခေါင်း​ထက်​တွင်​ ဖြူလွလွ မီးခိုးများ၊ တိမ်လွှာ​များ အဆက်​မပြတ်​ ဝိုင်း​ရံလည်ပတ်နေသည့် ဧရာမထီးကြီးတစ်ခု အုပ်မိုးလျက်ရှိသည်။

“ကာကွယ်​ရေး​ ဓမ္မ​ရတနာ​ပဲ”

ကုလ​င်​တစ်ယောက်​ မျက်လုံး​ပြူး​သွား​သည်။ ထို​အချိန်​မှာပင် ရှန်းရူယန်၏ ရတနာလှံသည် လျှပ်​ပန်း​လျှပ်​နွယ်​များ လွှမ်းခြုံ​လျက် လေးဖြင့်ပစ်ခတ်လိုက်သကဲ့သို့ ကုလင် ထံ ပြေး​ဝင်​သွား​တော့​သည်။ တစ်ချိန်​တည်း​တွင်​ ရှန်း​ရူယန်၏ ဧရာ​မထီးကြီးသည် ရုတ်တရက်​နိမ့်​ဆင်း​လာပြီး အရိုး​ဖြူ​နတ်ဆိုး၏ တိုက်ခိုက်​မှု​အားလုံး​ကို ကာကွယ်​လျက် တစ်ချိန်​တည်း​တွင်​ တိမ်လွှာ​များ​ကို​ ထုတ်​လွှတ်​လျက် အရိုး​ဖြူ​နတ်ဆိုး​ကို တစ်ဆင့်​ချင်း​ ရစ်ပတ်​ချုပ်​နှောင်​လိုက်သည်။

ကုလင်က အရိုး​ဖြူ​နတ်ဆိုး​ကို ပြန်လည်​ဆင့်ခေါ်​လိုက်ပြီး ရတနာ​လှံ၏ တိုက်ခိုက်​မှု​ကို ကမန်းကတန်း ​ကာကွယ်​လိုက်​ရသည်။ ရှန်းရူယန်၏ ရတနာ​လှံပျံမှ ထွက်​ပေါ်​လာ​သော​ လျှပ်​စီး​ဓာတ်​စွမ်းအင်​ကိုကြည့်ပြီး ကုလင်​တစ်ယောက်​ မျက်နှာ​အကြီးအကျယ်​ ပျက်ယွင်းသွားသည်။ သူတို့​လို နတ်ဆိုးကျင့်ကြံ​သူ​များ​အနေ​နှင့်​ လျှပ်​စီး​ဓာတ်​နှင့်​ နေအလင်းရောင်ကို ကြောက်​ရွံ့​ရသည်မှာ ပုံမှန်​ပင်​ဖြစ်​သည်။ ထိုအထဲတွင် ရှန်း​ရူယန်မှာ လျှပ်စီးဓာတ်အခြေခံ တာအို​ခန္ဓာ​ကို​ ပိုင်ဆိုင်​ထား​သေးသည်ဖြစ်ရာ သူမအသုံးပြုသော လျှပ်​စီး​ဓာတ်​အခြေခံ နည်း​စနစ်​များ၊ မန္တန်​များ​သည် ပုံ​မှန်​ထက် အဆများစွာ​ သာလွန်​အားကောင်း​နေသည်။ အရိုး​ဖြူ​နတ်ဆိုး၏ မြင့်​မား​သော ကာကွယ်​မှု​စွမ်းရည်​ကြောင့်​သာ မဟုတ်လျှင်​ ရှန်းရူယန်​လက်​ချက်ဖြင့်​ ဒဏ်ရာ​အကြီး​အကျ​ယ်​ရ​သွား​မည်ဖြစ်​သည်။

ကုလင်​တစ်ယောက်​ အခြေအနေ​ကို​သုံးသပ်၍ ဆုတ်ခွာ​ရမည်​လားဟု စဉ်းစား​နေ​ချိန်တွင်​ ရတနာ​လှံကို ကိုင်​ဆောင်​ထား​သည့်​ ရှန်း​ရူယန်၏ အနောက်တစ်နေရာတွင် အရောင်ငါးမျိုး​နှင့် အလင်း​တန်း​ငါးခု ပေါ်ထွက်​လာသည်။ ထိုအလင်းတန်းငါးခုသည် ရောင်စဉ်ငါးသွယ် လျှပ်​စီး​ကြောင်းအဖြစ် ပြောင်း​လဲ​သွားပြီး မိုး​ခြိမ်း​သံတစ်ခုနှင့်အတူ ရောင်​စဉ်ငါးခု လျှပ်​စီးများ ကွန့်မြူး​နေသော ဓားပျံတစ်စင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားတော့သည်။ အဆိုပါ​ဓားပျံ​သည်​ ကုလင်ထိုင်နေသော ပလ္လင်​ကို အရှိန်​ပြင်း​စွာ​ တိုက်​ခိုက်​လိုက်ရာ အရိုး​ဖြူ​ပလ္လင်​တွင်​ အက်ကြောင်းများထွက်ပေါ်လာသည်။

ပလ္လင်​ထက်ရှိ ကုလင်​မှာ ထိတ်လန့်​တုန်လှုပ်​သွားပြီး ကြောက်​လန့်​တ​ကြား​ ရေရွတ်လိုက်မိသည်။

“လျှပ်​စီး​အခြေ​ခံ​ မူလဓမ္မရတနာ”

ထို​အချိန်​မှာပင် ရှန်းရူယန်၏ ဓား​ပျံ​သည် နောက်​တစ်​ကြိမ်​ တိုက်ခိုက်​လိုက်​ပြန်​ရာ ကျယ်လောင်​သော​ပေါက်ကွဲ​သံနှင့်အတူ​ ကုလင်၏ မပြိုကွဲနိုင်သော အရိုးဖြူပလ္လင်ကြီးသည်​ နှစ်​ခြမ်း​ကွဲ​သွားပြီး​ ပလ္လင်​ပေါ်​ရှိ​ ကုလင်​လည်း ဒဏ်ရာ​အပြင်းအထန်​ရရှိ​သွား​ကာ သွေး​တစ်​လုပ်​ အန်ထုတ်​လိုက်​ရသည်။ ထို့နောက်​တွင်​ ကုလင်လည်း အထွေအထူး မစဉ်းစား​တော့​ဘဲ သွေး​လောင်​ကျွမ်း​ခြင်း​ နည်းစနစ်​ကို​ အသုံးပြု​ပြီး​ ထွက်ပြေး​ရန်​ ကြံစည်​လိုက်သည်။ သို့​သော်​ ရှန်းရူယန်​က အလွတ်​ပေး​ရန်​ စိတ်ကူး​ရှိပုံမပေါ်ပါ။ ထို​တစ်ခဏတွင်​ ကောင်း​ကင်​တစ်​ခုလုံး ပြို​ဆင်း​လာ​သည့်ပမာ မရေမတွက်နိုင်သော လျှပ်​စီး​ကြောင်းများသည် အရပ်​ဆယ်​မျက်နှာ​မှ စုစည်း​လာကြပြီး မူလ​ဓမ္မရတနာ​ဖြစ်သည့် လျှပ်​စီးငါးပါး မ​သေ​မျိုး ဓား​ပျံ​လက်နက်က ဦး​ဆောင်​လျက်​ လျှပ်​စီး​ကြောင်း​များ​အားလုံးသည် ထွက်​ပြေး​ရန် ကြိုးစား​နေသော​ ကုလင်ထံ အဆက်မပြတ်​တိုက်ခိုက်​လိုက်​သည်။

ဒုတိယ​မြောက်​လျှပ်​စီး​ကြောင်း​ ထိမှန်​သွား​ချိန်​တွင်​ ကုလင်၏ သွေး​မြူ​များမှာ နှင်း​ခဲ​အရည်ပျော်သလို အငွေ့ပျံကုန်ကြသည်။ တစ်​ဆက်​တည်း​တွင်​ တတိယ​မြောက်​ လျှပ်စီးကြောင်း​သည် ကုလင်ထံသို့ ပြေး​ဝင်လာပြီးနောက် မိုး​ကြိုး​ပစ်​သံတစ်ခု​ ထွက်ပေါ်လာကာ​ ကုလင််၏ ဓမ္မ​စွမ်းအင်​ စက်​ဝန်း​နှင့်​တကွ ခန္ဓာကိုယ်​ကိုပါ​ ဖောက်ထွက်သွားတော့သည်။ ကုလင်မှာ နေရာ​တွင်​ပင် မီးသွေး​ခဲအဖြစ် ပြောင်းသွားသည်။

ထို​မြင်ကွင်း​ကြောင့်​ ကျန်း​ချန်​ရွှမ်မှတစ်ပါး ကျန်​လူအားလုံး တုန်​လှုပ်​သွား​ကြသည်။ အထူးသဖြင့်​ ကုလင်၏တပည့်​များ​ဖြစ်​သည့် စိတ်​ညို့​အမျိုးသမီး​နှင့်​ ပိန်လှီ​လှီ ​အဘိုးကြီးတို့​ဖြစ်​သည်။ ဆရာ​ဖြစ်သူ​ ကျီဖု တတိယ​အဆင့်​ နတ်ဆိုးကျင့်ကြံ​သူသည် ကျီဖုပထမ​အဆင့်​သာ​ရှိသူ ရှန်းရူယန်၏ လက်​ချက်ဖြင့်​ သေဆုံး​သည်ကို​မြင်​လျှင်​ အလွန်အမင်း​ အံ့အားသင့်​သွား​မိသလို တစ်ချိန်​တည်းတွင် ပြင်း​ထန်သော အကြောက်တရားကိုလည်း ခံစား​မိလိုက်ကြသည်။

ထို့ကြောင့် ရှန်းရူယန်​တစ်ယောက်​ အရိုး​ဖြူ​နတ်ဆိုး​ထံ အာရုံ​ရောက်​နေ​သည်ကို​ အခွင့်ကောင်းယူပြီး အလင်း​တန်း​အသွင်ပြောင်းကာ ထွက်​ပြေး​လိုက်ကြသည်။ ထိုစဉ် သူတို့၏ပြေး​လမ်းကို​ ကျန်း​ချန်​ရွှမ်က ပိတ်ဆို့​လိုက်​သည်။

“ဘယ်​ပြေးမလို့လဲ”

အမျိုးသမီး​နှင့်​ ပိန်​လှီ​လှီ​အဘိုး​ကြီး​တို့မှာ သွေး​ဆာ​နေသော​ မျက်လုံး​များ​နှင့်​အတူ မာန်ဖီလိုက်​သည်။

“သေစမ်း”

စိတ်​ညို့​နည်းစနစ် အသုံးပြု​သူ အမျိုးသမီး​မိစ္ဆာ​ကျင့်ကြံ​သူက အနက်​ရောင်​ဆံထိုးတစ်ခုကို ထုတ်​ယူ​ပစ်ခတ်လိုက်သည်။ ထိုဆံထိုးသည် အဆိပ်​ရှိ ပိုးမွှားပေါင်းစုံဖြင့် စီရင်​ထား​ခြင်း​ဖြစ်​ပြီး ဆံထိုး​ပတ်လည်တွင် မိစ္ဆာ​ဝိညာဉ်​များ လှည့်​ပတ်​လျက်​ရှိသည်။ အဘိုး​ကြီး​ကလည်း​ လက်​မနှေးဘဲ လူ့အရေပြားဖြင့် ဖန်တီး​ထား​သော စည်​တစ်ခုကို ပစ်လွှတ်လိုက်ပြန်သည်။ ထိုသားရေစည်မှာ အလိုအလျောက်တုန်ခါလာပြီး တုန်ခါမှုတစ်ခု ဖြစ်​ပေါ်​တိုင်း မိစ္ဆာ​ဝိညာဉ်​များသည် တစ်​လှိုင်း​ပြီး​တစ်လှိုင်း ထွက်ပေါ်လာပြီး ကျန်း​ချန်​ရွှမ်ထံသို့ ဦး တည်​ပြေး​ဝင်​လာကြ​သည်။

ကျန်း​ချန်​ရွှမ်​က နှာခေါင်း​ရှုံ့​လိုက်ပြီး​ အနက်​ရောင်​ဆံထိုး​ကို လက်​ဗလာနှင့် ဖမ်းယူလိုက်သည်။ ထို့နောက်​ လက်​ဝါး​ပြင်​တွင် မီးလျှံ​တစ်ခု တိုး​ထွက်လာပြီး ဆံထိုး​ကို မီးမြှိုက်​ဖျက်​ဆီး​လိုက်​ရာ ပိုး​မွှားများ၊ တစ္ဆေ​ဝိညာဉ်​များမှာ နာကျင်​စွာ အော်​ညည်း​လျက် အငွေ့ပျံ​ကုန်​ကြတော့သည်။ ထို့နောက်​ တစ်ဆက်တည်းမှာပင် အဘိုး​ကြီး၏စည် ပြေးဝင်လာ​သည့် လမ်း​ကြောင်း​အတိုင်း​ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။ လက်သီး၏ အရှိန်​ကြောင့်​ ကြား​ခံဗလာနယ်သည်ပင် တုန်​ခါ​သွားပြီး စည်၏မျက်​နှာပြင် အလယ်​တည့်​တည့်​တွင် အပေါက်ကြီးတစ်ခု ဖြစ်​ပေါ်​လာသည်။ လက်​သီးအဟုန်​မှာ ရပ်တန့်ခြင်းမရှိသေးဘဲ စည်​အနောက်ရှိ အဘိုး​ကြီး​ကိုပါ​ ဆက်​တိုက်​ထိမှန်သွားပြီး အဘိုးကြီး၏ ခန္ဓာကိုယ်​မှာ ကြက်​ဥကို တူ​ဖြင့်​ထုချလိုက်သည့်ပမာ တစ်စစီကွဲကြေသွားတော့သည်။

ထို​မြင်ကွင်း​ကြောင့်​ အမျိုးသမီး​ မိစ္ဆာ​ကျင့်ကြံသူသည် နား​ကွဲလုမတတ် စူးရှ​စွာ အော်ဟစ်လိုက်မိသည်။ ထို​အချိန်​မှာပင် အမျိုးသမီး၏ လည်ပင်းတစ်နေရာကို လေသင်တုန်းတစ်ခု ဖြတ်​သန်း​သွားပြီး အမျိုးသမီး၏ ကြောက်ရွံ့​တုန်​လှုပ်​နေသော မျက်နှာ​နှင့်​တကွ ဦး​ခေါင်း​ကြီးမှာ ခန္ဓာကိုယ်​မှ ပြတ်​ထွက်သွား​တော့သည်။

***

All Chapters