ကျန်းချန်ရွှမ်နှင့် ကုလင်
Vol. 7 Ch. 125
“သေချင်ပြီထင်တယ်”
ကုလင်၏မျက်နှာသည် ဒေါသကြောင့် ရုပ်ဆိုးသွားပြီး လေပေါ်သို့ ခုန်တက်ပြီး တစ်စုံတစ်ခုကို လှမ်းယူလိုက်သည်။ လူ့အရိုးများဖြင့် ပြုလုပ်ထားသော အလံတစ်ခုဖြစ်ပြီး ကုလင်၏ နောက်ထပ်ဓမ္မရတနာတစ်ခုဖြစ်သည့် သွေးစတေးခြင်း အလံဖြစ်သည်။ ထိုအလံသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအရေအတွက် ထောင်ဂဏန်းခန့်ကို စတေး၍ သူတို့၏ဦးခေါင်းခွံများဖြင့် ဖန်တီးစီရင်ထားခြင်းဖြစ်သည်။ မိစ္ဆာရတနာများအနက် ရှားပါးပစ္စည်းဟု သတ်မှတ်နိုင်လောက်သည့် လက်နက်တစ်မျိုးပင်ဖြစ်သည်။
ထိုအလံအထဲတွင် အရိုးဖြူနတ်ဆိုးဟုခေါ်သည့် မိစ္ဆာဝိညာဉ်တစ်ကောင် ထည့်သွင်းမြှုပ်နှံထားပြီး ထိုဝိညာဉ်၏ တိုက်ပွဲဝင်စွမ်းရည်သည် ကျီဖုနယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တန်းတူသည်။ ကုလင်က အလံကိုဆွဲထုတ်ပြီး ချက်ချင်းဆိုသလိုပင် အရိုးဖြူနတ်ဆိုးကို ဆင့်ခေါ်လိုက်တော့သည်။ နတ်ဆိုးသည် အလံ၏ ပထမဆုံးအလွှာအတွင်းမှ တိုးထွက်လာပြီးနောက် ရှန်းရူယန်ကို ဦးတည်ချိန်ရွယ်လိုက်သည်။ တစ်ဆက်တည်းတွင် နတ်ဆိုးသည် သားရဲကြီးတစ်ကောင်ပမာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ပါးစပ်ကြီးကို ဖွင့်လျက် အနက်ရောင်အလင်းတန်းကြီးတစ်ခု ထုတ်လွှတ်ပစ်ခတ်လိုက်တော့သည်။
ရှန်းရူယန်ထံဦးတည်လျက် အရှိန်ပြင်းစွာ ပြေးဝင်သွားသော အနက်ရောင်အလင်းတန်းကြီးထဲတွင် စတေးခံယဇ်ကောင်များ၏ ဝိညာဉ်များသည် အကူအကယ်မဲ့စွာ မျောပါရင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် အော်ညည်းလျက်ရှိသည်။ အဆိုပါ အော်ညည်းသံများသည် လေထုကို ပဲ့တင်ထပ်၍ ပျံ့နှံ့လာသည်ဖြစ်ရာ ရှန်းပိုင်ဖေး၊ ရှုန်းဝမ်တောက်တို့အပြင် ကျန်နတ်ဆိုးကျင့်ကြံသူ နှစ်ဦးပါ နားများကို အသီးသီးပိတ်ဆို့ထားကြရသလို ချွေးစီးများပြန်လျက် မြေပြင်ထက် ရပ်တည်နိုင်ရန်ပင် အနိုင်နိုင်ရုန်းကန်နေကြရသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးသာလျှင် အခြေမပျက် ကြံ့ကြံ့ခံနိုင်စွမ်းရှိကြသည်။
ထိုစဉ် အနက်ရောင်အလင်းတန်းသည် ရှန်းရူယန်ကို တည့်တည့်မတ်မတ် ထိမှန်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အနက်ရောင်မှိုပွင့်ပုံ တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရှန်းပိုင်ဖေးတို့နှစ်ဦးမှာ ရှန်းရူယန်အတွက် စိုးရိမ်ပူပန်သွားပြီး တိမ်တိုက်အတွင်း ဝင်ရောက်ကယ်ဆယ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုတစ်ခဏမှာပင် ရှန်းရူယန်တစ်ယောက် မှိုပွင့်ပုံတိမ်တိုက်အတွင်းမှ ဖြည်းညင်းစွာ ထွက်လာသည်ကို မြင်တွေ့လိုက်ကြရတော့သည်။ ရှန်းရူယန်၏ ဦးခေါင်းထက်တွင် ဖြူလွလွ မီးခိုးများ၊ တိမ်လွှာများ အဆက်မပြတ် ဝိုင်းရံလည်ပတ်နေသည့် ဧရာမထီးကြီးတစ်ခု အုပ်မိုးလျက်ရှိသည်။
“ကာကွယ်ရေး ဓမ္မရတနာပဲ”
ကုလင်တစ်ယောက် မျက်လုံးပြူးသွားသည်။ ထိုအချိန်မှာပင် ရှန်းရူယန်၏ ရတနာလှံသည် လျှပ်ပန်းလျှပ်နွယ်များ လွှမ်းခြုံလျက် လေးဖြင့်ပစ်ခတ်လိုက်သကဲ့သို့ ကုလင် ထံ ပြေးဝင်သွားတော့သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်၏ ဧရာမထီးကြီးသည် ရုတ်တရက်နိမ့်ဆင်းလာပြီး အရိုးဖြူနတ်ဆိုး၏ တိုက်ခိုက်မှုအားလုံးကို ကာကွယ်လျက် တစ်ချိန်တည်းတွင် တိမ်လွှာများကို ထုတ်လွှတ်လျက် အရိုးဖြူနတ်ဆိုးကို တစ်ဆင့်ချင်း ရစ်ပတ်ချုပ်နှောင်လိုက်သည်။
ကုလင်က အရိုးဖြူနတ်ဆိုးကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး ရတနာလှံ၏ တိုက်ခိုက်မှုကို ကမန်းကတန်း ကာကွယ်လိုက်ရသည်။ ရှန်းရူယန်၏ ရတနာလှံပျံမှ ထွက်ပေါ်လာသော လျှပ်စီးဓာတ်စွမ်းအင်ကိုကြည့်ပြီး ကုလင်တစ်ယောက် မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားသည်။ သူတို့လို နတ်ဆိုးကျင့်ကြံသူများအနေနှင့် လျှပ်စီးဓာတ်နှင့် နေအလင်းရောင်ကို ကြောက်ရွံ့ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထိုအထဲတွင် ရှန်းရူယန်မှာ လျှပ်စီးဓာတ်အခြေခံ တာအိုခန္ဓာကို ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ သူမအသုံးပြုသော လျှပ်စီးဓာတ်အခြေခံ နည်းစနစ်များ၊ မန္တန်များသည် ပုံမှန်ထက် အဆများစွာ သာလွန်အားကောင်းနေသည်။ အရိုးဖြူနတ်ဆိုး၏ မြင့်မားသော ကာကွယ်မှုစွမ်းရည်ကြောင့်သာ မဟုတ်လျှင် ရှန်းရူယန်လက်ချက်ဖြင့် ဒဏ်ရာအကြီးအကျယ်ရသွားမည်ဖြစ်သည်။
ကုလင်တစ်ယောက် အခြေအနေကိုသုံးသပ်၍ ဆုတ်ခွာရမည်လားဟု စဉ်းစားနေချိန်တွင် ရတနာလှံကို ကိုင်ဆောင်ထားသည့် ရှန်းရူယန်၏ အနောက်တစ်နေရာတွင် အရောင်ငါးမျိုးနှင့် အလင်းတန်းငါးခု ပေါ်ထွက်လာသည်။ ထိုအလင်းတန်းငါးခုသည် ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး မိုးခြိမ်းသံတစ်ခုနှင့်အတူ ရောင်စဉ်ငါးခု လျှပ်စီးများ ကွန့်မြူးနေသော ဓားပျံတစ်စင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားတော့သည်။ အဆိုပါဓားပျံသည် ကုလင်ထိုင်နေသော ပလ္လင်ကို အရှိန်ပြင်းစွာ တိုက်ခိုက်လိုက်ရာ အရိုးဖြူပလ္လင်တွင် အက်ကြောင်းများထွက်ပေါ်လာသည်။
ပလ္လင်ထက်ရှိ ကုလင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။
“လျှပ်စီးအခြေခံ မူလဓမ္မရတနာ”
ထိုအချိန်မှာပင် ရှန်းရူယန်၏ ဓားပျံသည် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်ရာ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ကုလင်၏ မပြိုကွဲနိုင်သော အရိုးဖြူပလ္လင်ကြီးသည် နှစ်ခြမ်းကွဲသွားပြီး ပလ္လင်ပေါ်ရှိ ကုလင်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ ထို့နောက်တွင် ကုလင်လည်း အထွေအထူး မစဉ်းစားတော့ဘဲ သွေးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသုံးပြုပြီး ထွက်ပြေးရန် ကြံစည်လိုက်သည်။ သို့သော် ရှန်းရူယန်က အလွတ်ပေးရန် စိတ်ကူးရှိပုံမပေါ်ပါ။ ထိုတစ်ခဏတွင် ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာသည့်ပမာ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် အရပ်ဆယ်မျက်နှာမှ စုစည်းလာကြပြီး မူလဓမ္မရတနာဖြစ်သည့် လျှပ်စီးငါးပါး မသေမျိုး ဓားပျံလက်နက်က ဦးဆောင်လျက် လျှပ်စီးကြောင်းများအားလုံးသည် ထွက်ပြေးရန် ကြိုးစားနေသော ကုလင်ထံ အဆက်မပြတ်တိုက်ခိုက်လိုက်သည်။
ဒုတိယမြောက်လျှပ်စီးကြောင်း ထိမှန်သွားချိန်တွင် ကုလင်၏ သွေးမြူများမှာ နှင်းခဲအရည်ပျော်သလို အငွေ့ပျံကုန်ကြသည်။ တစ်ဆက်တည်းတွင် တတိယမြောက် လျှပ်စီးကြောင်းသည် ကုလင်ထံသို့ ပြေးဝင်လာပြီးနောက် မိုးကြိုးပစ်သံတစ်ခု ထွက်ပေါ်လာကာ ကုလင််၏ ဓမ္မစွမ်းအင် စက်ဝန်းနှင့်တကွ ခန္ဓာကိုယ်ကိုပါ ဖောက်ထွက်သွားတော့သည်။ ကုလင်မှာ နေရာတွင်ပင် မီးသွေးခဲအဖြစ် ပြောင်းသွားသည်။
ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်မှတစ်ပါး ကျန်လူအားလုံး တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ကုလင်၏တပည့်များဖြစ်သည့် စိတ်ညို့အမျိုးသမီးနှင့် ပိန်လှီလှီ အဘိုးကြီးတို့ဖြစ်သည်။ ဆရာဖြစ်သူ ကျီဖု တတိယအဆင့် နတ်ဆိုးကျင့်ကြံသူသည် ကျီဖုပထမအဆင့်သာရှိသူ ရှန်းရူယန်၏ လက်ချက်ဖြင့် သေဆုံးသည်ကိုမြင်လျှင် အလွန်အမင်း အံ့အားသင့်သွားမိသလို တစ်ချိန်တည်းတွင် ပြင်းထန်သော အကြောက်တရားကိုလည်း ခံစားမိလိုက်ကြသည်။
ထို့ကြောင့် ရှန်းရူယန်တစ်ယောက် အရိုးဖြူနတ်ဆိုးထံ အာရုံရောက်နေသည်ကို အခွင့်ကောင်းယူပြီး အလင်းတန်းအသွင်ပြောင်းကာ ထွက်ပြေးလိုက်ကြသည်။ ထိုစဉ် သူတို့၏ပြေးလမ်းကို ကျန်းချန်ရွှမ်က ပိတ်ဆို့လိုက်သည်။
“ဘယ်ပြေးမလို့လဲ”
အမျိုးသမီးနှင့် ပိန်လှီလှီအဘိုးကြီးတို့မှာ သွေးဆာနေသော မျက်လုံးများနှင့်အတူ မာန်ဖီလိုက်သည်။
“သေစမ်း”
စိတ်ညို့နည်းစနစ် အသုံးပြုသူ အမျိုးသမီးမိစ္ဆာကျင့်ကြံသူက အနက်ရောင်ဆံထိုးတစ်ခုကို ထုတ်ယူပစ်ခတ်လိုက်သည်။ ထိုဆံထိုးသည် အဆိပ်ရှိ ပိုးမွှားပေါင်းစုံဖြင့် စီရင်ထားခြင်းဖြစ်ပြီး ဆံထိုးပတ်လည်တွင် မိစ္ဆာဝိညာဉ်များ လှည့်ပတ်လျက်ရှိသည်။ အဘိုးကြီးကလည်း လက်မနှေးဘဲ လူ့အရေပြားဖြင့် ဖန်တီးထားသော စည်တစ်ခုကို ပစ်လွှတ်လိုက်ပြန်သည်။ ထိုသားရေစည်မှာ အလိုအလျောက်တုန်ခါလာပြီး တုန်ခါမှုတစ်ခု ဖြစ်ပေါ်တိုင်း မိစ္ဆာဝိညာဉ်များသည် တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာပြီး ကျန်းချန်ရွှမ်ထံသို့ ဦး တည်ပြေးဝင်လာကြသည်။
ကျန်းချန်ရွှမ်က နှာခေါင်းရှုံ့လိုက်ပြီး အနက်ရောင်ဆံထိုးကို လက်ဗလာနှင့် ဖမ်းယူလိုက်သည်။ ထို့နောက် လက်ဝါးပြင်တွင် မီးလျှံတစ်ခု တိုးထွက်လာပြီး ဆံထိုးကို မီးမြှိုက်ဖျက်ဆီးလိုက်ရာ ပိုးမွှားများ၊ တစ္ဆေဝိညာဉ်များမှာ နာကျင်စွာ အော်ညည်းလျက် အငွေ့ပျံကုန်ကြတော့သည်။ ထို့နောက် တစ်ဆက်တည်းမှာပင် အဘိုးကြီး၏စည် ပြေးဝင်လာသည့် လမ်းကြောင်းအတိုင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။ လက်သီး၏ အရှိန်ကြောင့် ကြားခံဗလာနယ်သည်ပင် တုန်ခါသွားပြီး စည်၏မျက်နှာပြင် အလယ်တည့်တည့်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ လက်သီးအဟုန်မှာ ရပ်တန့်ခြင်းမရှိသေးဘဲ စည်အနောက်ရှိ အဘိုးကြီးကိုပါ ဆက်တိုက်ထိမှန်သွားပြီး အဘိုးကြီး၏ ခန္ဓာကိုယ်မှာ ကြက်ဥကို တူဖြင့်ထုချလိုက်သည့်ပမာ တစ်စစီကွဲကြေသွားတော့သည်။
ထိုမြင်ကွင်းကြောင့် အမျိုးသမီး မိစ္ဆာကျင့်ကြံသူသည် နားကွဲလုမတတ် စူးရှစွာ အော်ဟစ်လိုက်မိသည်။ ထိုအချိန်မှာပင် အမျိုးသမီး၏ လည်ပင်းတစ်နေရာကို လေသင်တုန်းတစ်ခု ဖြတ်သန်းသွားပြီး အမျိုးသမီး၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာနှင့်တကွ ဦးခေါင်းကြီးမှာ ခန္ဓာကိုယ်မှ ပြတ်ထွက်သွားတော့သည်။
***