မြေနိမ့်ရာလှံစိုက်ခြင်း
Vol. 7 Ch. 126
ရှန်းပိုင်ဖေးတို့အား ဒုက္ခပေးနေသော ကုလင်အပါအဝင် နတ်ဆိုးကျင့်ကြံသူအားလုံး.သေဆုံးကုန်ကြပြီဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ထုံးစံအတိုင်း သေဆုံးသူများ၏ သိုလှောင်အိတ်များကို ရှာဖွေသိမ်းဆည်းလျက်ရှိသည်။ ရှန်းပိုင်ဖေးနှင့် ရှုန်းဝမ်တောက်တို့လည်း ကျန်းချန်ရွှမ်တို့ထံ အမောတကော ပြေးလာကြသည်။ သူတို့နှစ်ဦးမြင်တွေ့ခဲ့ရသော ဖြစ်စဉ်များကိုပင် အမှန်တကယ် ဟုတ်ပါ့မလားဟူ၍ ဇဝေဇဝါ ဖြစ်နေကြသေးသည်။ ကုလင်ကဲ့သို့ ကျီဖုအဆင့် ဝါရင့်မိစ္ဆာကျင့်ကြံသူနှင့် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် နှစ်ဦးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အလွယ်တကူ သတ်ဖြတ်သွားသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။
ရှုန်းဝမ်တောက်က ဟန်ပင်မဆောင်နိုင်တော့ဘဲ
“အကြီးအကဲရှန်းရဲ့ ကျင့်ကြံမှုအဆင့်က ကျီဖုနယ်ပယ်ကို ရောက်သွားပြီလား၊ အကြီးအကဲကျန်းကရော”
ရှန်းရူယန်တစ်ယောက် ကျီဖုအဆင့်ကို ရောက်ရှိသွားကြောင်းကို ရှုန်းဝမ်တောက် သိရှိပြီးဖြစ်သော်လည်း သူမကိုယ်တိုင်ဝန်ခံခြင်းကို ကြားလို၍ မေးမြန်းလိုက်မိခြင်းဖြစ်သလို ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုအဆင့်ကိုလည်း သူတို့နှစ်ဦးလုံး သိချင်စိတ်ပြင်းပြနေကြသည်။ ကျီဖုအဆင့်ကို ရောက်မရောက် သေချာမသိရှိသေးသော်လည်း အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို အလွယ်တကူ အနိုင်ယူခဲ့သည့်အပြင် ရန်သူ၏ ဓမ္မလက်နက်ကိုပင် လက်ဗလာဖြင့် ဖျက်ဆီးပြခဲ့သေးသည်လေ။ အဆိုပါစွမ်းဆောင်မှုမျိုးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ဖြင့် ဆောင်ရွက်နိုင်သော အရာများမဟုတ်ပါ။
ထိုအခါ ရှန်းရူယန်က ပြုံးလျက်
“ဟုတ်ပါတယ်၊ ကျွန်မ ကျီဖုအဆင့်ကို ရောက်ခဲ့ပါပြီ”
ရှန်းရူယန်၏ အတည်ပြုစကားကို ကြားပြီးနောက် ရှန်းပိုင်ဖေးတို့ နှစ်ဦးသား၏ မျက်နှာထက်တွင် ပျော်ရွှင်ကြည်နူးမှုများ ဖြစ်တည်လာတော့သည်။ ရှန်းပိုင်ဖေးက အလွန်အားရကျေနပ်ဟန်နှင့်
“ကောင်းတယ်၊ ကောင်းတယ် တို့ရှန်းမျိုးနွယ်စုမှာ ကျီဖုအဆင့် ပေါ်မလာတာ ဆယ်စုနှစ်နဲ့ချီနေပြီ၊ နောက်ဆုံးတော့ ပါရမီရှင်တစ်ယောက် ပေါ်လာပြီပေါ့”
ရှန်းပိုင်ဖေးက အားရဝမ်းသာ မှတ်ချက်ချလိုက်ပြီးနောက် သူတို့နှစ်ဦး၏ အကြည့်က ကျန်းချန်ရွှမ်ထံ ရောက်လာပြန်သည်။ ကျန်းချန်ရွှမ်က ပြုံးရယ်ရင်း အသာလက်ကာပြလျက်
“တတိယဦးလေးနဲ့ အစ်ကိုရှုန်းတို့ ကျုပ်ကို ဒီလိုအကြည့်ကြီးတွေနဲ့ မကြည့်ကြပါနဲ့ဗျာ၊ အားတော့နာပေမဲ့ ကျုပ်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိပါသေးတယ်”
ကျန်းချန်ရွှမ်၏ အဖြေကြောင့် ရှန်းပိုင်ဖေးတို့နှစ်ဦးမှာ အလျင်စလို ပြုမူမိသည့်အတွက် အနည်းငယ်ရှက်မိသွားသည်။ အမှန်တကယ်လည်း ကျီဖုအဆင့်သို့ တက်လှမ်းရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ရှန်းမိသားစုလို မျိုးနွယ်စုတစ်ခုသည်ပင် ယခု ရှန်းရူယန်ကဲ့သို့ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်လာရန် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့်အတွက် ကျန်းချန်ရွှမ်တစ်ယောက် ကျီဖုအဆင့်သို့ မတက်လှမ်းနိုင်သေးခြင်းကို ထူးထွေ၍ အပြစ်တင်စရာမရှိပါ။
သို့သော် သူတို့နှစ်ဦးလုံး တွေးမိသည့်အချက်က ကျန်းချန်ရွှမ်သည် သူကိုယ်တိုင်ပြောသလို ကျီဖုအဆင့်သို့ မရောက်ရှိသေးလျှင် အစောပိုင်းက သူပြသခဲ့သော စွမ်းဆောင်ရည်မျိုးကို မည်သည့်အချက်ကြောင့် ပြသနိုင်ခဲ့သနည်း ဟူသောအချက်ပင်ဖြစ်သည်။ ကျန်းချန်ရွှမ်ပြသခဲ့သော တိုက်ပွဲဝင်စွမ်းရည်သည် ကျီဖုအဆင့် ကျင့်ကြံသူများတွင်သာ ရှိသည့် စွမ်းဆောင်ရည်မျိုးဖြစ်သည်။
ရှန်းပိုင်ဖေးတို့ အတွေးစမပြတ်သေးခင်တွင် ရှန်းရူယန်က စကားစဖြတ်လိုဟန်နှင့်
“ဦးလေးတို့ အရင်ပြန်ကြရအောင်လေ၊ ဒါနဲ့ ကျွန်မတို့မရှိတဲ့ အတောအတွင်း ဘာတွေဖြစ်ခဲ့သလဲ အကုန်ပြောပြပေးပါ”
ထိုအခါ ရှန်းပိုင်ဖေတို့၏ မျက်နှာမှာ ရုတ်ချည်းညှိုးကျသွားတော့သည်။ ရှန်းရူယန်ကို ခေါင်းညိတ်ပြလိုက်ပြီး မကြာခင် လေးဦးသား ယွီဟွာတောင်သို့ ပျံသန်းလာခဲ့ကြတော့သည်။ လမ်းတွင် ရှန်းပိုင်ဖေးက တလှည့်၊ ရှုန်းဝမ်တောက်က တလှည့်၊ ဖြစ်သမျှအကြောင်းစုံကိုကျန်းချန်ရွှမ်တို့နှစ်ဦးကို ရှင်းပြလိုက်သည်။ မကြာမီ လေးဦးသား ယွီဟွာတောင်သို့ ရောက်ရှိလာကြတော့သည်။
သူတို့ပြောပြချက်အရ သည်နှစ်ကာလများတွင် ရှန်းမိသားစု၏ အခြေအနေမှာ မကောင်းလှ။ အထူးသဖြင့် ဘိုးဘေးမန်ရွှယ်ကွယ်လွန်ပြီးနောက်တွင် ဟုန်မိသားစုနှင့် အပေါင်းအပါများ၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းကို ခံရသည့်အပြင် ရှိရင်းစွဲ မိတ်ဆွေမျိုးနွယ်စုများ၊ ဂိုဏ်းများ၏ ပစ်ပယ်ခြင်းကိုလည်း ခံစားခဲ့ရသည်။ အထူးသဖြင့် ရှန်းမိသားစုနဲ့ အရင်းနှီးဆုံး မိတ်ဆွေမျိုးနွယ်စုဖြစ်သည့် ကျန်းမိသားစုဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင် ကျန်းမိသားစု၏ လုပ်ရပ်အကြောင်း ကြားသိသောအခါ အံ့သြစိတ်ပျက်မိကြသည်။
ရှန်းမိသားစုနှင့် အငြိုးရှိထားသော ဟုန်မိသားစုနှင့် အပေါင်းအပါဂိုဏ်းများ၏ ရှန်းမိသားစုအပေါ် ဝိုင်းဝန်းတိုက်ခိုက်မှုများကို အံ့သြခြင်းမရှိရုံမက ထိုသို့ဖြစ်လာလိမ့်မည်ဟုလည်း ကျန်းချန်ရွှမ် ကြိုတင်တွက်ဆခဲ့ပြီးဖြစ်သည်။
သို့သော် ကျန်းမိသားစု၏ ရှန်းမိသားစု အကျပ်အတည်းရောက်ချိန် အခွင့်ကောင်းယူရက်ခြင်းကိုတော့ ကျန်းချန်ရွှမ်ကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့မိ၍ စိတ်အပျက်ကြီးပျက်မိသွားသည်။ ထိုအချိန်တွင် ရှန်းမိသားစု၏ ဘိုးဘေးခန်းမတွင်ဖြစ်သည်။ ဥပဓိရုပ်ကောင်းမွန်၍ ပါးနပ်ဟန်တူသော လူကြီးတစ်ဦးသည် တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်လျက် ရှန်းရူရွှမ်နှင့် စကားပြောဆိုလျက်ရှိသည်။သူ့နောက်တွင် ကျန်းမျိုးနွယ်စု၏ ရိုးရာဆင်တူဝတ်စုံများ ဝတ်ဆင်ထားကြသည့် ကျင့်ကြံသူအများအပြား မတ်တပ်ရပ်နေကြသည်။
“အကြီးအကဲရူရွှမ်ရေ ကျုပ်တို့ရဲ့ အကြီးအကဲယောင်ဇူပြောတာ တရားနည်းလမ်းကျပါတယ်။ လက်ရှိကျောက်စိမ်းဖြူစျေးရဲ့ စျေးကွက်အခြေအနေကိုလည်း ထည့်စဉ်းစားသင့်တယ်။ လက်ရှိမှာ ရှန်းမိသားစုအတွက် အကျိုးအမြတ်ရဖို့နေနေသာသာ လည်ပတ်အောင်ပဲ မနည်းရုန်းကန်နေရတာမလား”
“ဒါဆို ရှင်တို့ရည်ရွယ်ချက်ကဒါပဲပေါ့၊ မြေနိမ့်ရာလှံစိုက်တဲ့သဘောပေါ့”
ရှန်းရူရွှမ်၏ အေးစက်စက်တုံ့ပြန်မှုကို ယောင်ဇူဆိုသည့် အဖိုးတန်ဝတ်ရုံဝတ်လူကြီးက ပြုံးလျက်ခေါင်းယမ်းလိုက်သည်။
“ဒီလိုမတွေးနဲ့လေ။ ရှန်းမိသားစုအနေနဲ့ ဒီအတိုင်းနေရင် အကျိုးအမြတ်မရမဲ့ အတူတူ ကျုပ်တို့ကျန်းမိသားစုနဲ့ အတူပူးပေါင်းသင့်တယ်။ မိသားစုနှစ်ခုလုံးအတွက် အကျိုးရှိမှာဖြစ်လို့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တယ်လို့ စဉ်းစားရင် ပိုမျှတပါလိမ့်မယ်”
ရှန်းရူရွှမ်က နှာခေါင်းရှုံ့လိုက်ပြီး
“စျေးကွက်ဝေစုကို ၅၀% ပေးရတာက အကျိုးတူပူးပေါင်းတယ်လို့ ခေါ်သလား။ ရှင်တို့ဘိုးဘေး ကျန်းပိုင်ယန်ရော ဒီကိစ္စကိုသိရဲ့လား”
ထိုစကားကိုကြားလျှင် ယောင်ဇူနှင့် နောက်လိုက်နောက်ပါများမှာ မျက်နှာများတည်သွားကြသည်။
“ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့၊ သူမသိဘဲ ကျုပ်တို့မလုပ်ဝံ့ပါဘူး၊ ခင်ဗျားတို့သဘောမတူရင် အခုကမ်းလှမ်းထားတဲ့ စျေးကွက်ဝေစု ၅၀% ကိုပါ ဆုံးရှုံးရနိုင်ချေ ရှိတယ်ဆိုတာကို နားလည်ထားသင့်တယ်”
“ဟုတ်လား ဘယ်က ၅၀% လဲ”
အဆိုပါစကားသံနှင့်အတူ ရှန်းပိုင်ဖေးတို့ ခန်းမထဲ ဝင်ရောက်လာကြသည်။ သူတို့နှင့်အတူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပါ ဝင်ရောက်လာကြသည်ကို မြင်လျှင်ရှန်း ရူရွှမ်သည် ဝမ်းသာအားရနှင့် ဆီးကြိုနှုတ်ဆက်လိုက်သည်။
“ညီမလေးရူယန်နဲ့ အကြီးအကဲကျန်း မင်းတို့ပြန်လာကြပြီလား”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျန်းယောင်ဇူဘက်ကို မျက်နှာလှည့်လိုက်ပြီး
“ကျန်းယောင်ဇူမှတ်တယ်၊ ရှင့်အကြောင်းကြားဖူးပါတယ်၊ ကျန်းမိသားစုရဲ့ သြဇာကို အသုံးချပြီး အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေ ခဏခဏလုပ်တယ်တဲ့။ ဒီတစ်ခါတော့ ရှန်းမိသားစုကို အနိုင်ကျင့်မဲ့အလှည့်ပေါ့”
ထို့နောက် ရှန်းရူယန်သည် ယောင်ဇူ၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ ရှန်းရူရွှမ်ကို
“ဝမ်းကွဲအစ်မ ကျွန်မတို့ကို ဘာတွေဖြစ်လဲ အသေးစိတ်ပြောပြပါ”
***