← Chapters

ရှန်းယွမ်လုံနှင့် ပြန်လည်​ဆုံ​ဆည်း​ခြင်း

Vol. 7 Ch. 127

ရှန်းယွမ်လုံနှင့် ပြန်လည်​ဆုံ​ဆည်း​ခြင်း

Vol. 7 Ch. 127

ရှန်း​ရူ​ရွှမ်က ဖြစ်​ခဲ့​သမျှ​အကြောင်း​စုံ​ကို အသေး​စိတ်​ ရှင်း​ပြလိုက်သည်။ ရှန်းရူယန်​မှာ​ အာရုံ​စိုက်​နားထောင်​နေရင်းနှင့် မျက်​နှာ​ တဖြည်း​ဖြည်း တင်း​မာလာတော့သည်။ စကားဆုံး​လျှင် ရှန်းရူယန်က ကျန်း​ယောင်​ဇူနှင့်​ ကျန်း​မိသားစု​ကျင့်ကြံသူ အားလုံး​ကို​ စေ့စေ့ကြည့်လျက်

“နင်​တို့​အကြံ ဒါ​အကုန်​ပဲလား၊ ပထမ​တော့​ ကျောက်​စိမ်း​ဖြူ​စျေး​ကို ဝိညာဉ်​ကျောက်တုံး ငါး​သိန်း​နဲ့ စျေးနှိမ်​ဝယ်ဖို့ကြိုးစားတယ်။ မရတော့ စျေးကွက်ဝေစု ၅၀% ကို အဓမ္မ​လုယူဖို့ ကြံ​စည်​ပြန်​တယ်။ ငါတို့​ကို​ အနိုင်​ကျင့်​ရအောင် နင်​တို့​ကျန်း​မိသားစု​က ဘယ်လောက်​ကြီးမြတ်​နေလို့လဲ”

ရှန်းရူယန်သည် ထိုလူများအား ယဉ်ကျေးစွာ ဆက်​ဆံ​ရန်​ စိတ်ကူး​မရှိ​တော့​သည့်​အတွက်​ ရင့်ရင့်သီးသီးပင် ပြော​ဆို​ဆက်​ဆံလိုက်တော့သည်။ ထို​အခါ ကျန်း​ယောင်​ဇူနှင့်​တကွ ကျန်း​မိသားစု​မှ ကျင့်ကြံသူ​အားလုံး​မှာ မျက်စိ​မျက်နှာ​များ ပျက်​ကုန်​ကြသည်။ သူတို့​ တစ်စုံ​တစ်​ရာ​ မ​တုံ့ပြန်​နိုင်​ခင်မှာပင်​ ရှန်းရူယန်က ဆက်လက်​ပြီး​

“နင်​တို့​ပြန်​ကြတော့၊ ဒီကိစ္စ​နဲ့ပတ်သက်​ပြီး​ ကျန်း​မိသားစု​ဘိုးဘေးနဲ့ ငါ​ကိုယ်တိုင်​ဆွေးနွေး​မယ်”

“မင်း​အတင့်ရဲလှချည်လား”

ရှန်း​ရူယန်၏စကားကြောင့် ကျန်း​ယောင်​ဇူအပါအဝင် ကျန်း​မိသားစု​ ကျင့်ကြံသူ​အား​လုံး ဒေါသထွက်​သွားကြသည်။ ထိုအချိန်မှာပင် သူတို့​အားလုံး​ကို ရှန်းရူယန်၏ ခန္ဓာကိုယ်​မှ အော်​ရာ​လှိုင်း​များက အင်အား​ကြီး​စွာ ဖိနှိပ်​လိုက်သည်ဖြစ်ရာ ကျန်း​ယောင်​ဇူ အပါအဝင်​ လူအားလုံး​မှာ အခြေ​မဟန်ဘဲ မြေ​ပြင်​ထက်သို့​ လဲပြိုသွားတော့သည်။

“ဒီအော်ရာက…”

ကျန်း​ယောင်​ဇူတို့အားလုံး အကြီး​အကျယ် တုန်​လှုပ်​သွား​ကြတော့သည်။ ရှန်းရူယန်ထံမှ​ ထွက်​ပေါ်လာ​သော​ အော်ရာ​လှိုင်းသည် အခြေခံ​တည်ဆောက်​ခြင်း​အဆင့်​ ကျင့်ကြံသူတစ်ဦး၏ အော်​ရာ​လှိုင်း​မဟုတ်​ဘဲ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာအသွင် ဖြစ်​နေကြောင်း​ သူတို့​အားလုံး​ အာရုံ​ခံမိလိုက်သည်။

“ဘယ်​လို​ဖြစ်​နိုင်​မှာလဲ”

ကျန်း​ယောင်​ဇူတစ်ယောက် အံ့သြတကြီး ရေရွတ်​မိလိုက်သည်။ ရှန်း​မိသားစု​ထံမှ နောက်ထပ်​ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်​ထွန်း​လာမည်ဟု သူတို့​မ​မျှော်​လ​င့်ထားပါ။ အနည်းဆုံး​တော့​ သည်​ဆယ်စုနှစ်​အတွင်း​ ပေါ်လာဦးမည် မဟုတ်​ဟု သူတို့​မှတ်​ယူထားခဲ့ကြသည်လေ။ ထိုအခိုက်​တွင်​ ရှန်း​ရူယန်က လက်​ကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓမ္မ​စွမ်းအင်​တစ်ရပ်​ ပေါ်ထွက်လာပြီး ကျန်း​ယောင်​ဇူနှင့် နောက်​လိုက်​နောက်​ပါ အားလုံး​ခမျာ တံမြက်စည်း​လှဲ​သလို လွင့်​ထွက်သွား​တော့သည်။ သူတို့အားလုံးမှာ ယွီဟွာတောင်မှ ကန်ထုတ်ခြင်းခံလိုက်ရပြီးနောက် မြေ​ပေါ်​သို့ တစ်ဦးပြီးတစ်ဦး ကျလာတော့သည်။

သို့သော် သူတို့​အားလုံး​ တစ်စုံ​တစ်​ရာ​ စကား​မဆို​ဝံ့တော့ဘဲ တစ်ဦး​မျက်နှာ ​တစ်ဦးကြည့်လျက် ကျန်း​မိသားစု​ဌာနချုပ်​ထံသို့ ပျံသန်း​ထွက်​ခွာ​သွား​တော့သည်။ ထိုအချိန်​တွင် ယွီဟွာတောင်ထိပ်ရှိ ဘိုး​ဘေး​ခန်းမတွင် ရှန်းရူရွှမ်အပါအဝင် အကြီးအကဲ​အားလုံး​မှာ ပါးစပ်​အဟောင်း​သားဖြစ်​နေကြသည်။ ကျန်း​ယောင်​ဇူလို ဝါရင့်ကျင့်ကြံသူတစ်ဦး အပါအဝင် ကျန်း​မိသားစု​မှ ကျင့်ကြံသူအားလုံး​ကို ရှန်း​ရူယန်က​ အမှိုက်​လှဲသည့်ပမာ တောင်​ခြေ​အထိ ကန်ထုတ်ပြခဲ့သည် မဟုတ်​ပါလား။ ထို့နောက်​ ရှန်းရူရွှမ်ကပင်

“ညီမလေး​ နင့်ရဲ့ကျင့်ကြံမှုက…”

ရှန်းရူယန်က ပြုံးလျက် ခေါင်း​ညိတ်​ပြ​လိုက်သည်။

“ဟုတ်တယ်​ ကျွန်မလည်း ကံကောင်း​ထောက်မ​လို့​ ကျီဖုအဆင့်​ကို​ ရောက်​ခဲ့​ပါပြီ​”

“တကယ်​လား​”

ရှန်းရူရွှမ်သည် ညီမဝမ်းကွဲဖြစ်သူ၏ ဝန်ခံစကားကို ကြား​လျှင်​ ထခုန်မိမတတ် ဝမ်းသာလုံး​ဆို့​သွားတော့သည်။ ထိုစဉ် ရှန်း​ပိုင်​ဖေးက ကြားဖြတ်ပြီး

“ရူယန်​ မင်း​ခုနက လုပ်​လိုက်​တဲ့ လုပ်ရပ်​က ကျန်း​မိသားစု​နဲ့ ငါတို့​အကြား​ ပြဿနာ​တက်​စေလိမ့်မယ်ထင်တယ်၊ ငါတို့​တုံ့ပြန်​မှုက နည်း​လမ်းမှကျပါ့မလား”

ရှန်းရူယန်က နှာခေါင်း​ရှုံ့​လိုက်ပြီး​

“တတိယ​ဦးလေးရယ် ဒီလိုအခြေအနေမှာ ကျွန်​မတို့​လုပ်ရပ်​က တရား​မလွန်ပါဘူး၊ ဒီလိုဖြစ်အောင် သူတို့​ကပဲ ဇာတ်လမ်း​စခဲ့တာလေ။ သူတို့​မိသားစု​ရဲ့​ဘိုးဘေးနှစ်ယောက်လုံး ဒီကိစ္စ​ကို သိသည်​ဖြစ်​စေ၊ မသိဖြစ်စေ ဒီအနိုင်ကျင့်မှုအတွက် သူတို့​မိသားစု​ တာဝန်ယူရလိမ့်မယ်၊ ကျွန်မ​လည်း သူတို့​ဆီ​သွားပြီး ဖြေရှင်းချက်တောင်းဦးမှာ၊ လော​လော​ဆယ်​တော့ ဘိုး​ဘေး​ရဲ့ သက်​တမ်း​ကို တိုးရမဲ့ကိစ္စက ပို​အရေးကြီး​နေတယ်”

“သက်​တမ်းတိုးမယ် ဟုတ်​လား​”

ရှန်းရူယန်စကားကြောင့် ရှန်းပိုင်​ဖေးအပါအဝင် အကြီးအကဲ​အားလုံး​ နား​ဝေတိမ်တောင် ဖြစ်​သွား​ကြသည်။ ထို့နောက်​ ရှန်းပိုင်​ဖေးက တစ်စုံ​တစ်​ခု​ကို​ တွေး​မိပြီး ဝမ်း​သာ​အားရ​ ရေရွတ်​လိုက်​သည်။

“ရူယန် မင်း​ဆို​လိုတာက မင်း​တို့​သွားခဲ့တဲ့ ခရီးစဉ်အတွင်း​မှာ ဘိုးဘေး​ရဲ့ သက်​တမ်း​ကို ဆွဲဆန့်​နိုင်​မဲ့ ဝိညာဉ်​ရတနာ​တစ်မျိုး​ ရခဲ့​တယ်ဆိုတဲ့သဘောလား”

ရှန်း​ရူယန်လည်း ကွယ်​ဝှက်​ခြင်း​မရှိဘဲ​ ပြုံးလျက်​ ခေါင်း​ညိတ်​ဝန်​ခံ​လိုက်သည်။

“ဟုတ်တယ်​ ကျွန်​မတို့ ရတနာ​ဖလှယ်​ပွဲတစ်ခုမှာ မိတ်ဆွေ​တစ်ဦး​ဆီကနေ အသက်ရှည်ဆေး​တစ်​မျိုး​ကို ရခဲ့တယ်”

“နားလည်​ပြီ”

ရှန်းပိုင်ဖေးနှင့် ကျန်နှစ်ဦးလည်း သဘောပေါက်​သွား​ဟန်နှင့်​ ခေါင်း​ညိတ်​လိုက်​သည်။ တစ်ချိန်​တည်း​တွင် ကျီဖုအဆင့်​ကျင့်ကြံသူ​ တစ်ဦး၏ သက်တမ်း​ကို ဆွဲဆန့်ပေးနိုင်သည့် ဝိညာဉ်​ရတနာ​တစ်​ပါး၏ တန်​ဖိုး​မှာ​ အလွန်​ကြီး​မြင့်​မည် ဖြစ်​ကြောင်း​ကို​လည်း​ သူတို့အားလုံး​ ရိပ်​မိလိုက်​ကြသည်။

“ဒါဖြင့် ကိစ္စ​အထွေအထူး​မရှိတော့​ရင် ကျွန်​မတို့​ ဘိုး​ဘေး​နဲ့ သွား​တွေ့​လိုက်​ဦး​မယ်​”

ထို့နောက်​ ရှန်းရူယန်လည်း အချိန်​မဆိုင်းတော့ဘဲ ကျန်း​ချန်​ရွှမ်ကို ခေါ်​ယူလျက် ဘိုးဘေး​ယွမ်လုံ​ရှိရာ တောင်​ထိပ်​သို့ ထွက်လာခဲ့တော့သည်။ ကျန်း​ချန်​ရွှမ်နှင့် ​ရှန်းရူယန်တို့ ခရီးစတင်ထွက်ခွာလာကတည်းက ရှန်းယွမ်လုံတစ်ယောက် ဂူ​ပိတ်​ကျင့်ကြံနေသည်မှာ ယခု​အချိန်​ထိပင်ဖြစ်သည်။ ရှန်း​ယွမ်လုံ၏ ကျင့်ကြံ​ရခြင်း​ ရည်ရွယ်​ချက်မှာ သူ၏သက်တမ်းကို ဆွဲနိုင်သမျှ ဆွဲဆန့်ပြီး ရှန်း​မိသားစု​ကို ကာကွယ်​ပေး​နိုင်​ရန် ​အတွက်သာဖြစ်​သည်။ ကျန်း​ချန်​ရွှမ်​တို့ ​နှစ်ဦး​လည်း ဂူ​တံခါး​ရှေ့သို့ ရောက်​ရှိ​လာ​ကြသည်။ ထို့နောက်​ မရည်ရွယ်ဘဲ နှစ်​ဦးသား​ အ​ကြည့်​ချင်း​ဆုံမိ​လိုက်​ကြသည်။ ထို့နောက်​ ရှန်းရူယန်က ဂူ​တံခါး​ကို​ ဖြည်းညင်းစွာ ခေါက်​လိုက်​သည်။

မကြာမီ​ ဂူ​တံခါး​လည်း နှေးကွေးစွာ ပွင့်​လာပြီး ဆံပင်များ ဆွတ်​ဆွတ်​ဖြူ​လျက်ရှိ​သည့် ရှန်း​ယွမ်လုံတစ်ယောက် လေး​ကန်​စွာ ဂူအတွင်းမှ​ ထွက်​လာ​သည်ကို မြင်​ရသည်။ ကျန်းချန်​ရွှမ်နှင့် ရှန်းရူယန်တို့ကို မြင်​လျှင်​ ရှန်းယွမ်လုံက အံ့သြ​သွားဟန်နှင့် အချိန်​အနည်းငယ်​ကြာ ငေးကြည့်နေမိပြီးမှ ဝမ်းသာ​အားရ​ပြုံး​ပြလိုက်သည်။

“ချန်​ရွှမ်​နဲ့ ရူယန် မင်း​တို့​ပြန်​လာပြီပဲ၊ ဝမ်းသာ​လိုက်​တာ​ကွယ်”

လက်​ရှိ​အချိန်​တွင်​ ရှန်းယွမ်လုံမှာ အင်​အား​ကြီး​မျိုး​နွယ်စု​တစ်ခု၏ ကျီဖုအဆင့်​ရှိ ဘိုးဘေးတစ်ပါးနှင့် မတူဘဲ အချိန်​အတန်​ကြာ ဝေးကွာ​နေသော​ မြေး​မြစ်​များကို​ မြင်တွေ့လိုက်​ရသည့် အဘိုး​အို​တစ်ဦးနှင့် ပိုတူနေသည်။ ကျန်း​ချန်​ရွှမ်​တို့ နှစ်ဦးလည်း စိတ်​မကောင်း​ဖြစ်​သွားပြီး အတန်​ကြာဆွံ့အနေမိသည်။ ရှန်း​ယွမ်လုံ၏ သူတို့​နှစ်ဦး​အပေါ်ထားရှိ​သည့်​ မေတ္တာ​တရား​ကိုလည်း​ လှိုက်​လှိုက်​လှဲ​လှဲ​ ခံစား​နားလည်​မိလိုက်သည်။ ထိုစဉ် ရှန်း​ယွမ်လုံသည် တစ်စုံ​တစ်​ရာကို အာရုံ​ခံမိဟန်နှင့် ရှန်း​ရူယန်အား

“ရူယန်​ မင်း​ရဲ့​အော်ရာက….”

ရှန်းရူယန်က ပြုံးလျက် ခေါင်း​ညိတ်​လိုက်​သည်။

“ဟုတ်​ပါ​တယ် ဘိုး​ဘေး၊ ကျွန်မ​ ကျီဖုအဆင့်ကို တက်​လှမ်း​နိုင်ခဲ့​ပါပြီ​”

***

All Chapters