ရှန်းယွမ်လုံနှင့် ပြန်လည်ဆုံဆည်းခြင်း
Vol. 7 Ch. 127
ရှန်းရူရွှမ်က ဖြစ်ခဲ့သမျှအကြောင်းစုံကို အသေးစိတ် ရှင်းပြလိုက်သည်။ ရှန်းရူယန်မှာ အာရုံစိုက်နားထောင်နေရင်းနှင့် မျက်နှာ တဖြည်းဖြည်း တင်းမာလာတော့သည်။ စကားဆုံးလျှင် ရှန်းရူယန်က ကျန်းယောင်ဇူနှင့် ကျန်းမိသားစုကျင့်ကြံသူ အားလုံးကို စေ့စေ့ကြည့်လျက်
“နင်တို့အကြံ ဒါအကုန်ပဲလား၊ ပထမတော့ ကျောက်စိမ်းဖြူစျေးကို ဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့ စျေးနှိမ်ဝယ်ဖို့ကြိုးစားတယ်။ မရတော့ စျေးကွက်ဝေစု ၅၀% ကို အဓမ္မလုယူဖို့ ကြံစည်ပြန်တယ်။ ငါတို့ကို အနိုင်ကျင့်ရအောင် နင်တို့ကျန်းမိသားစုက ဘယ်လောက်ကြီးမြတ်နေလို့လဲ”
ရှန်းရူယန်သည် ထိုလူများအား ယဉ်ကျေးစွာ ဆက်ဆံရန် စိတ်ကူးမရှိတော့သည့်အတွက် ရင့်ရင့်သီးသီးပင် ပြောဆိုဆက်ဆံလိုက်တော့သည်။ ထိုအခါ ကျန်းယောင်ဇူနှင့်တကွ ကျန်းမိသားစုမှ ကျင့်ကြံသူအားလုံးမှာ မျက်စိမျက်နှာများ ပျက်ကုန်ကြသည်။ သူတို့ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် ရှန်းရူယန်က ဆက်လက်ပြီး
“နင်တို့ပြန်ကြတော့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမိသားစုဘိုးဘေးနဲ့ ငါကိုယ်တိုင်ဆွေးနွေးမယ်”
“မင်းအတင့်ရဲလှချည်လား”
ရှန်းရူယန်၏စကားကြောင့် ကျန်းယောင်ဇူအပါအဝင် ကျန်းမိသားစု ကျင့်ကြံသူအားလုံး ဒေါသထွက်သွားကြသည်။ ထိုအချိန်မှာပင် သူတို့အားလုံးကို ရှန်းရူယန်၏ ခန္ဓာကိုယ်မှ အော်ရာလှိုင်းများက အင်အားကြီးစွာ ဖိနှိပ်လိုက်သည်ဖြစ်ရာ ကျန်းယောင်ဇူ အပါအဝင် လူအားလုံးမှာ အခြေမဟန်ဘဲ မြေပြင်ထက်သို့ လဲပြိုသွားတော့သည်။
“ဒီအော်ရာက…”
ကျန်းယောင်ဇူတို့အားလုံး အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။ ရှန်းရူယန်ထံမှ ထွက်ပေါ်လာသော အော်ရာလှိုင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာလှိုင်းမဟုတ်ဘဲ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာအသွင် ဖြစ်နေကြောင်း သူတို့အားလုံး အာရုံခံမိလိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျန်းယောင်ဇူတစ်ယောက် အံ့သြတကြီး ရေရွတ်မိလိုက်သည်။ ရှန်းမိသားစုထံမှ နောက်ထပ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွန်းလာမည်ဟု သူတို့မမျှော်လင့်ထားပါ။ အနည်းဆုံးတော့ သည်ဆယ်စုနှစ်အတွင်း ပေါ်လာဦးမည် မဟုတ်ဟု သူတို့မှတ်ယူထားခဲ့ကြသည်လေ။ ထိုအခိုက်တွင် ရှန်းရူယန်က လက်ကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓမ္မစွမ်းအင်တစ်ရပ် ပေါ်ထွက်လာပြီး ကျန်းယောင်ဇူနှင့် နောက်လိုက်နောက်ပါ အားလုံးခမျာ တံမြက်စည်းလှဲသလို လွင့်ထွက်သွားတော့သည်။ သူတို့အားလုံးမှာ ယွီဟွာတောင်မှ ကန်ထုတ်ခြင်းခံလိုက်ရပြီးနောက် မြေပေါ်သို့ တစ်ဦးပြီးတစ်ဦး ကျလာတော့သည်။
သို့သော် သူတို့အားလုံး တစ်စုံတစ်ရာ စကားမဆိုဝံ့တော့ဘဲ တစ်ဦးမျက်နှာ တစ်ဦးကြည့်လျက် ကျန်းမိသားစုဌာနချုပ်ထံသို့ ပျံသန်းထွက်ခွာသွားတော့သည်။ ထိုအချိန်တွင် ယွီဟွာတောင်ထိပ်ရှိ ဘိုးဘေးခန်းမတွင် ရှန်းရူရွှမ်အပါအဝင် အကြီးအကဲအားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ကျန်းယောင်ဇူလို ဝါရင့်ကျင့်ကြံသူတစ်ဦး အပါအဝင် ကျန်းမိသားစုမှ ကျင့်ကြံသူအားလုံးကို ရှန်းရူယန်က အမှိုက်လှဲသည့်ပမာ တောင်ခြေအထိ ကန်ထုတ်ပြခဲ့သည် မဟုတ်ပါလား။ ထို့နောက် ရှန်းရူရွှမ်ကပင်
“ညီမလေး နင့်ရဲ့ကျင့်ကြံမှုက…”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် ကျွန်မလည်း ကံကောင်းထောက်မလို့ ကျီဖုအဆင့်ကို ရောက်ခဲ့ပါပြီ”
“တကယ်လား”
ရှန်းရူရွှမ်သည် ညီမဝမ်းကွဲဖြစ်သူ၏ ဝန်ခံစကားကို ကြားလျှင် ထခုန်မိမတတ် ဝမ်းသာလုံးဆို့သွားတော့သည်။ ထိုစဉ် ရှန်းပိုင်ဖေးက ကြားဖြတ်ပြီး
“ရူယန် မင်းခုနက လုပ်လိုက်တဲ့ လုပ်ရပ်က ကျန်းမိသားစုနဲ့ ငါတို့အကြား ပြဿနာတက်စေလိမ့်မယ်ထင်တယ်၊ ငါတို့တုံ့ပြန်မှုက နည်းလမ်းမှကျပါ့မလား”
ရှန်းရူယန်က နှာခေါင်းရှုံ့လိုက်ပြီး
“တတိယဦးလေးရယ် ဒီလိုအခြေအနေမှာ ကျွန်မတို့လုပ်ရပ်က တရားမလွန်ပါဘူး၊ ဒီလိုဖြစ်အောင် သူတို့ကပဲ ဇာတ်လမ်းစခဲ့တာလေ။ သူတို့မိသားစုရဲ့ဘိုးဘေးနှစ်ယောက်လုံး ဒီကိစ္စကို သိသည်ဖြစ်စေ၊ မသိဖြစ်စေ ဒီအနိုင်ကျင့်မှုအတွက် သူတို့မိသားစု တာဝန်ယူရလိမ့်မယ်၊ ကျွန်မလည်း သူတို့ဆီသွားပြီး ဖြေရှင်းချက်တောင်းဦးမှာ၊ လောလောဆယ်တော့ ဘိုးဘေးရဲ့ သက်တမ်းကို တိုးရမဲ့ကိစ္စက ပိုအရေးကြီးနေတယ်”
“သက်တမ်းတိုးမယ် ဟုတ်လား”
ရှန်းရူယန်စကားကြောင့် ရှန်းပိုင်ဖေးအပါအဝင် အကြီးအကဲအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထို့နောက် ရှန်းပိုင်ဖေးက တစ်စုံတစ်ခုကို တွေးမိပြီး ဝမ်းသာအားရ ရေရွတ်လိုက်သည်။
“ရူယန် မင်းဆိုလိုတာက မင်းတို့သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ဘိုးဘေးရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်မဲ့ ဝိညာဉ်ရတနာတစ်မျိုး ရခဲ့တယ်ဆိုတဲ့သဘောလား”
ရှန်းရူယန်လည်း ကွယ်ဝှက်ခြင်းမရှိဘဲ ပြုံးလျက် ခေါင်းညိတ်ဝန်ခံလိုက်သည်။
“ဟုတ်တယ် ကျွန်မတို့ ရတနာဖလှယ်ပွဲတစ်ခုမှာ မိတ်ဆွေတစ်ဦးဆီကနေ အသက်ရှည်ဆေးတစ်မျိုးကို ရခဲ့တယ်”
“နားလည်ပြီ”
ရှန်းပိုင်ဖေးနှင့် ကျန်နှစ်ဦးလည်း သဘောပေါက်သွားဟန်နှင့် ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းတွင် ကျီဖုအဆင့်ကျင့်ကြံသူ တစ်ဦး၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် ဝိညာဉ်ရတနာတစ်ပါး၏ တန်ဖိုးမှာ အလွန်ကြီးမြင့်မည် ဖြစ်ကြောင်းကိုလည်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။
“ဒါဖြင့် ကိစ္စအထွေအထူးမရှိတော့ရင် ကျွန်မတို့ ဘိုးဘေးနဲ့ သွားတွေ့လိုက်ဦးမယ်”
ထို့နောက် ရှန်းရူယန်လည်း အချိန်မဆိုင်းတော့ဘဲ ကျန်းချန်ရွှမ်ကို ခေါ်ယူလျက် ဘိုးဘေးယွမ်လုံရှိရာ တောင်ထိပ်သို့ ထွက်လာခဲ့တော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခရီးစတင်ထွက်ခွာလာကတည်းက ရှန်းယွမ်လုံတစ်ယောက် ဂူပိတ်ကျင့်ကြံနေသည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။ ရှန်းယွမ်လုံ၏ ကျင့်ကြံရခြင်း ရည်ရွယ်ချက်မှာ သူ၏သက်တမ်းကို ဆွဲနိုင်သမျှ ဆွဲဆန့်ပြီး ရှန်းမိသားစုကို ကာကွယ်ပေးနိုင်ရန် အတွက်သာဖြစ်သည်။ ကျန်းချန်ရွှမ်တို့ နှစ်ဦးလည်း ဂူတံခါးရှေ့သို့ ရောက်ရှိလာကြသည်။ ထို့နောက် မရည်ရွယ်ဘဲ နှစ်ဦးသား အကြည့်ချင်းဆုံမိလိုက်ကြသည်။ ထို့နောက် ရှန်းရူယန်က ဂူတံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။
မကြာမီ ဂူတံခါးလည်း နှေးကွေးစွာ ပွင့်လာပြီး ဆံပင်များ ဆွတ်ဆွတ်ဖြူလျက်ရှိသည့် ရှန်းယွမ်လုံတစ်ယောက် လေးကန်စွာ ဂူအတွင်းမှ ထွက်လာသည်ကို မြင်ရသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မြင်လျှင် ရှန်းယွမ်လုံက အံ့သြသွားဟန်နှင့် အချိန်အနည်းငယ်ကြာ ငေးကြည့်နေမိပြီးမှ ဝမ်းသာအားရပြုံးပြလိုက်သည်။
“ချန်ရွှမ်နဲ့ ရူယန် မင်းတို့ပြန်လာပြီပဲ၊ ဝမ်းသာလိုက်တာကွယ်”
လက်ရှိအချိန်တွင် ရှန်းယွမ်လုံမှာ အင်အားကြီးမျိုးနွယ်စုတစ်ခု၏ ကျီဖုအဆင့်ရှိ ဘိုးဘေးတစ်ပါးနှင့် မတူဘဲ အချိန်အတန်ကြာ ဝေးကွာနေသော မြေးမြစ်များကို မြင်တွေ့လိုက်ရသည့် အဘိုးအိုတစ်ဦးနှင့် ပိုတူနေသည်။ ကျန်းချန်ရွှမ်တို့ နှစ်ဦးလည်း စိတ်မကောင်းဖြစ်သွားပြီး အတန်ကြာဆွံ့အနေမိသည်။ ရှန်းယွမ်လုံ၏ သူတို့နှစ်ဦးအပေါ်ထားရှိသည့် မေတ္တာတရားကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားနားလည်မိလိုက်သည်။ ထိုစဉ် ရှန်းယွမ်လုံသည် တစ်စုံတစ်ရာကို အာရုံခံမိဟန်နှင့် ရှန်းရူယန်အား
“ရူယန် မင်းရဲ့အော်ရာက….”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ် ဘိုးဘေး၊ ကျွန်မ ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ”
***