← Chapters

ရှန်းယွမ်လုံ ကျီဖု ပဥ္စမအဆင့်ကိုရောက်​ရှိ​ခြင်း​

Vol. 7 Ch. 128

ရှန်းယွမ်လုံ ကျီဖု ပဥ္စမအဆင့်ကိုရောက်​ရှိ​ခြင်း​

Vol. 7 Ch. 128

ထိုစကားကို​ကြား​လျှင်​ရှန်းယွမ်လုံတစ်ယောက် အံ့အားသင့်​မိသလို အနည်းငယ်​လည်း​ တုန်​လှုပ်​လှုပ်​သွား​ဟန်​တူသည်။ ထို့နောက်​တွင် ပျော်​ရွှင်​နှစ်သိမ့်​သည့် ခံစား​ချက်​များ​က ဖုံး​လွှမ်း​သွားကာ ကျေနပ်​အားရ​စွာ ခေါင်း​ညိတ်​လိုက်​တော့သည်။

“ကောင်း​တယ်​ ကောင်း​တယ်၊ မင်း​တို့ ​ဒီ​ခရီး​ကအပြန်​မှာ ဒီလောက်​ထိ တိုးတက်မှုရလာမယ်လို့ ဘယ်သူ​ထင်​ထား​ခဲ့မလဲ၊ ဘာပဲ​ပြောပြော​ ငါတို့​မျိုး​နွယ်စုရဲ့ အစဉ်အလာ​ကို ကောင်း​ကောင်း​ထိန်းသိမ်း​နိုင်ပြီပေါ့လေ”

ထို့နောက်​ ရှန်းယွမ်လုံ၏ အကြည့်က​ ကျန်း​ချန်​ရွှမ်​ထံ ရောက်​ရှိ​လာ​သည်။

“ချန်​ရွှမ် မင်း​ရဲ့ အဆီအနှစ်စွမ်းအင်၊ချီဓာတ်နဲ့ ဝိညာဉ်​စွမ်း​အင်​တွေ တစ်သားတည်းဖြစ်နေတာကို ငါ​ခံစား​မိတယ်၊ မဟုတ်​မှ​လွဲ​ရော​ မင်း​လည်း…..​”

ကျန်း​ချန်​ရွှမ်က ပြုံး​ရင်း​ခေါင်းညိတ်​လိုက်သည်။ ဘိုး​ဘေးဖြစ်သူကို မကွယ်ဝှက်တော့ဘဲ အမှန်​အတိုင်း​ ဝန်ခံ​လိုက်​ရန်.ဆုံးဖြတ်​လိုက်​သည်။

“ဟုတ်​ပါတယ်​၊ ဘိုး​ဘေး​ထင်သလိုပဲ ကျွန်တော်​လည်း​ ကျီဖု​နယ်ပယ်​ထဲ ရောက်​ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်၊ ဒီကြားထဲမှာ အနှောက်​အယှက်​မရှိရင် မကြာ​ခင်​မှာပဲ ကျီဖုအဆင့်​ကို တက်​လှမ်း​နိုင်​မယ်​လို့ မျှော်လင့်​ထား​ပါတယ်”

ကျန်း​ချန်​ရွှမ်၏ အတည်​ပြု​စကား​ကို ကြားသောအခါ ရှန်းယွမ်လုံတစ်ယောက် ဟန်​ပင်​မဆောင်​နိုင်​တော့ဘဲ ဝမ်း​သာ​အားရ ရယ်​မော​လိုက်တော့သည်။

“ကောင်း​တယ်၊ မင်းတို့​နှစ်ယောက်​နဲ့ ပတ်သက်ပြီး​ ငါထင်ထားတာတွေ မှန်​နေပြီ​ပဲ၊ မင်းတို့​နှစ်ယောက်​လုံး​ အင်​မော်​တယ်​တွေ ဖြစ်​ဖို့ အလားအလာ​ အရမ်း​ကောင်း​တယ်၊ ဒီကံကြမ္မာက မင်းတို့​နှစ်ယောက်​အတွက်​သာမကဘူး ငါတို့​ရှန်း​တစ်မျိုးနွယ်လုံးရဲ့ ကံကြမ္မာ​လည်းဖြစ်​တယ်၊ ရှေ့​ဆက်​ပြီး​လည်း မင်း​တို့​နှစ်ယောက်​ အတူလက်တွဲပြီး တာအိုလမ်း​စဉ်ကို လျှောက်​လှမ်း​နိုင်​ကြပါစေကွာ၊ ဒါဆို​ရင် ငါလည်း​သေပျော်ပါပြီ”

ရှန်းရူယန်က ဘိုး​ဘေး​ဖြစ်​သူ၏ စကား​ကို​နား​ထောင်​ရင်း ပြုံး​လိုက်​မိသည်။ ထို့နောက်​ ရှန်းရူယန်က

“ဘိုး​ဘေး​၊ ကျွန်မ​တို့ ဒီ​ခရီးစဉ်အတွင်း​မှာ ရခဲ့တာတွေ အများ​ကြီး​ပဲ။ အဲဒီ​ထဲမှာ​ ဘိုးဘေးအတွက်​ အကျိုး​ရှိ​မဲ့ လက်​ဆောင်​တစ်ခုလည်း ပါတယ်”

ထို့နောက်​ ရှန်းရူယန်သည် မွှေးကြိုင်သော အနံ့​အရသာ​ရှိသည့် သစ်သီး​တစ်လုံး​ကို ရှန်းယွမ်လုံထံ ကမ်းပေးလိုက်သည်။ ရှန်း​ယွမ်လုံသည် ထို​သစ်​သီး​ကိုမြင်​လျှင် အနည်းငယ်​အံ့သြ​သွားပြီး နှုတ်​မှရေရွတ်လိုက်မိသည်။

“လမင်း​ကြည့်​သစ်သီး​”

ကျန်း​ချန်​ရွှမ်က ပြုံး​လျက်​ ထောက်ခံ​လိုက်​သည်။

“ဟုတ်တယ်​ ဘိုးဘေး လမင်း​ကြည့်​သစ်သီးပဲ၊ စားသုံးလိုက်သူရဲ့ သက်​တမ်း​ကို နှစ်ငါးဆယ်​အထိ တိုးမြှင့်​ပေး​နိုင်​တဲ့ ဝိညာဉ်​သစ်သီး​တစ်မျိုး​ပဲ။ ဒါကြောင့်​မလို့​ ကျွန်တော်တို့​ကို ထား​ခဲ့တော့မယ်ဆိုတဲ့ စကား​မျိုး​မပြော​ပါနဲ့တော့။ ဘိုးဘေး​က အသက်အရှည်​ကြီး​နေရ​မဲ့အပြင် အခွင့်​အခါ​သင့်ရင် ရွှေအမြုတေ​နယ်​ပယ်အထိ ရောက်သွားနိုင်ပါတယ်”

ကျန်း​ချန်​ရွှမ်၏ နှစ်သိမ့်​စကားမှာ သူ့အား​ပျော်ရွှင်​စေရန် ရည်ရွယ်​လိုက်​မှန်း​သိသည့်တိုင် ရှန်း​ယွမ်လုံ​တစ်ယောက် နှစ်သိမ့်​ကြည်နူး​မိသည်မှာ အမှန်​ပင်​ဖြစ်​သည်။ ထို့အပြင်​ လမင်းကြည့်​သစ်သီး၏ စွမ်း​အား​ကို​လည်း​ ကြား​ဖူးနားဝရှိထားသောကြောင့် အသက်​၃၀၀ ရှိပြီး​ဖြစ်​သော ရှန်း​ယွမ်လုံ​တစ်ယောက်​ မကြုံစဖူး စိတ်​လှုပ်ရှား​မိသွားသည်။ ထို့ကြောင့်​ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့၏ လက်​ဆောင်​ကို​ လက်​ခံ​လိုက်​ဖို့ ဆုံးဖြတ်​လိုက်​သည်။

ကျင့်ကြံ​သူများ​သည် ဘဝတွင်​ မည်​မျှ​ပင်ပန်းနာကျင်နေပါစေ ဆက်​လက်​အသက်​ရှင်ရန် မျှော်လင့်​ချက်​ရောင်ခြည် တ​စွန်းတစကို လက်​လွှတ်​ခံမည့်သူ မရှိ​သလောက်​နည်း​ပါလိမ့်မည်။ ရှန်း​ယွမ်လုံ​အနေနှင့်​လည်း ဆက်​လက်​ရှင်​သန်၍ ကျင့်​ကြံမှုလမ်းစဉ်ကို လျှောက်​လှမ်း​လိုပါ​သေးသည်။ ထို့ကြောင့် ရှန်း​ယွမ်လုံ​လည်း သစ်သီး​ကို လက်​ခံ​ရယူ​ပြီး သူ၏ ကိုယ်​ပိုင်​ဂူ​ဗိမာန်​အတွင်း​သို့ ဝင်​ရောက်​သွားပါတော့သည်။

များ​မကြာမီ ရှန်း​ယွမ်လုံ​ဝင်သွားသော ဂူအတွင်းမှ​ သိပ်​သည်း​အားကောင်း​သော အော်ရာလှိုင်း​များ လှိမ့်ထွက်လာသည်။ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။ သူတို့​နှစ်ဦး​သား ဂူ​တံခါး​ကို အာရုံစိုက်​အကဲခတ်​နေချိန်တွင်ပင် ဂူ​တံခါး​ပွင့်သွားပြီး ရှန်းယွမ်လုံတစ်ယောက် ပြန်ထွက်လာတော့သည်။ ရှန်းယွမ်လုံ၏ အသွင်​အပြင်မှာ နဂိုမူလ​ကထက်​ နုပျို​သွားသလို သူ၏ကိုယ်​ခန္ဓာ​မှ ထွက်​ပေါ်လာ​သော အော်ရာ​လှိုင်း​သည်လည်း အဆများစွာ​ ပိုမိုအားကောင်း​နေတော့သည်။

အခြေအနေကို​ နားလည်​လိုက်​သော ကျန်း​ချန်​ရွှမ်​တို့လည်း​ ကမန်းကတန်း​ ဂါရဝပြုလိုက်ပြီး

“နောက်​တစ်​ဆင့်​ကို​ တက်​လှမ်း​နိုင်ခဲ့​တဲ့အတွက် ဂုဏ်ပြု​ပါတယ်​ ဘိုးဘေး၊ ရွှေအမြုတေအဆင့်ထိ ရောက်​ဖို့ မျှော်လင့်​ချက်​တွေရှိလာပြီ​ပေါ့​”

ထို​အခါ​က ရှန်း​ယွမ်လုံက ရွှင်မြူး​စွာ ရယ်မောလိုက်ပြီး

“မမြှောက်ကြပါနဲ့ကွာ၊ ငါ့အခြေအနေကို ငါသိတာပေါ့၊ ရွှေအမြုတေ​အဆင့်​ကို ထားလိုက်ဦး၊ ကျီဖု နောက်ဆုံး​အဆင့် ရောက်​ဖို့​တောင် အနိုင်​နိုင်​ကြိုးစား​ရမှာ။ အခု ငါအဆင့်တက်နိုင်ခဲ့တယ် ဆိုတာ​က မင်း​တို့​ရဲ့​သစ်သီး​ကြောင့်​ရယ်၊ ငါ့အနေနဲ့​ စတုတ္ထအဆင့်​မှာ တန့်နေခဲ့တာ ကြာပြီ​ဆိုတဲ့​ အချက်​တွေ​ကြောင့်ပဲ၊ အဓိက​ကတော့ မင်းတို့​ယူလာ​တဲ့ သစ်သီး​ကြောင့်​ပေါ့​”

ထို့နောက်​ ရှန်းယွမ်လုံသည် တစ်စုံ​တစ်ခု​ကို တွေး​မိဟန်နှင့် မျက်လုံး​ထဲတွင်​ ကြေကွဲရိပ်များသန်းသွားသည်။

“မင်း​တို့​ဘိုး​ဘေး ​မန်​ရွှယ်​တစ်ယောက်​ ကောင်း​ကင်ဘုံ လျှို့ဝှက်​ချက်​တွေကို တူးဆွတာ ​များ​သွားခဲ့တယ်၊ ဒီသစ်သီးလို ဝိညာဉ်​ရတနာ​တွေ​အကူအညီ​နဲ့တောင် သူ့သက်တမ်းကို မဆွဲဆန့်နိုင်ခဲ့ရှာဘူး၊ ကောင်း​ကင်​ဘုံ​ကပေးတဲ့ ပြစ်ဒဏ်​ဆိုတာ​ ဒါမျိုး​ထင်​ပါရဲ့”

ထို​စကား​ကိုကြားလျှင် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ အကြည့်ချင်းဆုံမိသွားသည်။ ဘိုးဘေး​မန်​ရွှယ် ကွယ်လွန်​ကြောင်း​ကို ရှန်းယွမ်လုံထံ အသိမပေးရသေးကြောင်း ရှန်းပိုင်ဖေး​ကိုယ်တိုင်​ ပြော​ခဲ့သည်​မဟုတ်ပါ​လား။ ကျန်း​ချန်​ရွှမ်တို့​၏ အတွေး​ကို ရိပ်မိလိုက်​ဟန်​တူသော​ ရှန်း​ယွမ်လုံက

“ငါနဲ့ မန်​ရွှယ်​က တစ်မအေတည်းက မွေးတဲ့မောင်​နှမပဲ၊ သူသေသွားတာ ငါသိပါတယ်၊ ပိုင်​ဖေး​တို့ သဘော​အတိုင်း​ ငါမသိချင်ယောင်ဆောင်ပေးခဲ့တာပါ”

ထို့နောက်​ ရှန်းယွမ်လုံက နက်​နက်နဲ​နဲ​ တွေး​တော​နေဟန်နှင့် ခဏတာ တိတ်​ဆိတ်​သွားသည်။ ထို့နောက်​ ကျန်း​ချန်​ရွှမ်​တို့ကို​ စူးစိုက်ကြည့်၍

“ချန်​ရွှမ်နဲ့ ရူယန် မင်းတို့​နှစ်ယောက်​ မန်ရွှယ်ကို သွားတွေ့တုန်းက မင်း​တို့​အတွက်​ဆိုပြီး​ ကောင်းကင်​ဘုံ​တွက်ချက်​နည်း​ကို ပေးခဲ့တယ်မလား”

ရှန်းယွမ်လုံ၏ ကောက်​ခါငင်ခါ အမေးကြောင့် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့လည်း​ အနည်းငယ်​ဆွံ့အသွားမိသည်။ ထိုအခါ ရှန်း​ယွမ်လုံက​ပင်

“သူမင်းတို့ကို ဒီကျင့်စဉ်ပေးတယ်ဆိုတာ လောကမှာ ဒီလို​နည်း​စနစ်​မျိုး​ တည်ရှိနေကြောင်း အသိပေးရုံသက်သက်ပဲ၊ မင်း​တို့ကို​ ကျင့်​ကြံ​စေချင်လို့ မဟုတ်​ဘူး၊ မင်း​တို့​လည်းသိမှာပါ၊ ဒီနည်းစနစ်ကို အသုံးပြု​သူဟာ ကောင်း​ကင်ဘုံ​ရဲ့ ဒဏ်ခတ်ရခြင်းကို ကျိန်းသေခံယူရလိမ့်မယ်။ ဒီတော့​ မန်​ရွှယ်​ကို သင်ခန်းစာယူပြီး ဒီကျင့်စဉ်ကို လုံး​ဝမကျင့်ကြံမိစေနဲ့”

ရှန်းယွမ်လုံ၏ သတိပေး​စကား​ကြောင့်​ ကျန်း​ချန်​ရွှမ်တို့ နှစ်ဦးလည်း ခေါင်း​ကို ခပ်သွက်သွက်​ ညိတ်​မိလိုက်ကြသည်။ ထို့နောက်​ ကျန်း​ချန်​ရွှမ်က တစ်​စုံ​တစ်ခုကို ရုတ်တရက်​သတိရ​လိုက်ပြီး

“ဘိုး​ဘေး​မန်​ရွှယ်က ကျွန်တော်​တို့ကို ပစ္စည်း​နှစ်ခုပေးလိုက်ပါတယ်။ ဒီနှစ်​ခုလုံး​ကို ရှန်းမိသားစု​လက်ထဲ အပ်​ဖြစ်​အောင် အပ်ဖို့ပါ ပြောခဲ့သေးတယ်။ ပထမ​တစ်​ခုက ကန်းယန်​ဂိုဏ်း​ရဲ့ အတွင်း​စည်း​တပည့်အဖြစ် ဝင်ရောက်​နိုင်​ခွင့် ကျောက်​စိမ်း​ပြားပါ၊ ဒုတိယ​တစ်​ခုက ဘိုး​ဘေး​မန်​ရွှယ် နှစ်ကာလများစွာ စုဆောင်း​လာ​ခဲ့​တဲ့​ ရတနာ​ပစ္စည်း​တွေ ပါဝင်​တဲ့ သိုလှောင်​လက်​စွပ်ပါ”

ကျန်း​ချန်​ရွှမ်က အဆိုပါ​ပစ္စည်း​နှစ်ခုကို ဝတ်​ရုံ​ထဲမှ ထုတ်​ယူကာ ရှန်း​ယွမ်လုံ​ထံ အပ်နှံလိုက်သည်။ ရှန်း​ယွမ်လုံသည် စကား​တစ်​ခွန်း​မှ မဆိုဘဲ ထို​ပစ္စည်း​နှစ်ခုကို ညင်သာစွာ ပွတ်သပ်ကိုင်တွယ်ရင်း အဝေး​တစ်​နေရာ​သို့​ ငေးကြည့်နေသည်။ သူ့စိတ်အာရုံက အတိတ်​မှ လွမ်း​မော​ဖွယ်​ကာလ​များကို ပြန်ပြောင်းသတိရနေဟန်တူသည်။ ခဏအကြာတွင်​ ရှန်း​ယွမ်လုံ​တစ်ယောက်​ အသိဝင်လာပြီး ပြုံး​ရယ်​လျက်

“ချန်​ရွှမ် ရူယန် ကျေးဇူးတင်​ပါတယ်​ကွာ”

ထိုအချိန်တွင် ရှန်းတောက်​မင် ဂူ​ပိတ်​ကျင့်ကြံနေသော တောင်​ထွတ်​တစ်နေရာမှ​ အားကောင်း​ပြင်းထန်​သော အော်​ရာ​လှိုင်း​များ​ တိုး​ထွက်လာတော့သည်။

***

All Chapters