ရှန်းယွမ်လုံ ကျီဖု ပဥ္စမအဆင့်ကိုရောက်ရှိခြင်း
Vol. 7 Ch. 128
ထိုစကားကိုကြားလျှင်ရှန်းယွမ်လုံတစ်ယောက် အံ့အားသင့်မိသလို အနည်းငယ်လည်း တုန်လှုပ်လှုပ်သွားဟန်တူသည်။ ထို့နောက်တွင် ပျော်ရွှင်နှစ်သိမ့်သည့် ခံစားချက်များက ဖုံးလွှမ်းသွားကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်တော့သည်။
“ကောင်းတယ် ကောင်းတယ်၊ မင်းတို့ ဒီခရီးကအပြန်မှာ ဒီလောက်ထိ တိုးတက်မှုရလာမယ်လို့ ဘယ်သူထင်ထားခဲ့မလဲ၊ ဘာပဲပြောပြော ငါတို့မျိုးနွယ်စုရဲ့ အစဉ်အလာကို ကောင်းကောင်းထိန်းသိမ်းနိုင်ပြီပေါ့လေ”
ထို့နောက် ရှန်းယွမ်လုံ၏ အကြည့်က ကျန်းချန်ရွှမ်ထံ ရောက်ရှိလာသည်။
“ချန်ရွှမ် မင်းရဲ့ အဆီအနှစ်စွမ်းအင်၊ချီဓာတ်နဲ့ ဝိညာဉ်စွမ်းအင်တွေ တစ်သားတည်းဖြစ်နေတာကို ငါခံစားမိတယ်၊ မဟုတ်မှလွဲရော မင်းလည်း…..”
ကျန်းချန်ရွှမ်က ပြုံးရင်းခေါင်းညိတ်လိုက်သည်။ ဘိုးဘေးဖြစ်သူကို မကွယ်ဝှက်တော့ဘဲ အမှန်အတိုင်း ဝန်ခံလိုက်ရန်.ဆုံးဖြတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ဘိုးဘေးထင်သလိုပဲ ကျွန်တော်လည်း ကျီဖုနယ်ပယ်ထဲ ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်၊ ဒီကြားထဲမှာ အနှောက်အယှက်မရှိရင် မကြာခင်မှာပဲ ကျီဖုအဆင့်ကို တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”
ကျန်းချန်ရွှမ်၏ အတည်ပြုစကားကို ကြားသောအခါ ရှန်းယွမ်လုံတစ်ယောက် ဟန်ပင်မဆောင်နိုင်တော့ဘဲ ဝမ်းသာအားရ ရယ်မောလိုက်တော့သည်။
“ကောင်းတယ်၊ မင်းတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး ငါထင်ထားတာတွေ မှန်နေပြီပဲ၊ မင်းတို့နှစ်ယောက်လုံး အင်မော်တယ်တွေ ဖြစ်ဖို့ အလားအလာ အရမ်းကောင်းတယ်၊ ဒီကံကြမ္မာက မင်းတို့နှစ်ယောက်အတွက်သာမကဘူး ငါတို့ရှန်းတစ်မျိုးနွယ်လုံးရဲ့ ကံကြမ္မာလည်းဖြစ်တယ်၊ ရှေ့ဆက်ပြီးလည်း မင်းတို့နှစ်ယောက် အတူလက်တွဲပြီး တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြပါစေကွာ၊ ဒါဆိုရင် ငါလည်းသေပျော်ပါပြီ”
ရှန်းရူယန်က ဘိုးဘေးဖြစ်သူ၏ စကားကိုနားထောင်ရင်း ပြုံးလိုက်မိသည်။ ထို့နောက် ရှန်းရူယန်က
“ဘိုးဘေး၊ ကျွန်မတို့ ဒီခရီးစဉ်အတွင်းမှာ ရခဲ့တာတွေ အများကြီးပဲ။ အဲဒီထဲမှာ ဘိုးဘေးအတွက် အကျိုးရှိမဲ့ လက်ဆောင်တစ်ခုလည်း ပါတယ်”
ထို့နောက် ရှန်းရူယန်သည် မွှေးကြိုင်သော အနံ့အရသာရှိသည့် သစ်သီးတစ်လုံးကို ရှန်းယွမ်လုံထံ ကမ်းပေးလိုက်သည်။ ရှန်းယွမ်လုံသည် ထိုသစ်သီးကိုမြင်လျှင် အနည်းငယ်အံ့သြသွားပြီး နှုတ်မှရေရွတ်လိုက်မိသည်။
“လမင်းကြည့်သစ်သီး”
ကျန်းချန်ရွှမ်က ပြုံးလျက် ထောက်ခံလိုက်သည်။
“ဟုတ်တယ် ဘိုးဘေး လမင်းကြည့်သစ်သီးပဲ၊ စားသုံးလိုက်သူရဲ့ သက်တမ်းကို နှစ်ငါးဆယ်အထိ တိုးမြှင့်ပေးနိုင်တဲ့ ဝိညာဉ်သစ်သီးတစ်မျိုးပဲ။ ဒါကြောင့်မလို့ ကျွန်တော်တို့ကို ထားခဲ့တော့မယ်ဆိုတဲ့ စကားမျိုးမပြောပါနဲ့တော့။ ဘိုးဘေးက အသက်အရှည်ကြီးနေရမဲ့အပြင် အခွင့်အခါသင့်ရင် ရွှေအမြုတေနယ်ပယ်အထိ ရောက်သွားနိုင်ပါတယ်”
ကျန်းချန်ရွှမ်၏ နှစ်သိမ့်စကားမှာ သူ့အားပျော်ရွှင်စေရန် ရည်ရွယ်လိုက်မှန်းသိသည့်တိုင် ရှန်းယွမ်လုံတစ်ယောက် နှစ်သိမ့်ကြည်နူးမိသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် လမင်းကြည့်သစ်သီး၏ စွမ်းအားကိုလည်း ကြားဖူးနားဝရှိထားသောကြောင့် အသက်၃၀၀ ရှိပြီးဖြစ်သော ရှန်းယွမ်လုံတစ်ယောက် မကြုံစဖူး စိတ်လှုပ်ရှားမိသွားသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လက်ဆောင်ကို လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံသူများသည် ဘဝတွင် မည်မျှပင်ပန်းနာကျင်နေပါစေ ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက်ရောင်ခြည် တစွန်းတစကို လက်လွှတ်ခံမည့်သူ မရှိသလောက်နည်းပါလိမ့်မည်။ ရှန်းယွမ်လုံအနေနှင့်လည်း ဆက်လက်ရှင်သန်၍ ကျင့်ကြံမှုလမ်းစဉ်ကို လျှောက်လှမ်းလိုပါသေးသည်။ ထို့ကြောင့် ရှန်းယွမ်လုံလည်း သစ်သီးကို လက်ခံရယူပြီး သူ၏ ကိုယ်ပိုင်ဂူဗိမာန်အတွင်းသို့ ဝင်ရောက်သွားပါတော့သည်။
များမကြာမီ ရှန်းယွမ်လုံဝင်သွားသော ဂူအတွင်းမှ သိပ်သည်းအားကောင်းသော အော်ရာလှိုင်းများ လှိမ့်ထွက်လာသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။ သူတို့နှစ်ဦးသား ဂူတံခါးကို အာရုံစိုက်အကဲခတ်နေချိန်တွင်ပင် ဂူတံခါးပွင့်သွားပြီး ရှန်းယွမ်လုံတစ်ယောက် ပြန်ထွက်လာတော့သည်။ ရှန်းယွမ်လုံ၏ အသွင်အပြင်မှာ နဂိုမူလကထက် နုပျိုသွားသလို သူ၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အော်ရာလှိုင်းသည်လည်း အဆများစွာ ပိုမိုအားကောင်းနေတော့သည်။
အခြေအနေကို နားလည်လိုက်သော ကျန်းချန်ရွှမ်တို့လည်း ကမန်းကတန်း ဂါရဝပြုလိုက်ပြီး
“နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ဘိုးဘေး၊ ရွှေအမြုတေအဆင့်ထိ ရောက်ဖို့ မျှော်လင့်ချက်တွေရှိလာပြီပေါ့”
ထိုအခါက ရှန်းယွမ်လုံက ရွှင်မြူးစွာ ရယ်မောလိုက်ပြီး
“မမြှောက်ကြပါနဲ့ကွာ၊ ငါ့အခြေအနေကို ငါသိတာပေါ့၊ ရွှေအမြုတေအဆင့်ကို ထားလိုက်ဦး၊ ကျီဖု နောက်ဆုံးအဆင့် ရောက်ဖို့တောင် အနိုင်နိုင်ကြိုးစားရမှာ။ အခု ငါအဆင့်တက်နိုင်ခဲ့တယ် ဆိုတာက မင်းတို့ရဲ့သစ်သီးကြောင့်ရယ်၊ ငါ့အနေနဲ့ စတုတ္ထအဆင့်မှာ တန့်နေခဲ့တာ ကြာပြီဆိုတဲ့ အချက်တွေကြောင့်ပဲ၊ အဓိကကတော့ မင်းတို့ယူလာတဲ့ သစ်သီးကြောင့်ပေါ့”
ထို့နောက် ရှန်းယွမ်လုံသည် တစ်စုံတစ်ခုကို တွေးမိဟန်နှင့် မျက်လုံးထဲတွင် ကြေကွဲရိပ်များသန်းသွားသည်။
“မင်းတို့ဘိုးဘေး မန်ရွှယ်တစ်ယောက် ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေကို တူးဆွတာ များသွားခဲ့တယ်၊ ဒီသစ်သီးလို ဝိညာဉ်ရတနာတွေအကူအညီနဲ့တောင် သူ့သက်တမ်းကို မဆွဲဆန့်နိုင်ခဲ့ရှာဘူး၊ ကောင်းကင်ဘုံကပေးတဲ့ ပြစ်ဒဏ်ဆိုတာ ဒါမျိုးထင်ပါရဲ့”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အကြည့်ချင်းဆုံမိသွားသည်။ ဘိုးဘေးမန်ရွှယ် ကွယ်လွန်ကြောင်းကို ရှန်းယွမ်လုံထံ အသိမပေးရသေးကြောင်း ရှန်းပိုင်ဖေးကိုယ်တိုင် ပြောခဲ့သည်မဟုတ်ပါလား။ ကျန်းချန်ရွှမ်တို့၏ အတွေးကို ရိပ်မိလိုက်ဟန်တူသော ရှန်းယွမ်လုံက
“ငါနဲ့ မန်ရွှယ်က တစ်မအေတည်းက မွေးတဲ့မောင်နှမပဲ၊ သူသေသွားတာ ငါသိပါတယ်၊ ပိုင်ဖေးတို့ သဘောအတိုင်း ငါမသိချင်ယောင်ဆောင်ပေးခဲ့တာပါ”
ထို့နောက် ရှန်းယွမ်လုံက နက်နက်နဲနဲ တွေးတောနေဟန်နှင့် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် ကျန်းချန်ရွှမ်တို့ကို စူးစိုက်ကြည့်၍
“ချန်ရွှမ်နဲ့ ရူယန် မင်းတို့နှစ်ယောက် မန်ရွှယ်ကို သွားတွေ့တုန်းက မင်းတို့အတွက်ဆိုပြီး ကောင်းကင်ဘုံတွက်ချက်နည်းကို ပေးခဲ့တယ်မလား”
ရှန်းယွမ်လုံ၏ ကောက်ခါငင်ခါ အမေးကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အနည်းငယ်ဆွံ့အသွားမိသည်။ ထိုအခါ ရှန်းယွမ်လုံကပင်
“သူမင်းတို့ကို ဒီကျင့်စဉ်ပေးတယ်ဆိုတာ လောကမှာ ဒီလိုနည်းစနစ်မျိုး တည်ရှိနေကြောင်း အသိပေးရုံသက်သက်ပဲ၊ မင်းတို့ကို ကျင့်ကြံစေချင်လို့ မဟုတ်ဘူး၊ မင်းတို့လည်းသိမှာပါ၊ ဒီနည်းစနစ်ကို အသုံးပြုသူဟာ ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ရခြင်းကို ကျိန်းသေခံယူရလိမ့်မယ်။ ဒီတော့ မန်ရွှယ်ကို သင်ခန်းစာယူပြီး ဒီကျင့်စဉ်ကို လုံးဝမကျင့်ကြံမိစေနဲ့”
ရှန်းယွမ်လုံ၏ သတိပေးစကားကြောင့် ကျန်းချန်ရွှမ်တို့ နှစ်ဦးလည်း ခေါင်းကို ခပ်သွက်သွက် ညိတ်မိလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်ပြီး
“ဘိုးဘေးမန်ရွှယ်က ကျွန်တော်တို့ကို ပစ္စည်းနှစ်ခုပေးလိုက်ပါတယ်။ ဒီနှစ်ခုလုံးကို ရှန်းမိသားစုလက်ထဲ အပ်ဖြစ်အောင် အပ်ဖို့ပါ ပြောခဲ့သေးတယ်။ ပထမတစ်ခုက ကန်းယန်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်နိုင်ခွင့် ကျောက်စိမ်းပြားပါ၊ ဒုတိယတစ်ခုက ဘိုးဘေးမန်ရွှယ် နှစ်ကာလများစွာ စုဆောင်းလာခဲ့တဲ့ ရတနာပစ္စည်းတွေ ပါဝင်တဲ့ သိုလှောင်လက်စွပ်ပါ”
ကျန်းချန်ရွှမ်က အဆိုပါပစ္စည်းနှစ်ခုကို ဝတ်ရုံထဲမှ ထုတ်ယူကာ ရှန်းယွမ်လုံထံ အပ်နှံလိုက်သည်။ ရှန်းယွမ်လုံသည် စကားတစ်ခွန်းမှ မဆိုဘဲ ထိုပစ္စည်းနှစ်ခုကို ညင်သာစွာ ပွတ်သပ်ကိုင်တွယ်ရင်း အဝေးတစ်နေရာသို့ ငေးကြည့်နေသည်။ သူ့စိတ်အာရုံက အတိတ်မှ လွမ်းမောဖွယ်ကာလများကို ပြန်ပြောင်းသတိရနေဟန်တူသည်။ ခဏအကြာတွင် ရှန်းယွမ်လုံတစ်ယောက် အသိဝင်လာပြီး ပြုံးရယ်လျက်
“ချန်ရွှမ် ရူယန် ကျေးဇူးတင်ပါတယ်ကွာ”
ထိုအချိန်တွင် ရှန်းတောက်မင် ဂူပိတ်ကျင့်ကြံနေသော တောင်ထွတ်တစ်နေရာမှ အားကောင်းပြင်းထန်သော အော်ရာလှိုင်းများ တိုးထွက်လာတော့သည်။
***