ရှန်းတောက်မင် ဂူထဲကထွက်လာပြီ
Vol. 7 Ch. 129
ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့လည်း အော်ရာများ ထွက်ပေါ်လာသည့် နေရာကို လှမ်းမျှော်ကြည့်ပြီးနောက် ဝမ်းသာအားရနှင့်
“အစ်ကိုတောက်မင် ပဲ”
ရှန်းယွမ်လုံက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
“ ဟုတ်တယ် ငါထင်တာမမှားရင် တောက်မင် ကျီဖုအဆင့်ကို ရောက်သွားပြီထင်တယ်၊ အခြေအနေသွားကြည့်ကြစို့”
ထို့နောက် သုံးဦးသား ဟွားဝူတောင်ထိပ်မှ ရှန်းတောက်မင် ကျင့်ကြံနေသော တောင်ထွတ်ရှိရာသို့ ပျံသန်းလာကြသည်။ ရှန်းတောက်မင်၏ လှိုဏ်ဂူပြင်ပတွင် အော်ရာများမှာ တစ်စထက်တစ သိပ်သည်းလာသည်။ အဆိုပါအော်ရာများသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာလှိုင်းမျိုး မဟုတ်တော့ပေ။ မကြာမီ ကျန်းချန်ရွှမ်တို့ သုံးဦးသား လှိုဏ်ဂူရှေ့သို့ ဆင်းသက်လိုက်ကြသည်။ ဂူ၏ အထက်ဝဲယာ လေထုတွင် သိပ်သည်းပြင်းထန်သည့် အော်ရာလှိုင်းများ အဆက်မပြတ် လှိမ့်ထွက်နေသည်ကို ထောက်ချင့်၍ ရှန်းတောက်မင်တစ်ယောက် ကျီဖုအဆင့်ကို ရောက်ရှိသွားမှန်း ပို၍ သေချာသွားသည်။
“ခဏစောင့်ကြရအောင်၊ တောက်မင်က ကျီဖုနယ်ပယ်နဲ့ ကျင့်သားရအောင် အချိန်ထပ်ယူနေတာဖြစ်မယ်”
ရှန်းယွမ်လုံ၏စကားကို ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း သဘောတူလိုက်ပြီး ဂူရှေ့တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ကြသည်။ များမကြာမီ ရှန်းပိုင်ဖေး၊ရှန်းရူရွှမ်နှင့် ရှုန်းဝမ်တောက်တို့လည်း အသီးသီး ရောက်ရှိလာကြတော့သည်။ ရှန်းရူယန်တို့နှင့် အတူထိုင်နေသော ရှန်းယွမ်လုံကို မြင်လျှင် သုံးဦးစလုံး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“ဘိုးဘေးက…..”
ရှန်းပိုင်ဖေး၏ စကားမဆုံးခင်ပင် ရှန်းယွမ်လုံက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် လောလောဆယ် ငါ့မှာ အသက်အန္တရာယ်မရှိတော့ဘူး။ ဒီက ချန်ရွှမ်နဲ့ ရူယန်တို့ ကျေးဇူးကြောင့်ပေါ့”
ထိုအခါ ရှန်းပိုင်ဖေးတို့ သုံးဦးမှာ ဝမ်းသာလွန်း၍ အသံများပင် တုန်ယင်လာတော့သည်။
“တကယ်လား ဘိုးဘေး၊ ဘိုးဘေးမှာ တကယ်ပဲ အသက်အန္တရာယ်မရှိတော့ဘူးပေါ့”
ရှန်းယွမ်လုံ၏ အာမခံစကားကိုကြားပြီးနောက် ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ် နှင့် ရှုန်းဝမ်တောက်တို့မှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ဝမ်းသာအားရ ရယ်မောလိုက်ကြတော့သည်။ ရှန်းရူယန်တစ်ယောက် ကျီဖုအဆင့်သို့ ရောက်ရှိပြီး မကြာမီမှာပင် ရှန်းတောက်မင်သည်လည်း ကျီဖုအဆင့်ကို တက်လှမ်းနိုင်တော့မည်ဖြစ်ရာ ရှန်းမိသားစုအတွက် သတင်းကောင်းများ ဆက်တိုက်ဆိုသလို ကြားသိနေရသည့်အတွက် သုံးဦးသားမှာ အတိုင်းမသိ ပျော်ရွှင်နှစ်သိမ့်နေကြတော့သည်။
ထိုစဉ်မှာပင် ဂူတံခါးပွင့်သွားပြီး အနက်ရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် ရှန်းတောက်မင်တစ်ယောက် သူတို့ထံ လျှောက်လှမ်းလာသည်ကို တွေ့ရသည်။ ရှန်းရူယန်က ဦးစွာ ရှေ့ထွက်ပြီး ဂါရဝပြုလိုက်သည်။
“ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ် အစ်ကိုတောက်မင်၊ အစ်ကိုအနေနဲ့ အင်မော်တယ်တစ်ပါးဖြစ်ဖို့ အခွင့်အလမ်းပွင့်သွားပါပြီ”
ထို့နောက် ကျန်လူများအားလုံးသည်လည်း ဝမ်းသာအားရ ဂုဏ်ပြုလိုက်ကြသည်။ ရှန်းတောက်မင်က ပြုံးရယ်လျက် ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် သူ့အကြည့်က ရှန်းရူယန်နှင့် ရှန်းယွမ်လုံ ထံ ရောက်သွားပြီး အကြီးအကျယ် အံ့အားသင့်သွားသည်။
“ရူယန် မင်းလည်း ကျီဖုအဆင့် ရောက်သွားပြီပေါ့၊ ပြီးတော့ ဘိုးဘေးရော နေပြန်ကောင်းလာပြီပေါ့”
ရှန်းတောက်မင်၏ အံ့သြမှုက အဆုံးမသတ်သေးပါ။ သူ့အကြည့်က ကျန်းချန်ရွှမ်ထံ ရောက်ရှိသွားပြီး
“ချန်ရွှမ် မင်းရောပဲ ကျီဖုအဆင့်ကို ရောက်တော့မှာပေါ့”
သူ့စကားကိုကြားလျှင် ရှန်းရူယန်နှင့် ရှန်းယွမ်လုံမှအပ ကျန်လူအားလုံး အံ့သြတုန်လှုပ်သွားကြသည်။ ကျန်းချန်ရွှမ်မှာ ကျီဖုအဆင့်ကို မရောက်သေးသည့်တိုင် အနေအထားတစ်ခုရှိနေမှန်း သူတို့ရိပ်မိပြီးဖြစ်သော်လည်း ကျီဖုနယ်ပယ်သို့ ခြေတစ်လှမ်းအကွာတွင် ရောက်ရှိနေမှန်းကိုတော့ သူတို့အားလုံး မမျှော်လင့်ထားသလို ကျန်းချန်ရွှမ်ကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။ ယခု ရှန်းတောက်မင်၏စကားအရ ကျန်းချန်ရွှမ်သည်လည်း ကျီဖုအဆင့်ကို အနှေးနှင့်အမြန် ရောက်ရှိတော့မည်ဖြစ်ကြောင်းကို သိရှိလိုက်ရ၍ ရှန်းပိုင်ဖေးတို့အားလုံး၏ ပျော်ရွှင်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
မကြာခင်ကာလတွင် ရှန်းမိသားစုတွင် ကျီဖုအဆင့် လေးဦးအထိ ရှိလာမည်ဖြစ်ရာ မဝေးတော့သည့်ကာလအတွင်း ရှန်းမျိုးနွယ်စုမှာ ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ ထိုအတွေးကြောင့် ရှန်းပိုင်ဖေးတို့မှာ စိတ်လှုပ်ရှားပြီး ပြောစရာစကားလုံးများပင် ပျောက်ဆုံးနေပါတော့သည်။ ရှန်းတောက်မင်က အခြေအနေကို အကဲခတ်ပြီးနောက်
“ကျုပ်ထင်ထားသလိုပါပဲလား၊ ဒါနဲ့ ကျုပ်မရှိတဲ့ အတောအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ အကြောင်းစုံပြောပြပါလား”
ထိုအခါ ရှန်းပိုင်ဖေးတို့၏ မျက်နှာများ ညှိုးငယ်ကုန်ပြီး အချိန်အတန်ကြာ တိတ်ဆိတ်သွားကြသည်။ ထို့ကြောင့် ရှန်းရူယန်ကပင် ရှေ့ထွက်လိုက်ပြီး
“အစ်ကိုမရှိတဲ့ ဒီနှစ်တွေထဲမှာ ဖြစ်သွားတာတော့ အများကြီးပဲ”
ထိုကဲ့သို့ စကားပလ္လင်ခံပြီးနောက် ရှန်းရူယန်က ဖြစ်ခဲ့သမျှ အကြောင်းစုံကို ရှင်းလင်းတင်ပြလိုက်သည်။ ထိုအထဲတွင် ရှန်းယွမ်လုံပင် သိရှိခြင်းမရှိသေးသော ကျန်းမိသားစုအရေးလည်းပါဝင်သည်။ ထိုနေရာရောက်လျှင် ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံ နှစ်ဦးစလုံး မျက်နှာပျက်သွားသည်။
သို့သော် ရှန်းတောက်မင်၏ နှလုံးသားကို အထိခိုက်ဆုံးမှာ ရှန်းမန်ရွှယ်ကွယ်လွန်သည့် ကိစ္စပင်ဖြစ်သည်။ မိသားစု၏ အကြီးအကဲအဖြစ် တာဝန်ယူထားသူတစ်ဦးအနေနှင့် ရှန်းမန်ရွှယ်၏ ရှန်းမျိုးနွယ်စုအတွက် အရေးပါပုံအကြောင်းကို နားလည်ထားပြီးဖြစ်သည်။ ရှန်းမန်ရွှယ်သည် ရှန်းမိသားစုဝင် မဟုတ်တော့သည်မှာ ကြာပြီဖြစ်သော်လည်း ရှန်းမိသားစုကို သူမအနေနှင့် တိုက်ရိုက်တဖုံ၊ သွယ်ဝိုက်၍တဖုံ ကူညီထောက်ပံ့ပေးခဲ့သည်။
လတ်တလော ရှန်းမိသားစုရင်ဆိုင်နေရသော အခက်အခဲများကြောင့် ရှန်းမန်ရွှယ်၏ စျာပနကို သွားရောက်ဂါရဝပြုမည့်အရေးကို ခေတ္တဘေးဖယ်ထားခဲ့ရသော်လည်း ယခုအခါ သူနှင့် ညီမဖြစ်သူ ရှန်းရူယန်တို့မှာ ကျီဖုအဆင့်ကို ရောက်ရှိပြီးဖြစ်သည့်အပြင် ဘိုးဘေးသည်လည်း ကျန်းမာလာပြီဖြစ်ရာ မူလအစီအစဉ်အတိုင်း ကန်းယန်ဂိုဏ်းသို့ သွားရောက်၍ ဂါရဝပြုမှဖြစ်မည်ဟု ရှန်းတောက်မင် တွေးမိလိုက်ပြီး သူ့အကြံအစည်ကို တင်ပြလိုက်သည်။
ကျန်လူအားလုံးလည်း သူ့အစီအစဉ်ကို သဘောတူလိုက်သည်။ ရှန်းယွမ်လုံက
“တောက်မင်ပြောတာ သဘာဝကျတယ်၊ ငါတို့မိသားစု လုံခြုံသွားပြီဆိုတော့ ကန်းယန်ဂိုဏ်းကို လူလွှတ်ပြီး မန်ရွှယ်အတွက် ဂါရဝပြုမှ သင့်တော်မယ်၊ ဒီလိုလုပ်လေ၊ မင်းရယ် ချန်ရွှမ်နဲ့ ရူယန်ရယ် သုံးယောက် ကန်းယန်ဂိုဏ်းကိုသွားပါ။ ဒီကနေ တစ်ခါတည်း ကြေငြာလိုက်မယ်။ တောက်မင်က မိသားစုအကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူရမယ်၊ ချန်ရွှမ်နဲ့ ရူယန်တို့ကို အဓိပတိအကြီးအကဲအဖြစ် အဆင့်တိုးပေးလိုက်တယ်။ မင်းတို့သုံးဦးက ရှန်မျိုးနွယ်စုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်လာပြီမလို့ ကန်းယန်ဂိုဏ်းကို သွားမဲ့ခရီးအပေါ် ရှန်းမိသားစုရဲ့ အလေးထားမှုကိုပါ တစ်ပါတည်း ဖော်ပြပြီးဖြစ်လိမ့်မယ်”
***