ဂါရဝပြုခြင်း
Vol. 7 Ch. 130
ယေဘုယျအားဖြင့် ကျီဖုအဆင့် အင်မော်တယ်မိသားစုတစ်ခုတွင် မိသားစုအကြီးအကဲ တာဝန်ယူထားသူသည် ကျီဖုအဆင့်သို့ ရောက်ရှိသည်နှင့် လက်ရှိရာထူးကို စွန့်လွှတ်ပြီး အဓိပတိအကြီးအကဲအဖြစ် ပြောင်းလဲတာဝန်ယူရသည့် အစဉ်အလာတစ်ခု ရှိစမြဲဖြစ်သည်။ မိသားစုအကြီးအကဲရာထူးသည် တာဝန်များပြားသည့်အတွက် မျိုးနွယ်စု အရေးကိစ္စများကို အာရုံစိုက်စရာ အနည်းနှင့်အများ မလိုအပ်သော အဓိပတိအကြီးအကဲအဖြစ် ပြောင်းလဲတာဝန်ယူခြင်းဖြင့် မိမိ၏ ကျင့်ကြံမှုတိုးတက်ရေးကို အပြည့်အဝ အာရုံစိုက်နိုင်မည်ဖြစ်သည်။
သို့သော် လက်ရှိရှန်းမျိုးနွယ်စုအတွက်တော့ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်။ လက်ရှိအချိန်တွင် ရှန်းတောက်မင်၏ နေရာကို အစားထိုးဆက်ခံနိုင်လောက်သည့် အရည်အချင်းမျိုး ပြည့်ဝသူ ရှန်းမိသားစုတွင် မရှိသေး၍ ရှန်းတောက်မင်ကိုသာ မိသားစုအကြီးအကဲအဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်ကို အဓိပတိအကြီးအကဲအဖြစ် ခန့်အပ်လိုက်ခြင်းသည် ရှိရင်းစွဲ ထုံးတမ်းအချို့နှင့် အနည်းငယ်ကွဲလွဲနေပြန်သည်။ အင်မော်တယ်မိသားစုကြီးများတွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးကို အဓိပတိအကြီးအကဲအဖြစ် ခန့်အပ်ရိုးထုံးစံမရှိ။
သို့သော် ကျန်းချန်ရွှမ်မှာ ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်အပြင် သူစွမ်းဆောင်ခဲ့သည်များကလည်း အထင်ကြီးလောက်စရာ ဖြစ်သည့်အတွက် ရှန်းယွမ်လုံက သည်တစ်ခါ ခြွင်းချက်ထား၍ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ကျန်လူများကလည်း ရှန်းယွမ်လုံ စီမံသည့်အတိုင်း နာခံရန် သဘောတူလိုက်ကြသည်။
…..
ရက်အနည်းငယ်ကြာပြီးနောက်…..
ရှန်းတောက်မင်က ဦးဆောင်လျက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယွီဟွာတောင်မှ ထွက်ခွာလာပြီး ကန်းယန်းဂိုဏ်းထံသို့ ဦးတည်ပျံသန်းလိုက်ကြသည်။ သုံးဦးသား၏ ကျင့်ကြံမှုအဆင့်အတန်းကြောင့် ဆယ်ရက်မပြည့်မီ ကန်းယန်ဂိုဏ်းနယ်ပယ်အတွင်းသို့ ရောက်ရှိလာကြသည်။ ကန်းယန်ဂိုဏ်း ဌာနချူပ်သို့ ရောက်ရှိသောအခါ ယွင်တုန်းရှန်က သူတို့အား ဆီးကြိုလျက် စောင့်မျှော်နေသည်ကို တွေ့ရသည်။ သူတို့သုံးဦးရောက်ရှိလာမည့် အကြောင်းနှင့် အဖြစ်အပျက်အလုံးစုံကို ကန်းယန်ဂိုဏ်းဖက်မှ ကြိုတင်သိရှိပြီးဖြစ်၍ ယွင်တုန်းရှန်က အံ့အားသင့်ဟန် မပြဘဲ ပုံမှန်အတိုင်း ဆီးကြိုနှုတ်ဆက်ပါသည်။
ရှန်းတောက်မင်အနေနှင့် မတွေးဘဲမနေနိုင်သည့် အချက်မှာ ယွင်တုန်းရှန်ကို သူတို့အားလုံး ပထမဆုံး သိကျွမ်းစဉ်က သူတို့သုံးယောက်အတွက် ယွင်တုန်းရှန်သည် ကျင့်ကြံမှုအဆင့် များစွာသာလွန်သူ စီနီယာတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ သူတို့မောင်နှမနှစ်ဦးသည် ယွင်တုန်းရှန်နှင့် တန်းတူ ကျီဖုအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ယွင်တုန်းရှန်က သူတို့အားလုံးကို သူနှင့် အဆင့်တူ၊ တန်းတူကျင့်ကြံသူများအဖြစ် အသိအမှတ်ပြု ဆက်ဆံနေသည်ကို ရှန်းတောက်မင်တစ်ယောက် ကျင့်သားမရသေးဘဲ ထူးဆန်းနေသလို ခံစားနေမိသည်။ ထို့မျှမကသေး ကျီဖုအဆင့်ကို မရောက်ရှိသေးသူ ကျန်းချန်ရွှမ်ကိုလည်း ယွင်တုန်းရှန်က သူနှင့်တန်းတူထား၍ ဆက်ဆံနေပြန်သည်။
အကြောင်းအရင်းမှာ ကျန်းချန်ရွှမ်သည် ကျီဖုနယ်ပယ်သို့ တက်လှမ်းရန် လက်တစ်ကမ်းသာ လိုတော့သည်ကို ယွင်တုန်းရှန် သိရှိပြီးဖြစ်သည့်အပြင် ကျန်းချန်ရွှမ်ထံမှ ထွက်ပေါ်နေသည့် သိပ်သည်းအားကောင်းသည့် အော်ရာလှိုင်းကိုလည်း သတိထားမိခြင်းကြောင့်ဖြစ်သည်။ ကျန်းချန်ရွှမ်အနေနှင့် ကျီဖုနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူများကို ကောင်းစွာ ဒုက္ခပေးနိုင်သည်ကို ယွင်တုန်းရှန် နားလည်ပြီးဖြစ်၍ ကျီဖုအဆင့် နဝမအဆင့်ကို ရောက်ရှိနေသူ ဖြစ်လင့်ကစား ကျန်းချန်ရွှမ်အား အထင်မသေးဝံ့ပါ။
များမကြာမီ ရှန်းတောက်မင်တို့သည် ယွင်တုန်းရှန်နှင့် ကန်းယန်ဂိုဏ်း အကြီးအကဲအချို့ကို လက်ဆောင်ပစ္စည်းအချို့ ပေးအပ်ပြီးနောက် စကားစမြည်ပြောဆိုကြည့်သည်။ ယွင်တုန်းရှန်က သက်ပြင်းချလိုက်ပြီး
“အကြီးအကဲမန်ရွှယ် ကွယ်လွန်ပြီးကတည်းက ကျူပ်ဆရာက လူတွေ့မခံတော့ဘဲ တစ်ဦးတည်း အခန်းပိတ်ပြီး နေနေတယ်။ ကျုပ်လို လက်ရင်းတပည့်တွေတောင် တွေ့ခွင့်မရဘူး။ ဒီတော့ ကျုပ်ဆရာနဲ့ တွေ့ဖို့ နည်းနည်းခက်မယ်ထင်တယ်”
အမှန်မှာ ယွင်တုန်းရှန်သည် မယုတ်မလွန် သဘောမျိုး ပြောလိုက်ခြင်းဖြစ်သည်။ ကျန်းပိုင်လုံသည် မည်သူနှင့်မှ လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း တစ်ဂိုဏ်းလုံးကို အသိပေးပြီးဖြစ်၍ ကျန်းပိုင်လုံနှင့် တွေ့ခွင့်ရဖို့မှာ ခက်ခဲရုံမက မဖြစ်နိုင်သလောက်ရှိနေသည်။ သို့သော် ကျန်းချန်ရွှမ်တို့ သည်တစ်ခါ လာရောက်ခြင်းမှာ ကျန်းပိုင်လုံနှင့် တွေ့ဖို့မဟုတ်ဘဲ ဘိုးဘေးမန်ရွှယ်ကို ဂါရဝပြုရန် လာရောက်ခြင်းဖြစ်၍ ထိုကိစ္စအတွက် ပြဿနာမရှိပါ။ ရှန်းတောက်မင်က
“ဒါဆိုလည်း ဆရာကြီးပိုင်လုံကို မနှောက်ယှက်တော့ပါဘူး၊ ကျုပ်တို့ကို ဘိုးဘေးမန်ရွှယ်ဆီကိုပဲ ပို့ပေးပါတော့”
“ကောင်းပါပြီ”
ထို့နောက် ယွင်တုန်းရှန်သည် ကျန်းချန်ရွှမ်တို့သုံးဦးအား ကန်းယန်ဂိုဏ်း အနောက်ဘက်ရှိ တောင်ကုန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။ သူက တောင်ကုန်းတစ်နေရာရှိ အမှတ်တရ ကျောက်ပြားတိုင်တစ်ခုကို ညွှန်ပြလိုက်ရင်း
“အကြီးအကဲမန်ရွှယ်က အဲဒီနေရာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူမကွယ်လွန်ခင်က သူသေဆုံးမဲ့အချိန်ကို ကြိုသိခဲ့ပြီး ဒီနေရာမှာ ခေါင်းချဖို့ တမင်ရွေးချယ်ခဲ့တာပါ။ မင်းတို့ ဂါရဝပြုချင်ရင် ဒီနေရာမှာပဲ ဆောင်ရွက်နိုင်ပါတယ်”
ပုံမှန်အားဖြင့် အဆိုပါတောင်ကုန်းကို အပြင်လူများ ဝင်ရောက်ခွင့်မပြုသော်လည်း ကွယ်လွန်သူကို ဂါရဝပြုမည့်အရေး ဖြစ်နေ၍ ခြွင်းချက်ထား ခွင့်ပြုခြင်းဖြစ်သည်။ ထို့နောက် ရှန်းတောက်မင်က ဦးစီးဦးဆောင်ပြုလျက် ရှန်းမန်ရွှယ်၏ ကျောက်ပြားကို ဦးညွတ်ဂါရဝပြုလိုက်သည်။ တစ်ဆက်တည်းတွင် ရှန်းမိသားစု အစဉ်အလာအတိုင်း ပြုမြဲထုံးတမ်းများကို ဆောင်ရွက်၍ ဆုတောင်းစကားဆိုလိုက်ကြသည်။ ကိစ္စအားလုံးပြီးစီးသောအခါ ရှန်းတောက်မင်က
“ဒါနဲ့ တာအိုရောင်းရင်းယွင် ဘိုးဘေးနေခဲ့တဲ့ လှိုဏ်ဂူကို ကျုပ်တို့ ခဏဖြစ်ဖြစ် လည်ပတ်လို့ရမလား”
ယွင်တုန်းရှန်က ရှန်းတောက်မင်၏ တောင်းဆိုချက်ကို ကြိုတင်သိရှိပြီးဟန်နှင့် အထွေအထူး မဆိုတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ကျုပ်နောက် လိုက်ခဲ့ကြပါ”
ထို့နောက် ယွင်တုန်းရှန်သည် ရှန်းမန်ရွှယ် မကွယ်လွန်မီ အမြဲတစေ နေထိုင်ခဲ့သည့် လှိုဏ်ဂူကို လိုက်ပြသည်။ ဂူသို့ရောက်လျှင် ရှန်းမန်ရွှယ်၏ ဘဝနေထိုင်မှုပုံစံသည် ထည်ဝါခြင်းမရှိ အလွန်ရိုးရှင်းကြောင်း သတိပြုမိလိုက်ကြသည်။ ယွင်တုန်းရှန်က ကျန်းချန်ရွှမ်တို့၏ အတွေးကို ရိပ်မိဟန်နှင့် ရှင်းပြသည်။
“အကြီးအကဲမန်ရွှယ်ပြောဖူးတယ်၊ သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့အတွက် ကောင်းကင်ဘုံက သူ့ကို အတော်လေးမုန်းတီးနေတယ်တဲ့၊ သူသာ အရင်လို ခမ်းခမ်းနားနား နေထိုင်နေမယ်ဆိုရင် ကောင်းကင်ဘုံက သူ့ကို ပိုပြီး အမျက်ရှလိမ့်မယ်တဲ့။ ဒါကြောင့် သူက တတ်နိုင်သမျှ ဆင်းရဲသားတစ်ဦးလို ရိုးရိုးရှင်းရှင်း နေထိုင်သွားခဲ့တာပဲ။ ဒီနည်းနဲ့ သူ့သက်တမ်းကို နှစ်အနည်းငယ် ဆွဲဆန့်နိုင်ခဲ့တယ် ဆိုရမှာပေါ့၊ ဒါပေမဲ့ နတ်ဆိုးသားရဲအဓိကရုန်းမှာ ကျုပ်တို့ကို ကူညီဖို့အတွက် သူက…….”
ယွင်တုန်းရှန်က ဆက်လက်၍ စကားမဆိုနိုင်တော့ဘဲ စိတ်မကောင်းစွာ သက်ပြင်းချလိုက်မိသည်။ ရှန်းမန်ရွှယ်ကို ယွင်တုန်းရှန်အနေနှင့် နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း လေးစားမိဟန်တူသည်။ ရှန်းတောက်မင်တို့သည်လည်း ထိုနည်း၎င်းကောင်းပင် စိတ်ခံစားမှုအမျိုးမျိုး ဖြစ်ပေါ်ခံစားလိုက်ရသည်။ သူတို့ရှိနေသည့် တစ်ခန်းလုံးမှာ ရုတ်တရက် ဝမ်းနည်းမှုများ ကြီးစိုးသွားပြီး လေးကန်ထိုင်းမှိုင်းသွားသလို ခံစားမိလိုက်ကြသည်။ မကြာခင်တွင် လေးဦးသား ရှန်းမန်ရွှယ်၏ အခန်းမှ လေးကန်သော ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့ကြတော့သည်။
ဂူအပြင်ရောက်လျှင် သူတို့လေးဦးသည် အရက်ပုလင်းကိုကိုင်လျက် ဒယိမ်းဒယိုင် လျှောက်လာသော အဘိုးကြီးတစ်ဦးနှင့် ပက်ပင်းတိုးမိသည်။ အဘိုးကြီးမှာ လေးစားလောက်စရာ အသွင်အပြင်မရှိသည့်အပြင် လမ်းလျှောက်နေရင်းတွင် အရက်ပုလင်းကို မော့သောက်နေလိုက်သေးသည်။ သို့သော် ထူးဆန်းစွာပင် ယွင်တုန်းရှန်တစ်ယောက် ထိုအဘိုးကြီးကိုမြင်လျှင် ကမန်းကတန်း ဂါရဝပြုလိုက်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
“ဆရာကြီး ခုနှစ်စင်ကြယ် ခင်ဗျား”
ထိုအဘိုးကြီးက ယွင်တုန်းရှန်၏ စကားကိုကြားလျှင် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်က ရှန်းတောက်မင်၊ ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့ သုံးဦးထံသို့ ကျရောက်သွားသည်။ ထိုအခါ ယွင်တုန်းရှန်က အလျင်အမြန်ကြားဝင်၍
“ဆရာကြီးခင်ဗျား သူတို့က အကြီးအကဲမန်ရွှယ်ရဲ့ ဆွေမျိုးသားချင်းတွေပါ။ ကွယ်လွန်သူကို ဂါရဝပြုဖို့ ရောက်လာကြတာပါ”
***