← Chapters

နောက်တစ်ဆင့် တက်လှမ်းခြင်း (၁)

Vol. 7 Ch. 131

နောက်တစ်ဆင့် တက်လှမ်းခြင်း (၁)

Vol. 7 Ch. 131

အဘိုးကြီးက အသာပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုဘဲ ကျန်းချန်ရွှမ်တို့လူစုကို ကျော်ဖြတ်ပြီး ဆက်လက်လျှောက်သွားသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနီးမှ ဖြတ်ကျော်သွားပြီး ခြေလှမ်းအနည်းငယ် အကွာသို့ရောက်လျှင် သမင်လည်ပြန်ကြည့်လိုက်ပြီး လက်ထဲမှ ပုလင်းနှစ်လုံးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ပစ်ပေးလိုက်သည်။

“မင်းတို့နဲ့တွေ့ရဖို့ အကြောင်းဖန်လာတော့လည်း ငါ့ဖက်က လက်ဆောင်ပေးရတာပေါ့”

ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံလည်း ပုလင်းနှစ်လုံးကို ဖမ်းယူကြည့်ရှုလိုက်မိသည်။ ထို့နောက် ကျေးဇူးတင်စကား ပြောဆိုရန် မော့ကြည့်မိလိုက်သည့် ခဏတွင် အဘိုးကြီးမှာ နေရာတွင်မရှိတော့ချေ။ ထိုအခါ ယွင်တုန်းရှန်က

“ဆရာကြီး ခုနှစ်စင်ကြယ်က လော့ရှားမန်ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲပါ။ သူက အကြီးအကဲမန်ရွှယ်ရဲ့ မိတ်ဆွေလည်းဖြစ်တယ်။ အကြီးအကဲရဲ့ ဈာပနအတွက် လူကိုယ်တိုင် ဂါရဝပြုဖို့ ရောက်နေတာပါ”

“အဓိပတိအကြီးအကဲဟုတ်လား”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အထင်ကြီးလောက်စရာ ဟန်ပန်မရှိသည့် အဘိုးကြီးက အဓိပတိအကြီးအကဲ ဖြစ်နေသည်ကို သိလိုက်ရ၍ အတော်ပင် အံ့အားသင့်သွားမိသည်။ ယွင်တုန်းရှန်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ သူကလော့ရှားမန်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူလည်းဟုတ်တယ်”

ထို့နောက် ယွင်တုန်းရှန်၏ မျက်နှာတွင် အားကျသည့် အရိပ်လက္ခဏာများ ဖြစ်ပေါ်လာပြီး

“ဆရာကြီးပေးသွားတဲ့ ပုလင်းထဲမှာ ဘာတွေပါလဲ ကျုပ်သိခွင့်ရမလား”

ယွင်တုန်းရှန်တွင် မကောင်းသည့် အကြံအစည်ရှိပုံမပေါ်ဘဲ သဘောရိုးနှင့် တောင်းဆိုလိုက်ခြင်းကြောင့် ကျန်းချန်ရွှမ်တို့လည်း သဘောတူညီလိုက်ပြီး ပုလင်းအဖုံးကို လှည့်၍ဖွင့်လိုက်သည်။ ပုလင်းထဲတွင် အရောင်တဖိတ်ဖိတ် တောက်ပနေသော အရည်တစ်မျိုးတွေ့ရပြီး ပုလင်းအပြင်သို့တိုင် အလင်းများ ကွန့်မြူးနေသည်ကို ယွင်တုန်းရှန်တွေ့လျှင် မျက်လုံးပြူးသွားသည်။

“ဒါထူးကဲကြယ်ဝိညာဉ်နှင်းရေစက်ပဲ”

ကျန်းချန်ရွှမ်တို့လည်း နားဝေတိမ်တောင်ဖြစ်သွားကြသည်။ အဆိုပါ နှင်းရေစက်မျိုးကို နာမည်ပင် ကြားဖူးကြခြင်း မရှိပေ။ ယွင်တုန်းရှန်က သေချာသည့် လက္ခဏာနှင့် အခိုင်အမာ ပြောဆိုလိုက်ပြန်သည်။

“ဟုတ်တယ် ထူးကဲကြယ်ဝိညာဉ်နှင်းရေ ဆိုတာ သေချာတယ်၊ လော့ရှားမန်ဂိုဏ်းမှာပဲရှိတဲ့ ရတနာဆေးရည်တစ်မျိုးပဲ။ ကျင့်ကြံသူရဲ့ ဝိညာဉ်ကို အားဖြည့်ပျိူးထောင်ပေးတဲ့ ရတနာတစ်မျိုးပေါ့။ သာမန်ကျီဖုအဆင့် ကျင့်ကြံသူတွေတောင် ဒီဆေးပုလင်းကို ဝယ်ယူခွင့်မရကြဘူးလို့ ကြားဖူးတယ်”

ရှန်းတောက်မင်က အံ့အားသင့်စွာနှင့် ဝင်ရောက်မေးမြန်းလိုက်သည်။

“ဒီပစ္စည်းက တန်ဖိုးကြီးလား”

ဝိညာဉ်ကို အားဖြည့်ပျိုးထောင်ပေးသည့် ဝိညာဉ်ရတနာများမှာ ပုံမှန်အားဖြင့် တန်ဖိုးမြင့်မားလေ့ရှိသည်မှာ သဘာဝဖြစ်သည်။ ထို့ကြောင့် ကျီဖုအဆင့် ကျင့်ကြံသူအများစုသည်ပင် အဆိုပါဆေးရည်ကို ဈေးကြီးပေးပြီး ဝယ်ယူသည့်တိုင် ပိုင်ဆိုင်ခွင့်မရကြ ဟူသော ယွင်တုန်းရှန်၏ အပြောမှာ မှန်ကန်နိုင်ဖွယ်ရှိသည်။ သို့သော် သူတို့အားလုံး နားမလည်သည့်အချက်က ခုနှစ်စင်ကြယ် ဆိုသောအဘိုးကြီးက ကျန်းချန်ရွှမ်တို့နှစ်ဦးအား မြင်မြင်ချင်းတွင် ယခုလို တန်ဖိုးကြီးသောပစ္စည်းကို ကလေးကစားစရာသဖွယ် ပေးပစ်ရသနည်း ဆိုသည့်အချက်ပင်ဖြစ်သည်။

ထို့နောက်တွင် ရှန်းတောက်မင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ဆောင်ရွက်ရန် ဝတ္တရား တစ်စုံတစ်ရာ မကျန်တော့သည့်အတွက် ယွင်တုန်းရှန်ကို နှုတ်ဆက်၍ ယွီဟွာတောင်သို့ ပြန်လာခဲ့ကြတော့သည်။ ရှန်းတောက်မင်တို့ ထွက်ခွာပြီးနောက် ယွင်တုန်းရှန်သည် ဆရာဖြစ်သူ ကျန်းပိုင်လုံနေထိုင်ရာ ဂူဗိမာန်သို့ ထွက်လာခဲ့သည်။ ဂူရှေ့ရောက်သည်နှင့် ကျန်းပိုင်ဖေး၏ အသံထွက်ပေါ်လာသည်။

“သူတို့ပြန်သွားကြပြီလား”

“ဟုတ်ကဲ့ ပြန်သွားကြပါပြီ”

ထို့နောက် ယွင်တုန်းရှန်က ကျန်းချန်ရွှမ်တို့သုံးဦးအား ရှန်းမန်ရွှယ်၏ ဂူဗိမာန်ကို လိုက်လံပြသခဲ့ပုံနှင့် ခုနှစ်စင်ကြယ် အဘိုးကြီးက ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံကို လက်ဆောင်ပေးသွားပုံကို အကျယ်တဝင့် ရှင်းပြလိုက်သည်။ ကျန်းပိုင်ဖေးက တစ်စုံတစ်ရာ စကားမဆိုဘဲ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

“ခုနှစ်စင်ကြယ်က ဒီနေ့တော့ အတော်လေး ရက်ရောနေပါလား၊ ထားလိုက်ပါ။ မင်းပြန်လို့ရပြီ”

ထိုအခါ ယွင်တုန်းရှန်လည်း ဦးညွတ်ဂါရဝပြုလိုက်ပြီး ကျန်းပိုင်ဖေး၏ ဂူဗိမာန်မှ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့တော့သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့ သုံးဦးလည်း ယွီဟွာတောင်ကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ ပထမဆုံး ရှန်းယွမ်လုံရှိရာ ဟွားဝူတောင်ထိပ်သို့ အရင်သွားရောက်၍ ခရီးစဉ်အစအဆုံးကို အစီရင်ခံတင်ပြလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်တို့လည်း ဘိုးဘေးဖြစ်သူကို နှုတ်ဆက်ထွက်ခွာမည့်အပြုတွင် ရှန်းယွမ်လုံက တစ်စုံတစ်ခုကို သတိရသွားဟန်နှင့်

“နေဦး ချန်ရွှမ်နဲ့ ရူယန် ငါပြောစရာရှိသေးတယ်”

ဘိုးဘေး၏စကားကြောင့် ကျန်းချန်ရွှမ်တို့လည်း ပြန်လှည့်လာပြီး နားစွင့်လိုက်သည်။

“မင်းတို့နှစ်ယောက်က အဓိပတိအကြီးအကဲတွေ ဖြစ်လာပြီဆိုတော့ မင်းတို့လက်ရှိနေတဲ့ ဂူမှာဆက်ပြီးနေဖို့ မသင့်တော်တော့ဘူး။ ငါနေတဲ့တောင်ထွတ်ဘေးက ကျောက်စိမ်းဖြူတောင်ထွတ်ကို ပြောင်းလာခဲ့ကြပါလား။ အဲဒီမှာ အဆင့်၃ ဝိညာဉ်သွေးကြောလည်း ရှိတာမလို့ မင်းတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုကို အထောက်အကူပြုမှာ သေချာတယ်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဘိုးဘေး၏ တိုက်တွန်းချက်မှာ သဘာဝကျသည်ဟု ရှုမြင်မိသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လက်ရှိနေထိုင်သော လှိုဏ်ဂူရှိ အဆင့်၂ ဝိညာဉ်သွေးကြောမှာ လုံလောက်မှုမရှိတော့ပေ။ အထူးသဖြင့် ကျန်းချန်ရွှမ်အနေနှင့် ကျီဖုအဆင့်ကို တက်လှမ်းရတော့မည်ဖြစ်ရာ ကျောက်စိမ်းပျံဂူသည် သူ့အတွက် အထူးပင်သင့်တော်နေသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့လည်း ဘိုးဘေး၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီးနောက် နှစ်ဦးသား ဟွားဝူတောင်ထိပ်မှ ထွက်ခွာလာတော့သည်။ ဇနီးမောင်နှံနှစ်ဦး ထွက်ခွာသွားသည်ကို ရှန်းတောက်မင်က ကျေနပ်စွာကြည့်ရင်း မှတ်ချက်ချလိုက်သည်။

“ကျွန်တော်ထင်တာမမှားရင် ချန်ရွှမ်တစ်ယောက် အနှေးနဲ့အမြန် ကျီဖုအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”

ထို့နောက် ရှန်းတောက်မင်က တစ်စုံတစ်ခုကို သတိရလိုက်ဟန်နှင့်

“ဘိုးဘေး ကျွန်တော်တို့ကို ကျန်းမိသားစုက လာတောင်းပန်သွားပြီလား”

ထိုစကားကိုကြားလျှင် မူလက အားရနှစ်သိမ့်ဟန်နှင့် ပြုံးရွှင်လျက်ရှိသော ရှန်းယွမ်လုံသည် ရုတ်တရက် မျက်နှာတင်းမာလာတော့သည်။

“သူတို့မလာသေးဘူး တောက်မင်၊ ငါစောင့်နေပေမဲ့ သူတို့အခုထိ လာမတွေ့သေးဘူး”

ထိုအခါ ရှန်းတောက်မင်၏ မျက်နှာသည်လည်း အေးစက်ခက်ထန်လာတော့သည်။

“သူတို့လုပ်ရပ်ကို ကျွန်တော်တို့ လွယ်လွယ်နဲ့ မေ့သွားမယ်ထင်နေကြတာလား”

ရှန်းယွမ်လုံက နက်နက်နဲနဲစဉ်းစားနေဟန်နှင့် အနည်းငယ်ငြိမ်ကျသွားပြီးမှ

“ကျန်းပိုင်ယန်အကြောင်း ငါကောင်းကောင်းသိတယ်။ သူသာ ကျန်းမိသားစုကို ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးရှိရင် ဒီလိုဖြစ်စဉ်မျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ ငါ့အထင်မှာ ကျန်းမိသားစုကို စီမံခန့်ခွဲနေတာ ကျန်းပိုင်ယန်မဟုတ်လောက်ဘူး၊ ဒါမှမဟုတ် ကျန်းမိသားစုမှာ ငါတို့မသိထားတဲ့ ပြဿနာတစ်ခုခု ဖြစ်နေလိမ့်မယ်ထင်တယ်၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ငါတို့ရှန်းမိသားစုအနေနဲ့ ဒီကိစ္စကို ဒီအတိုင်း ကျေအေးပေးလိုက်လို့မရဘူး။ ချန်ရွှမ် ဂူပိတ်ကျင့်ကြံရာကနေ ထွက်လာမှပဲ ဒီကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့”

ထို့နောက် ရှန်းယွမ်လုံသည် ရှန်းတောက်မင်ကို စေ့စေ့ကြည့်လိုက်ပြီး

“ပြီးတော့ မင်းနဲ့ ရူယန်တို့နှစ်ယောက် ငါ့ကို ဘိုးဘေးလို့ ခေါ်စရာမလိုတော့ဘူး၊ ငါတို့သုံးဦးစလုံး အဆင့်တူ နယ်ပယ်တူဖြစ်သွားပြီမလို့ ငါ့ကို အဘိုး ၅ လို့ခေါ်နိုင်ပြီ”

***

All Chapters