← Chapters

နောက်တစ်ဆင့်တက်လှမ်းခြင်း (၂)

Vol. 7 Ch. 132

နောက်တစ်ဆင့်တက်လှမ်းခြင်း (၂)

Vol. 7 Ch. 132

ကျောက်စိမ်းပျံလှိုဏ်ဂူအတွင်း တစ်နေရာတွင်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မူလနေထိုင်ရာ လှိုဏ်ဂူမှ ပစ္စည်းပစ္စယအားလုံးကို လှိုဏ်ဂူသစ်ထံသို့ ရွှေ့ပြောင်းပြီးဖြစ်သည်။ လှိုဏ်ဂူသစ်အတွင်းရှိ အဆင့်၃ ဝိညာဉ်သွေးကြောမှ ချီစွမ်းအင်သည် သူတို့အရင်နေထိုင်ခဲ့သောဂူရှိ ချီစွမ်းအင်ထက် များစွာသာလွန်သည်ဟု ဆိုရမည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လှိုဏ်ဂူအတွင်းတစ်နေရာတွင် ခြေချင်းချိတ်၍ မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသည်။ သူတို့နှစ်ဦးရှေ့မှောက်တွင် ထူးကဲကြယ်အလင်းနှင်းရေ နှစ်ပုလင်းချထားသည်။

နှစ်ဦးစလုံးမှာ စကားပြောဆိုခြင်းမရှိဘဲ တိတ်ဆိတ်စွာ ထိုင်နေကြသော်လည်း ကျန်းချန်ရွှမ်၏ မျက်လုံးများအတွင်း၌ ဝိညာဉ်အလင်းများ ဖြာထွက်လျက်ရှိသည်။ ထိုစဉ် သူတို့ရှေ့မှောက်ရှိ ကြယ်အလင်းနှင်းရေ ပုလင်းများအတွင်းတွင် အနက်ရောင် ပိုးလောက်လန်းများ စတင်ဖြစ်ပေါ်လာပြီး နှင်းရေစက်များအတွင်းတွင် လူးလာဆန်ခတ်လျက်ရှိသည်ကို ကျန်းချန်ရွှမ်၏ နတ်ဘုရားအတွင်းစိတ် မျက်လုံးမှတဆင့် အလုံးစုံမြင်တွေ့လိုက်ရသည်။ ကျန်းချန်ရွှမ်က သူမြင်တွေ့သည်များကို ရှန်းရူယန်ကို မခြွင်းမချန်ပြောပြလိုက်ပြီးနောက်

“ရူယန် မင်းပြောတာမှန်တယ်။ ဒီလို ဝိညာဉ်ကိုထိခိုက်ပြုပြင်နိုင်တဲ့ ဆေးရည်မျိူးကို ပေါ့ပေါ့တန်တန် သုံးလို့မရဘူး။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ စိတ်ချယုံကြည်ရပါမယ်လို့ အာမခံချက်မပေးနိုင်ဘူးလေ”

ကျန်းချန်ရွှမ်က သူ့အနေနှင့် ကျင့်ကြံခြင်းလမ်းခရီးတွင် တတ်နိုင်သမျှ သတိကြီးကြီးထားရန် လိုအပ်ကြောင်း မိမိကိုယ်ကို သတိပေးလိုက်မိသည်။ အစပထမတွင် သည်ဆေးပုလင်းများကို ပေးအပ်ခဲ့သူ ခုနှစ်စင်ကြယ်ဆိုသည့် အဘိုးကြီးသည် လော့ရှားမန်ဂိုဏ်းလို ဂုဏ်သိက္ခာရှိဂိုဏ်းတစ်ခု၏ အဓိပတိအကြီးအကဲတစ်ဦး ဖြစ်သည့်အပြင် ဘိုးဘေးမန်ရွှယ်၏ မိတ်ဆွေကောင်းတစ်ဦးလည်း ဖြစ်နေသောကြောင့် အဆိုပါဆေးပုလင်းများကို စိတ်ချယုံကြည်စွာ သုံးစွဲရန် ကြံစည်ခဲ့သော်လည်း ရှန်းရူယန်၏ တိုက်တွန်းချက်အရ စစ်ဆေးကြည့်ရမှ ယခုလို မမျှော်လင့်ထားသည်များကို တွေ့မြင်လိုက်ရခြင်းဖြစ်သည်။ အကယ်၍ ကျန်းချန်ရွှမ်သာ မျက်စိမှိတ်ယုံကြည်ခဲ့ပါလျှင် ဖြစ်ပွားလာမည့် အကျိုးဆက်မှာ မတွေးဝံ့စရာပင်ဖြစ်သည်။

ရှန်းရူယန်က ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင် နှာခေါင်းရှုံ့လိုက်ပြီး

“ခုနှစ်စင်ကြယ်ဆိုတဲ့ အဘိုးကြီးက ထင်ထားတာထက် ဉာဏ်များနေတာပေါ့။ ရှင့်မှာသာ ကောင်းကင်ဘုံအတွင်းစိတ် မျက်လုံးမရှိရင် ဒီလောက်လန်းတွေကို ဘယ်နည်းနဲ့မှ တွေ့နိုင်မှာမဟုတ်ဘူး”

ကျန်းချန်ရွှမ်က ရှန်းရူယန်၏စကားကို တုံ့ပြန်ခြင်းမပြုဘဲ တိတ်ဆိတ်လျက်ရှိစဉ် ရှန်းရူယန်ကပင်

“ဒီအကောင်တွေကို ဝိညာဉ်ခွဲပိုးလောက်လန်းလို့ခေါ်တယ်။ ဒီလောက်လန်းတွေရဲ့ သခင်ဖြစ်သူက သူ့ဝိညာဉ်အစိတ်အပိုင်းကို ဒီလောက်လန်းတွေထဲ မြှုပ်နှံထားလို့ရတယ်။ ရှင်သာ ဒီဆေးရည်ကို သုံးလိုက်မိရင် ဒီအကောင်တွေက ရှင့်ရဲ့စိတ်ဝိညာဉ်ကို ပြုပြင်တိုက်စားပြီး ရှင့်ကို အရင်နဲ့မတူတဲ့ လူသစ်တစ်ယောက်ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။ အဆိုးဆုံးတစ်ချက်က သူတို့ကို သခင်ဖြစ်သူက ဝိညာဉ်ကြားခံတွေအဖြစ် အသုံးချနိုင်တာပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်ကို လောက်လန်းတွေဆီ ပို့လွှတ်ပြီး ရှင့်ရဲ့စိတ်နဲ့ခန္ဓာကို အပိုင်စီးသွားနိုင်တယ်”

ကျန်းချန်ရွှမ်မှာ ဇနီးဖြစ်သူ၏စကားကိုကြားလျှင် အယုံလွယ်မိခြင်းအတွက် ကိုယ့်ကိုယ်ကို ကျိန်ဆဲမိလိုက်သည်။ ခုနှစ်စင်ကြယ်လို ဂုဏ်သရေရှိ ကျင့်ကြံသူတစ်ဦးအနေနှင့် ယခုလို စုတ်ပဲ့သောလုပ်ရပ်မျိူးကို အဘယ်ကြောင့် ကျူးလွန်ရပါသနည်း။ သူနှင့် ကျန်းချန်ရွှမ်တို့ကြားတွင် ရန်ငြိုးရန်စလည်း မရှိသလို သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည့်အတွက် ထိုအဘိုးကြီး၏ လုပ်ရပ်ကို ကျန်းချန်ရွှမ်တစ်ယောက် နားမလည်နိုင်ပါ။ နောက်တစ်ချက်က ထိုအဘိုးကြီးနှင့် ဘိုးဘေးမန်ရွှယ်တို့အကြားတွင် ရန်ငြိုးတစ်စုံတစ်ရာရှိ၍ သူတို့ဇနီးမောင်နှံနှစ်ဦးကို ယခုလို ဒုက္ခပေးသည်ဟူသော အတွေးမှာလည်း ယုတ္တိမရှိပါ။ ရှန်းမန်ရွှယ်နှင့် ရန်ငြိုးရှိဖူးသူတစ်ဦးကို ကျန်းပိုင်ဖေးအနေနှင့် ကန်းယန်ဂိုဏ်းသို့ လာရောက်ခွင့်ပေးမည် မဟုတ်သလို ယွင်တုန်းရှန်အနေနှင့်လည်း အဆိုပါအဘိုးကြီးအား လေးစားစွာ ဆက်ဆံနေမည်မဟုတ်ပါ။

ဖြစ်နိုင်သည့်အချက်က ထိုအဘိုးကြီးအကြောင်းနှင့် ပတ်သက်ပြီး ကျန်းပိုင်ဖေးကိုယ်တိုင်ပင် မသိထားသည့်အချက်များ ရှိနေနိုင်ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်က စိတ်ကိုတည်ငြိမ်အောင် ပြန်လည်စုစည်းလိုက်ပြီး ရှန်းရူယန်အား

“ရူယန်ပြောသလိုဆိုရင် ဒီအဘိုးကြီးက လောက်လန်းတွေကို ဝိညာဉ်ကြားခံနယ်အဖြစ် သုံးနိုင်တယ်ပေါ့။ ဒါဆို သူ့အကြံက….”

ရှန်းရူယန်က ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်တယ် ကျွန်မသူ့ကို တွေ့တွေ့ချင်း မသင်္ကာဖြစ်မိတယ်။ သူ့ရဲ့သက်တမ်းက မကြာခင်ကုန်ဆုံးတော့မဲ့ လက္ခဏာတွေ့တယ်”

ရှန်းရူယန်၏ ခန့်မှန်းချက်မှာ ယုတ္တိရှိသည်ဟု ဆိုရမည်။ သက်တမ်းကုန်ဆုံးတော့မည့် ကျင့်ကြံသူတစ်ဦးသည် မည်မျှပင် ရိုးသားသည်ဆိုပါစေ မိမိသက်တမ်းကို ဆွဲဆန့်နိုင်ရေးအတွက် နည်းမျိုးစုံသုံး၍ အားထုတ်မည်မှာ သေချာပါသည်။ အထူးသဖြင့် ယွင်နိုင်ငံကျင့်ကြံရေးလောကတွင် ထိပ်တန်းအဆင့်ရှိသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် မိမိ၏ကျင့်ကြံမှုသက်တမ်းကို တတ်နိုင်သမျှ ဆွဲဆန့်လိုခြင်းမှာ သဘာဝကျပါသည်။ ကျင့်ကြံသူအချို့သည် မိမိ၏ ကျင့်ကြံမှုခရီးကို ရှည်နိုင်သမျှရှည်စေရန် မိတ်ဆွေတစ်ဦး၏ မြေးမြစ်များကိုသာမက မိမိ၏သွေးရင်းသားရင်းများကိုပင် ချနင်းရန် ဝန်လေးနေမည် မဟုတ်ပါ။

ကျန်းချန်ရွှမ်သည် ယခုကိစ္စသည် သူထင်ထားသည်ထက် ပိုမိုလွယ်ကူလိမ့်မည် မဟုတ်မှန်း နားလည်လိုက်သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံရခြင်းသည် ပေါ့သေးသေးအရေး မဟုတ်ပါ။ သို့သော် သူတို့ကံကောင်းသည့်တစ်ချက်က ခုနှစ်စင်ကြယ်အဘိုးကြီးသည် ကန်းယန်ဂိုဏ်းမှ မဟုတ်ခြင်းဖြစ်သည်။ လော့ရှားမန်ဂိုဏ်း၏ ပိုင်နက်အတွင်း ဝင်ရောက်ခြင်းမရှိသရွေ့ သူတို့နှစ်ဦး အန္တရာယ်ကင်းနေဦးမည်ဟု ယူဆရသည်။ သည်ကိစ္စကို ကျန်းပိုင်ဖေးထံ အသိပေးသင့်၊ မပေးသင့်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျန်းချန်ရွှမ်အနေနှင့် လုံးဝအသိမပေးရန် ဆုံးဖြတ်လိုက်သည်။

ပထမဆုံးအချက်မှာ ကျန်းပိုင်ဖေးနှင့် ထိုအဘိုးကြီးတို့ကြားတွင် ရင်းနှီးမှုတစ်စုံတစ်ရာ ရှိနှင့်ပြီးဖြစ်သည်ဟု ဆိုရသည့်အတွက် ကျန်းချန်ရွှမ်၏အပြောတစ်ခုတည်းကို ကျန်းပိုင်ဖေးက မျက်စိမှိတ်ယုံကြည်မည်မဟုတ်ပါ။ ယုံကြည်သည်ထားဦး ကျန်းပိုင်ဖေးအနေနှင့် မကြာခင် သက်တမ်းကုန်ဆုံးပြီး သူ့အလိုလိုသေဆုံးတော့မည့် ရွှေအမြုတေအဆင့်တစ်ဦးကို ရင်ဆိုင်လိမ့်မည် မဟုတ်ပါ။ နောက်တစ်ချက်က ကျန်းချန်ရွှမ်လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အခန်းကဏ္ဍမှာ ရွှေအမြုတေအဆင့်တစ်ဦးနှင့် နှိုင်းစာလျှင် သေးသိမ်လှပါသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို အပိုင်စီးသိမ်းပိုက်ပြီး ပြန်လည်မွေးဖွားလာမည်ကို ကျင့်ကြံသူအများစုက ရှုံ့ချမည်မဟုတ်သည့်အပြင် ဝမ်းသာအားရပင် ထောက်ခံကြလိမ့်ဦးမည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ယွင်နိုင်ငံအတွက် ထောက်တိုင်များဖြစ်သည့်အပြင် နတ်ဆိုးသားရဲကပ်ဘေးအတွက်လည်း အဓိကအားထားရမည့် အင်အားစုများဖြစ်နေသည် မဟုတ်ပါလား။ ထိုအချက်များအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏ကျင့်ကြံမှုအဆင့်အတန်းမှာ အနေအထားတစ်ခုသို့ မရောက်မချင်း ထိုကိစ္စကို ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံမှတပါး မည်သူ့ကိုမှ အသိမပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဆေးပုလင်းနှစ်ခုကို ချိတ်ပိတ်သိမ်းဆည်းလိုက်ကြသည်။ ကျန်းချန်ရွှမ်သည်လည်း ကျင့်ကြံရာအခန်းအတွင်းသို့ လေးကန်သည့်ခြေလှမ်းများနှင့် ဝင်ရောက်သွားပြီး ကျီဖုအဆင့်ကို တက်လှမ်းရန် စတင်ကြိုးပမ်းလိုက်တော့သည်။

***

All Chapters