ကျီဖုအဆင့်ကို ရောက်ရှိခြင်း (၁)
Vol. 7 Ch. 133
ကျီဖုအဆင့်ကိုရောက်ရှိရန် ကျင့်ကြံသူတစ်ဦးအနေနှင့် အဆင့်သုံးဆင့်ကို ဖြတ်သန်းရမည်ဖြစ်သည်။ ထိုအဆင့်များမှာ စစ်မှန်မှုအဆီအနှစ် စွမ်းအင်အဆင့်၊ ရုပ်ခန္ဓာအဆင့်၊ ဝိညာဉ်အဆင့်တို့ဖြစ်သည်။ ပထမဆုံးအဆင့်မှာ စစ်မှန်မှုအဆီအနှစ် စွမ်းအင်ကို ဓမ္မစွမ်းအင်အဖြစ် အသွင်ပြောင်းလဲခြင်းဖြစ်သည်။ ဓမ္မစွမ်းအင်ဆိုသည်မှာ ကျီဖုအဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သော စွမ်းအင်ဖြစ်သည်။ ပထမအဆင့်ကို ကျော်ဖြတ်ရန်မှာ များသောအားဖြင့်လွယ်ကူပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးမြောက်၍ ကျီဖုအဆင့်ကို တက်လှမ်းရန် ကြိုးပမ်းသော ကျင့်ကြံသူအများစုအနေနှင့် အဆိုပါအဆင့်ကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်ကြစမြဲဖြစ်သည်။
အမှန်တကယ် ခက်ခဲပြီး အန္တရာယ်များသည့် အဆင့်မှာ ရုပ်ခန္ဓာအဆင့်နှင့် ဝိညာဉ်ပြပြင်ခြင်းအဆင့်တို့ ဖြစ်ကြသည်။ ကျီဖုအဆင့်သို့ တက်လှမ်းရန် ဒုတိယအဆင့်သည် ရုပ်ပိုင်းခန္ဓာကို မွမ်းမံခြင်းဖြစ်သည်။ ကျီဖုနယ်ပယ်အတွက် မရှိမဖြစ်အရေးကြီးသော စွမ်းအင်ဖြစ်သည့် ဓမ္မစွမ်းအင်ကို စစ်မှန်မှုအဆီအနှစ်မှ အသွင်ပြောင်းရယူရာတွင် ကျင့်ကြံသူတစ်ဦးအနေနှင့် လိုအပ်သောရုပ်ပိုင်းခန္ဓာမျိုးကို ပိုင်ဆိုင်ထားခြင်းမရှိလျှင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် စွမ်းအင်ပြောင်းလဲသည့်ဒဏ်ကို ခံနိုင်စွမ်းရှိမည်မဟုတ်ဘဲ ချီသွေးကြောများ ပြတ်တောက်ပြီး ဒန်တျန့်သည်လည်း အပြီးတိုင်ပျက်စီးသွားနိုင်သည်။ ကံဆိုးလျှင် အဆိုပါကျင့်ကြံသူသည် နေရာတွင်ပင် ချက်ချင်းပြိုလဲပြီး ပေါက်ကွဲပျက်စီးသွားနိုင်ချေရှိသည်။
သို့သော် ကျီဖုကျောက်စိမ်းပြားကဲ့သို့သော ဝိညာဉ်ရတနာမျိုးနှင့် တွဲဖက်အသုံးပြုလျှင်တော့ ဒုတိယအဆင့် မအောင်မြင်သည့်တိုင် ဒန်တျန့်နှင့် ဝိညာဉ်သွေးကြောများ ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်၍ အသက်မသေနိုင်သည့်အပြင် အခါအခွင့်သင့်လျှင် နောင်တစ်ကြိမ် ပြန်လည်ကြိုးစားခွင့်ကိုပါ အာမခံချက်ပေးနိုင်မည်ဖြစ်သည်။ တတိယနှင့် နောက်ဆုံးအဆင့်မှာ ဝိညာဉ်အဆင့်ဟုခေါ်သော ပုံရိပ်ယောင်နယ်ပယ်အဆင့်ဖြစ်သည်။ ဤအဆင့်တွင် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်သည် နီဝမ်နယ်ပယ်ဟုခေါ်သည့် နေရာတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး များစွာသောပုံရိပ်ယောင်တို့၏ စမ်းသပ်မှုကို ခံယူရမည်ဖြစ်သည်။ ထိုအချိန်တွင် ဒေါသ၊ ဆန္ဒ၊ ရမ္မက်၊ နောင်တ၊ ဝမ်းနည်းမှုစသည့် ခံစားချက်များကို ကြုံတွေ့ရမည်ဖြစ်ပြီး ကျင့်ကြံသူအနေနှင့် အဆိုပါခံစားချက်များကို ထိန်းချုပ်လျက် အာရုံစူးစိုက်ပြီး ပုံရိပ်ယောင်များကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိလျှင် အဆိုပါကျင့်ကြံသူသည် ကျီဖုအဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်ပြီဖြစ်သည်။
အကယ်၍ ဖောက်ထွင်းမြင်နိုင်စွမ်း မရှိသည့်အပြင် ကျီဖုကျောက်စိမ်းပြားကဲ့သို့ ဝိညာဉ်အကာအကွယ် ရတနာတစ်မျိုးကိုလည်း အသုံးပြုထားခြင်းမရှိပါက အဆိုပါကျင့်ကြံသူ၏ ဝိညာဉ်သည် မေ့လျော့ခြင်းနယ်ပယ် ဟုခေါ်သည့်နေရာတစ်ခုကို ရောက်ရှိသွားမည်ဖြစ်ပြီး ကံဆိုးပါက ဒဏ်ရာအကြီးအကျယ်ရရှိပြီး နောက်ထပ်တစ်ကြိမ် ကျီဖုနယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားခွင့်ရှိမည် မဟုတ်တော့ပါ။
ကျန်းချန်ရွှမ်သည် ဂူအတွင်းတစ်နေရာတွင် တည်ငြိမ်စွာထိုင်လျက် ကျီဖုနယ်ပယ်ကို တက်လှမ်းရန် ကြိုးစားလျက်ရှိသည်။ လက်ရှိအချိန်တွင် သူ၏ အဆီအနှစ်စွမ်းအင်၊ ချီဓာတ်နှင့် စိတ်ဝိညာဉ်တို့ကို တစ်သားတည်းပေါင်းစပ်ပြီးဖြစ်သည်။ အမှန်ဆိုရလျှင် စနစ်မှချီးမြှင့်သော ပုတီးလုံးကို အသုံးပြုခြင်းမရှိလျှင်တောင် ကျန်းချန်ရွှမ်အနေနှင့် ကျီဖုအဆင့်ကို တက်လှမ်းနိုင်ရန် ရာနှုန်းပြည့်နီးပါး ယုံကြည်မှုရှိပါသည်။ သို့သော် ကျန်းချန်ရွှမ်သည် ပုတီးလုံးကို အသုံးပြုရန် ဆုံးဖြတ်ထားသည်။ အကြောင်းရင်းမှာ ပုတီးလုံးကို တွဲဖက်အသုံးပြုပါက ကျင့်ကြံခြင်းအဆင့်တက်သည်နှင့် တစ်ပါတည်းရရှိလာမည့် စွမ်းအားအသစ်ကြောင့်ဖြစ်သည်။
ပုတီးလုံးကို အသုံးပြုလျှင် ကျီဖုအဆင့်တက်လှမ်းရာတွင် လွယ်ကူချောမွေ့မည့်အပြင် ပုံမှန်ကျီဖုအဆင့်ကျင့်ကြံသူများ မရရှိနိုင်သည့် စွမ်းအားသစ်တစ်မျိုးကို နားလည်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။ အဆိုပါအချက်သည် ပုတီးလုံး၏ အထူးခြားဆုံးစွမ်းရည်လည်းဖြစ်သည်။ ထိုနေရာတွင် မေးစရာရှိသည်က ကျန်းချန်ရွှမ်အနေနှင့် အဆိုပါပုတီးလုံးကို အသုံးမပြုသေးဘဲ ရွှေအမြုတေအဆင့် သို့မဟုတ် အခြေတည်ဝိညာဉ်အဆင့်တို့ကို တက်လှမ်းသည့်အချိန်ရောက်မှ အသုံးပြုလျှင် ပို၍အကျိုးကျေးဇူးမများနိုင်ဘူးလား ဟူသည့်မေးခွန်းဖြစ်သည်။ သို့သော် အဆိုပါနယ်ပယ်များသို့ တက်လှမ်းရန် အချိန်ကာလမှာ မည်မျှအထိ ကြာမည်ဆိုသည်ကို ကျန်းချန်ရွှမ်ကိုယ်တိုင်ပင် ခန့်မှန်းနိုင်ခြင်းမရှိပေ။ အနှစ် ၁၀၀ မှ ၅၀၀ အထိလည်း ဖြစ်သွားနိုင်သည်လေ။ ထိုကြားထဲတွင် ကျန်းချန်ရွှမ်တစ်ယောက် အသက်ရှင်လျက် ရှိနေမည်ဟုလည်း အာမမခံနိုင်ပါ။
ထို့အပြင် လာမည့်နှစ်၆၀ မှ ၇၀ အတွင်း နတ်ဆိုးသားရဲကပ်ဘေးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ရာ ထိုကာလကို အသက်ရှင်လျက် ကျိန်းသေကျော်ဖြတ်နိုင်မည်ဟု ကျန်းချန်ရွှမ် အတပ်မပြောရဲပါ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ၏ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားကို မြင့်နိုင်သမျှမြှင့်ထားပြီးမှ အနာဂတ်အတွက် စဉ်းစားမည်ဟု ကျန်းချန်ရွှမ်တစ်ယောက် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ထိုအခါ သူ့လက်ဝါးပြင်အထက်တွင် မှိန်ဖျော့ဖျော့အလင်းတစ်ခု ထုတ်လွှတ်နေသော ပုတီးလုံးလေးတစ်ခု ရုတ်တရက်ပေါ်လာသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် လက်သီးဆုပ်လိုက်ရာ ပုတီးလုံးသည် တစ်စစီကွဲကြေသွားပြီး ထူးဆန်းသည့်စွမ်းအင်တစ်မျိုးက သွေးကြောများမှတဆင့် ခန္ဓာကိုယ်ထဲ စီးဝင်လာသည်ကို ခံစားမိလိုက်သည်။
ထိုတစ်ခဏတွင် ကျန်းချန်ရွှမ်၏ အဆီအနှစ်စွမ်းအင်၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်တို့သည် တစ်သားတည်း ဟန်ချက်ညီလျက်ရှိသည်။ မကြာမီ သူ့ကိုယ်တွင်းမှ အဆီအနှစ် စွမ်းအင်များအားလုံးကို ဓမ္မစွမ်းအင်အဖြစ် အသွင်ပြောင်းနိုင်လိုက်သည်။ ထို့နောက် ပုတီးစေ့၏ စွမ်းအားကို သွေးကြောများအတွင်းသို့ ပို့ဆောင်လိုက်ပြန်သည်။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှာ ဓမ္မစွမ်းအင်အသစ်၏ အားဖြည့်မှုကြောင့် သိသိသာသာ ပိုမိုသန်စွမ်းလာသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းတွင် နဂါးဆင် နတ်ဘုရားစွမ်းအားသည်လည်း နောက်တစ်ဆင့်ကို ရောက်ရှိသွားပြန်သည်။ ကျန်းချန်ရွှမ်အနေနှင့် ပထမနှင့် ဒုတိယအဆင့်များကို အထစ်အငေါ့မရှိ ပြီးမြောက်ခဲ့ပြီဖြစ်သည်။
ဝိညာဉ်အဆင့်သို့ရောက်လျှင် ကျန်းချန်ရွှမ်၏ ရှေ့မှောက်တွင် သူနှင့်ရင်းနှီးပြီးသော ပုံရိပ်ယောင်မြင်ကွင်းများနှင့် မရင်းနှီးသေးသော မြင်ကွင်းများ အလျှိုလျှိုပေါ်ပေါက်လာကြတော့သည်။ ထိုမြင်ကွင်းများထဲတွင် ကျန်းချန်ရွှမ်၏ အတိတ်ဘဝက ရုံးဝန်ထမ်းအဖြစ် ရှင်သန်လှုပ်ရှားခဲ့ပုံများလည်း ပါဝင်သည်။ ပုတီးစေ့၏ အကူအညီမပါလျှင် ကျန်းချန်ရွှမ်တစ်ယောက် သည်အဆင့်တွင် အချိန်အတန်ကြာ ရပ်တန့်နေနိုင်သည့်အပြင် အခန့်မသင့်လျှင် ဝိညာဉ်နယ်ပယ်တွင် လမ်းပျောက်သွားနိုင်ချေပင်ရှိသည်။
သို့သော် ပုတီးစေ့၏အစွမ်းကြောင့် အဆိုပါမြင်ကွင်းအားလုံးကို အပြင်လူတစ်ယောက် ရုပ်ရှင်ကြည့်နေသလို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့သည်။ အဆိုပါမြင်ကွင်းများသည် သူ၏စိတ်ခံစားချက်များကို ပြုပြင်စေစားနိုင်စွမ်းမရှိပါ။ တစ်ချိန်တည်းတွင် သူ၏စိတ်အစဉ်နှင့် ဝိညာဉ်စွမ်းအင်တို့သည် ဖြစ်စဉ်တလျှောက် စဉ်ဆက်မပြတ် တိုးတက်အားကောင်းလာသည့်အပြင် ကျန်းချန်ရွှမ်၏ တာအိုနှလုံးသားသည်လည်း ဖြည်းဖြည်းချင်း သန့်စင်ပြောင်းလဲလာသည်ကို သတိထားမိလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် မျက်လုံးအစုံကို မှိတ်လိုက်သည်။ သူ့စိတ်အတွင်းတစ်နေရာ၌ ဆန်းကြယ်သော ထိုးထွင်းသိမြင်နိုင်စွမ်းတစ်ရပ်သည် သစ်စေ့တစ်ခု မြေတွင်းမှ အညွှန့်တလူလူ တက်လာပြီး ဖြည်းဖြည်းချင်း ကြီးထွားလာသည့်ပမာ တစ်ဆင့်ချင်း ရင့်သန်လာသည်ကို ခံစားမိသည်။
အချိန်တစ်ခုကြာသွားသည်။ ကျန်းချန်ရွှမ်၏ပတ်လည်ရှိ သစ်သားဓာတ် ဝိညာဉ်ချီများသည် ရုတ်တရက်စုဝေးလာပြီး ကျောက်စိမ်းရောင် ဓားတစ်လက်အသွင်အဖြစ် သူ့လက်ဝါးပြင်ထက်တွင် ပုံပေါ်လာသည်။ ထိုဓားလက်နက်သည် သစ်သားဓာတ် နတ်ဘုရားစွမ်းအားကို အခြေခံထားသည့် အဇူရာဧကရာဇ် ကောင်းကင်ဘုံနှိမ်ဓားပင်ဖြစ်သည်။ ထိုဓားလက်နက်ကို ထုတ်ဖော်လိုက်ပါက ရန်သူ၏ အသက်ဓာတ်ကို ခဏချင်းစုပ်ယူနိုင်စွမ်းရှိသည်။ ကျန်းချန်ရွှမ်၏ စိတ်အစဉ်တွင် ထိုစွမ်းအားနှင့်ပတ်သက်သည့် အချက်အလက်များ အလျှိုလျှိုပေါ်ပေါက်လာပြီးနောက် ကျေနပ်စွာပြုံးလိုက်မိသည်။ ထိုတစ်ခဏတွင် သူ့လက်ထဲရှိ ဓားမှာ ရုတ်တရက်ခုန်ထွက်သွားတော့သည်။
***