ဂုဏ်ပြုပွဲအခမ်းအနား
Vol. 7 Ch. 140
ကျန်းပိုင်ယန်က ခေါင်းညိတ်လိုက်သည်။
“ကိစ္စမရှိပါဘူး ကျုပ်စောင့်ပေးနိုင်ပါတယ်”
ထို့နောက် ကျန်းပိုင်ယန်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ရှန်းတောက်မင်လက်ထဲ ထည့်လိုက်သည်။
“ဒါက ကျုပ်ကတိပေးထားတဲ့ လျော်ကြေးပါ၊ အနာဂတ်မှာလည်း ကျန်းမိသားစုအနေနဲ့ ရှန်းမိသားစုကို နှစ်စဉ် လက်ဆောင်ပဏ္ဏာ ဆက်သဖို့ ကတိပြုပါတယ်”
ရှန်းတောက်မင်က လက်စွပ်ကို စစ်ဆေးအတည်ပြုလိုက်ပြီးနောက် ကျန်းပိုင်ယန်ကို ခေါင်းညိတ်ပြလိုက်သည်။
“ပြည့်စုံပါတယ်၊ ဒါဖြင့် ကျုပ်တို့အကြောင်းပြန်တာကိုသာ စောင့်နေပေးပါ”
ထို့နောက် ကျန်းပိုင်ယန်သည် ကျန်းမိသားစုဝင် ဂိုဏ်းတပည့်များအားလုံးကို ရှန်းမိသားစု၏ အမိန့်ကို နာခံပါမည့်အကြောင်းကို သစ္စာဆို၍ ကျိန်တွယ်စေသည်။ ကိစ္စအားလုံး ပြီးပြတ်သွားသောအခါ ရှန်းတောက်မင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပိုင်ဟွာတောင်မှ ထွက်ခွာလာခဲ့ကြတော့သည်။ ကျန်းချန်ရွှမ်တို့ ထွက်ခွာသွားသောအခါ ကျန်းမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သူ ကျန်းယောင်ဟိုင်သည် ကျန်းပိုင်ယန် ရှိရာသို့ အလျင်အမြန်ချဉ်းကပ်လာပြီး
“ဘိုးဘေး ကျုပ်တို့က…”
ကျန်းပိုင်ယန်က သူ့အား စောင်းငဲ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“မိသားစုခေါင်းဆောင်တာဝန်ကို မင်းပဲဆက်ယူလိုက်ပါ။ ဒီကိစ္စကို ဒီမှာတင်ပဲ ထားလိုက်တော့၊ ငါ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့လူရှိရင် ညှာတာစရာမလိုဘူး၊ အပြတ်သားဆုံး ကိုင်တွယ်ပါ”
“ဟုတ်ကဲ့ ဘိုးဘေး”
ကျန်းယောင်ဟိုင်လည်း ရိုသေစွာ ခေါင်းညိတ်လိုက်သည်။
ရက်အနည်းငယ်ကြာသောအခါ ကျန်းမိသားစုက ရှန်းမိသားစုလက်အောက်သို့ ခိုလှုံသွားသည့်သတင်းက ပင်းချွမ်စီရင်စုတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ အကြောင်းရင်းကို သိရှိပြီးသော လူအများစုမှာ အံ့သြခြင်းမရှိသော်လည်း ရှန်းမိသားစုကို ဒုက္ခပေးခဲ့ကြသည့် အခြားသော ဂိုဏ်းများနှင့်မျိုးနွယ်စုများသည် ရှန်းမိသားစု၏ ရုတ်တရက် အင်အားကြီးထွားလာသည့်အဖြစ်ကို ကြောက်ရွံ့စပြုလာကြသည်။ အထူးသဖြင့် ရှန်းမိသားစုတွင် ကျီဖုအဆင့်ကျင့်ကြံသူ လေးဦးအထိ ရှိလာပြီဆိုသော သူတို့အားလုံးကို စိုးရိမ်ပူပန်စေသည်။ ထို့ကြောင့် အချိန်မဆိုင်းတော့ဘဲ ရှန်းမိသားစု၏ ယွီဟွာတောင်သို့ အလျင်အမြန်သွားရောက်၍ လက်ဆောင်ပဏ္ဏာများ ဆက်သလျက် တောင်းပန်ကြတော့သည်။ ထိုကိစ္စများအားလုံးကို ကိုင်တွယ်ပြီးသောအခါ ရှန်းယွမ်လုံသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းတောက်မင်တို့ကို အခေါ်လွှတ်လိုက်သည်။
“ချန်ရွှမ်၊ ရူယန်နဲ့ တောက်မင် မင်းတို့သုံးယောက်ကို အခေါ်လွှတ်လိုက်ရတာက ကိစ္စနှစ်ခုရှိလို့ပဲ။ ပထမကိစ္စက ဒီအတောအတွင်း ငါတို့ရရှိခဲ့တဲ့ ရတနာပစ္စည်းတွေနဲ့ ပတ်သက်တယ်၊ ဒီပစ္စည်းတွေကို ငါစာရင်းပြုစုထားတယ်၊ မင်းတို့ကြည့်ပြီး နှစ်သက်ရာကို ယူကြပါ”
ထို့နောက် ရှန်းယွမ်လုံသည် အသင့်ပြင်ဆင်ပြီး ရတနာပစ္စည်းစာရင်းကို ကျန်းချန်ရွှမ်တို့လက်ထဲ အပ်လိုက်သည်။ ရှန်းတောက်မင်က ကျင့်ကြံခြင်းဆေးပြားအချို့ကို ရွေးချယ်လိုက်သလို ရှန်းရူယန်က အခြေခံဓာတ်ငါးပါးနှင့် လျှပ်စစ်ဓာတ် အဆီအနှစ်များကို ရယူလိုက်သည်။ ကျန်းချန်ရွှမ်ကတော့ အဖြူရောင် ဧကရာဇ် ရွှေအမြုတေကို အားမနာတမ်း တောင်းယူလိုက်သည်။ သူ၏မူလဓမ္မရတနာဖြစ်သည့် ရွှေဗလာနယ်ဓားကို သန့်စင်ရန် အဆိုပါရတနာကို မဖြစ်မနေလိုအပ်နေသည်လေ။ သူတို့သုံးဦးလုံး နှစ်သက်ရာများကို ကိုယ်စီရွေးချယ်ပြီးနောက် ရှန်းယွမ်လုံက
“ဒုတိယကိစ္စကတော့ ကျီဖုအဆင့် ရောက်ရှိခြင်းအတွက် ဂုဏ်ပြုအခမ်းအနားပဲ”
“ဂုဏ်ပြုအခမ်းအနား ဟုတ်လား ဘိုးဘေး”
ရှန်းယွမ်လုံ၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်တို့သုံးဦးလည်း အနည်းငယ်အံ့သြသွားကြသည်။ ရှန်းယွမ်လုံက ခေါင်းညိတ်ရင်း
“ဟုတ်တယ်၊ အစောပိုင်းက ဒီကိစ္စအတွက် အချိန်မရှိလို့ ခေတ္တရွှေ့ဆိုင်းခဲ့ရတယ်၊ အခုတော့ ပြဿနာတွေ ရှင်းသလောက် ရှင်းပြီးပြီဆိုတော့ မင်းတို့အတွက် ဂုဏ်ပြုအခမ်းအနားလုပ်ဖို့ စီစဉ်လိုက်တယ်”
ကျီဖုအဆင့် ဂုဏ်ပြုအခမ်းအနားဆိုသည်မှာ ကျီဖုအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သည့် ကျင့်ကြံသူများကို ဂုဏ်ပြုသည့် အစဉ်အလာတစ်ရပ်ဖြစ်သလို အခြားကျင့်ကြံခြင်းမိသားစုများနှင့် ဂိုဏ်းများကိုလည်း အင်အားပြသသည့် သဘောမျိုးဆောင်သည့် အခမ်းအနားတစ်ခုပင်ဖြစ်သည်။ ထို့နောက် ရှန်းယွမ်လုံကပင် ဆက်လက်၍
“မင်းတို့သုံးယောက်လုံးအတွက် ဂုဏ်ပြုဖို့ အခမ်းအနားကို တစ်ကြိမ်စီ မခွဲတော့ဘဲ တစ်ခါတည်းကျင်းပဖို့ စီစဉ်ထားတယ်။ ဒါဆိုရင် မင်းတို့တစ်ယောက်ချင်းစီအတွက် သီးခြားကျင်းပတဲ့ အခမ်းအနားထက် ပိုပြီးခမ်းနားကြီးကျယ်တဲ့ ပွဲမျိုးကိုပြင်ဆင်ပေးနိုင်လိမ့်မယ်။ ငါစီစဉ်ထားတာနဲ့ ပတ်သက်ပြီး မင်းတို့အမြင်ကို လွတ်လွတ်လပ်လပ် ပြောပါ၊ ငါညှိနှိုင်းပေးပါ့မယ်”
ထိုအခါ ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းခါလိုက်သည်။
“ကျွန်တော့်ဘက်က ကန်ကွက်စရာမရှိပါဘူး ဘိုးဘိုး ၅”
ရှန်းရူယန်ကလည်း သဘောတူလိုက်သည်။
“ကျွန်မလည်းမရှိပါဘူး ဘိုးဘိုး ၅”
ထိုအခါ ရှန်းတောက်မင်ကလည်း ရယ်မောလျက်
“သူတို့နှစ်ယောက် သဘောတူမှတော့ ကျုပ်လည်း ဘိုးဘိုး ၅ ပြောတဲ့အတိုင်း လိုက်နာရမှာပေါ့”
“ကောင်းပြီလေ”
ရှန်းယွမ်လုံက ခေါင်းညိတ်လိုက်ပြီး စာရင်းစာရွက်သုံးခုကို ကမ်းပေးလိုက်သည်။
“ဒါက ဂုဏ်ပြုပွဲကို ဖိတ်ကြားမဲ့ ဧည့်သည်စာရင်းပဲ၊ မင်းတို့ဖိတ်ချင်တဲ့ ပုဂ္ဂိုလ်ရှိရင် ထပ်ထည့်လို့ရတယ်။”
ကျန်းချန်ရွှမ်တို့ သုံးဦးလည်း စာရင်းစာရွက်ကို ဖတ်ရှုလိုက်ကြသည်။ ထို့နောက် ရှန်းတောက်မင်က ခေါင်းခါလိုက်ပြီး
“ကျုပ်ဖိတ်ချင်တဲ့လူတွေ ပါပြီးသားပါ၊ ထပ်ထည့်စရာ မရှိပါဘူး”
ထိုအခါ ရှန်းယွမ်လုံ၏အကြည့်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ရောက်လာသည်။ ကျန်းချန်ရွှမ်က အနည်းငယ်စဉ်းစားပြီးနောက်
“လမင်းကြည့်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ကြီး ဟွမ်ဝမ်ယုကို ဧည့်သည်စာရင်းထဲ ထည့်လို့ရမလား ဘိုးဘိုး ၅”
“ဟွမ်ဝမ်ယု ဟုတ်လား”
ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့မှာ ကျန်းချန်ရွှမ်စကားကိုကြားလျှင် အတော်ပင် အံ့အားသင့်သွားဟန်တူသည်။ ထို့နောက် ရှန်းယွမ်လုံက
“ငါစီစဉ်လိုက်ပါ့မယ်၊ နောက်ထပ်ဖိတ်ကြားချင်တဲ့ ဧည့်သည်ရှိသေးသလား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ခေါင်းခါလိုက်ကြသည်။
“ကောင်းပြီလေ”
ရှန်းယွမ်လုံက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါဖြင့် ဒီကိစ္စကို အားလုံးသဘောတူကြတယ်နော်၊ ဂုဏ်ပြုပွဲကို နောက်သုံးလအကြာမှာ ကျင်းပမယ်၊ အဆင်ပြေကြရဲ့လား”
“ပြေပါတယ်”
ကျန်းချန်ရွှမ်တို့လည်း တညီတညွတ်တည်း သဘောတူလိုက်ကြသည်။
“ကန့်ကွက်စရာမရှိပါဘူး”
***
စာစဉ် ၇ ပြီး၏။