← Chapters

ကျီဖုအဆင့်ကို တက်​လှမ်း​ခြင်း​ (၂)

Vol. 7 Ch. 134

ကျီဖုအဆင့်ကို တက်​လှမ်း​ခြင်း​ (၂)

Vol. 7 Ch. 134

ထိုတစ်ခဏတွင် အစိမ်း​ရောင်​အလင်း​ပွင့်တစ်ခု ဖျတ်​ခနဲလင်းလာသည်။ ထို့နောက်​တွင်​ အစိမ်း​ရောင်ပွင့်ခက်ပွင့်နွယ်များနှင့် မြက်​ပင်​များသည် ကျင့်ကြံရာဂူအတွင်း နံရံ​ကြမ်း​ပြင်​များတွင် အလျှို​လျှို​ ပေါ်​ပေါက်​လာကြ​ပြီး တစ်​ခန်း​လုံး​ကို​ စိမ်း​စို​လတ်​ဆတ်သော မွှေးရနံ့များ ပက်​ဖြန်း​လိုက်​တော့သည်။ သို့သော် ဖြစ်​စဉ်မှာ ကြာရှည်​မခံ​လိုက်။ ကျန်းချန်ရွှမ်​လက်​ထဲရှိ အဇူရာဧကရာဇ် ကောင်း​ကင်​ဘုံ​နှိမ်​ဓား၏ ပုံရိပ်မှာ ​တဖြည်း​ဖြည်း ပျောက်​ကွယ်​သွား​သည်​နှင့် မြက်ပင်​များနှင့်အတူ မွှေးပျံ့သောသင်းရနံ့များသည်လည်း​ အလား​တူ မှိန်ဖျော့ပျောက်ကွယ်သွားတော့သည်။

ကျန်း​ချန်​ရွှမ်သည်​ ဖြည်း​ဖြည်း​ချင်း​ ထွက်​သက်​ကို ရှိုက်​ထုတ်​လိုက်သည်။ သည်တစ်ခါကျင့်ကြံမှုသည် အတော်​လေး​ခရီး​ရောက်​သည်ဟု ဆိုရ​မည်။ ကျီဖုအဆင့်​ကို​ အောင်မြင်​စွာ​ တက်​လှမ်း​နိုင်​ရုံ​မက သူ့ကိုယ်ပိုင်စွမ်းအားတစ်ရပ်ဖြစ်သည့် အဇူရာဧကရာဇ်​ ကောင်း​ကင်​ဘုံ​နှိမ်​ဓားလက်နက်​ကိုလည်း အပို​ဆုအနေနှင့် ရရှိလိုက်သေးသည်။ ထို့ပြင် အဆိုပါ​စွမ်း​အား​သည် ကျန်း​ချန်​ရွှမ်၏ ရုပ်​ပိုင်း​ဆိုင်ရာ​ နတ်​ဘုရား​စွမ်းအား​ဖြစ်​သည့် နဂါးဆင်​နတ်​ဘုရား စွမ်းအား​ကဲ့သို့ပင် အဆင့်မြှင့်​တင်​နိုင်သော စွမ်းအားဖြစ်နေသည်ကလည်း ကျန်း​ချန်​ရွှမ်​အတွက်​ အတိုင်း​ထက်​အလွန်​ ကျေနပ်​စရာ​ဖြစ်နေပြန်သည်။

ကျင့်ကြံ​ခြင်း​လောက​တွင် နတ်​ဘုရား​စွမ်းအား အမျိုး​အစား​နှစ်ရပ်ရှိပြီး ပထမ​တစ်မျိုးမှာ အသေဖြစ်သည်။ အဆိုပါ​စွမ်း​အား​သည် မူလ​ရရှိ​စဉ်ကအတိုင်း​ တစ်သမတ်တည်းဖြစ်ပြီး အဆင့်​မြှင့်တင်​နိုင်​စွမ်း​မရှိပါ။ ဥပမာ ပထမဆုံး​ရရှိ​စဉ်က အဆင့်​၃ ဆို​ပါက ကျင့်ကြံသူ၏ အဆင့်​အတန်း​မှာ မည်​မျှ​ထိ မြင့်တက်​သွား​ပါစေ အဆိုပါ​စွမ်း​အား​သည် အဆင့်​၃ တွင်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်၏ နဂါး​ဆင်​ နှင့် အဇူရာဧကရာဇ် စွမ်းအား​နှစ်ရပ်​လုံး​သည် အဆင့်​မြှင့်တင်​နိုင်​သော စွမ်းအားအရှင်များဖြစ်၍ ကျန်း​ချန်​ရွှမ်၏ ကျင့်ကြံ​မှု အဆင့်မြင့်လာသည်နှင့်အမျှ တစ်ပါတည်း ​လိုက်ပါ​တိုးတက်​လာမည်​ဖြစ်သည်။ အတိုချုပ်ဆိုရ​လျှင် အဆင့်​မြှင့်တင်​နိုင်​သော ဒုတိယ​အမျိုးအစား​သည် နတ်ဘုရားစွမ်းအား​အရှင်သည်သာ အမြင့်ဆုံး​အဆင့်​ဖြစ်​သည့် အဓိပတိ​နတ်​ဘုရား​စွမ်းအား​အဖြစ်သို့ ကျင့်​ကြံ​ယူနိုင်ခြင်းဖြစ်သည်။

အနှစ်သာရ​ကိုးပါး မသေမျိုး ကျင့်ကြံရေးလောကတွင် နတ်ဘုရားစွမ်းအား အများ​စုမှာ အသေဖြစ်ပြီး ကျန်း​ချန်​ရွှမ်​ကဲ့သို့ စွမ်းအား​အရှင်​ကို ပိုင်ဆိုင်​ထား​သူမှာ လက်ချိုးရေလို့ရသည်ဟု ဆိုနိုင်မည်။ ထို့နောက်​ ကျန်း​ချန်​ရွှမ်​သည် ရရှိ​ပြီး​ ကျီဖု​နယ်ပယ်​ ပထမအဆင့်ကို အခြေ​တည်အောင် ဆက်လက်​ကျင့်ကြံ​လိုက်သည်။ ထို​အချိန်တွင်​ စနစ်မှ အချက်ပေးသံ ဝင်​လာ​တော့​သည်။

[ဂုဏ်ပြု​ပါသည် စနစ်​ပိုင်​ရှင်​၊ ကျီဖုအဆင့်ကို တက်​လှမ်း​နိုင်ခဲ့​သည့်အတွက် ဆင်ခြင်တွက်ချက်​ပုတီး​စေ့ကို ရရှိပါမည်]

[ဆင်ခြင်​တွက်​ချက်​ ပုတီး​စေ့သည် နည်းစနစ်​အမျိုးမျိုး၊ မန္တန်​အမျိုး​မျိုး နှင့် နတ်ဘုရားစွမ်းအား​အမျိုး​မျိုးအပြင် ကောင်း​ကင်​ဘုံလျှို့ဝှက်​ချက်​များကို​ပင် ကျိုးကြောင်းဆင်ခြင်ပြီး တွက်​ဆနားလည်နိုင်စွမ်းကို ပေး​စွမ်းနိုင်​သည်]

အ​လွယ်​ကူ​ဆုံး​ရှင်း​ပြရလျှင် အဆိုပါ​ပုတီး​စေ့သည် ဘက်စုံ​သုံး​ ရတနာ​တစ်ပါး​ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြု​နိုင်​မည်​ဖြစ်သည်။ တစ်ကြိမ်​အသုံးပြု​ပြီး​လျှင်​ အလိုလို​ ပျောက်ကွယ်​သွား​မည်​ဖြစ်သည်။ စနစ်မှ​ချီးမြှင့်​သော ပုတီး​စေ့​အကြောင်း​ကို ကျန်း​ချန်​ရွှမ်​ အဖန်​ဖန်​လေ့လာ​ပြီး​နောက်​တွင် ယခုချက်ချင်းပင် ထို​ပုတီး​စေ့ကို အသုံးပြု​လျှင် သင့်မည်လားဟု တွေး​မိသည်။ သူ့တွင် အပြီးမသတ်​ရသေးသည့် ပြည့်စုံ​မှု​မရှိ​သော နည်းစနစ်​များ​ရှိနေ​သည်လေ။ ဥပမာ​ အကန့်အသတ်​မဲ့ဘီး ကျင့်​စဉ်နှင့် ကောင်း​ကင်ဘုံ လျှို့ဝှက်​တွက်​ချက်​ခြင်း​နည်းစနစ်​များကို အဆိုပါ​ပုတီး​စေ့​ကို အသုံးပြု၍ တွက်ချက်လိုက်လျှင် ပြီးပြည့်စုံသည့် ကျင့် စဉ်များဖြစ်​လာမှာသေချာသည်။ ထို့ပြင်​ မူလဓမ္မရတနာဖြစ်သည့် ရွှေ​ဗလာ​နယ်​ဓားအား သန့်စင်​နည်း​ကိုလည်း​ သိရှိနိုင်မည်ဖြစ်သည်။

သို့သော်​ ပြဿနာ​က ကျန်း​ချန်​ရွှမ်​အနေနှင့်​ အဆိုပါ ​နည်းစနစ်များ အားလုံး​ကို ဖော်ထုတ်လိုပါ​သော်လည်း ပုတီး​စေ့အနေနှင့် တစ်ခုတည်း​ကိုသာ တွက်ထုတ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်​ ကျန်း​ချန်​ရွှမ်​အနေနှင့် သူ့အတွက် အရေးကြီးဆုံးသော နည်း​စနစ်​ကိုသာ​ ရွေးချယ်​ရန်လိုအပ်ပါမည်။ ထပ်​တလဲလဲ စဉ်းစားအဖြေရှာ​ပြီးနောက်​တွင် ကောင်း​ကင်ဘုံ​ လျှို့ဝှက်​တွက်​ချက်​ခြင်း နည်းစနစ်ကို ရွေးချယ်​လိုက်​တော့သည်။ အကြောင်း​ရင်း​မှာ ခုနှစ်​စင်ကြယ်​အဘိုးကြီး၏ ရန်ကြောင့်ဖြစ်သည်။ ထို​အဘိုးကြီးသည် သူ့ကို​ ဝိညာဉ်​ခွဲ​လောက်​လန်းများဖြင့် ထောင်ချောက်​ဆင်ပြီး​ပြီဖြစ်​ရာ နောက်​ထပ်​လည်း​ မည်သို့​သော လက်​နက်​ပုန်း​များဖြင့်​ တိုက်ခိုက်​ဦးမည် မသိသေး​ပေ။

ကံကောင်း​သည့်​တစ်​ချက်က​ ရှန်း​မန်ရွှယ်ပေးအပ်ထားသည့် နည်း​စနစ်​သည် တွက်ချက်ခြင်း​နည်းစနစ်​များ​အနက်​ ထိပ်တန်း​အဆင့်​ အမျိုး​အစား​ဖြစ်ရာ အဆိုပါနည်းစနစ်​ကို ကျင့်ကြံ​ပြီးပါက ကောင်း​ကင်ဘုံ​လျှို့ဝှက်​ချက်များကို သိရှိ​နိုင်ရုံမက မိမိ၏ကိုယ်​ပိုင်​လျှို့ဝှက်​ချက်​များ​ကိုလည်း သူတစ်​ပါးမသိရှိစေရန် တစ်ချိန်​တည်း​တွင် ကာကွယ်​ထား​နိုင်​သည်။ ထို့ပြင် ကျင့်ကြံသူကို ကျိန်​စာအမျိုးမျိုးထံမှလည်း ကာကွယ်ပေးသည့်အတွက် ခုနှစ်​စင်ကြယ်​လို ဝါရင့်အံတိုနေသည့် အဆင့်​မြင့်​ကျင့်ကြံသူ​တစ်ဦး၏ ဉာဏ်​နီ​ဉာဏ်​နက်​များကို အလွယ်တကူ​သိရှိ​နိုင်​ဦးမည်ဖြစ်သည်။

ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်​လည်း တွေ​ဝေ​မနေ​ဘဲ ပုတီး​စေ့၏စွမ်းအား​ကို ကောင်း​ကင်ဘုံ​တွက်​ချက်​နည်းစနစ်အပေါ် အသုံးပြု​လိုက်​တော့သည်။ တစ်​ခဏချင်း​တွင်​ ပြည့်စုံခြင်းမရှိသည့် တွက်​ချက်​ခြင်း​နည်း​စနစ်​၏ ပထမအဆင့် ကျင့်စဉ်ကို အပြည့်အစုံရရှိလိုက်သည်။ ထို့နောက်​ ဒုတိယ​အဆင့်​နှင့်​ တတိယ​အဆင့်​ကို ရရှိလိုက်ပြန်သည်။ သို့​သော်​ ပုတီး​စေ့၏စွမ်းအား​သည် တတိယ​အဆင့်​တွင် ထူး​ဆန်း​စွာ ရပ်​တ​န့်​သွားသည်။ ကျန်း​ချန်​ရွှမ် တစ်ယောက် ပထမ​တွင်​ နားမလည်နိုင်ဖြစ်သွားသော်လည်း အနည်းငယ်​စဉ်းစား​ပြီး​နောက်​ အကြောင်းရင်းကိုရိပ်မိသွားသည်။ လက်ရှိပုတီးစေ့သည် ကောင်း​ကင်ဘုံ​ လျှို့ဝှက်တွက်ချက်​ခြင်း​ နည်းစနစ်၏ တတိယအဆင့်​ထိသာ ဖော်​ထုတ်​နိုင်စွမ်း​ရှိပြီး စတုတ္ထ​နှင့်​အထက် အဆင့်​ရှိ ကျင့်​စဉ်များကို​ ဆက်လက်​ဖော်ထုတ်​လို​လျှင် နောက်​ထပ်​ပုတီး​စေ့​များ လိုအပ်​ဦးမည်​ဖြစ်သည်။ ဆို​လိုသည်မှာ ဤနည်းစနစ်သည် သူထင်ထားသည်ထက် များစွာ​သာလွန်​အဆင့်​မြင့်​နေခြင်းပင် ဖြစ်တော့သည်။ ဤနည်းစနစ်နေရာတွင် အခြားသော တိုက်​ခိုက်​ရေး​နည်းစနစ်​များ၊ မန္တန်​များ​ဆိုပါ​က ပုတီး​စေ့သည် စတုတ္ထ၊ ပဥ္စမ၊ ဆဌမ​အဆင့်များအထိ အလွယ်တကူ​ဖော်​ထုတ်​နိုင်​မည်​ဖြစ်သည်။

ထို့​ကြောင့် ကျန်း​ချန်​ရွှမ်သည် တွက်ချက်​ခြင်း​နည်းစနစ်​ကို မူလ​ကထက် အလေးအနက်ထား ကျင့်​ကြံ​ရန်​ဆုံးဖြတ်​လိုက်​သည်။ ကောင်း​ကင်​ဘုံ လျှို့ဝှက်တွက်ချက်ခြင်း​ နည်းစနစ်၏ အခြေခံ​လုပ်​ဆောင်​ချက်​များမှာ​ ကောင်း​ကင်​ဘုံ​လျှို့ဝှက်​ချက်​များကို​ ကြား​ဖြတ်​ဖမ်း​ယူ​ခြင်း၊ အနာဂတ်​ဖြစ်​ရပ်​များကို​ ကြည့်​ရှု​ခြင်း​တို့​ဖြစ်သည်။ သို့​သော် ​နည်း​စနစ်၏ အမြင့်ဆုံး​စွမ်းအား​မှာ ကျရောက်​လာ​မည့်​ ကြမ္မာဆိုးဘေးရန်များကို ကြမ္မာ​ကောင်း​အဖြစ် ပြောင်း​လဲ​နိုင်​စွမ်း​ရှိခြင်း​ဖြစ်သည်။ သို့သော်​ သူ​ရရှိထားသော တတိယ​အဆင့်​အထိ ကျင့်​စဉ်များ​တွင် အဆိုပါ​စွမ်း​အား​ကို ရရှိနိုင်​မည်​မဟုတ်ဘဲ​ စတုတ္ထ​နှင့်​အထက်​အဆင့်​များကို ကျင့်ကြံ​ပြီးမှသာ ရရှိ​နိုင်​မည်ဟု ခန့်မှန်း​ရသည်။ ကျန်း​ချန်​ရွှမ်​အနေနှင့်​ ပထမ​နှင့်​ ဒုတိယ​အဆင့်​ ကျင့်​စဉ်များ​ကို အစအဆုံး​ဖော်​ထုတ်​နိုင်​ပြီဖြစ်၍ ရှန်းမန်ရွှယ်ကဲ့သို့ မိမိ၏သက်တမ်း​ကို စတေး​ရန်​မလို​တော့​သည်က အားသာချက်တစ်ခုဖြစ်သည်။ သို့​သော် ထို​နေရာတွင်​ ပြဿနာတစ်ခုရှိနေပြန်​သည်။ ဤနည်းစနစ်ကို လူတစ်ဦးကသာ ကျင့်ကြံနိုင်​ပြီး ထိုသူသေဆုံးသွားပါက ဒုတိယ​မြောက်​လူက ကျင့်​စဉ်ကို ဆက်​လက်​ကျင့်ကြံ၍ မဖြစ်နိုင်ခြင်းပင်ဖြစ်သည်။

***

All Chapters