ငုပ်လျှိုးနေသောရန်စွယ်
Vol. 7 Ch. 135
သုံးနှစ်ဆိုသည့်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြန်သည်။
ထိုသုံးနှစ်အတွင်းတွင် ရှန်းမိသားစုမှ ရှန်းတောက်မင်နှင့် ရှန်းရူယန်တို့ ကျီဖုအဆင့် ကျင့်ကြံသူများဖြစ်လာသည်က တစ်ကြောင်း၊ ဘိုးဘေးဖြစ်သူ ရှန်းယွမ်လုံတစ်ယောက် ပြန်လည်ကျန်းမာလာသည့်အပြင် ကျင့်ကြံမှုနောက်တစ်ဆင့်ကိုပါ တက်လှမ်းနိုင်သည်က တစ်ကြောင်း၊ စသည့်အချက်များကြောင့် မူလပထမက ရှန်းမိသားစုကို ဖယ်ကြဉ်ထားကြသော မျိုးနွယ်စုများ၊ ဂိုဏ်းများသည် ရှန်းမိသားစုကို အရေးပေးဆက်ဆံစပြုလာကြသည်။
ရှန်းမိသားစုအနေနှင့် အဆိုပါ နှစ်ဖက်ချွန် အင်အားစုများနှင့် ဆက်လက်၍ ပေါင်းသင်းဆက်ဆံနေသော်လည်း ရှန်းမျိုးနွယ်စုနိမ့်ပါးနေခိုက်တွင် မြေနိမ့်ရာလှံစိုက်လုပ်ခဲ့ကြသော မိသားစုများကိုမူ တစ်စုံတစ်ရာတုံ့ပြန်ရန် ဆုံးဖြတ်ထားသည်။ ဥပမာ ကျန်းမိသားစုဖြစ်သည်။ အဆိုပါသုံးနှစ်တာကာလတွင် ကျန်းမိသားစုသည် မိမိတို့၏ လုပ်ရပ်အတွက် ရှန်းမိသားစုကို လာရောက်တောင်းပန်ခြင်းမရှိဘဲ အတိတ်မေ့သလို ရွှေပျောက်သလို ဉာဏ်များနေသည့်အတွက် ရှန်းမိသားစုသည် အဆိုပါလူစုကို သင်ခန်းစာကောင်းကောင်းပေးရန် အခွင့်အခါကောင်းကို ချောင်းလျက်ရှိသည်။
ထိုအချိန်တွင် ကျောက်စိမ်းပျံလှိုဏ်ဂူရှိ အတွင်းတစ်နေရာတွင် ကျန်းချန်ရွှမ်သည် မျက်လုံးအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သည်သုံးနှစ်ကာလအတွင်း ကောင်းကင်ဘုံလျှို့ဝှက်တွက်ချက်ခြင်း နည်းစနစ်ကို ပထမအဆင့်အထိ ပြီးမြောက်အောင် ကျင့်ကြံပြီးဖြစ်သည်။ ကျင့်စဉ်ပြီးမြောက်မှုမှာ ပထမအဆင့်သာရှိသေးသော်လည်း ကျန်းချန်ရွှမ်အနေနှင့် အတိတ်တွင် သူမမြင်နိုင်ခဲ့သည့်အရာများကို ထင်ထင်လင်းလင်း သိမြင်လာနိုင်ပြီဖြစ်သည်။ ပင်းချွမ်စီရင်စုရှိ ကျင့်ကြံသူများ၏ ကြမ္မာဆိုးပုံရိပ်များကိုလည်း ခံစားသိရှိစပြုလာသည်။
ထို့အပြင် သူ့အတွက် ကျင့်ကြံမှုအဆင့် တိုးတက်လာနိုင်မည့် အခွင့်အလမ်းကောင်းများကိုလည်း အာရုံခံနိုင်စွမ်းရှိလာသည်။ အချုပ်ဆိုရလျှင် ဤနည်းစနစ်သည် ကျန်းချန်ရွှမ်၏ တိုက်ပွဲဝင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း မရှိသော်လည်း ကျင့်ကြံခြင်းဖြစ်စဉ်နှင့် ဆက်စပ်အရည်အသွေးများကိုတော့ သိသာစွာမြှင့်တင်ပေးနိုင်ပါသည်။ ထိုခဏတွင် ကျန်းချန်ရွှမ်သည် မှိန်ဖျော့ဖျော့ ကြယ်အလင်းတစ်ခုကို မြင်လိုက်ရသည်။ အဆိုပါအလင်းကြားတွင် နက်မှောင်လျက်ရှိသည့် ကြမ္မာဆိုးပုံရိပ် တစွန်းတစကိုလည်း တွေ့လိုက်ရပြန်သည်။ ပုံရိပ်မှာ အလွန်သေးကွေးလှသည့်အတွက် ရန်သူတစ်ဦး၏ ဖုံးကွယ်ထားသည့် အစီအမံတစ်ခုဖြစ်နိုင်ကြောင်း သူတွေးမိသည်။ ထိုပုံရိပ်သည် အသက်ဝင်ခြင်းမရှိသေးသော်လည်း အသက်ဝင်လာပါက သူ၏အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။
ထိုပုံရိပ်သည် ခုနှစ်စင်ကြယ်အဘိုးကြီး၏ မကောင်းသည့် အစီအမံတစ်ခုကို ကိုယ်စားပြုနေနိုင်ကြောင်း ကျန်းချန်ရွှမ်သုံးသပ်မိသည်။ ထို့နောက် ထိုင်ရာမှထ၍ အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ အခန်းအပြင်ရောက်လျှင် ရှန်းရူယန်သည် တံခါးဝ၌ထိုင်လျက်သား သူ့အား စောင့်ကြပ်ပေးနေသည်ကို တွေ့လိုက်ရသည်။ ကျန်းချန်ရွှမ်၏ သုံးနှစ်တာ ဂူပိတ်ကျင့်ကြံမှုကာလအတွင်း ရှန်းရူယန်သည် ထိုနေရာမှ တစ်ဖဝါးမျှမခွာဘဲ သူ့အားစောင့် ကြပ်ပေးနေခဲ့ကြောင်း ကျန်းချန်ရွှမ်သိရှိလိုက်သည်။ ထို့ကြောင့် သူ့နှလုံးသားမှာ နွေးထွေးသွားသလို ခံစားမိပြီး မျက်လုံးမှိတ်လျက်ရှိသော ရှန်းရူယန်ကို ညင်သာစွာ ပွေ့ဖက်လိုက်မိသည်။
ရှန်းရူယန်သည် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ကာ ကျန်းချန်ရွှမ်ကို မော့ကြည့်လိုက်သည်။
“ယောက်ျား ရှင်ထွက်လာပြီပဲနော်”
ကျန်းချန်ရွှမ်၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည့် ရှန်းရူယန်မှာ အနည်းငယ် ရှက်သွေးဖြာသွားဟန်တူသည်။ ထို့နောက် ရှန်းရူယန်သည် စိုးရိမ်ပူပန်စွာ ဆက်လက်မေးမြန်းပြန်သည်။
“ဘယ်လိုလဲ တက်လှမ်းနိုင်ခဲ့ပြီလား”
“အားလုံး ချောချောမွေ့မွေ့ပါပဲ”
ကျန်းချန်ရွှမ်က သူမကို ရင်ခွင်အတွင်း ဆွဲယူလိုက်ပြီး နားအနားသို့ကပ်၍ တိုးတိတ်ညင်သာစွာ အဖြေပေးလိုက်သည်။
“ရူယန် ဒီသုံးနှစ်အတွင်း ကိုယ်မင်းကို ပင်ပန်းစေခဲ့ပြီနော်”
ရှန်းရူယန်က ပြုံးလျက် ခေါင်းယမ်းလိုက်သည်။
“ယောက်ျားရယ် ဒါတွေမပြောပါနဲ့၊ ကျွန်မတို့ကြားမှာ အားနာစရာမလိုပါဘူး”
ကျန်းချန်ရွှမ်သည် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင်တော့ နှစ်ဦးသားသည် အချိန်တစ်ခုကြာသည်အထိ ကြင်နာစွာ ပွေ့ဖက်နေကြတော့သည်။ နောက်ဆုံးတွင် လူချင်းခွဲလိုက်ကြပြီး ကျန်းချန်ရွှမ်က သူ၏ သုံးနှစ်တာ ကျင့်ကြံမှုအစအဆုံးကို ဖွင့်ဟလိုက်သည်။ ရှန်းရူယန်မှာ ကောင်းကင်ဘုံတွက်ချက်နည်းကို ကျန်းချန်ရွှမ် ကျင့်ကြံနိုင်ခဲ့ကြောင်း သိလျှင် တုန်လှုပ်သွားဟန်ပေါ်သည်။ ကျန်းချန်ရွှမ်တစ်ယောက် ကျင့်စဉ်ပထမအဆင့်ကို ဘေးထွက်ဆိုးကျိုးမရှိဘဲ မည်သို့မည်ပုံ ကျင့်ကြံနိုင်ခဲ့သည်ကိုလည်း နားမလည်နိုင်ဖြစ်နေသည်။ ကျန်းချန်ရွှမ်ကလည်း သူ၏လျှို့ဝှက်ချက်ကို ပြောပြခြင်းမရှိ၍ ရှန်းရူယန်နားမလည်သည်မှာလည်း သဘာဝကျပါသည်။ ရှန်းရူယန်ကိုယ်တိုင်တွင်လည်း ကျန်းချန်ရွှမ်အား အသိမပေးထားသည်များ ရှိနေသည် မဟုတ်ပါလား။
ထိုစဉ် ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို သတိရမိလိုက်ပြီး
“ဒါနဲ့ ရူယန်၊ ကိုယ့်မှာ ကောင်းကင်ဘုံတွက်ချက်နည်း ပထမအဆင့်ရှိထားပြီဆိုတော့ ကိုယ်တို့ကိုဒုက္ခပေးနိုင်တဲ့ အန္တရာယ်ကို အရင်ရှင်းသင့်ပြီ”
ထို့နောက် ကျန်းချန်ရွှမ်၏ လက်ဖျားများတွင် အရောင်ခပ်မှိန်မှိန် အလင်းစက်ကွင်းများ ပေါ်လာသည်။ ကျန်းချန်ရွှမ်သည် ထိုအလင်းစက်ကွင်းများကို သူနှင့် ရှန်းရူယန်တို့၏ ခန္ဓာကိုယ်များထက်သို့ လွှမ်းခြုံစေလိုက်သည်။ ဤနည်းဖြင့် သူတို့နှစ်ဦး၏ လျှို့ဝှက်ချက်များကို ကာကွယ်ထားလိုက်နိုင်ပြီဖြစ်သည်။ ယခုအခါ နှစ်ယောက်လုံး၏ ကိုယ်ပေါ်တွင် ရှိနှင့်ပြီး အော်ရာအလွှာအပြင် ပိုမိုသိပ်သည်းအားကောင်းသော အလွှာတစ်ခုကပါ ထပ်မံကာကွယ်ထားကြောင်း တွေ့မြင်လိုက်ရသည်။
ထိုအချိန်တွင် လော့ရှားမန်ဂိုဏ်း ပိုင်ဆိုင်သော တောင်ထွတ်တစ်ခုတွင် ဖြစ်သည်။ ကောင်းကင်ကိုကြည့်၍ တစ်စုံတစ်ရာကို တွက်ချက်ဖတ်ရှုနေဟန်တူသည့် ခုနှစ်စင်ကြယ်အဘိုးကြီးသည် ရုတ်တရက် ကြက်သေသေငိုင်သွားမိသည်။ သူဖတ်ရှုစောင့်ကြည့်နေသော ပုံရိပ်နှစ်ခု၏ အော်ရာများသည် အစအနမကျန် ပျောက်ကွယ်သွားသည်။ အကြံအိုက်သွားသည့် အဘိုးကြီးသည် ကြယ်အလင်းသံလိုက်အိမ်မြောင်ကို ထုတ်ယူအသက်သွင်းလိုက်သည်။ သံလိုက်အိမ်မြောင်လည်း စတင်လည်ပတ်လာပြီး မျက်နှာပြင်တွင် ထူးဆန်းသော အော်ရာအလင်းတစ်မျိုး လင်းလက်လာသည်။ အဘိုးကြီး၏ မျက်နှာမှာ ပိုမိုလေးနက်လာပြီး တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
“မန်ရွှယ် ဒါက မင်းရဲ့မြေးမြစ်တွေအတွက် ကြိုတင်ပြင်ဆင်ပေးခဲ့တဲ့ အစီအစဉ်ပေါ့လေ။ မင်းက ငါ့ကို နဂိုကတည်းက မသင်္ကာဖြစ်နေတာလား ဒါမှမဟုတ် မင်းရဲ့မြေးမြစ်တွေရဲ့ အနာဂတ်ကိုကြိုတွက်ချက်ပြီး ပြင်ဆင်ပေးခဲ့တာလား ငါသိချင်မိတယ်”
ထိုအချိန်… ကျောက်စိမ်းပျံဂူတွင် ဖြစ်သည်။ ရှန်းရူယန်သည် ကောင်းကင်ဘုံ လျှို့ဝှက်တွက်ချက်ခြင်း နည်းစနစ်၏ လုပ်ဆောင်နိုင်စွမ်းကို နားလည်လာပြီဖြစ်သည်။ သူမက ကျန်းချန်ရွှမ်ကို စိုးရိမ်ဟန်နှင့် မေးခွန်းထုတ်လိုက်မိသည်။
“ယောက်ျား ရှင်က အခု ကျွန်မတို့ကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်တစ်ခုကို ဖယ်ရှားလိုက်ပြီဆိုတော့ ခုနှစ်စင်ကြယ်အဘိုးကြီးကို တပ်လှန့်လိုက်သလိုဖြစ်ပြီး သူ့ခြေလှမ်းတွေ ပိုစိပ်မလာနိုင်ဘူးလား”
ကျန်းချန် ရွှမ်က ခေါင်းခါလိုက်သည်။
“မစိုးရိမ်ပါနဲ့ ဒီလူကြီးရဲ့ စိတ်နေစိတ်ထားကို ကိုယ်သိတယ်။ အခုလိုဖြစ်သွားတာကို ကိုယ်တို့အစွမ်းကြောင့်လို့ ထင်မှာမဟုတ်ဘူး။ ဘိုးဘေးမန်ရွှယ်က ကိုယ်တို့အတွက် အရန်သင့် ပြင်ဆင်ပေးခဲ့တဲ့ အစီအမံကြောင့်လို့ ထင်နေမှာ။ ဒီတော့ သူ့အနေနဲ့ ကိုယ်တို့နှစ်ယောက်ကို လက်လွတ်စပယ် ကြံစည်ရဲမှာ မဟုတ်တော့ဘူး”
ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဂူအပြင်သို့ ထွက်လာခဲ့ကြတော့သည်။
***