← Chapters

ငုပ်လျှိုး​နေသော​ရန်​စွယ်

Vol. 7 Ch. 135

ငုပ်လျှိုး​နေသော​ရန်​စွယ်

Vol. 7 Ch. 135

သုံး​နှစ်​ဆိုသည့်​ကာလသည် မျက်စိ​တစ်​မှိတ်​အတွင်း​ ကုန်​ဆုံး​သွား​ပြန်​သည်။

ထို​သုံး​နှစ်​အတွင်းတွင်​ ရှန်း​မိသားစု​မှ ရှန်း​တောက်မင်​နှင့်​ ရှန်းရူယန်တို့ ကျီဖုအဆင့်​ ကျင့်ကြံသူ​များ​ဖြစ်​လာသည်​က တစ်ကြောင်း၊ ဘိုးဘေး​ဖြစ်သူ​ ရှန်း​ယွမ်လုံ​တစ်ယောက်​ ပြန်​လည်​ကျန်း​မာ​လာသည့်​အပြင်​ ကျင့်ကြံမှုနောက်တစ်ဆင့်ကိုပါ တက်​လှမ်း​နိုင်​သည်က တစ်ကြောင်း၊ စသည့်အချက်များကြောင့် မူလပထမက ရှန်း​မိသားစု​ကို ဖယ်ကြဉ်ထားကြသော မျိုး​နွယ်စုများ၊ ဂိုဏ်း​များ​သည် ရှန်း​မိသားစု​ကို အရေး​ပေး​ဆက်ဆံ​စပြုလာကြသည်။

ရှန်း​မိသားစု​အနေနှင့် အဆိုပါ ​နှစ်ဖက်​ချွန်​ အင်အား​စုများနှင့် ဆက်လက်၍ ပေါင်းသင်းဆက်ဆံနေသော်လည်း ရှန်း​မျိုး​နွယ်စု​နိမ့်ပါးနေခိုက်တွင် မြေနိမ့်​ရာ​လှံ​စိုက်​လုပ်ခဲ့ကြသော မိသားစု​များ​ကိုမူ တစ်စုံ​တစ်​ရာ​တုံ့ပြန်​ရန်​ ဆုံးဖြတ်​ထား​သည်။ ဥပမာ​ ကျန်း​မိသားစု​ဖြစ်သည်။ အဆိုပါ​သုံး​နှစ်​တာ​ကာလ​တွင် ကျန်း​မိသားစု​သည် မိမိတို့၏ လုပ်ရပ်​အတွက်​ ရှန်း​မိသားစု​ကို လာရောက်​တောင်း​ပန်​ခြင်းမရှိဘဲ အတိတ်​မေ့​သလို​ ရွှေပျောက်သလို ဉာဏ်​များ​နေသည့်​အတွက် ရှန်း​မိသားစု​သည် အဆိုပါ​လူစုကို သင်ခန်းစာ​ကောင်း​ကောင်း​ပေးရန်​ အခွင့်​အခါ​ကောင်း​ကို ချောင်း​လျက်​ရှိသည်။

ထို​အချိန်​တွင်​ ကျောက်​စိမ်း​ပျံလှိုဏ်ဂူရှိ အတွင်း​တစ်​နေရာတွင်​ ကျန်း​ချန်​ရွှမ်​သည်​ မျက်လုံး​အစုံကို ဖြည်း​ညင်း​စွာ​ ဖွင့်လိုက်သည်။ သည်သုံးနှစ်ကာလအတွင်း ကောင်းကင်ဘုံလျှို့ဝှက်​တွက်ချက်​ခြင်း နည်းစနစ်ကို ပထမ​အဆင့်​အထိ ပြီးမြောက်အောင်​ ကျင့်​ကြံ​ပြီး​ဖြစ်သည်။ ကျင့်​စဉ်ပြီးမြောက်​မှုမှာ ပထမအဆင့်သာရှိသေးသော်လည်း ကျန်း​ချန်​ရွှမ်​အနေ​နှင့် အတိတ်​တွင် သူမမြင်နိုင်ခဲ့သည့်​အရာများကို ထင်​ထင်​လင်း​လင်း သိမြင်​လာနိုင်​ပြီဖြစ်သည်။ ပင်းချွမ်စီရင်စုရှိ ကျင့်ကြံသူများ၏ ကြမ္မာ​ဆိုး​ပုံ​ရိပ်​များကို​လည်း ခံစား​သိရှိ​စပြုလာသည်။

ထို့အပြင်​ သူ့အတွက် ကျင့်ကြံမှုအဆင့် တိုး​တက်​လာနိုင်​မည့် ​ အခွင့်အလမ်းကောင်းများကိုလည်း အာရုံ​ခံ​နိုင်​စွမ်း​ရှိလာသည်။ အချုပ်​ဆိုရ​လျှင် ဤနည်းစနစ်သည် ကျန်း​ချန်​ရွှမ်၏ တိုက်​ပွဲ​ဝင်​စွမ်းရည်​ကို မြှင့်တင်​ပေးနိုင်ခြင်း မရှိသော်လည်း​ ကျင့်ကြံခြင်းဖြစ်စဉ်နှင့် ဆက်စပ်​အရည်အသွေး​များကိုတော့ သိသာစွာမြှင့်တင်ပေးနိုင်ပါသည်။ ထို​ခဏတွင်​ ကျန်း​ချန်​ရွှမ်​သည် မှိန်​ဖျော့​ဖျော့​ ကြယ်အလင်းတစ်ခုကို မြင်​လိုက်​ရသည်။ အဆိုပါ​အလင်း​ကြား​တွင် နက်မှောင်လျက်ရှိသည့် ကြမ္မာ​ဆိုး​ပုံရိပ်​ တစွန်းတစ​ကိုလည်း တွေ့လိုက်ရ​ပြန်​သည်။ ပုံရိပ်​မှာ အလွန်​သေးကွေးလှသည့်အတွက် ရန်သူ​တစ်ဦး၏ ဖုံးကွယ်​ထား​သည့် အစီအမံတစ်ခုဖြစ်နိုင်ကြောင်း သူတွေးမိသည်။ ထို​ပုံရိပ်​သည် အသက်​ဝင်​ခြင်း​မရှိသေးသော်လည်း အသက်​ဝင်​လာပါက သူ၏အသက်​အန္တရာယ်​ကိုပါ ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။

ထို​ပုံ​ရိပ်​သည် ခုနှစ်​စင်ကြယ်​အဘိုး​ကြီး၏ မကောင်း​သည့် အစီအမံတစ်ခုကို ကိုယ်စားပြုနေနိုင်​ကြောင်း​ ကျန်း​ချန်​ရွှမ်​သုံး​သပ်မိသည်။ ထို့နောက်​ ထိုင်​ရာမှ​ထ၍ အခန်းထဲမှ ထွက်​ခွာ​လာ​ခဲ့သည်။ အခန်း​အပြင်​ရောက်​လျှင်​ ရှန်းရူယန်​သည် တံခါးဝ၌ထိုင်လျက်သား သူ့အား စောင့်ကြပ်​ပေး​နေသည်​ကို တွေ့လိုက်ရ​သည်။ ကျန်းချန်ရွှမ်​၏ သုံး​နှစ်​တာ ဂူ​ပိတ်​ကျင့်​ကြံ​မှု​ကာလအတွင်း​ ရှန်း​ရူယန်​သည် ထိုနေရာမှ တစ်ဖဝါးမျှမခွာဘဲ သူ့အားစောင့် ကြပ်​ပေး​နေခဲ့ကြောင်း ကျန်း​ချန်​ရွှမ်​သိရှိ​လိုက်သည်။ ထို့ကြောင့်​ သူ့နှလုံးသားမှာ နွေး​ထွေး​သွား​သလို​ ခံစား​မိပြီး မျက်​လုံး​မှိတ်​လျက်​ရှိသော ရှန်းရူယန်​ကို ညင်သာ​စွာ ပွေ့ဖက်​လိုက်​မိသည်။

ရှန်း​ရူယန်သည် မျက်လုံး​များ​ကို ဖြည်း​ညင်း​စွာ​ဖွင့်လိုက်ကာ ကျန်း​ချန်​ရွှမ်ကို မော့ကြည့်လိုက်သည်။

“ယောက်ျား​ ရှင်ထွက်လာပြီပဲနော်”

ကျန်း​ချန်​ရွှမ်၏ ပွေ့ဖက်​ခြင်း​ကို ခံလိုက်ရ​သည့်​ ရှန်းရူယန်​မှာ အနည်းငယ် ​ရှက်သွေးဖြာသွားဟန်တူသည်။ ထို့နောက် ​ရှန်း​ရူယန်သည် စိုးရိမ်​ပူပန်​စွာ ဆက်လက်​မေးမြန်း​ပြန်​သည်။

“ဘယ်​လို​လဲ တက်​လှမ်း​နိုင်​ခဲ့ပြီ​လား”

“အားလုံး​ ချော​ချော​မွေ့​မွေ့ပါပဲ”

ကျန်း​ချန်​ရွှမ်က သူမကို ရင်​ခွင်​အတွင်း​ ဆွဲယူလိုက်ပြီး နားအနားသို့ကပ်၍ တိုးတိတ်ညင်သာ​စွာ အဖြေ​ပေး​လိုက်​သည်။

“ရူယန် ဒီသုံးနှစ်အတွင်း ကိုယ်​မင်းကို ပင်​ပန်း​စေ​ခဲ့ပြီ​နော်​”

ရှန်း​ရူယန်က ပြုံးလျက် ​ ခေါင်း​ယမ်းလိုက်သည်။

“ယောက်ျား​ရယ်​ ဒါတွေ​မပြော​ပါနဲ့၊ ကျွန်မ​တို့​ကြားမှာ အားနာ​စရာမလိုပါဘူး”

ကျန်း​ချန်​ရွှမ်​သည် ပြုံး​ရင်း ခေါင်း​ညိတ်​ပြ​လိုက်​သည်။ ထို့နောက်​တွင်​တော့ နှစ်ဦးသားသည်​ အချိန်​တစ်ခု​ကြာ​သည်အထိ ကြင်​နာ​စွာ​ ပွေ့ဖက်​နေကြတော့သည်။ နောက်ဆုံး​တွင်​ လူချင်းခွဲလိုက်ကြပြီး ကျန်း​ချန်​ရွှမ်က သူ၏ သုံး​နှစ်​တာ ကျင့်​ကြံ​မှု​အစအဆုံးကို ဖွင့်​ဟလိုက်သည်။ ရှန်း​ရူယန်​မှာ ကောင်း​ကင်ဘုံ​တွက်​ချက်​နည်း​ကို ကျန်းချန်​ရွှမ်​ ကျင့်​ကြံ​နိုင်​ခဲ့ကြောင်း​ သိလျှင် တုန်​လှုပ်​သွား​ဟန်ပေါ်သည်။ ကျန်းချန်ရွှမ်တစ်ယောက် ကျင့်​စဉ်ပထမ​အဆင့်​ကို ဘေးထွက်ဆိုးကျိုးမရှိဘဲ မည်သို့မည်ပုံ​ ကျင့်ကြံ​နိုင်​ခဲ့သည်ကိုလည်း နား​မလည်နိုင်ဖြစ်နေသည်။ ကျန်းချန်ရွှမ်ကလည်း​ သူ၏လျှို့ဝှက်​ချက်​ကို ပြောပြ​ခြင်း​မရှိ၍ ရှန်းရူယန်​နား​မ​လည်​သည်မှာလည်း သဘာဝ​ကျပါသည်။ ရှန်းရူယန်​ကိုယ်​တိုင်​တွင်​လည်း ကျန်း​ချန်​ရွှမ်​အား အသိ​မပေး​ထားသည်​များ ရှိနေသည် မဟုတ်​ပါ​လား။

ထိုစဉ် ကျန်း​ချန်​ရွှမ်က တစ်​စုံ​တစ်ခုကို သတိရ​မိလိုက်​ပြီး

“ဒါနဲ့​ ရူယန်၊ ကိုယ့်​မှာ ကောင်း​ကင်ဘုံ​တွက်​ချက်​နည်း ပထမ​အဆင့်​ရှိထားပြီဆိုတော့ ကိုယ်​တို့ကို​ဒုက္ခ​ပေးနိုင်​တဲ့ အန္တရာယ်​ကို အရင်​ရှင်း​သင့်ပြီ”

ထို့နောက်​ ကျန်း​ချန်​ရွှမ်၏ လက်​ဖျား​များတွင် အရောင်​ခပ်မှိန်မှိန် အလင်း​စက်​ကွင်းများ ပေါ်​လာသည်။ ကျန်း​ချန်​ရွှမ်သည် ထို​အလင်း​စက်​ကွင်း​များကို သူနှင့် ရှန်းရူယန်​တို့​၏ ခန္ဓာကိုယ်​များ​ထက်​သို့ လွှမ်းခြုံ​စေလိုက်သည်။ ဤနည်း​ဖြင့်​ သူတို့​နှစ်ဦး​၏ လျှို့ဝှက်ချက်များ​ကို ကာကွယ်​ထား​လိုက်​နိုင်​ပြီဖြစ်သည်။ ယခုအခါ​ နှစ်ယောက်​လုံး၏ ကိုယ်​ပေါ်​တွင်​ ရှိ​နှင့်ပြီး အော်​ရာ​အလွှာ​အပြင် ပိုမို​သိပ်​သည်း​အားကောင်း​သော အလွှာတစ်ခုကပါ ထပ်​မံ​ကာကွယ်​ထားကြောင်း​ တွေ့မြင်​လိုက်ရ​သည်။

ထို​အချိန်​တွင်​ လော့​ရှား​မန်​ဂိုဏ်း ပိုင်ဆိုင်​သော တောင်​ထွတ်​တစ်ခုတွင် ဖြစ်​သည်။ ကောင်း​ကင်​ကိုကြည့်၍ တစ်စုံ​တစ်​ရာ​ကို တွက်​ချက်​ဖတ်ရှု​နေဟန်တူသည့် ခုနှစ်​စင်ကြယ်​အဘိုး​ကြီး​သည် ရုတ်တရက်​ ကြက်​သေသေငိုင်သွားမိသည်။ သူဖတ်ရှုစောင့်ကြည့်နေသော ပုံရိပ်​နှစ်ခု၏ အော်​ရာများသည်​ အစအန​မကျန်​ ပျောက်ကွယ်​သွားသည်။ အကြံအိုက်​သွား​သည့်​ အဘိုး​ကြီး​သည် ကြယ်​အလင်း​သံလိုက်အိမ်မြောင်ကို ထုတ်​ယူအသက်သွင်းလိုက်သည်။ သံလိုက်အိမ်မြောင်လည်း စတင်လည်ပတ်​လာပြီး​ မျက်​နှာ​ပြင်​တွင် ထူးဆန်း​သော​ အော်​ရာ​အလင်း​တစ်မျိုး​ လင်းလက်​လာသည်။ အဘိုး​ကြီး​၏ မျက်နှာ​မှာ ပိုမို​လေး​နက်​လာပြီး တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

“မန်ရွှယ် ဒါက မင်း​ရဲ့မြေးမြစ်တွေအတွက် ကြိုတင်ပြင်ဆင်ပေးခဲ့တဲ့ အစီအစဉ်​ပေါ့လေ။ မင်းက ​ငါ့ကို နဂို​ကတည်းက​ မသင်္ကာဖြစ်နေတာလား ဒါမှမဟုတ်​ မင်းရဲ့​မြေး​မြစ်​တွေရဲ့ အနာဂတ်​ကို​ကြို​တွက်ချက်​ပြီး ပြင်ဆင်​ပေးခဲ့တာလား ငါ​သိချင်​မိတယ်”

ထို​အချိန်… ကျောက်​စိမ်း​ပျံ​ဂူ​တွင် ဖြစ်​သည်။ ရှန်းရူယန်သည် ကောင်း​ကင်ဘုံ လျှို့ဝှက်တွက်ချက်​ခြင်း​ နည်း​စနစ်၏ လုပ်ဆောင်​နိုင်​စွမ်း​ကို နားလည်​လာပြီဖြစ်သည်။ သူမက ကျန်း​ချန်​ရွှမ်​ကို စိုးရိမ်​ဟန်​နှင့် မေးခွန်း​ထုတ်​လိုက်​မိသည်။

“ယောက်ျား​ ရှင်​က အခု ကျွန်မ​တို့ကို​ ဒုက္ခ​ပေးနိုင်​တဲ့ အန္တရာယ်​တစ်ခု​ကို ဖယ်​ရှား​လိုက်ပြီ​ဆိုတော့​ ခုနှစ်​စင်ကြယ်​အဘိုး​ကြီး​ကို တပ်​လှ​န့်​လိုက်သလိုဖြစ်ပြီး သူ့ခြေလှမ်းတွေ ပိုစိပ်မလာနိုင်ဘူးလား”

ကျန်း​ချန် ရွှမ်က ခေါင်း​ခါလိုက်သည်။

“မစိုးရိမ်ပါနဲ့ ဒီလူကြီးရဲ့ စိတ်​နေ​စိတ်​ထားကို ကိုယ်​သိတယ်။ အခုလို​ဖြစ်​သွား​တာကို​ ကိုယ်​တို့​အစွမ်း​ကြောင့်​လို့ ထင်​မှာမဟုတ်ဘူး။ ဘိုးဘေး​မန်​ရွှယ်​က ကိုယ်​တို့အတွက်​ အရန်သင့် ပြင်​ဆင်​ပေး​ခဲ့တဲ့​ အစီအမံကြောင့်လို့ ထင်​နေမှာ။ ဒီတော့​ သူ့အနေနဲ့​ ကိုယ်တို့နှစ်ယောက်​ကို လက်​လွတ်​စပယ် ကြံစည်​ရဲမှာ မဟုတ်​တော့​ဘူး”

ထို့နောက်​တွင်​ ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်းရူယန်တို့လည်း ဂူအပြင်သို့ ထွက်လာခဲ့ကြတော့သည်။

***

All Chapters