ကျန်းမိသားစု
Vol. 7 Ch. 136
ကျန်းချန်ရွှမ်တို့နှစ်ဦး ဂူအပြင်သို့ရောက်သောအခါ ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့နှစ်ဦးလည်း ရောက်ရှိနေသည်ကို တွေ့ရပြန်သည်။ ကျန်းချန်ရွှမ်၏ ဂူပိတ်ကျင့်ကြံမှုပြီးဆုံးချိန်ကတည်းက သူ့ကိုယ်မှထွက်ပေါ်လာသော အော်ရာကို အာရုံခံ၍ ကျန်းချန်ရွှမ်တစ်ယောက် ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြောင်း သူတို့လည်း ကြိုတင်သိရှိပြီးဖြစ်သည်။
“ဟားဟား ဂုဏ်ပြုပါတယ်ကွာ ချန်ရွှမ်”
ရှန်းယွမ်လုံတို့လည်း လက်သီးဆုပ်၍ ဂုဏ်ပြုနှုတ်ဆက်လိုက်ကြသည်။ သူတို့နှစ်ဦး၏ မျက်နှာများမှာ သကာရည်လောင်းထားသလို ပြုံးပျော်ရွှင်မြူးလျက်ရှိကြတော့သည်။ ရှန်းမျိုးနွယ်စုတွင် ယခုအခါ ကျီဖုအဆင့် လေးဦးအထိရှိလာပြီလေ။ ကျန်းချန်ရွှမ်သည်လည်း အပြုံးနှင့် တုံ့ပြန်ဂါရဝပြုလိုက်သည်။ ထို့နောက်တွင် ရှန်းရူယန်က သူတို့သုံးဦးအား အနီးအနားရှိ အဆောင်ခန်းတစ်ခုသို့ ဖိတ်ခေါ်ကာ ဝိညာဉ်လက်ဖက်ရည်များဖြင့် တည်ခင်းပြုစုသည်။
ရှန်းမိသားစု၏ ထိပ်သီးခေါင်းဆောင်လေးဦး ဖြစ်နေပြီဖြစ်သော ကျန်းချန်ရွှမ်တို့လည်း လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုဆွေးနွေးကြသည်။ ရှန်းတောက်မင်က ကျန်းမိသားစုအရေးကို ထုတ်ဖော်ဆွေးနွေးလာသောအခါ ကျန်သုံးဦး၏ မျက်နှာအမူအရာသည် လေးနက်လာကြသည်။ ကျန်းချန်ရွှမ်က
“ဘိုးဘေးနဲ့ အစ်ကိုတောက်မင်၊ ကျန်းမိသားစုက ကျွန်တော်တို့ကို အခုထိ လာမတောင်းပန်သေးဘူးနော်။ သူတို့ကို ဒီအတိုင်း ကျေအေးပေးလို့တော့ မရဘူးပဲ”
သူ့စကားကြားလျှင် ရှန်းယွမ်လုံက သက်ပြင်းချလျက်
“ငါဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းကြည့်တော့ ကျန်းမိသားစုက ဟုန်မိသားစုရဲ့ အာဏာစက်အောက်မှာ ခိုလှုံချင်နေတယ်လို့ကြားတယ်။ ဒါကြောင့် သူတို့အနေနဲ့ ငါတို့မိသားစုကို စော်ကားတိုက်ခိုက်ခဲ့တာလို့ ငါထင်တယ်”
“ဘာကိစ္စနဲ့ ခိုလှုံချင်တာတဲ့လဲ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ဘိုးဘေး၏စကားကြောင့် အံ့အားသင့်မိသွားသည်။ ကျန်းမိသားစုသည်လည်း ဟုန်မိသားစုကဲ့သို့ အစဉ်အလာရှိသော ကျီဖုအဆင့်မိသားစုကြီးဖြစ်သည့်အတွက် ဟုန်မိသားစုလက်အောက်သို့ ခိုဝင်လိုသည် ဆိုသည်မှာ ယုတ္တိမတန်သလို ဖြစ်နေသည်။ အထူးသဖြင့် ကျီဖုအဆင့် မိသားစုများသည် အမှီအခိုကင်းပြီး လွတ်လပ်စွာရပ်တည်နိုင်ရေးကို အလေးပေးကြသည်က ဓလေ့တစ်ခုလိုဖြစ်နေသည်။ ကန်းယန်ဂိုဏ်းပင် တော်တန်ရုံကိစ္စနှင့် မိသားစုများ အတွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့မရှိပါ။
ကျန်းမိသားစုအနေနှင့် ဟုန်မိသားစု၏ လက်ဝေခံအဖွဲ့အစည်းတစ်ခုအဖြစ် ခံယူလိုက်ခြင်းဖြင့် မည်သည့်အကျိုးအမြတ်များ ရရှိခဲ့ပါသနည်း။ သေချာသည်ကတော့ သူတို့၏ ရှိနှင့်ပြီးအနေအထားထက် ထူးထူးခြားခြား သာလွန်သွားနိုင်ခြင်းတော့မရှိနိုင်ပါ။ ဟုန်မိသားစုက ကန်းယန်ဂိုဏ်းကို နောက်ကွယ်မှ ထိန်းချုပ်နေနို်ငသည့် အဆင့်အတန်းမျိုး ရှိနေလျှင်တော့ ကျန်းမိသားစုအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိနိုင်ချေရှိသည်။ သို့သော် ထိုတွေးလုံးသည်လည်း ယုတ္တိမရှိသေးပါ။ ထိုစဉ် ရှန်းယွမ်လုံက တွေးတွေးဆဆနှင့် ပြောသည်။
“ငါလည်း အစကတော့ ဒီကိစ္စကို နားမလည်နိုင်အောင် ဖြစ်နေတယ်။ ဒါပေမဲ့ ကျန်းမိသားစုအတွင်းရေးကို လူလွှတ်စုံစမ်းခိုင်းလိုက်တော့ စိတ်ဝင်စားစရာတစ်ခုတွေ့တယ်”
“ဘာလဲဗျ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်ဝင်စားစွာ နားစွင့်လိုက်ကြသည်။
“ကျန်းမိသားစုဘိုးဘေးဖြစ်တဲ့ ကျန်းပိုင်ယန်က ကျီဖုနယ်ပယ် ပဉ္စမအဆင့်ကို တက်လှမ်းဖို့ကြိုးစားနေတုန်း ချီစွမ်းအင်သွေဖည်မှုဖြစ်ပြီး ဒဏ်ရာရသွားတယ်တဲ့၊ ဒါကြောင့် ဂူပိတ်ပြီး ကုသဖို့ မဖြစ်မနေ စီစဉ်လိုက်ရတယ်။ မိသားစုအရေးကိစ္စတွေကို ကျန်းမျိုးနွယ်စုရဲ့ မိသားစုအကြီးအကဲလက်ထဲအပ်ပြီး သူ့ကိုကူညီဖို့အတွက် အဓိပတိအကြီးအကဲ ကျန်းပိုင်ရှန်ကို တာဝန်ပေးခဲ့တယ်။ ကြည့်ရတာ ကျန်းပိုင်ယန်တစ်ယောက် ကျန်းပိုင်ရှန်ကို အကဲခတ်တာမှားသွားပုံပဲ၊ ကျန်းပိုင်ရှန်ဆိုတဲ့လူအကြောင်းကို ငါကောင်းကောင်းသိတယ်။ ရည်မှန်းချက်အရမ်းကြီးပေမဲ့ အရည်အသွေးတော့ မပြည့်ဝဘူး၊ ကျီဖုအဆင့်ရောက်နေပေမဲ့ မျိုးနွယ်စုတစ်ခုကို အုပ်ချုပ်နိုင်လောက်တဲ့ အသိဉာဏ်နဲ့ အရည်အချင်းမျိုးမရှိဘူး။ နောက်တစ်ချက်က ကျန်းမျိုးနွယ်စုရဲ့ မိသားစုခေါင်းဆောင်ကလည်း အခြေခံတည်ဆောက်ခြင်း အဆင့်ပဲရှိသေးလို့ ကျီဖုအဆင့် ကျန်းပိုင်ရှန်ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေမှာသေချာတယ်။ ကျန်တာတော့ မင်းတို့ပဲ ဆက်စဉ်းစားကြပေါ့ကွာ”
ကျန်းပိုင်ရှန်းဆိုသူ၏ ကိုယ်ရည်ကိုယ်သွေးကို ထည့်သွင်းစဉ်းစားလျှင် ရှန်းယွမ်လုံ၏ တွေးလုံးမှာ ယုတ္တိတန်သည်ဟု ဆိုရမည်။ ထိုအခါ ကျန်းချန်ရွှမ်က အေးစက်စွာပြုံးလိုက်ရင်း
“ဟုန်မိသားစုရှိနေတာနဲ့ပဲ ကျွန်တော်တို့ကို အဖက်လုပ်စရာ မလိုဘူးထင်ရင်တော့ မှားသွားမှာပေါ့”
ကျန်းချန်ရွှမ် ဂူပိတ်ကျင့်ကြံနေသည့် ကာလများတွင် ရှန်းရူယန်အနေနှင့် ကျန်းချန်ရွှမ်၏အခန်းရှေ့တွင် စောင့်ကြပ်ပေးနေရသလို ရှန်းတောက်မင်သည်လည်း ရှန်းမိသားစုဌာနချုပ်တွင် အချိန်ပြည့်ရှိနေရန် မဖြစ်မနေလိုအပ်သည့်အတွက် ရှန်းယွမ်လုံတစ်ယောက်တည်းနှင့် ကျန်းမိသားစုထံ သွားရောက်၍ ဖြေရှင်းချက်တောင်းရန်မှာ မဖြစ်နိုင်ပါ၊ သို့သော် ယခုအခါ ရှန်းမိသားစုတွင် ကျီဖုအဆင့် ကျင့်ကြံသူလေးဦး ရှိလာပြီဖြစ်၍ တစ်ဦးကို အစောင့်ထားရစ်ခဲ့ပြီးနောက ကျန်သုံးဦးမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ရှန်းမိသားစုအတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် အခွင့်အခါသင့်နေပြီဖြစ်ကြောင်း ကျန်းချန်ရွှမ်နားလည်လိုက်သည်။
သို့သော် ပိုမိုစိတ်ချရန်အလို့ငှာ ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံလျှို့ဝှက်တွက်ချက် နည်းစနစ်ကို အသုံးပြုလိုက်ရာ ခရီးစဉ်တွင် ထိခိုက်မှုကြီးကြီးမားမား ရှိမည်မဟုတ်မှန်း သိလိုက်ရသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်လည်း တုံ့ဆိုင်းမနေတော့ဘဲ
“ဘိုးဘေးနဲ့ အစ်ကိုတောက်မင်၊ ကျွန်တော်လည်း ကျီဖုအဆင့်ကို ရောက်ခဲ့ပြီဆိုတော့ ရှန်းမိသားစုအနေနဲ့ ကျန်းမိသားစုထံက ဖြေရှင်းချက်တောင်းချိန်တန်ပြီလို့ထင်တယ်၊ သူတို့အားကိုးနေတဲ့ ဟုန်မိသားစုက သူတို့ကို ဘယ်လိုကူညီနိုင်မလဲ ကြည့်ရတာပေါ့”
…….
ထိုအချိန် ကျန်းမိသားစု၏ ဌာနချုပ်တစ်နေရာတွင်ဖြစ်သည်။
တောင်ထွတ်တစ်နေရာတွင် ကျန်းမိသားစု၏ အသစ်ခန့်အပ်ထားသော မိသားစုခေါင်းဆောင်(အကြီးအကဲ)ဖြစ်သူ ကျန်းယောင်ဟိုင်သည် စိုးရိမ်ပူပန်ဟန်နှင့် ခေါက်တုံ့ခေါက်ပြန် လျှောက်လျက် ဘိုးဘေးဖြစ်သူ ကျန်းပိုင်ရှန်ကို စောင့်မျှော်လျက်ရှိသည်။ ကျန်းပိုင်ယန် ဂူပိတ်ကျင့်ကြံခြင်း မစတင်ခင် ခန့်အပ်ခဲ့သော မိသားစုခေါင်းဆောင်သည် လွန်ခဲ့သည့်နှစ်များကပင် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည့်အတွက် ကျန်းပိုင်ရှန်က မိသားစုခေါင်းဆောင်အသစ်အဖြစ် ကျန်းယောင်ဟိုင်ကို တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
ကျန်းပိုင်ရှန် ရောက်လာသည်ကိုမြင်လျှင် ကျန်းယောင်ဟိုင်က အမောတကောနှင့်
“ဘိုးဘေး ရှန်းမိသားစုမှာ ကျီဖုအဆင့် သုံးယောက်တောင်ရှိနေပြီ၊ ပြီးတော့ ကျွန်တော်တို့ဘိုးဘေးနဲ့ အဆင့်တူ ရှန်းယွမ်လုံကလည်း ဒဏ်ရာကပြန်သက်သာလာတဲ့အပြင် နောက်ထပ်တစ်ဆင့်ကိုပါ တက်လှမ်းနိုင်ခဲ့ပြီတဲ့။ ကျွန်တော်တို့ သူတို့ဆီသွားပြီး တောင်းပန်သင့်ပြီလား”
ကျန်းပိုင်ရှန်သည် သက်လတ်ပိုင်းခန့်ရှိပြီး မျက်နှာပေါက်မှာ ခပ်သေးသေးဖြစ်သည်။ သူက ကျန်းယောင်ဟိုင်စကားကိုကြားလျှင် နှာခေါင်းရှုံ့လိုက်ပြီး
“ မလိုပါဘူးကွ၊ သူတို့အတွက် အရေးမကြီးလို့ ငါတို့ကို ဘာမှလာမပြောတာပေါ့၊ ပြီးတော့…”
ထိုနေရာတွင် ကျန်းပိုင်ရှန်က ပိုင်နိုင်စွာပြုံးလိုက်သည်။
“သူတို့ ဒီနေရာကိုလာပြီး ဖြေရှင်းချက်လာတောင်းရင်လည်း စိုးရိမ်စရာမဟုတ်ဘူး။ ငါနဲ့ဟုန်မိသားစုကြားက ဆက်ဆံရေးကြောင့် သူတို့ဒီကိုလာပြီး ပြဿနာရှာရဲရင် ဟုန်မိသားစုက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး၊ အဲဒီအချိန်ကျရင် ဖြေရှင်းချက်တောင်းရမှာက ငါတို့ဖြစ်သွားလိမ့်မယ်”
***