ကျန်းမိသားစုထံ ရောက်ပြီ
Vol. 7 Ch. 137
ဘိုးဘေးဖြစ်သူ၏ စကားကိုကြားပြီး ကျန်းယောင်ဟိုင်တစ်ယောက် အောင့်သက်သက်ပြုံးမိသည်။ သူ့အနေနှင့် ဤကိစ္စသည် ဘိုးဘေးပြောသလောက် လွယ်မည်မဟုတ်ဟု ခံစားနေမိသည်။ ရှန်းမိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူတို့ကျန်းမိသားစုတွင် လုံလောက်သည့် အနေအထားမျိုးမရှိပါ။ ထို့အတွက် ဟုန်မိသားစုထံမှ အကူအညီကို မလွဲမသွေ ရယူရတော့မည်ဖြစ်သည်။ ထိုအခါ ကျန်းမိသားစုအနေနှင့် ဟုန်မိသားစုနှင့် ဆက်ဆံရေးတွင် တန်းတူအနေအထားမျိုး မရှိတော့ဘဲ အလွှမ်းမိုးခံ အခြေအနေသို့ ကျရောက်သွားမှာ သေချာသည်။ ထို့အပြင် ဟုန်မိသားစုအနေနှင့်လည်း ကျန်းမိသားစုကို အခမဲ့ကူညီပေးမည်မဟုတ်၊ ထိုက်သင့်သည့်တန်ဖိုးတစ်ခု ပြန်လည်ပေးဆပ်ရမည်သာဖြစ်သည်။
အကယ်၍ ကျန်းမိသားစုအနေနှင့် ဟုန်မိသားစုကို ပေးဆပ်ရမည့်တန်ဖိုးမှာ ရှန်းမိသားစုကို တောင်းပန်လိုက်ရသည်ထက် ပိုများသောတန်ဖိုးတစ်ခု ဖြစ်နေလျှင်ရော။ ကျန်းယောင်ဟိုင်တစ်ယောက် အဆိုပါအတွေးများကို နှုတ်မှဖွင့်ဟ၍မဖြစ်မှန်း သိရှိထားသည်။ ကျန်းပိုင်ရှန် သူ့ကိုအမျက်ရှလျှင် သူ့မိသားစုကိုပါ အလွတ်ပေးမည် မဟုတ်မှန်း ကောင်းစွာနားလည်ထားသည်လေ။ ကျန်းယောင်ဟိုင် တောင်ထွတ်ပေါ်မှ ဆင်းမည်အပြုတွင် အလွန်အားကောင်းသည့် အော်ရာများ ထုတ်လွှတ်နေသော ပုံရိပ်သုံးခုသည် ကျန်းမိသားစု၏ ဌာနချုပ်ရှိရာ ပိုင်ဟွာတောင်သို့ ရုတ်တရက် ဆင်းသက်လာတော့သည်။
ကျန်းမျိုးနွယ်စုဝင်များမှာ အံ့အားသင့်တုန်လှုပ်သွားကြပြီး သူတို့၏ စိတ်ဝိညာဉ်များသည်လည်း တောင်ကြီးတစ်လုံးနှင့် ဖိနှိပ်ခံထားရသကဲ့သို့ မွန်းကျပ်ဖိစီးလာတော့သည်။ ကျန်းယောင်ဟိုင်တစ်ယောက် မျက်နှာပျက်သွားပြီး
“မကောင်းတော့ဘူး ကျီဖု ကျင့်ကြံသူတွေ ရောက်လာပြီ”
ကျန်းပိုင်ရှန်သည်လည်း ထိုနည်းတူ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။
“ရှန်းမိသားစုက ကျီဖုအဆင့် ကျင့်ကြံသူတွေပဲ၊ သူတို့ဒီကိုလာရဲတယ်ပေါ့၊ နေဦး ဒီသုံးယောက်က…”
ကျန်းပိုင်ရှန်တစ်ယောက် မှင်သက်သွားသည်။ အဆိုပါသုံးဦးအနက် ရှန်းယွမ်လုံမပါဝင်ပါ။ ဆိုလိုသည်က ရှန်းမိသားစုတွင် နောက်ထပ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာပြီ ဆိုသည့်သဘောပင်ဖြစ်သည်။ ထိုအတွေးနှင့်အတူ ကျန်းပိုင်ရှန်သည် ရှန်းမိသားစု၏ ရုတ်တရက် အင်အားကြီးထွားလာသည့်အဖြစ်ကို သဘောပေါက်လိုက်သည်။ ဟုန်မိသားစုကဲ့သို့ ရွှေအမြုတေအဆင့် မိသားစုတွင်ပင် ကျီဖုအဆင့် ကျင့်ကြံသူမှာ ငါးဦးသာရှိပါသည်။ ထို့ကြောင့် ကျန်းပိုင်ရှန်သည် သူ့အနောက်တွင် ဟုန်မိသားစုရှိနေသည် ဆိုဦးတော့၊ ရှန်းမိသားစုကို သူအရင်က ထင်ထားသလို လွယ်လွယ်နှင့် အနိုင်ပိုင်းရန် မဖြစ်နိုင်တော့ကြောင်း ရိပ်မိလိုက်သည်။
အကယ်၍ ဟုန်မိသားစုသာ ရှန်းမိသားစု၏ အင်အားအစစ်အမှန်ကို သိရှိသွားလျှင် သူတို့ကျန်းမိသားစုအတွက်နှင့် ရှန်းမိသားစုကို ထိပ်တိုက်ရင်ဆိုင်လိုဦးမည်လော။ ဟုန်မိသားစု၏ ရွှေအမြုတေအဆင့် ဘိုးဘေး ဟုန်ထျန်းချီ မပါလျှင် ဟုန်နှင့်ရှန်း မျိုးနွယ်စုနှစ်ခုသည် အင်အားချင်းညီမျှသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုစဉ် ပိုင်ဟွာတောင်၏ အထက်ကောင်းကင်တစ်နေရာမှ တည်ငြိမ်အေးစက်သော အသံတစ်သံထွက်ပေါ်လာသည်။
“ကျန်းပိုင်ရှန် နှစ်တွေအများကြီး ကြာလာတာတောင် ခင်ဗျားတို့ကျန်းမိသားစုက ကျုပ်တို့ကို လာမတောင်းပန်သေးဘူးလား”
ထိုစကားကိုပြောလိုက်သူမှာ ရှန်းမျိုးနွယ်စု၏ မိသားစုအကြီးအကဲ ရှန်းတောက်မင်ဖြစ်သည်။ သူ၏ဦးခေါင်းထက်တွင် အဆင့်၃ ဓမ္မရတနာ ပင်လယ်ပြာခေါင်းလောင်းသည် ပြာလဲ့လဲ့အလင်းများ ထုတ်လွှတ်လျက်ရှိသည်။ တစ်ချိန်တည်းတွင် ခေါင်းလောင်းသည် အသံလှိုင်းတစ်ခု ထုတ်လွှင့်နေပြီး ပိုင်ဟွာတောင်၏ အဆင့်၃ တောင်ကာအစီအရင်ကွက်များကို လက်ဖြင့်ဆွဲခါသကဲ့သို့ တုန်ယင်လှုပ်ရှားစေပြီး မျက်နှာပြင်တစ်လျှောက် လှိုင်းတွန့်များပင် ဖြစ်ပေါ်စပြုနေသည်။ ထိုအခြင်းအရာကို မြင်လျှင် ကျန်းပိုင်ရှန်တစ်ယောက် ဒေါသအကြီးအကျယ်ထွက်သွားသည်။ တောင်ကာ အစီအရင်ကွက်သည် မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းတစ်ခုအခြေစိုက်ရာ ဌာနချုပ်ရှိသည့် တောင်ကို ကာကွယ်ပေးထားသည့် ခံတပ်သဘောမျိုးဖြစ်သည့်အတွက် သူတို့ကျန်းမိသားစု၏ ပြယုဂ်ဟုလည်း ခေါ်ဆိုနိုင်မည်ဖြစ်သည်။
ယခု ရှန်းတောက်မင်၏လုပ်ရပ်က သူတို့ကျန်းမိသားစု၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည့် သဘောမျိုး သက်ရောက်နေသည့်အတွက် သူတို့ကျန်းမိသားစု၏ ဂုဏ်သိက္ခာကို အဆုံးစွန်ထိ စော်ကားလိုက်ခြင်းဟု ကျန်းပိုင်ရှန်ယူဆသည်။ တစ်ဖက်တွင် ရှန်းတောက်မင်တို့သည်လည်း ကျန်းမိသားစုနှင့် အတိတ်က ခင်မင်ရင်းနှီးမှုကို ထောက်ထား၍ အစီအရင်ကွက်ကို အပြီးတိုင် မဖျက်ဆီးသေးဘဲ ကျန်းမိသားစုကို နောက်ဆုံးအခွင့်အရေး ပေးလိုက်သည့် သဘောဖြစ်သည်။ သို့သော် ကျန်းပိုင်ရှန်အနေနှင့် ထိုအချက်ကို ထည့်သွင်းစဉ်းစားမိဟန်မတူပါ။ နှစ်ဖက်အင်အားစုမှာ မကြာခင် အချိန်အတောအတွင်း ပဋိပက္ခတစ်ခု ဖြစ်ပွားတော့မည့်အသွင်ကို ဆောင်နေသည်။ ရှန်းတောက်မင်၏ မျက်လုံးအစုံသည် ရေခဲပမာ အေးစက်လာပြီး
“ကျန်းပိုင်ရှန် ခင်ဗျားကို နောက်ဆုံးတစ်ကြိမ်မေးမယ်။ ခင်ဗျားတို့လုပ်ရပ်အတွက် ကျုပ်တို့ကို ဖြေရှင်းချက်ပေးဖို့ အစီအစဉ်ရှိလား”
“မင်းဘာပြောနေလဲ ငါမသိဘူး”
ကျန်းပိုင်ရှန်၏ မျက်လုံးထဲတွင် စက်ဆုပ်မုန်းတီးခြင်း အရိပ်အယောင်များ ထင်ဟပ်လာသည်။ ကျန်းမိသားစု၏ ဂိုဏ်းတပည့်များအားလုံးရှေ့တွင် ဘိုးဘေးတစ်ဦးဖြစ်သည့် သူ့ကို ယခုလို ဆက်ဆံလိုက်ခြင်းက သူ၏ဂုဏ်သိက္ခာကို ထိပါးလိုက်ခြင်းဖြစ်သည်။ ကျီဖုအဆင့်ကို ရောက်ရှိသည်မှာ မကြာသေးသည့် နောက်ပေါက်များက သူ့လိုဝါရင့်ကျင့်ကြံသူတစ်ဦးကို စော်ကားသည့်အတွက် ခွင့်လွှတ်နိုင်စရာမရှိဟု သူဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ကျန်းပိုင်ရှန်သည် တောင်ကာအစီအရင်ကို ထိန်းချုပ်သည့် အလံကို ဆွဲထုတ်အသက်သွင်းလိုက်တော့သည်။ အစီအရင်ကို ဓမ္မစွမ်းအင်ဖြင့် ဖြည့်သွင်းလိုက်သည့်အခါ တောင်ကာအစီအရင်ခံတပ်ကြီးသည် ရုတ်တရက် အသက်ဝင်လာပြီး အရောင်မှိုင်မှိုင်းအလင်းတစ်ခုက အထက်ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံရင်း ပိုင်ဟွာတောင်ကို အုပ်မိုးသွားသည်။ ထိုအခါ ကျန်းယောင်ဟိုင်မှာ တုန်လှုပ်သွားပြီး
“ဘိုးဘေးက တကယ်ပဲ…”
“ဘာပြဿနာရှိလို့လဲ”
ကျန်းပိုင်ရှန်က ကျန်းယောင်ဟိုင်ကို စူးစူးရဲရဲကြည့်ရင်း မေးလိုက်သည်။ ကျန်းယောင်ဟိုင်မှာ ကြက်သီးမွေးညင်းထသည်အထိ ကြောက်ရွံ့သွားမိပြီး ကမန်းကတန်း ခေါင်းခါလိုက်မိသည်။
“မ… မရှိပါဘူး”
“ဒါဖြင့်ဘာလုပ်နေတာလဲ၊ ရန်သူကို တိုက်ဖို့ပြင်ကြတော့လေ”
“ဟုတ်… ဟုတ်ကဲ့ ဘိုးဘေး ကျွန်တော်ပြင်ဆင်လိုက်ပါ့မယ်”
ကျန်းယောင်ဟိုင်မှာ ဘိုးဘေးဖြစ်သူ၏ အနီးတွင် ဆက်လက်မနေရဲတော့ဘဲ ခပ်သုတ်သုတ်ထွက်ခွာသွားတော့သည်။ တစ်ချိန်တည်းတွင် အစီအရင်ခံတပ်၏ အပြင်ရှိ ကျန်းချန်ရွှမ်၊ ရှန်းရူယန် နှင့်ရှန်းတောက်မင်တို့သည် အသက်ဝင်လာသော အစီအရင်ခံတပ်ကိုကြည့်ရင်း မျက်နှာတင်းမာလာကြသည်။ ရှန်းရူယန်က ရှန်းတောက်မင်အား
“အစ်ကို၊ ကျန်းမိသားစုက ကျွန်မတို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ။ ကျွန်မတို့ဘက်ကလည်း အခွင့်အရေးပေးစရာ အကြောင်းမရှိတော့ဘူး၊ တိုက်ကြရအောင်”
***