← Chapters

ကျန်း​မိသားစု​ထံ ရောက်​ပြီ

Vol. 7 Ch. 137

ကျန်း​မိသားစု​ထံ ရောက်​ပြီ

Vol. 7 Ch. 137

ဘိုးဘေး​ဖြစ်သူ၏ စကားကို​ကြားပြီး ကျန်း​ယောင်​ဟိုင်တစ်ယောက် အောင့်သက်​သက်​ပြုံး​မိသည်။ သူ့အနေနှင့်​ ဤကိစ္စ​သည် ဘိုးဘေး​ပြော​သလောက်​ လွယ်​မည်​မဟုတ်​ဟု​ ခံစားနေမိ​သည်။ ရှန်း​မိသားစု​နှင့် ထိပ်​တိုက်​ရင်​ဆိုင်​ရန်​ သူတို့​ကျန်း​မိသားစု​တွင် လုံလောက်​သည့်​ အနေအထား​မျိုး​မရှိပါ။ ထို့​အတွက်​ ဟုန်​မိသားစု​ထံမှ အကူအညီ​ကို မလွဲမသွေ ရယူ​ရတော့​မည်ဖြစ်​သည်။ ထိုအခါ​ ကျန်း​မိသားစု​အနေနှင့်​ ဟုန်​မိသားစု​နှင့် ဆက်​ဆံ​ရေး​တွင် တန်း​တူ​အနေအထား​မျိုး မရှိတော့​ဘဲ အလွှမ်းမိုးခံ အခြေအနေ​သို့​ ကျရောက်​သွားမှာ သေချာ​သည်။ ထို့အပြင် ဟုန်​မိသားစု​အနေနှင့်လည်း ကျန်း​မိသားစု​ကို​ အခမဲ့ကူညီပေးမည်မဟုတ်၊ ထိုက်​သင့်​သည့်တန်ဖိုးတစ်ခု ပြန်​လည်​ပေးဆပ်​ရမည်​သာဖြစ်သည်။

အကယ်၍ ကျန်း​မိသားစု​အနေနှင့် ဟုန်​မိသားစု​ကို ပေးဆပ်​ရမည့်​တန်ဖိုးမှာ ရှန်းမိသားစုကို တောင်း​ပန်​လိုက်ရသည်ထက် ပိုများ​သောတန်ဖိုးတစ်ခု ဖြစ်​နေလျှင်​ရော။ ကျန်း​ယောင်​ဟိုင်​တစ်ယောက်​ အဆိုပါ​အတွေး​များကို နှုတ်​မှဖွင့်ဟ၍မဖြစ်​မှန်း​ သိရှိထားသည်။ ကျန်း​ပိုင်​ရှန်​ သူ့ကို​အမျက်ရှလျှင် သူ့မိသားစုကိုပါ အလွတ်​ပေး​မည် မဟုတ်​မှန်း​ ကောင်း​စွာ​နားလည်​ထား​သည်​လေ။ ကျန်း​ယောင်​ဟိုင်​ တောင်​ထွတ်​ပေါ်မှ ဆင်းမည်အပြုတွင် အလွန်​အား​ကောင်း​သည့်​ အော်​ရာ​များ​ ထုတ်​လွှတ်​နေသော ပုံရိပ်သုံးခုသည် ကျန်း​မိသားစု​၏ ဌာနချုပ်​ရှိရာ​ ပိုင်​ဟွာတောင်သို့ ရုတ်တရက် ​ဆင်းသက်လာတော့သည်။

ကျန်း​မျိုး​နွယ်​စုဝင်​များ​မှာ အံ့အားသင့်​တုန်​လှုပ်​သွားကြပြီး သူတို့၏ စိတ်​ဝိညာဉ်​များသည်​လည်း​ တောင်​ကြီး​တစ်လုံး​နှင့် ဖိနှိပ်​ခံထားရသကဲ့သို့ မွန်း​ကျပ်​ဖိစီး​လာတော့သည်။ ကျန်းယောင်​ဟိုင်​တစ်ယောက်​ မျက်နှာ​ပျက်​သွားပြီး

“မကောင်း​တော့ဘူး​ ကျီဖု ကျင့်ကြံသူတွေ ရောက်​လာပြီ”

ကျန်း​ပိုင်​ရှန်​သည်လည်း ထို​နည်း​တူ မျက်​နှာ ​အကြီး​အကျယ် ပျက်​သွားသည်။

“ရှန်း​မိသားစုက ကျီဖုအဆင့် ကျင့်ကြံသူတွေပဲ၊ သူတို့​ဒီကိုလာရဲတယ်ပေါ့၊ နေဦး ဒီသုံးယောက်က…”

ကျန်း​ပိုင်​ရှန်​တစ်ယောက်​ မှင်​သက်​သွားသည်။ အဆိုပါ​သုံး​ဦးအနက်​ ရှန်း​ယွမ်လုံမပါဝင်ပါ။ ဆိုလို​သည်​က ရှန်း​မိသားစု​တွင် နောက်​ထပ်​ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်​လာပြီ ဆိုသည့်​သဘော​ပင်ဖြစ်သည်။ ထို​အတွေး​နှင့်​အတူ ကျန်း​ပိုင်​ရှန်​သည် ရှန်း​မိသားစု၏ ရုတ်တရက် ​အင်​အား​ကြီး​ထွား​လာသည့်အဖြစ်​ကို သဘော​ပေါက်​လိုက်​သည်။ ဟုန်မိသားစု​ကဲ့သို့​ ရွှေအမြုတေ​အဆင့်​ မိသားစု​တွင်ပင် ကျီဖုအဆင့် ကျင့်ကြံသူမှာ ငါးဦးသာရှိပါသည်။ ထို့ကြောင့်​ ကျန်း​ပိုင်​ရှန်​သည်​ သူ့​အနောက်​တွင် ဟုန်​မိသားစု​ရှိနေသည် ဆိုဦးတော့၊ ရှန်း​မိသားစု​ကို​ သူအရင်က ထင်ထားသလို လွယ်လွယ်​နှင့် အနိုင်ပိုင်း​ရန် ​မဖြစ်နိုင်​တော့ကြောင်း ရိပ်​မိလိုက်​သည်။

အကယ်၍ ဟုန်​မိသားစု​သာ ရှန်း​မိသားစု၏ အင်အား​အစစ်​အမှန်​ကို သိရှိ​သွား​လျှင်​ သူတို့​ကျန်း​မိသားစု​အတွက်​နှင့် ရှန်း​မိသားစု​ကို ထိပ်​တိုက်​ရင်ဆိုင်လိုဦးမည်လော။ ဟုန်မိသားစု၏ ရွှေအမြုတေ​အဆင့် ဘိုးဘေး ဟုန်​ထျန်းချီ မပါ​လျှင် ဟုန်​နှင့်​ရှန်း​ မျိုးနွယ်စုနှစ်ခုသည် အင်​အား​ချင်း​ညီ​မျှသည်ဟု ဆို​နိုင်​မည်​ဖြစ်​သည်။ ထို​စဉ် ပိုင်ဟွာတောင်၏ အထက်​ကောင်း​ကင်​တစ်​နေရာမှ တည်ငြိမ်​အေးစက်သော အသံတစ်သံထွက်ပေါ်လာသည်။

“ကျန်း​ပိုင်​ရှန်​ နှစ်​တွေ​အများကြီး​ ကြာလာတာတောင် ခင်ဗျား​တို့​ကျန်း​မိသားစု​က ကျုပ်တို့ကို​ လာမတောင်းပန်သေးဘူးလား”

ထိုစကားကို​ပြော​လိုက်သူမှာ ရှန်း​မျိုး​နွယ်စု၏ မိသားစု​အကြီးအကဲ​ ရှန်းတောက်မင်ဖြစ်သည်။ သူ၏ဦးခေါင်း​ထက်​တွင်​ အဆင့်​၃ ဓမ္မ​ရတနာ​ ပင်လယ်ပြာခေါင်း​လောင်း​သည် ပြာလဲ့လဲ့အလင်းများ ထုတ်​လွှတ်​လျက်​ရှိသည်။ တစ်ချိန်တည်း​တွင် ခေါင်း​လောင်း​သည် အသံ​လှိုင်း​တစ်ခု ထုတ်​လွှင့်နေပြီး ပိုင်ဟွာတောင်၏ အဆင့်​၃​ တောင်​ကာ​အစီအရင်ကွက်​များကို လက်ဖြင့်ဆွဲခါသကဲ့သို့ တုန်​ယင်​လှုပ်​ရှားစေပြီး မျက်​နှာ​ပြင်​တစ်​လျှောက်​ လှိုင်း​တွန့်​များပင် ဖြစ်​ပေါ်​စပြုနေသည်။ ထိုအခြင်းအရာကို မြင်လျှင် ကျန်း​ပိုင်​ရှန်​တစ်ယောက်​ ဒေါသ​အကြီးအကျယ်​ထွက်သွားသည်။ တောင်​ကာ အစီအရင်​ကွက်သည် မျိုး​နွယ်စု သို့မဟုတ်​ ဂိုဏ်း​တစ်​ခုအခြေစိုက်ရာ ဌာနချုပ်​ရှိသည့် တောင်​ကို ကာကွယ်ပေး​ထား​သည့် ခံတပ်သဘောမျိုးဖြစ်သည့်အတွက် သူတို့​ကျန်း​မိသားစု၏ ပြယုဂ်​ဟုလည်း ခေါ်ဆိုနိုင်မည်​ဖြစ်​သည်။

ယခု ​ရှန်း​တောက်မင်၏လုပ်​ရပ်က သူတို့​ကျန်း​မိသားစု၏ မျက်​နှာ​ကို​ ဖြတ်​ရိုက်​လိုက်​သည့်​ သဘော​မျိုး​ သက်​ရောက်​နေသည့်​အတွက် သူတို့​ကျန်း​မိသားစု​၏ ဂုဏ်​သိက္ခာ​ကို အဆုံးစွန်​ထိ စော်ကား​လိုက်ခြင်း​ဟု ကျန်း​ပိုင်​ရှန်​ယူဆ​သည်။ တစ်ဖက်​တွင် ရှန်းတောက်မင်​တို့​သည်လည်း ကျန်း​မိသားစု​နှင့် အတိတ်​က ခင်​မင်​ရင်း​နှီး​မှု​ကို ထောက်ထား၍ အစီအရင်​ကွက်​ကို အပြီးတိုင် မဖျက်ဆီးသေးဘဲ ကျန်း​မိသားစု​ကို နောက်ဆုံး​အခွင့်အရေး​ ပေး​လိုက်​သည့် သဘော​ဖြစ်​သည်။ သို့​သော်​ ကျန်း​ပိုင်​ရှန်​အနေနှင့် ထိုအချက်ကို ထည့်သွင်း​စဉ်းစား​မိဟန်မတူပါ။ နှစ်​ဖက်​အင်​အား​စုမှာ မကြာ​ခင်​ အချိန်အတောအတွင်း​ ပဋိပက္ခ​တစ်​ခု ဖြစ်​ပွား​တော့​မည့်​အသွင်​ကို ဆောင်​နေသည်။ ရှန်းတောက်​မင်၏ မျက်လုံး​အစုံသည် ရေခဲ​ပမာ အေးစက်​လာပြီး

“ကျန်း​ပိုင်​ရှန် ခင်ဗျား​ကို​ နောက်ဆုံး​တစ်ကြိမ်​မေးမယ်။ ခင်ဗျား​တို့​လုပ်​ရပ်​အတွက်​ ကျုပ်တို့ကို ဖြေ​ရှင်း​ချက်​ပေးဖို့ အစီအစဉ်​ရှိလား​”

“မင်း​ဘာပြော​နေလဲ ငါမသိဘူး”

ကျန်း​ပိုင်​ရှန်၏ မျက်လုံး​ထဲတွင်​ စက်​ဆုပ်​မုန်းတီး​ခြင်း အရိပ်​အ​ယောင်​များ​ ထင်ဟပ်လာသည်။ ကျန်းမိသားစု​၏ ဂိုဏ်း​တပည့်​များ​အားလုံး​ရှေ့တွင် ဘိုးဘေးတစ်ဦးဖြစ်​သည့် သူ့ကို​ ယခုလို ဆက်​ဆံ​လိုက်​ခြင်း​က သူ၏ဂုဏ်​သိက္ခာ​ကို ထိပါးလိုက်ခြင်းဖြစ်သည်။ ကျီဖုအဆင့်ကို ရောက်​ရှိ​သည်​မှာ မကြာ​သေးသည့် နောက်ပေါက်​များ​က သူ့လို​ဝါ​ရင့်​ကျင့်ကြံ​သူတစ်ဦးကို​ စော်ကား​သည့်​အတွက်​ ခွင့်လွှတ်နိုင်စရာ​မရှိဟု သူ​ဆုံး​ဖြတ်​လိုက်​သည်။ ထို့ကြောင့် ကျန်း​ပိုင်​ရှန်သည် တောင်​ကာ​အစီအရင်​ကို ထိန်း​ချုပ်သည့် အလံကို ​ဆွဲထုတ်​အသက်​သွင်း​လိုက်​တော့​သည်။ အစီအရင်ကို ဓမ္မစွမ်းအင်ဖြင့် ဖြည့်​သွင်း​လိုက်​သည့်အခါ တောင်​ကာ​အစီအရင်ခံတပ်ကြီးသည် ရုတ်တရက်​ အသက်​ဝင်​လာပြီး အရောင်​မှိုင်​မှိုင်း​အလင်း​တစ်ခုက အထက်​ကောင်း​ကင်​တစ်​ခုလုံး​ကို လွှမ်းခြုံ​ရင်း ပိုင်​ဟွာတောင်ကို အုပ်​မိုးသွားသည်။ ထိုအခါ​ ကျန်း​ယောင်​ဟိုင်မှာ တုန်​လှုပ်​သွား​ပြီး

“ဘိုး​ဘေး​က တကယ်​ပဲ…”

“ဘာ​ပြဿနာ​ရှိလို့​လဲ”

ကျန်း​ပိုင်​ရှန်က ကျန်း​ယောင်​ဟိုင်ကို စူးစူး​ရဲရဲ​ကြည့်ရင်း မေးလိုက်သည်။ ကျန်းယောင်ဟိုင်​မှာ ကြက်​သီး​မွေးညင်း​ထသည်အထိ ကြောက်ရွံ့သွားမိပြီး ကမန်းကတန်း​ ခေါင်း​ခါ​လိုက်​မိသည်။

“မ… မရှိပါဘူး”

“ဒါဖြင့်ဘာလုပ်နေတာလဲ၊ ရန်​သူကို​ တိုက်​ဖို့ပြင်ကြတော့လေ”

“ဟုတ်… ဟုတ်ကဲ့ ဘိုးဘေး​ ကျွန်တော်​ပြင်​ဆင်​လိုက်​ပါ့​မယ်​”

ကျန်း​ယောင်​ဟိုင်မှာ ဘိုးဘေးဖြစ်သူ၏ အနီး​တွင် ဆက်လက်​မနေရဲတော့ဘဲ ခပ်သုတ်သုတ်​ထွက်​ခွာ​သွား​တော့​သည်​။ တစ်ချိန်​တည်း​တွင် အစီအရင်​ခံတပ်၏ အပြင်​ရှိ ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန် နှင့်​ရှန်းတောက်​မင်တို့သည်​ အသက်​ဝင်​လာ​သော အစီအရင်ခံတပ်​ကိုကြည့်ရင်း မျက်​နှာ​တင်းမာ​လာကြသည်။ ရှန်း​ရူယန်​က ရှန်းတောက်မင်အား

“အစ်ကို၊​ ကျန်း​မိသားစု​က ကျွန်​မတို့ကို တိုက်​ခိုက်​ဖို့ ဆုံးဖြတ်​လိုက်​ပုံပဲ။ ကျွန်မတို့ဘက်ကလည်း အခွင့်အရေးပေး​စရာ​ အကြောင်း​မရှိတော့ဘူး၊ တိုက်ကြရအောင်”

***

All Chapters