← Chapters

ကျန်း​ပိုင်​ယန်​ရောက်​လာခြင်း

Vol. 7 Ch. 138

ကျန်း​ပိုင်​ယန်​ရောက်​လာခြင်း

Vol. 7 Ch. 138

ရှန်းတောက်မင်က ခေါင်း​ညိတ်​လိုက်​သည်။

“ဒါဖြင့် တိုက်​ကြစို့​”

ထို့နောက်​ ရှန်းတောက်မင်သည် လက်​ဖဝါး​ကိုလှန်လိုက်ရာ လျှပ်​စီး​များ ပြိုးပြက်​နေသည့်​ အနက်​ရောင်​ပုလဲ​တစ်​လုံး​ ရောက်​ရှိ​လာသည်။ ထိုအရာမှာ အဆင့်၃ အစီအရင်ဖျက် ပုလဲလုံး​ဖြစ်​ပြီး တောင်​ကာ​အစီအရင်များ​ကို ချိုး​ဖျက်​ရာ​တွင်​ အထူး​အသုံး​ဝင်သည်။ ရှန်းယွမ်လုံက သူတို့​သုံး​ဦး ကျန်း​မိသားစု​ထံသို့ မ​ထွက်​ခွာ​ခင် ပေးအပ်​လိုက်​ခြင်း​ဖြစ်သည်။ ရှန်းတောက်မင်သည်​ အစီအရင်​ဖျက်​ပုလဲလုံး​ကို ထုတ်​ယူပြီး​နောက် ဓမ္မစွမ်းအင်​ဖြင့်​ အသက်​သွင်း​ကာ အားကုန်​ပစ်​လွှတ်​လိုက်​သည်။

အုံး!

ပေါက်​ကွဲ​မှု​ကြီး​တစ်ခု​ဖြစ်​ပေါ်လာ​ပြီး အနက်​ရောင်​လျှပ်​စီး​ကြောင်း​တစ်ခုက တောင်​ကာ​အစီအရင်​ခံတပ်​ကို လက်သည်း​ဖြင့် ဆွဲဖြဲလိုက်သကဲ့သို့ အဆက်​မပြတ်​ ဆွဲ​ဆုတ်​တိုက်​ခိုက်​လျက်​ရှိသည်။ တစ်​ခဏ​ချင်း​တွင် အစီအရင်​ခံတပ်​မှာ သွက်​သွက်​ခါ ယိမ်းထိုးစပြုလာသည်။ ပိုင်​ဟွာတောင်ကို ဖုံးလွှမ်း​ထား​သော မြူ​နှင်း​များ​သည်လည်း ရုတ်တရက်​ပျောက်​ကွယ်​သွား​တော့​သည်။ အစီအရင်ခံတပ်​အတွင်း​ရှိ​ ကျန်း​ပိုင်​ရှန်​သည်​ အဆိုပါ​မြင်​ကွင်း​ကြောင့် မျက်လုံး​ပြူး​သွား​သည်။ ရှန်း​တောက်မင်​ အသုံးပြု​လိုက်​သည့် ပုလဲ​လုံး​မှာ အစီအရင်​ခံတပ်​အားလုံး၏ အိပ်​မက်​ဆိုး​ဖြစ်ပြီး အဆိုပါ​ပစ္စည်း​မျိုးကို ​ရှန်းတောက်​မင်လက်​ထဲ တွေ့​ရလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပါ။ ထိုစဉ် ရှန်းတောက်မင်၏ ပင်​လယ်​ပြာ​ခေါင်း​လောင်း​သည် ရုတ်တရက်​ ပျံ​ထွက်​ပြီး ပြိုလုဆဲဆဲဖြစ်နေသည့် အစီအရင်​ခံတပ်​ကို ပြေးဝင်တိုက်လိုက်သည်။ ကျယ်​လောင်​သော​ မြည်​ဟိန်း​သံကြီးနှင့်အတူ အစီအရင်​ခံတပ်​သည် တစ်​ခဏချင်း​တွင် အလင်းတန်းများအဖြစ်​ ပြို​ကွဲလွင့်စင်သွားတော့သည်။

ထို​မြင်ကွင်း​ကို​ကြည့်ရင်း တုန်​လှုပ်​သွား​သော ကျန်း​ပိုင်​ရှန်သည် တစ်စုံ​တစ်ခု​လှုပ်ရှား​ရန်​ ကြံစည်​လိုက်​သော်​လည်း​ ရှန်း​တောက်​မင်​တို့​သုံးဦး​က သူ့ကို ​ပတ်​ပတ်​လည်​ဝိုင်း​ရံ​ထားလိုက်​သည်။ ကျန်း​ပိုင်​ရှန်​က အံကိုတင်းတင်းကြိတ်ရင်း

“ဒါ​ဘာသဘောလဲ နေ့ခင်း​ကြောင်​တောင်​ကြီး ငါတို့​ဌာနချုပ်​ကို လာတိုက်ရဲတာ မင်းတို့ကိုယ်​မင်း​တို့​ဘာထင်နေလဲ”

ရှန်း​တောက်မင်က နှာခေါင်း​ရှုံ့​လိုက်ပြီး​

“ကျန်း​ပိုင်​ရှန် ခင်ဗျား​မသိ​ချင်​ယောင်​ဆောင်​မနေနဲ့၊ ကျုပ်​တို့​မိသားစု​က ခင်ဗျား​တို့ကို​ အခွင့်အရေး​တွေပေးခဲ့တယ်၊ ခင်ဗျား​ကမှ ဂရုမစိုက်​ခဲ့တာ၊ ဒီတော့​ ကိုယ့်ကိုယ်ကို​ပဲ အပြစ်တင်​လိုက်​တော့”

ထို့နောက်​ ရှန်းတောက်​မင်တို့ သုံးဦးသည်​ ကျန်း​ပိုင်​ရှန်​ကို စတင်​တိုက်ခိုက်​လိုက်​သည်။ ရှန်း​တောက်​မင်၏ ဦးခေါင်း​ထက်​ရှိ ပင်လယ်​ပြာ​ခေါင်း​လောင်း​သည် ပေတစ်ရာခန့်အထိ ကြီး​ထွား​သွားပြီး ကျန်း​ပိုင်​ရှန်​အပေါ်​သို့ ဖိချလိုက်သည်။ တစ်​ချိန်​တည်း​တွင် ရှန်းရူယန်သည် အကုသိုလ်​ခုနှစ်​ပါး ​ရတနာ​လှံကို ပစ်​လွှတ်​လိုက်ပြန်သည်။ ရတနာလှံသည် ဗလာ​နယ်​ကို​ ဖြတ်သန်း​လျက် ကျန်း​ပိုင်​ရှန်ထံ တန်း​တန်း​မတ်​မတ်​ ပြေးဝင်​သွား​သည်။ ကျန်း​ချန်​ရွှမ်​သည်​လည်း​ လက်​မနှေးဘဲ ဓား​ပျံ​တစ်​စင်း​ကို ထုတ်​ယူ​ပစ်လွှတ်​လိုက်​သည်။ သူ၏ မူလဓမ္မရတနာဓားကို မသန့်စင်ရသေးသည့်အတွက် ယောင်ကျန်း​ထျန်ထံမှ ရရှိခဲ့​သော ဓား​ပျံ​ကို အသုံးပြု​လိုက်​ခြင်းဖြစ်​သည်။

ဓား​ပျံ​သည် ကောင်​ကင်​ထက်​တွင်​ လွန်း​ထိုး​သည့်ပမာ ရှေ့တိုး​နောက်​ငင် ရွေ့လျား​ရင်း ပေတစ်ထောင် အချင်း​ဝက်​ရှိသည့် ကောင်း​ကင်​ဧရိယာ​တစ်​ခု​လုံး​ကို ဓား​ချီပင်လယ်အဖြစ်​ ပြောင်းလဲ​လိုက်​သည်။ ကျန်း​ပိုင်​ရှန်​မှာ ကျီဖုအဆင့် ကျင့်ကြံသူ​သုံး​ဦး၏ တစ်ပြိုင်နက်တိုက်ခိုက်မှုကြောင့် ဖိအား​များ​ပြီး ကြံ​ရာ​မရ​ဖြစ်​သွားသည်။ သာမန်​ ကျီဖုနယ်ပယ်​ ဒုတိယ​အဆင့်​ ကျင့်ကြံသူတစ်ဦးသာ ဖြစ်​သည့်အတွက် ကျီဖုအဆင့် သုံးဦး၏ ပူးပေါင်း​တိုက်​ခိုက်​မှုကို ခုခံ​နိုင်စွမ်း​မရှိ​ပါ။ ထို့​ကြောင့်​ မကြာ​ခင်​မှာ​ပင်​ ဓမ္မရတနာဖြစ်​သည့် သတ္တု​ဖြူ​ဓားမှာ ပျက်စီး​လုနီးပါးဖြစ်သွားသလို ကျန်းပိုင်ရှန်သည်လည်း နောက်​သို့​လွင်စင်သွားပြီး အဝေး​ရှိ တောင်​တစ်လုံး​နှင့်​ ရိုက်မိသွားတော့သည်။

အဆိုပါ​မြင်​ကွင်း​ကြောင့် ကျန်း​မိသားစု၏ ဂိုဏ်း​တပည့်​များ​မှာ လှုပ်​လှုပ်​ရွ​ရွ​ဖြစ်​သွား​ကြသည်။ သူတို့​အများ​စုမှာ​ ချီ​သန့်စင်​ခြင်း​အဆင့်​နှင့် အခြေခံ​တည်ဆောက်ခြင်း အဆင့်များသာ​ ဖြစ်​သည့်​အတွက်​ ကျီဖု​အဆင့်​သုံး​ဦးကို တစ်​ပြိုင်​နက်​တည်း ခုခံ​ရန်​မှာ မဖြစ်​နိုင်​သလောက်​ရှိ​နေသည်။ အစီအရင်​ခံတပ်​သာ ရှိနေ​သေးလျှင် မျှော်လင့်​ချက်​အနည်းငယ်​ ရှိဦးမည်ဖြစ်သော်လည်း ယခုအချိန်​တွင်​ ခံတပ်​ကို​လည်း​ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ သို့​သော်​ ဂိုဏ်း​တပည့်​အများ​စုမှာ ကျန်း​ချန်​ရွှမ်​တို့​နှင့် တိုက်ခိုက်​ရန် ဆန္ဒ​မရှိဘဲ သူတို့​ဘိုး​ဘေး အရေး​နိမ့်​သွားသည့်​အတွက်​လည်း ဒေါသ​ထွက်​ဟန်​မတူပါ။ ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်​တို့​သုံး​ဦးမှာ စိတ်​သက်​သာ​ရာရသွားသည်။ သည်တစ်ခေါက် သူတို့၏ အဓိက​ပစ်​မှတ်​မှာ ကျန်း​မိသားစု၏ ဂိုဏ်း​တပည့်​များ​မဟုတ်​ပါ။

ထို့နောက်​တွင်​ ရှန်း​တောက်​မင်၏ ခေါင်း​လောင်း​ကြီးသည် ကျန်း​ပိုင်​ရှန်​ရှိရာ​နေရာ​သို့ တစ်ဖန်​နိမ့်​ဆင်းလာပြန်သည်။ တစ်ချိန်​တည်း​တွင်​ ရှန်း​ရူယန်၏ ရတနာ​လှံပျံကလည်း ပေတစ်ရာခန့်အထိ ဆန့်​ထွက်​သွား​ပြီး ကျန်း​ပိုင်​ရှန်ကို တိုက်​ခိုက်​လိုက်​ရာ ကျန်း​ပိုင်​ရှန်၏ နောက်ဆုံး​အကာအကွယ်​ဖြစ်​သည့် ဓမ္မ​စွမ်းအင်​စက်ဝန်း​သည်လည်း တစ်စစီ ကွဲကြေသွားတော့သည်။ ကျန်း​ပိုင်​ရှန်​မှာ သူ၏နောက်ဆုံး​အချိန်.ရောက်​လာ​တော့မည်ကို ရိပ်​မိလိုက်​သည့်​အတွက်​ ကြောက်​လန့်​တကြား အော်​ဟစ်​လိုက်​သည်။

“မင်း​တို့​ငါ့ကို​သတ်လို့မရဘူး၊ ဟုန်​မိသားစု​က မင်း​တို့ကို​ လက်စား​ချေ​လိမ့်မယ်​”

ထို​စကား​ကို​ကြား​လျှင် ရှန်းတောက်​မင်​တို့​သုံးဦး​မှာ စိတ်​ထဲ​တွင်​ ထောင်း​ခနဲဖြစ်သွားပြီး

“ဟုန်​မိသားစု​နာမည်​ကို​သုံး​ပြီး ငါတို့ကို​ ခြိမ်း​ခြောက်​ချင်​တယ်ပေါ့၊ ဟုန်​မိသားစု​က ငါတို့ကို​ ဘယ်လို​လက်​စား​ချေ​မလဲ ကြည့်​ကြ​သေးတာပေါ့”

ထို့နောက်​ ရှန်းတောက်မင်တို့သုံးဦးသည် ကျန်း​ပိုင်​ရှန်အား အပြီးသုတ်သင်ရန် ဆုံးဖြတ်လိုက်​တော့သည်။ ထိုစဉ် သက်​ပြင်း​ချ​သံတစ်ခု​ကို လူအားလုံး​ကြား​လိုက်​ရပြီး အား​အင်​ချိနဲ့နေဟန်တူသည့် သက်​လတ်​ပိုင်း​အရွယ်​ ပုဂ္ဂိုလ်​တစ်ဦးသည် တိုက်​ပွဲအလယ်တွင် ရုတ်တရက်​ပေါ်​လာ​တော့သည်။ ထို​သူက အဝါရောင်​ ဓားမောက်ရှည်တစ်ခုကို ထုတ်​လွှတ်​ပစ်​ခတ်​လိုက်​ရာ ကျန်း​ချန်​ရွှမ်​တို့​၏ လက်​နက်​များ​နှင့်​ ထိတွေ့​ရိုက်​ခတ်​မိပြီး ကျန်း​ပိုင်​ရှန်​ကို ကာကွယ်​ပေး​လိုက်​သည်။

“ခင်ဗျား​က…​”

ရှန်း​တောက်မင်​တို့​လည်း မမျှော်လင့်​သော ဖြစ်​အင်​ကြောင့် အနည်းငယ်​စိတ်​ရှုပ်ထွေး​သွားသည်။ ထိုစဉ် ကျန်း​မိသားစု၏ ဂိုဏ်း​တပည့်​များ​က အားရ​ဝမ်းသာ​ ဟစ်ကြွေးလိုက်ကြသည်။

“ဘိုးဘေး ပိုင်​ယန်​ရောက်လာပြီ”

ထို​ပုဂ္ဂိုလ်​မှာ ကျန်း​မိသားစု၏ အကြီးအမှူး​ဖြစ်သည့် ဘိုးဘေး​ ကျန်း​ပိုင်ယန်​ပင်​ဖြစ်သည်။ လတ်တလော​တွင်​ ကျန်း​ပိုင်ယန်၏ အော်​ရာ​မှာ ဖျော့​တော့​လျက်​ရှိသလို မျက်လုံးများသည်​လည်း အသက်​မဲ့နေသည်။ သူ၏အခြေအနေ​မှာ ရှန်း​ယွမ်လုံ ဒဏ်ရာရစဉ်ကထက်ပင် ပိုမို​ဆိုးဝါး​နေဟန်​တူသည်။ ကျန်း​ပိုင်ယန်​က သူ့ရှေ့မှောက်ရှိမြင်ကွင်းကိုကြည့်ပြီူ စိတ်​မကောင်း​ဖြစ်​ဟန်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။

“တာအိုရောင်းရင်း​တို့​၊ ကျုပ်​တို့​မိသားစု​နှစ်​ခုကြားက ဆက်ဆံရေး​ကို​ ထောက်​ပြီး ကျုပ်​တို့​ကျန်း​မိသားစု​ကို ခွင့်​လွှတ်​ပေးစေချင်ပါတယ်။ ကျုပ်​တို့​ရဲ့ ရိုင်း​ပျတဲ့ အပြုအမူအတွက်လည်း လုံလောက်​တဲ့ နစ်​နာကြေးမျိုး ပေးပါ့မယ်”

ရှန်းတောက်မင်​တို့​ တစ်စုံ​တစ်​ရာ ​မ​တုံ့ပြန်​ခင်​ ကျန်း​ပိုင်​ရှန်​က ဒေါ​သတကြီးဖြင့် အော်ဟစ်လိုက်​သည်။

“အစ်ကို​ပိုင်​ယန် ဒီလို​လုပ်​လို့​မရဘူး​လေ”

ကျန်း​ပိုင်​ယန်က ကျန်း​ပိုင်​ရှန်ကို စောင်း​ငဲ့ကြည့်ပြီး လက်​ယက်​ခေါ်​လိုက်​သည်။

“ပိုင်​ရှန်​ ဒီကိုလာခဲ့ပါ”

ကျန်း​ပိုင်​ရှန်​သည်လည်း ကျန်း​ပိုင်ယန်ရှိရာသို့ ဒေါသ​တကြီး​ ရေရွတ်​ရင်း​ လျှောက်သွားသည်။

“အခြေအနေ​တွေ​က ဒီ​အထိ​ဆိုက်​လာမှတော့ ကျုပ်​တို့​ဘက်​မှာ ရွေးစရာမရှိတော့ဘူး၊ ခင်ဗျား​က အခုမှ​ ဂူထဲကထွက်လာတော့ ဘာမှ​မသိ​သေးဘူး၊ ကျုပ်​ပြောပြ….”

ကျန်း​ပိုင်​ရှန်မှာ စကား​ဆုံး​သည်အထိ မပြောလိုက်ရဘဲ မယုံနိုင်စွာနှင့် သူ့ရင်ဘတ်ကို ငုံ့ကြည့်​လိုက်မိသည်။ အနီရောင် ဓားမြှောင်တစ်ချောင်းက သူ့​နှလုံး​ထဲ စိုက်​ဝင်နေပြီး အနီရောင်​အလင်း​များ ဖြာ​ထွက်​လျက်​ရှိသည်။ မကြာ​မီ သူ၏အသက်ဓာတ်​အားလုံး​မှာ ကုန်​ဆုံး​သွား​တော့သည်။

***

All Chapters