ကျန်းပိုင်ယန်ရောက်လာခြင်း
Vol. 7 Ch. 138
ရှန်းတောက်မင်က ခေါင်းညိတ်လိုက်သည်။
“ဒါဖြင့် တိုက်ကြစို့”
ထို့နောက် ရှန်းတောက်မင်သည် လက်ဖဝါးကိုလှန်လိုက်ရာ လျှပ်စီးများ ပြိုးပြက်နေသည့် အနက်ရောင်ပုလဲတစ်လုံး ရောက်ရှိလာသည်။ ထိုအရာမှာ အဆင့်၃ အစီအရင်ဖျက် ပုလဲလုံးဖြစ်ပြီး တောင်ကာအစီအရင်များကို ချိုးဖျက်ရာတွင် အထူးအသုံးဝင်သည်။ ရှန်းယွမ်လုံက သူတို့သုံးဦး ကျန်းမိသားစုထံသို့ မထွက်ခွာခင် ပေးအပ်လိုက်ခြင်းဖြစ်သည်။ ရှန်းတောက်မင်သည် အစီအရင်ဖျက်ပုလဲလုံးကို ထုတ်ယူပြီးနောက် ဓမ္မစွမ်းအင်ဖြင့် အသက်သွင်းကာ အားကုန်ပစ်လွှတ်လိုက်သည်။
အုံး!
ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပြီး အနက်ရောင်လျှပ်စီးကြောင်းတစ်ခုက တောင်ကာအစီအရင်ခံတပ်ကို လက်သည်းဖြင့် ဆွဲဖြဲလိုက်သကဲ့သို့ အဆက်မပြတ် ဆွဲဆုတ်တိုက်ခိုက်လျက်ရှိသည်။ တစ်ခဏချင်းတွင် အစီအရင်ခံတပ်မှာ သွက်သွက်ခါ ယိမ်းထိုးစပြုလာသည်။ ပိုင်ဟွာတောင်ကို ဖုံးလွှမ်းထားသော မြူနှင်းများသည်လည်း ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။ အစီအရင်ခံတပ်အတွင်းရှိ ကျန်းပိုင်ရှန်သည် အဆိုပါမြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။ ရှန်းတောက်မင် အသုံးပြုလိုက်သည့် ပုလဲလုံးမှာ အစီအရင်ခံတပ်အားလုံး၏ အိပ်မက်ဆိုးဖြစ်ပြီး အဆိုပါပစ္စည်းမျိုးကို ရှန်းတောက်မင်လက်ထဲ တွေ့ရလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပါ။ ထိုစဉ် ရှန်းတောက်မင်၏ ပင်လယ်ပြာခေါင်းလောင်းသည် ရုတ်တရက် ပျံထွက်ပြီး ပြိုလုဆဲဆဲဖြစ်နေသည့် အစီအရင်ခံတပ်ကို ပြေးဝင်တိုက်လိုက်သည်။ ကျယ်လောင်သော မြည်ဟိန်းသံကြီးနှင့်အတူ အစီအရင်ခံတပ်သည် တစ်ခဏချင်းတွင် အလင်းတန်းများအဖြစ် ပြိုကွဲလွင့်စင်သွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း တုန်လှုပ်သွားသော ကျန်းပိုင်ရှန်သည် တစ်စုံတစ်ခုလှုပ်ရှားရန် ကြံစည်လိုက်သော်လည်း ရှန်းတောက်မင်တို့သုံးဦးက သူ့ကို ပတ်ပတ်လည်ဝိုင်းရံထားလိုက်သည်။ ကျန်းပိုင်ရှန်က အံကိုတင်းတင်းကြိတ်ရင်း
“ဒါဘာသဘောလဲ နေ့ခင်းကြောင်တောင်ကြီး ငါတို့ဌာနချုပ်ကို လာတိုက်ရဲတာ မင်းတို့ကိုယ်မင်းတို့ဘာထင်နေလဲ”
ရှန်းတောက်မင်က နှာခေါင်းရှုံ့လိုက်ပြီး
“ကျန်းပိုင်ရှန် ခင်ဗျားမသိချင်ယောင်ဆောင်မနေနဲ့၊ ကျုပ်တို့မိသားစုက ခင်ဗျားတို့ကို အခွင့်အရေးတွေပေးခဲ့တယ်၊ ခင်ဗျားကမှ ဂရုမစိုက်ခဲ့တာ၊ ဒီတော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်တော့”
ထို့နောက် ရှန်းတောက်မင်တို့ သုံးဦးသည် ကျန်းပိုင်ရှန်ကို စတင်တိုက်ခိုက်လိုက်သည်။ ရှန်းတောက်မင်၏ ဦးခေါင်းထက်ရှိ ပင်လယ်ပြာခေါင်းလောင်းသည် ပေတစ်ရာခန့်အထိ ကြီးထွားသွားပြီး ကျန်းပိုင်ရှန်အပေါ်သို့ ဖိချလိုက်သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်သည် အကုသိုလ်ခုနှစ်ပါး ရတနာလှံကို ပစ်လွှတ်လိုက်ပြန်သည်။ ရတနာလှံသည် ဗလာနယ်ကို ဖြတ်သန်းလျက် ကျန်းပိုင်ရှန်ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ ကျန်းချန်ရွှမ်သည်လည်း လက်မနှေးဘဲ ဓားပျံတစ်စင်းကို ထုတ်ယူပစ်လွှတ်လိုက်သည်။ သူ၏ မူလဓမ္မရတနာဓားကို မသန့်စင်ရသေးသည့်အတွက် ယောင်ကျန်းထျန်ထံမှ ရရှိခဲ့သော ဓားပျံကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
ဓားပျံသည် ကောင်ကင်ထက်တွင် လွန်းထိုးသည့်ပမာ ရှေ့တိုးနောက်ငင် ရွေ့လျားရင်း ပေတစ်ထောင် အချင်းဝက်ရှိသည့် ကောင်းကင်ဧရိယာတစ်ခုလုံးကို ဓားချီပင်လယ်အဖြစ် ပြောင်းလဲလိုက်သည်။ ကျန်းပိုင်ရှန်မှာ ကျီဖုအဆင့် ကျင့်ကြံသူသုံးဦး၏ တစ်ပြိုင်နက်တိုက်ခိုက်မှုကြောင့် ဖိအားများပြီး ကြံရာမရဖြစ်သွားသည်။ သာမန် ကျီဖုနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက် ကျီဖုအဆင့် သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိပါ။ ထို့ကြောင့် မကြာခင်မှာပင် ဓမ္မရတနာဖြစ်သည့် သတ္တုဖြူဓားမှာ ပျက်စီးလုနီးပါးဖြစ်သွားသလို ကျန်းပိုင်ရှန်သည်လည်း နောက်သို့လွင်စင်သွားပြီး အဝေးရှိ တောင်တစ်လုံးနှင့် ရိုက်မိသွားတော့သည်။
အဆိုပါမြင်ကွင်းကြောင့် ကျန်းမိသားစု၏ ဂိုဏ်းတပည့်များမှာ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ သူတို့အများစုမှာ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်များသာ ဖြစ်သည့်အတွက် ကျီဖုအဆင့်သုံးဦးကို တစ်ပြိုင်နက်တည်း ခုခံရန်မှာ မဖြစ်နိုင်သလောက်ရှိနေသည်။ အစီအရင်ခံတပ်သာ ရှိနေသေးလျှင် မျှော်လင့်ချက်အနည်းငယ် ရှိဦးမည်ဖြစ်သော်လည်း ယခုအချိန်တွင် ခံတပ်ကိုလည်း ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ သို့သော် ဂိုဏ်းတပည့်အများစုမှာ ကျန်းချန်ရွှမ်တို့နှင့် တိုက်ခိုက်ရန် ဆန္ဒမရှိဘဲ သူတို့ဘိုးဘေး အရေးနိမ့်သွားသည့်အတွက်လည်း ဒေါသထွက်ဟန်မတူပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့သုံးဦးမှာ စိတ်သက်သာရာရသွားသည်။ သည်တစ်ခေါက် သူတို့၏ အဓိကပစ်မှတ်မှာ ကျန်းမိသားစု၏ ဂိုဏ်းတပည့်များမဟုတ်ပါ။
ထို့နောက်တွင် ရှန်းတောက်မင်၏ ခေါင်းလောင်းကြီးသည် ကျန်းပိုင်ရှန်ရှိရာနေရာသို့ တစ်ဖန်နိမ့်ဆင်းလာပြန်သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်၏ ရတနာလှံပျံကလည်း ပေတစ်ရာခန့်အထိ ဆန့်ထွက်သွားပြီး ကျန်းပိုင်ရှန်ကို တိုက်ခိုက်လိုက်ရာ ကျန်းပိုင်ရှန်၏ နောက်ဆုံးအကာအကွယ်ဖြစ်သည့် ဓမ္မစွမ်းအင်စက်ဝန်းသည်လည်း တစ်စစီ ကွဲကြေသွားတော့သည်။ ကျန်းပိုင်ရှန်မှာ သူ၏နောက်ဆုံးအချိန်.ရောက်လာတော့မည်ကို ရိပ်မိလိုက်သည့်အတွက် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“မင်းတို့ငါ့ကိုသတ်လို့မရဘူး၊ ဟုန်မိသားစုက မင်းတို့ကို လက်စားချေလိမ့်မယ်”
ထိုစကားကိုကြားလျှင် ရှန်းတောက်မင်တို့သုံးဦးမှာ စိတ်ထဲတွင် ထောင်းခနဲဖြစ်သွားပြီး
“ဟုန်မိသားစုနာမည်ကိုသုံးပြီး ငါတို့ကို ခြိမ်းခြောက်ချင်တယ်ပေါ့၊ ဟုန်မိသားစုက ငါတို့ကို ဘယ်လိုလက်စားချေမလဲ ကြည့်ကြသေးတာပေါ့”
ထို့နောက် ရှန်းတောက်မင်တို့သုံးဦးသည် ကျန်းပိုင်ရှန်အား အပြီးသုတ်သင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုစဉ် သက်ပြင်းချသံတစ်ခုကို လူအားလုံးကြားလိုက်ရပြီး အားအင်ချိနဲ့နေဟန်တူသည့် သက်လတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ဦးသည် တိုက်ပွဲအလယ်တွင် ရုတ်တရက်ပေါ်လာတော့သည်။ ထိုသူက အဝါရောင် ဓားမောက်ရှည်တစ်ခုကို ထုတ်လွှတ်ပစ်ခတ်လိုက်ရာ ကျန်းချန်ရွှမ်တို့၏ လက်နက်များနှင့် ထိတွေ့ရိုက်ခတ်မိပြီး ကျန်းပိုင်ရှန်ကို ကာကွယ်ပေးလိုက်သည်။
“ခင်ဗျားက…”
ရှန်းတောက်မင်တို့လည်း မမျှော်လင့်သော ဖြစ်အင်ကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ ထိုစဉ် ကျန်းမိသားစု၏ ဂိုဏ်းတပည့်များက အားရဝမ်းသာ ဟစ်ကြွေးလိုက်ကြသည်။
“ဘိုးဘေး ပိုင်ယန်ရောက်လာပြီ”
ထိုပုဂ္ဂိုလ်မှာ ကျန်းမိသားစု၏ အကြီးအမှူးဖြစ်သည့် ဘိုးဘေး ကျန်းပိုင်ယန်ပင်ဖြစ်သည်။ လတ်တလောတွင် ကျန်းပိုင်ယန်၏ အော်ရာမှာ ဖျော့တော့လျက်ရှိသလို မျက်လုံးများသည်လည်း အသက်မဲ့နေသည်။ သူ၏အခြေအနေမှာ ရှန်းယွမ်လုံ ဒဏ်ရာရစဉ်ကထက်ပင် ပိုမိုဆိုးဝါးနေဟန်တူသည်။ ကျန်းပိုင်ယန်က သူ့ရှေ့မှောက်ရှိမြင်ကွင်းကိုကြည့်ပြီူ စိတ်မကောင်းဖြစ်ဟန်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။
“တာအိုရောင်းရင်းတို့၊ ကျုပ်တို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို ထောက်ပြီး ကျုပ်တို့ကျန်းမိသားစုကို ခွင့်လွှတ်ပေးစေချင်ပါတယ်။ ကျုပ်တို့ရဲ့ ရိုင်းပျတဲ့ အပြုအမူအတွက်လည်း လုံလောက်တဲ့ နစ်နာကြေးမျိုး ပေးပါ့မယ်”
ရှန်းတောက်မင်တို့ တစ်စုံတစ်ရာ မတုံ့ပြန်ခင် ကျန်းပိုင်ရှန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“အစ်ကိုပိုင်ယန် ဒီလိုလုပ်လို့မရဘူးလေ”
ကျန်းပိုင်ယန်က ကျန်းပိုင်ရှန်ကို စောင်းငဲ့ကြည့်ပြီး လက်ယက်ခေါ်လိုက်သည်။
“ပိုင်ရှန် ဒီကိုလာခဲ့ပါ”
ကျန်းပိုင်ရှန်သည်လည်း ကျန်းပိုင်ယန်ရှိရာသို့ ဒေါသတကြီး ရေရွတ်ရင်း လျှောက်သွားသည်။
“အခြေအနေတွေက ဒီအထိဆိုက်လာမှတော့ ကျုပ်တို့ဘက်မှာ ရွေးစရာမရှိတော့ဘူး၊ ခင်ဗျားက အခုမှ ဂူထဲကထွက်လာတော့ ဘာမှမသိသေးဘူး၊ ကျုပ်ပြောပြ….”
ကျန်းပိုင်ရှန်မှာ စကားဆုံးသည်အထိ မပြောလိုက်ရဘဲ မယုံနိုင်စွာနှင့် သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိသည်။ အနီရောင် ဓားမြှောင်တစ်ချောင်းက သူ့နှလုံးထဲ စိုက်ဝင်နေပြီး အနီရောင်အလင်းများ ဖြာထွက်လျက်ရှိသည်။ မကြာမီ သူ၏အသက်ဓာတ်အားလုံးမှာ ကုန်ဆုံးသွားတော့သည်။
***