← Chapters

လက်​အောက်​ခံ​မိသားစု

Vol. 7 Ch. 139

လက်​အောက်​ခံ​မိသားစု

Vol. 7 Ch. 139

“အစ်ကို​ပိုင်​ယန်​ ခင်ဗျား….”

ကျန်း​ပိုင်​ရှန်​တစ်ယောက် ကျန်း​ပိုင်ယန် သူ့ကို​သတ်​မည်ဟု မျှော်လင့်​ထား​ခြင်း​ မရှိ​ခဲ့ပါ။ ကျန်း​ချန်​ရွှမ်တို့​သုံး​ဦး နှင့်တကွ ကျန်း​မိသားစု​ဂိုဏ်း​တပည့်​များ​သည်​လည်း အံ့အားသင့်လျက်​ ငေးကြည့်နေမိကြသည်။ ကျန်း​ပိုင်ယန်အနေနှင့် အဘယ်ကြောင့် ဘိုးဘေး​ပိုင်​ရှန်​ကို သတ်​ဖြတ်​ရသနည်း ဆိုသည်ကို နား​မ​လည်​နိုင်​ကြပါ။ ကျန်း​ပိုင်ယန်​က တည်​ငြိမ်စွာဖြင့်

“ပိုင်​ရှန်​ ငါမင်းကို မသတ်ချင်ပါဘူး၊ ဒါပေမဲ့​ မင်း​ရှိနေ​ရင် ကျန်း​မိသားစု​ အနှေးနဲ့အမြန် ပျက်​သုဉ်းလိမ့်မယ်၊ မင်း​ကို ရှန်း​မိသားစု​လက်​ချက်​နဲ့လည်း မသေစေချင်ဘူး။ သူတို့​မင်းကိုသတ်လိုက်ရင်လည်း ငါတို့​မိသားစု​နှစ်​ခုကြားက ဆက်ဆံ​ရေး​က အဖတ်ဆည်လို့ရမှာ မဟုတ်​တော့ပြန်ဘူး၊ ဒါကြောင့်​ မင်း​ကို ​ငါ​ကိုယ်​တိုင်​သတ်​မှ​ဖြစ်မယ်”

ကျန်း​ပိုင်​ယန်၏စကား​လုံး​များက​ ကျန်း​ချန်​ရွှမ်​တို့​သုံး​ဦးအား မှင်​သက်​သွားစေသည်။ သို့သော်​ သူ၏ဆုံးဖြတ်​မှု​သည် အကျိုး​အကြောင်း​ ဆီလျော်​မှုရှိသည်ဟု ဆိုရပေမည်။ ကျန်း​ပိုင်​ရှန်​ အသက်​ရှင်​နေလျှင် ကျန်း​ပိုင်ယန်​ကွယ်လွန်ပြီးနောက်တွင် ကျန်းမိသားစု၏နိဂုံး​မှာ အနှေးနှင့်အမြန် ဆိုက်​ရောက်​လာ​မည်​မှာ သေချာသည်။ ထိုနည်းတူ ကျန်း​ပိုင်​ရှန်၏ လုပ်​ရပ်​မှာ မည်​မျှ​အထိ ဆိုး​ရွား​နေပါ​စေ၊ သူသည်​ ကျန်းမျိုးနွယ်​စုဝင် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသေးသည်။ ကျန်းချန်ရွှမ်တို့သုံးဦးအနေ​နှင့် ကျန်း​ပိုင်​ရှန်ကို သတ်​ဖြတ်​ခဲ့​လျှင် ကျန်း​မိသားစု၏ ရန်ငြိုးသိုခြင်းကို ရှောင်ရှား​နိုင်ရန်နှင့် ရန်​စမပွားစေရန် ကျန်း​မိသားစု​တစ်ခု​လုံးကို​ သုတ်သင်​ပစ်​ရမည်​ဖြစ်သည်။ ထို့ကြောင့်​ ကျန်း​ပိုင်ယန်၏ လုပ်​ရပ်​မှာ သူ့နည်းသူဟန်နှင့် မှန်ကန်​သည်​ဟု ဆိုရမည်။

ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်​တို့​သည်​လည်း ကျန်း​ပိုင်​ယန်၏ အနာဂတ်​ကိုမျှော်တွေးနိုင်မှုနှင့် ဆုံးဖြတ်​ချက်​ပြတ်သား​မှု​အတွက်​ လေးစားမိလာကြသည်။ ထို့​နောက်​ ကျန်း​ပိုင်​ရှန်​သည်​ ဓား​မြှောင်ကိုဆွဲထုတ်လိုက်ရာ ကျန်း​ပိုင်​ရှန်​၏ မျက်လုံး​များ​တွင် အမုန်း​တရားနှင့် အမှန်တရား​ကို​ လက်​သင့်မခံလိုသော အရိပ်အ​ယောင်များ ယှက်​သန်း​လာပြီးနောက် သူ၏မျက်လုံး​များ​သည် အသက်​မဲ့သွားကာ မြေပေါ်သို့လဲကျသေဆုံးသွားတော့သည်။ ကျန်း​ချန်​ရွှမ်​တို့​သုံး​ဦးသည်လည်း နတ်ဘုရားအာရုံကို အသုံးပြု၍ အလျင်အမြန် စစ်ဆေးလိုက်ရာ ကျန်း​ပိုင်​ရှန်​ အမှန်​တကယ်​ သေဆုံး​သွား​ကြောင်း​ သိလိုက်ရ​သည်။ ထိုအခါ​ ကျန်း​ပိုင်ယန်က သူတို့​သုံး​ဦး ကို ကြည့်ပြီး

“ဘယ်​လို​လဲ တာအိုရောင်းရင်း​တို့​ ကျုပ်​ပေး​တဲ့ ဖြေရှင်း​ချက်​ကို ဘဝင်ကျရဲ့လား”

ကျန်း​ချန်​ရွှမ်တို့ တစ်စုံ​တစ်​ရာ​ မ​တုံ့ပြန်​နိုင်​ခင်မှာပင်​ ကျန်း​ပိုင်ယန်သည် ဓားမောက်ရှည်ကို အသက်​သွင်း​လိုက်​သည်။ အဝါ​ရောင်​စူးစူး အလင်း​တန်း​တစ်ခုက လေထု​ထဲတွင်​ လက်​ခနဲဖြစ်သွားသည်။ အဝေး​တစ်​နေရာရှိ ကျန်း​မိသားစု​ဂိုဏ်း​တပည့်များထဲမှ အချို့၏ခေါင်း​များ​ ပြတ်​ထွက်​ကုန်​ကြသည်။ ထို​လူ​များ​အထဲတွင်​ ရှန်းမိသားစု​ထံသို့​ လာရောက်​အကျပ်​ကိုင်​ခဲ့သော ကျန်း​ယောင်​ဇူလည်းပါဝင်သည်။

ထို​မြင်ကွင်းကြောင့် ကျန်း​မိသားစု​ဝင် ဂိုဏ်း​တပည့်​များ​အားလုံး​ တုန်လှုပ်ခြောက်ခြားသွားကြသည်။ အထူးသဖြင့်​ ကျန်း​မျိုး​နွယ်​စု၏ လက်ရှိ​မိသားစုခေါင်းဆောင်​ဖြစ်သူ ကျန်း​ယောင်​ဟိုင်ဖြစ်သည်။ ဘိုး​ဘေး​ပိုင်​ယန်​တစ်ယောက်​ သူ့ဇီဝိန်ကို ခြွေတော့မည့်အချိန်ကို စောင့်​ဆိုင်း​နေခဲ့သော်လည်း အချိန်​အတန်​ကြာထိ သူ့အသက်​နှင့်​ခန္ဓာ​ တည်​မြဲ​နေသည်ကို တွေ့လိုက်ပြီး သက်​ပြင်း​ချမိလိုက်သည်။ တစ်ချိန်တည်း​တွင်​ သူ​နားလည်​လိုက်​သည်​က လွန်ခဲ့သည့်နှစ်ကာလများအတွင်း ကျန်းပိုင်​ရှန်​နှင့် ပူးပေါင်း​ရန်​ ငြင်း​ဆို​ခဲ့သည့် သူ့​လုပ်​ရပ်က သည်နေ့တွင် သူ့​အသက်​ကို ကယ်​ဆယ်​လိုက်​ခြင်း​ ဖြစ်​သည်​ဟု သဘော​ပေါက်​လိုက်​သည်။ ထို့နောက်​ ကျန်း​ပိုင်​ယန်​က

“တာအိုရောင်းရင်းတို့ မင်း​တို့​ရှန်း​မိသားစု​ကို နှစ်​အတန်​ကြာ ဒုက္ခ​ပေးဖို့ ကြိုး​စား​ခဲ့တဲ့ လူတွေ​ကို​ရှင်း​ပေးလိုက်​ပြီ၊ ပြီး​တော့​ နစ်​နာ​ကြေး​အနေနဲ့ ရှန်း​မိသားစု​ကို ဝိညာဉ်ကျောက်တုံး နှစ်​သိန်း၊ ဒီပမာဏနဲ့ ညီ​မျှ​တဲ့ ရတနာ​ပစ္စည်း​တွေ၊ နောက်ပြီး​ အဖြူရောင်​ဧကရာဇ်​ ရွှေ​အမြုတေ​ကို​လည်း​ ပေး​အပ်မယ်၊ ဒါတင်မကသေးဘူး၊ ဒီနေ့ကစပြီး ကျုပ်​တို့​ကျန်း​မိသားစုအနေနဲ့ ရှန်း​မိသားစု​ရဲ့ အမိန့်​ကိုနာခံမယ်လို့ ကတိပေးတယ်။ ကျန်း​မိသားစုဝင်​အားလုံး​ကို ဒီကတိကို တာအို​နှလုံးသား​နဲ့ ကျိန်ဆိုစောင့်ထိန်းပေးမယ်၊ မင်း​တို့​သုံး​ယော​က် ဒီကမ်းလှမ်းချက်ကို ဘယ်လို​သဘောရလဲ​”

“ဘိုးဘေး”

ကျန်း​ပိုင်​ယန်​၏စကား​ကို​ကြားလျှင် မိသားစု​ဂိုဏ်း​တပည့်များမှာ သဘော​မတူ​ဟန်​နှင့်​ ကြား​ဝင်​ရန်​ ကြိုးစား​လိုက်​ကြသည်။ ကျန်း​ပိုင်ယန်​ ပေးအပ်​မည့်​ လျော်​ကြေး​ပမာဏ​သည် ကျန်း​မျိုး​နွယ်​စုတစ်ခုလုံး၏ ပိုင်ဆိုင်​မှုထက်ဝက်ခန့်ရှိသည့်အပြင် အဖြူရောင်​ဧကရာဇ်​ ရွှေ​အမြုတေ​ကိုပါ​ ပေးအပ်​လိုက်​မည့်အရေးကို သူတို့​အားလုံး​ လက်​မခံ​နိုင်​ကြပါ။ အဆိုပါ​အမြုတေ​သည် ကျင့်ကြံ​သူတစ်ဦးကို ကျီဖုအဆင့်​သို့ တက်​လှမ်းရန် အကူအညီပေးနိုင်သည့်​ တန်​ဖိုး​ကြီး​ ဝိညာဉ်​ရတနာ​တစ်ပါး​ဖြစ်​ပြီး ငွေပေး၍ဝယ်ယူလျှင်ပင် မရနိုင်သည့် ရတနာ​ပစ္စည်း​မျိုး​ဖြစ်သည်။ ထို့အပြင်​ ကျန်းမိသားစု​အနေနှင့်​ ရှန်းမိသားစု၏အမိန့်​ကို နာခံမည်ဆိုသည့်သဘောမှာ ရှန်းမိသားစု၏ လက်​အောက်​ခံ မိသားစု​ခွဲတစ်ခုအဖြစ် ရပ်​တည်​သွားမည့် သဘောဖြစ်သည်။ ထို့​ကြောင့်​ ကျန်း​မိသားစု​အနေနှင့် ပေးဆပ်​ရမည့်​ တန်​ဖိုး​မှာ လိုသည်ထက် ကြီး​လေးလွန်းသည်ဟု သူတို့​ရှုမြင်မိကြသည်။

သို့သော်​ ကျန်း​ပိုင်​ယန်​အတွက်​တော့ သည်​လုပ်​ရပ်​သည်သာ မျိုး​နွယ်စု၏ ရှေ့​ရေးအတွက်​ အကောင်း​ဆုံး​နည်းလမ်း​ကို ရွေးချယ်​ခြင်းဖြစ်သည်။ သူနေရမည့်ကာလက သိပ်မကျန်တော့​သလို​ ကျန်း​မိသားစု​တွင်​ နောက်​ထပ်​ ကျီဖုအဆင့် ကျင့်ကြံသူများ ပေါ်ပေါက်​လာခြင်း​ မရှိ​သည့်အတွက် သူမရှိတော့လျှင်​ အခြား​သော မိသားစု​များ၊ ဂိုဏ်းများ၏​ အမြတ်​ထုတ်​ခြင်း​ကို ကျိန်း​သေခံရပါလိမ့်မည်။ ထို့ကြောင့်​ ရှန်း​မိသားစု​လက်အောက်​တွင်​ ခိုလှုံ​လိုက်ခြင်း​အားဖြင့်​ အခြား​မျိုး​နွယ်စု​များ၏ ဝါးမျိုခြင်းခံရမည့်ဘေးမှ ကာကွယ်​ပြီးသား​ ဖြစ်​ပေ​လိမ့်မည်။ လက်​ဝေ​ခံ​မိသားစု​ဆိုသည်မှာ အမည်​အား​ဖြင့်​သာ ဆိုးသော်လည်း မျိုး​နွယ်စု​တည်​တံ့​ရေး​နှင့် ယှဉ်ထိုးစဉ်းစား​လျှင်​တော့ ပြောပ​လောက်သည့်အချက်မဟုတ်တော့ပါ။ ထိုအတွက်ကြောင့်​ ကျန်း​ပိုင်ယန်၏ ဉာဏ်​ရည်​ဉာဏ်​သွေး​ကို ကျန်း​ချန်​ရွှမ်​အနေနှင့်​ မချီးကျုးဘဲမနေနိုင်တော့ပါ။

သို့သော်​ သည်​နေရာ​တွင် မေးစရာ​ရှိလာသည်က ကျန်း​ပိုင်ယန်အနေနှင့် ကျန်း​မိသားစု​ တစ်နေ့​တခြား​ ဆုတ်​ယုတ်​လာသည့်​အရေးကို အစော​ကတည်းက​ မဖြေရှင်းဘဲ သည်နေ့အထိ စောင့်​ဆိုင်း​နေခဲ့သနည်း ဆိုသည့်​မေးခွန်း​ပင်ဖြစ်သည်။ ဖြစ်နိုင်ချေရှိသည်က ကျန်း​ပိုင်ယန်​အနေနှင့်​ ကျန်း​မျိုး​နွယ်​စုကို ပြုပြင်​ပြောင်းလဲ​ရန် အခွင့်မသာသေး၍ လက်​ရှိ​အခြေအနေ​အထိ ရောက်​အောင် စိတ်​ရှည်​ရှည်​နှင့်​ စောင့်မျှော်နေခဲ့ခြင်းဖြစ်နိုင်သည်။ ထို​အခွင့်အရေး​ကို ရလျှင်ရချင်း ကျန်း​မိသားစု​၏ ကျီဖုအဆင့် ဘိုး​ဘေးဖြစ်သူ ကျန်း​ပိုင်​ရှန်​နှင့် သူ့လူများကို အလျင်အမြန်​ရှင်းထုတ်လိုက်ခြင်း​ ဖြစ်​နိုင်သည်။ ထို​အတွေး​နှင့်​အတူ​ ကျန်း​ချန်​ရွှမ်​တို့​သုံးဦး​သည် ကျန်းပိုင်​ယန်​အား ငေးမောကြည့်ရှုနေမိကြသည်။ ကျန်း​ပိုင်ယန်သည်လည်း သူတို့ကို အဓိပ္ပာယ်​ပါ​သည့် အကြည့်တစ်မျိုးဖြင့် တုံ့ပြန်​စိုက်​ကြည့်​နေရင်း​ သူတို့​လေး​ဦးကြားတွင် နားလည်​မှု​တစ်ခုရရှိလိုက်ကြသည်။ ထိုစဉ် ရှန်း​တောက်​မင်က ပြုံး​လိုက်​ပြီး

“ကျုပ်​တို့​အားလုံး​ ဆရာ​ပိုင်​ယန်​ရဲ့ ရိုးသား​မှုကို နားလည်​ပါတယ်၊ ဒီအချိန်​မှာ​ ကျုပ်​တို့​ရှေ့ဆက်​တိုး​လိုက်​ရင် ကျုပ်​တို့​ရှန်း​မိသားစု​ကို အနိုင်​ကျင့်​ဖို့​ ကြိုး​စားခဲ့တဲ့ လူစုရဲ့ လုပ်ရပ်နဲ့ ထုးမခြားနားဖြစ်သွားပါလိမ့်မယ်။ မိသားစု​အကြီးအကဲ​တစ်ဦး​အနေနဲ့ ခင်ဗျားရဲ့ ကမ်းလှမ်း​ချက်​ကို ကျုပ်​သဘော​တူပါတယ်။ ဒါပေမယ့်​ ဒီကိစ္စ​ကို ဆုံးဖြတ်​ချက်​ချ​ဖို့ ကျုပ်​တို့​ဘိုးဘေး​နဲ့ တိုင်​ပင်ရပါဦးမယ်။ ဒီတော့ ဆရာ​ပိုင်​ယန်​အနေနဲ့ ကျုပ်တို့ဆုံးဖြတ်​ချက်​ချပြီး​တဲ့ အချိန်​အထိ ခေတ္တ​စောင့်​ဆိုင်း​နေ​ပေး​နိုင်ဖို့ မျှော်လင့်ပါတယ်​”

***

All Chapters