← Chapters

ယွမ်ယင်ကို လက်ဖျောက်တစ်ချက်တီးအတွင်း အသေသတ်ခြင်း

Vol. 2 Ch. 15

ယွမ်ယင်ကို လက်ဖျောက်တစ်ချက်တီးအတွင်း အသေသတ်ခြင်း

Vol. 2 Ch. 15

"မင်း"

ဟုန်ချန်ယဲ့က ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး အနီရင့်ရောင်မီးတောက်တစ်ခုက သူ့လက်ဖဝါးထက်မှပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ်မီးတောက်များက ‌လေထုကိုပူလောင်စေကာ လှိုင်းတွန့်များဖြစ်ပေါ်စေ၏။

ငါ့စည်းကို အကြိမ်ကြိမ်လာထိပါးတာမင်းပဲ။ ငါလည်းဒေါသမထွက်တတ်ဘူးများထင်နေလား?

ယဲ့ကျွင်းလင်သည် သူ့အရှေ့မှ ဒေါသအမျက်ချောင်းချောင်းထွက်နေသောလူငယ်လေးကို စိုက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။ "ငါ့တပည့်က စေတနာကောင်းသားပဲ ဆရာ့အတွက် အချိန်ကိုက် ရေနွေးနွေးလုပ်ပေးချင်လို့ပေါ့လေ"

ငွေရောင်ဆံပင်နှင့်လူငယ်၏ အရှက်မဲ့မှုကိုမြင်သော် ဟုန်ချန်ယဲ့ထပ်ပြီးသည်းမခံနိုင်တော့ဘဲ မျက်နှာဖုံးကိုခွာချဖို့ ဆုံးဖြတ်လိုက်တော့၏။

"ဒီမှာနားထောင် ငါက.."

သို့သော် ထိုအချိန်တွင် တံခါးအပြင်ဘက်မှ စိုးရိမ်ပူပန်နေသည့်အသံတစ်ခုထွက်လာသည်။ "နတ်ဘုရားနှစ်ပါးခင်ဗျာ ဝေ့ပြည်ထောင်အတွင်းဖြစ်ပွားနေတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ပက်သက်ပြီး တင်ပြစရာသတင်းတွေရှိနေပါတယ်"

"ပြောနေတာဘယ်သူလဲ"

ယဲ့ကျွင်းလင်က သူ၏နတ်ဘုရားအရှိန်အဝါကို တံခါးအပြင်ဘက်သို့ပို့လွှတ်ရင်းမေးသည်။

"ကျွန်‌တော်က ဝေ့ပြည်ထောင်ရဲ့ ပထမမင်းသားပါ"

ပထမမင်းသားသည် ဇိမ်ခံပိုးထည်အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်သီးဆုပ်ကာ အရိုအသေပြုလျက်ရှိ၏။

"ဘာအကြောင်းများလဲ ပြောပါဦး"

အခန်းတွင်းမှ ယဲ့ကျွင်းလင်၏တည်ငြိမ်သောအသံကိုကြားသော် ပထမမင်းသားသည် အလျင်အမြန်ဒူးထောက်လိုက်ကာ ပူပင်ကြောင့်ကြနေသောလေသံဖြင့်ပြောလာသည်။

"နတ်ဘုရားအရှင် ဒီလျှို့ဝှက်ချက်ကိုလေ ကျွန်တော့်ခမည်းတော်ကိုတောင် မပြောပြရဲခဲ့ပါဘူး နတ်ဆိုးကောင်တွေက ကပ်‌ဘေးကို နေရာတိုင်းမှာဖန်တီးနေမှန်း ကျွန်တော်ရှာဖွေတွေ့ရှိခဲ့ပါတယ် နန်းတော်အနောက်ဘက်ကတောင်တွေဆီကလာတာလည်း ဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အနက်ရောင်နတ်ဆိုးလင်းနို့အချို့ ဂူတွေထဲပျံသန်းသွားတာကို ကျွန်တော်တွေ့ခဲ့ဖူးပြီး နန်းတော်ထဲကအစေခံတွေနဲ့ ကုန်းကုန်းတွေလည်း မကြာခဏပျောက်ဆုံးနေတာ သတိထားခဲ့မိပါတယ်"

"အရှင့်ရဲ့ အမည်နာမကို ကျွန်တော်ကြားသိခဲ့ဖူးတာကြာပါပြီ ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့စွမ်းအားတွေအကြောင်းလည်း ကျွန်တော်သိရှိထားပါတယ် အခုဝေ့ပြည်‌ထောင်ကို အရှင်တစ်ယောက်ကပဲကယ်တင်နိုင်တော့မှာပါ ကျေးဇူးပြုပြီး နတ်ဘုရားအရှင်ခင်ဗျာ အနောက်ဘက်တောင်မှရှိတဲ့ လင်းနို့နတ်ဆိုးတွေကို အရေးယူနှိမ်နင်းပေးတော်မူပါ"

ပြောရင်းဆိုရင်း ပထမမင်းသားသည် မြေကြီးပေါ်သို့ ခေါင်းကိုဒုန်းခနဲဆောင့်ကာ စိတ်ရင်းအမှန်ဖြင့် အရိုအသေပြုလေသည်။

"အိုး အဲ့လိုလား"

ယဲ့ကျွင်းလင်သည် သူ၏နတ်ဘုရားအာရုံကို ဝုန်းခနဲဆန့်ထုတ်ပြီး နန်းတောင်အနောက်ဘက် တောင်များဆီသို့ အာရုံခံကြည့်လိုက်သော်လည်း မည်သည့်မူမမှန်မှုမျိုးကိုမှ မတွေ့ရပေ။

ခဏအကြာတွင် တံခါးပွင့်ဟလာသည်။

ပထမမင်းသားက ခေါင်းကိုမော့၍ကြည့်လိုက်သော် အနက်ရောင်ဝတ်ရုံဝတ်လူငယ်တစ်ဦး လျှောက်လှမ်းလာတာကို မြင်တွေ့လိုက်ရသည်။ ငွေဖြူ‌ရောင်ဆံနွယ်များမှာ ဝတ်ရုံနှင့် ဆန့်ကျင်ဘက်ခံစားချက်ကို ပေးစွမ်းနေပြီး ခါးအထိရှည်လျားကျလျက်ရှိကာ ငွေရောင်တောက်တောက်အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ပင်။

"ဦးညွှတ်ပါတယ် နတ်ဘုရားအရှင်"

"ငါ့ကို အဲ့ဂူဆီခေါ်သွားစမ်း"

"ဟုတ်ကဲ့ခင်ဗျာ"

ပထမမင်းသားက အလျင်အမြန်ထရပ်လိုက်သည်။ သူ့အကြည့်များထဲတွင် နက်ရှိုင်းသော အေးစက်မှုတစ်ချို့ နစ်မြုပ်လျက်ရှိ၏။

ဟုန်ချန်ယဲ့ထံသို့ အကြည့်ရောက်သွားသော် အေးစက်စက်မျက်လုံးမှာ တဏှာရိပ်များဖြင့် ပြည့်နှက်သွားသည်။

ယခုလေးတင်ဖြစ်ပျက်ခဲ့သော ပြဿနာကြောင့် ဟုန်ချန်ယဲ့၏မျက်နှာထားမှာ ရေခဲကဲ့သို့ အေးစက်ခဲသက်လျက်ရှိပြီး မျက်ခုံးကြားမှ ကြက်သွေးရောင် မီးလျှံအမှတ်အသားက မှော်ဆန်သောခံစားချက်တစ်ချို့ကို ပေါင်းထည့်ပေးလျက်ရှိသည်။

ယဲ့ကျွင်းလင်၏နောက်ကျောကိုကြည့်ကာ ဟုန်ချန်ယဲ့ ကြိတ်ပြီးမဲ့ပြုံးပြုံးလိုက်သည်။

ကောင်းပြီ၊ မင်းနဲ့ နောက်မှ အကြွေးရှင်းမယ်။

စင်္ကြံလမ်းတွင် မင်းသမီးလေးသည် တိုင်အနောက်တွင် ပုန်းနေကာ ဤမြင်ကွင်းကို ချောင်းကြည့်လျက်ရှိသည်။

ပထမမင်းသား၏လုပ်ရပ်ကိုမြင်သော မင်းသမီးလေး၏မျက်နှာမှာ မယုံကြည်နိုင်သည့်အမူအရာသို့ ပြောင်းလဲသွားရသည်။ "အစ်ကိုကြီးက ဘယ်လိုလုပ်....."

မောင်နှမများဖြစ်သည့်အလျောက် အစ်ကိုကြီး၏ ပုံမှန်အပြုအမူက မည်မျှရိုင်းစိုင်းဆိုးရွားမှန်း သူမကောင်းကောင်းသိသည်ပင်။

ထိုသို့အပြုအမူများကြောင့်ပင် ဧကရာဇ်က သားအကြီးဆုံးကို တစ်ချိန်လုံး အားမလိုအားမရ ဖြစ်နေခဲ့ရသည်မဟုတ်လော။

သူမ၏ ထိုအရိုင်းအစိုင်းအစ်ကိုက အခု ရွှယ်ထျန်းဂိုဏ်းက နတ်ဘုရားနှစ်ပါးကို တိတ်တဆိတ်သွားရောက် တွေ့ဆုံရဲလေသည်လား?

"ခမည်းတော်ကို မြန်မြန်သွားပြောရမယ်"

မင်းသမီးလေးမှာ မီးခိုးလုံးလေးကဲ့သို့ လှစ်ခနဲပြန်လည်ပြေးထွက်သွား၏။

နန်းတော်အနောက်ဘက် တောင်တွင်...

ပေါင်းပင်များထူထပ်စွာပေါက်ရောက်နေပြီး ကျောက်ကြမ်းလမ်းမှာလည်း မညီမညာဖြစ်လို့နေသည်။

ပထမမင်းသားက အရှေ့မှဦးဆောင်သွားပြီး ယဲ့ကျွင်းလင်က တည်တည်ငြိမ်ငြိမ်ပင် အနောက်မှလိုက်လျက်ရှိသည်။ ဟုန်ချန်ယဲ့မှာတော့ တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။

"ရောက်ပါပြီခင်ဗျာ"

ပထမမင်းသားက ထူးဆန်းသောအပြုံးတစ်ခုဖြင့် လှည့်ကြည့်လာသည်။

"ဆိုတော့ နတ်ဆိုးလင်းနို့တွေနေတယ်ဆိုတဲ့ဂူက ဘယ်မှာများလဲ" ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ငတုံးကောင် ဘာလင်းနို့ဂူမှမရှိဘူး မင်းရဲ့အုတ်ဂူပဲရှိမယ်ကွ" ပထမမင်းသားက ရူးသွပ်နေသည့်မျက်နှာအမူအရာဖြင့် ပြောလာသည်။

ထို့နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ထုခွဲချေမှုန်းလိုက်သည်။

ဝှစ်

မြေပြင်မှ သွေးနီရောင် ပဉ္စဂံပုံစံ အစီအရင်တစ်ခု ပေါ်ထွက်လာကာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လို့နေသည်။

ပထမမင်းသားကိုတော့ အလင်းလုံးတစ်ခုက သိုင်းခြုံကာကွယ်ပေးထားကာ ချက်ချင်းပင် လွတ်ရာသို့ပို့ဆောင်ခံလိုက်ရသည်။

သူက အောင်နိုင်သူတစ်ဦး၏ပုံဖြင့် မတ်မတ်ရပ်ရင်း ပြောလာသည်။ "အကြီးအကဲများ အစွမ်းပြဖို့အချိန်ရောက်ပါပြီ"

ထိုစဥ် လေဟာနယ်သည် ပုံပျက်ပန်းပျက်ရိုက်ခတ်မှုများဖြင့် လှိုင်းတွန့်များပေါ်လာလေသည်။

ထိုလှိုင်းတွ့န်များကြားမှ အနက်ရောင်ဝတ်ရုံဝတ်လူငါးဦးထွက်လာပြီး ပဥ္စဂံအစီအရင်ထဲသို့ လျှပ်တပြက်ဝင်ရောက်လိုက်ကြကာ ယဲကျွင်းလင်နှင့်ဟုန်ချန်ယဲ့ကိုဝိုင်းလျက် နေရာယူလိုက်ကြ၏။

အနက်ရောင်ခေါင်းစွပ်စများအောက်တွင် ယုတ်မာကောက်ကျစ်သောမျက်နှာထားများနှင့် ရက်စက်သောအပြုံးများကိုယ်စီ ချိတ်ဆွဲထားကြသည်။

"ရွှယ်ထျန်းဂိုဏ်းက တောင်ထိပ်သခင်ယဲ့ပါလား ခုတလော သိပ်နာမည်ကြီးနေတယ်ဆို"

ခေါင်းဆောင်ဖြစ်ဟန်တူသော မျက်လုံးတစ်လုံးသာပါသည့် လူအိုကြီးက အသံအက်အက်ဖြင့်ဆိုလာသည်။

"မင်းတို့ လူကိုယ်တိုင်ရောက်လာကြလိမ့်မယ်လို့ ငါတို့အစောကတည်းခန့်မှန်းထားပြီး ထောင်‌ချောက်ဆင်ထားခဲ့တာလေ တောင်ထိပ်သခင်လည်း ငါတို့လက်ထဲသေရမှာပါပဲ"

နောက်ထပ်လူအိုကြီးတစ်ယောက်က မဲ့ပြုံးဖြင့်ဆိုလာသည်။

သူတို့ငါးဦးလုံးမှာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများဖြစ်ပြီး အင်အားအကြီးဆုံးမှာ ဝိဉာဥ်သန္ဓေနှောင်းပိုင်းအဆင့်တွင်ရှိလေသည်။ အထူးစီစဥ်ထားသောအစီအရင်ကိုပါပေါင်းထည့်လိုက်လျှင် တစ်ဖက်ရန်သူက ဝိဉာဥ်အဆင့်တက်ခြင်းထက်နိမ့်နေသရွေ့ သေချာပေါက်အသေသတ်နိုင်မည်ဟု အာမခံနိုင်ပေသည်။

ယဲ့ကျွင်းလင်ကတော့ ခေါင်းကိုသာ အသာခါယမ်းလိုက်သည်။ "မင်းတို့ခေါင်းဆောင်ကိုသာ တစ်ခါတည်းခေါ်လိုက်တော့ မင်းတို့လိုယင်ကောင်ပေါက်စတွေနဲ့ဖက်ပြောရမှာ လေကုန်တယ်"

တကယ်တော့ ပထမမင်းသား၏လှည့်ကွက်များကိုလည်း သူသတိပြုမိပြီးဖြစ်၏။ ဒီတိုင်း စိတ်ထဲမထည့်ခဲ့ရုံသာ။ ဤအစီအစဥ်၏နောက်ကွယ်မှ ကြိုးကိုင်သူတွင်တော့ ဘယ်လိုလှည့်ကွက်မျိုးရှိနေလောက်မည်နည်းဟု သူမျှော်လင့်မိသည်။

သို့သော် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူအနည်းငယ်သာ ဗြုန်းခနဲပေါ်လာသောအခါ ယဲ့ကျွင်းလင်အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

"ခွေးမသား အတင့်ရဲလို့ ငါတို့ကိုများ အထင်သေးရဲတယ်ပေါ့"

မျက်လုံးတစ်ဖက်ပါ လူအိုကြီးက စိတ်ဆိုးမာန်ဆိုးဖြင့်အော်လေသည်။

ပထမမင်းသားကတော့ ပြဇာတ်တစ်ပုဒ်ကြည့်နေသည့်အလား လက်ကိုပိုက်ကာ ခပ်ထေ့ထေ့ပြုံးလျက်ရပ်နေရင်း လှမ်းပြောသည်။ "အကြီးအကဲတို့ အဲ့လူကိုသတ်ပစ်လိုက်တော့ ဟိုဘက်ကအနီရောင်နဲ့မိန်းကလေးကိုတော့ ကျင့်ကြံဆင့်ကိုပဲဖျက်ဆီးပစ်လိုက် ဒီမင်းသားက သူနဲ့ပျော်ချင်သေးတယ်"

"ဘာရယ်?"

ဟုန်ချန်ယဲ့ အစကတော့ သိပ်အလေးအနက်မထားဘဲ ဘေးမှ ပျင်းတိပျင်းရွဲစောင့်ကြည့်နေခဲ့ပေမယ့် ပထမမင်းသား၏ထိုစကားကိုကြားသော် ဒေါသများအုံကြွလာပြီး မျက်လုံးထဲမှ ကောင်းကင်ကိုတောင်ဖြိုခွဲနိုင်လောက်မည့်အလင်းတန်းများပါ ထွက်ကျလာတော့၏။ နက်မှောင်ရှည်လျားသော ဆံပင်များမှာလည်း ရက်စက်ကြမ်းတမ်းသောနတ်ဆိုးတစ်ကောင် ဝင်ပူးနေသကဲ့သို့ လွင့်ခါကုန်ကြ‌တော့သည်။

မဟာပထဝီမြေကြီးမှာ အက်ကွဲသွားပြီး မီးလျှံများလည်း ဟုန်းဟုန်းတောက်လောင်လာလေပြီ။

ဟုန်ချန်ယဲ့လက်ကိုမြှောက်လိုက်ပြီး အနီရင့်ရောင်မီးတောက်တစ်ခုကိုထုတ်လိုက်ကာ ခိုင်မာပုံရသည့် အစီအရင်ကြီးကို တစ်ချက်တည်းဖြင့်ဖျက်ဆီးလိုက်သည်။

ဖူး!!

အကြီးအကဲငါးဦးမှာ သွေးများဖူးခနဲအန်ထုတ်ကာ ဓာတ်လိုက်ခံရသကဲ့သို့ တွန့်ခနဲ တွ့န်ခနဲဖြင့် အ‌နောက်ဆုတ်သွားရပြီး ကြောက်လန့်တကြားမျက်နှာများဖြင့် ရေရွတ်လာကြသည်။ "ဝိဉာဥ်အဆင့်တက်ခြင်း...အဆင့်တက်ခြင်း နတ်ဘုရား"

ဒါ နောက်စရာမဟုတ်ဘူးနော်။

ရွှယ်ထျန်းဂိုဏ်းမှာ ဘယ်လိုလုပ် ဝိဉာဥ်အဆင့်တက်ခြင်းနတ်ဘုရားတစ်ပါး ရှိနေရတာလဲ?

ဟုန်ချန်ယဲ့က ပထမမင်းသားအရှေ့သို့ လျှပ်တစ်ပြက်ရောက်လာပြီးမေးလိုက်သည်။ "မင်း အဲ့စကားကို ထပ်ပြောရဲရင်ပြောကြည့်လိုက်လေ" ထိုအသံနက်ကြီးမှာ မြေအောက်ကမ္ဘာမှလာသကဲ့သို့ လူတကာ၏ကျောရိုးထဲထိတိုင် အေးစိမ့်သွားစေလေ၏။

ပထမမင်းသားမှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်ခဲသွားသည်အထိ အံ့အားသင့်သွားရပြီးမှ ကြောက်ရကောင်းမှန်းသိလာပြီး ပေါင်ကြားထဲမှ အဝါရောင်ဆီးများပင် စီးကျလာတော့သည်အထိ။

"နတ်သမီး နတ်သမီး ကျွန်တော်မျိုးကိုချမ်းသာပေးပါ"

ထိုနာမကိုကြားသောအခါမှ ဟုန်ချန်ယဲ့မျက်နှာပိုရှုံ့သွားရကာ မီးတောက်တစ်ခုကိုဖန်ဆင်းလိုက်ပြီး ပထမမင်းသား၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်တော့၏။

"အား အား အား အား" ပထမမင်းသားမှာ နှလုံးသားကိုဆုတ်ဖြဲခံနေရသကဲ့သို့ အသည်းအသန်အော်ဟစ်နေရပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ သံပူနှင့်ကပ်ထားသကဲ့သို့ နီရဲပူလောင်နေတော့သည်။ မြေပြင်ထက်သို့ သည်းမခံနိုင်စွာလူးလှိမ့်နေရပြီး ဝေ့ပြည်ထောင်၏ထိပ်သီးနှိပ်စက်မှုဆယ်မျိုးထက်ပင် သာလွန်သောနာကျင်ပူလောင်မှုကို ခံစားနေရလေသည်။

"သနားစရာပဲ ဆိုးရွားလိုက်တာ" ယဲ့ကျွင်းလင်က တကျွတ်ကျွတ်စုတ်သပ်ရင်းပြောသည်။

"နတ်ဘုရားအရှင်"

ထိုအချိန်တွင် လူကောင်ကြီးကြီး နန်းတွင်းအစောင့်တစ်ဦးပေါ်လာပြီး အနောက်မှဝေ့ဧကရာဇ်က မြင်းဖြူတစ်ကောင်ကိုစီးနင်းလိုက်ပါလာကာ မင်းသမီးလေးကိုလည်း အတူတင်ဆောင်လာသည်။

မင်းသမီးလေးက မြေပြင်ပေါ်လူးလှိမ့်လျက် အကူအညီတောင်းခံနေသော ပထမမင်းသားကိုမြင်သော် အံ့သြထိတ်လန့်စွာရေရွတ်လိုက်သည်။ "ခမည်းတော် အစ်ကိုတော် ဟိုမှာ"

ဝေ့ဧကရာဇ်မှာလည်း ပထမမင်းသားကိုကြည့်ပြီး အခင်းဖြစ်ရာနေရာကိုမြင်သော် တစ်စုံတစ်ခုကို စိတ်တွင်းမှခန့်မှန်းနိုင်ခဲ့ပြီးဖြစ်လေသည်။

"ဖအေကိုပုန်ကန်တဲ့သား နတ်ဆိုးကျင့်ကြံသူတွေနဲ့ပူးပေါင်းပြီး ရွှယ်ထျန်းဂိုဏ်းကနတ်ဘုရားတွေကို အန္တရာယ်ပြုရဲတယ်ပေါ့ ငါ့ကိုဒေါသထွက်ပြီးသေစေချင်နေတာလား မင်းကြောင့်ငါ့မျက်နှာ ရစရာမရှိအောင်ပျက်နေရပြီကွ"

ဝေ့ဧကရာဇ်က စိတ်ဆိုးမာန်ဆိုးဖြင့်အော်လေသည်။

ယဲ့ကျွင်းလင်က ဟာသလုပ်သလိုပြောလာသည်။ "ဧကရာဇ်ရဲ့အကြီးဆုံးသားက တကယ်ကိုအလားအလာကောင်းတာပဲ နောက်ကွယ်ကကြိုးကိုင်သူတွေနဲ့ပူးပေါင်းနေပြီး ဝေ့ပြည်ထောင်ရဲ့ပြည်သူပြည်သားတွေကို တစ်ချိန်လုံးအန္တရာယ်ပေးနေခဲ့တာ အ‌တော်လေးတာဝန်သိတတ်တဲ့သားပါပဲ"

"ဘာရယ်?"

ဝေ့ဧကရာဇ်မှာ မယုံမကြည်နိုင်ပင်ဖြစ်သွားရ၏။ မိမိမှာ သူခိုးတစ်ယောက်ကို အိမ်ထဲခေါ်မွေးထားမိခဲ့သည်လား?

"သူပုန်ကောင် မင်းဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ ဖြေစမ်း"

ဧကရာဇ်က မျက်လုံးများနီရဲသည်အထိ ဒေါသထွက်နေပြီး မေးလာသည်။

ဟုန်ချန်ယဲ့က လက်ဖျောက်တစ်ချက်တီး၍ မှော်ကျင့်စဥ်ကိုပြန်သိမ်းလိုက်သော် ပထမမင်းသားလည်း နာကျင်မနေရတော့ဘဲ ဧကရာဇ်၏မေးခွန်းကို ပြန်ဖြေဖို့အားရှိလာလေသည်။ ပထမမင်းသားက ကြေကွဲစွာပြုံးလျက်ဆိုသည်။ "ဘာပဲဖြစ်ဖြစ် ခင်ဗျားလိုအဘိုးကြီးက ကျုပ်ကိုထီးနန်းလွှဲပေးမှာလည်းမဟုတ်ဘူးလေ ဘာကြောင့်သူတို့နဲ့မပူးပေါင်းရမှာလဲ အဆုံးသတ်ကျ ကျုပ်ဧကရာဇ်ဖြစ်လာနိုင်မှာပဲ"

"အရူးကောင် မင်းကြောင့်အပြစ်မဲ့တဲ့ဝေ့ပြည်သူပြည်သားတွေ ဘယ်လောက်တောင်ထိခိုက်ခဲ့ရပြီးပြီလဲ ဒီတိုင်းသာဆက်သွားနေရင် တိုင်းပြည်တစ်ခုလုံး အခွံပဲကျန်ခဲ့တော့မှာ ပြည်သူတွေမရှိရင် မင်းဧကရာဇ်ဖြစ်လာလည်း ဘာအဓိပ္ပာယ်ရှိတော့မှာလဲကွ"

ဝေ့ဧကရာဇ်က နှလုံးသားတစ်ခုလုံးနာကျင်လျက် ပြောလာလေသည်။

"ဟားဟား အဲ့ဒါတွေကိုဘာကြောင့်ဂရုစိုက်နေရမှာလဲ ကျုပ်ကဧကရာဇ်တစ်ပါးဖြစ်ချင်ရုံပဲ အဆင့်နိမ့်တဲ့လူတွေသေတာများ ဘာတွေနစ်နာသွားလို့လဲ အချိန်တန်ရင် သူတို့အကူအညီနဲ့ ကျုပ်ကကျင့်ကြံသူတစ်ဦးဖြစ်လာဦးမှာ"

ပထမမင်းသားက ရိုင်းစိုင်းစွာဆိုသည်။

"မင်း မင်းကိုတော့ ဘာမှထပ်မျှော်လင့်စရာမရှိတော့ဘူး" ဝေ့ဧကရာဇ်မှာ သွေးအန်တော့မတတ်ဒေါသထွက်နေပြီး သူ့သားကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိ၏။

ကြောက်ရွံ့တုန်လှုပ်နေကြသော နတ်ဆိုးအကြီးအကဲငါးဦးကိုကြည့်၍ ယဲ့ကျွင်းလင်စိတ်မရှည်စွာပြောလိုက်သည်။ "ကလေးအကွက်တွေနဲ့များ ငါနဲ့လာယှဥ်ချင်သေးတယ် မင်းတို့ခေါင်းဆောင်ကို အမြန်ခေါ်လိုက်ကြ"

"ငါတို့က ဆရာသခင်ကို သစ္စာဖောက်မှာမဟုတ်ဘူး"

မျက်လုံးတစ်ဖက်ပါ အကြီးအကဲက အံကြိတ်လျက်ဆိုသည်။

"ဟားဟား ဟုတ်လား အဲ့ဒါဆိုလည်းသေကြတော့လေ"

ယဲ့ကျွင်းလင်က သူတို့ဘက်သို့ လက်ညှိုးတစ်ချောင်းဖြင့် အေးအေးဆေးဆေးညွှန်လိုက်သည်။

ဘန်း

အကြီးအကဲတစ်ဦး၏ခန္ဓာတစ်ခုလုံး ဘန်းခနဲပေါက်ကွဲသွားပြီး စိတ်ဝိဉာဥ်အရင်းအမြစ်သည်လည်း ပျက်သုဥ်းသွားခဲ့လေသည်။

ဘန်း

နောက်အကြီးအကဲတစ်ဦးမှာလည်း သွေးစက်သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားရ၏။

ဘန်း

ဤသည်မှာ တတိယမြောက်တစ်ယောက်ပင်။

ယဲ့ကျွင်းလင်ကတော့ ဘယ်သူပြီး ဘယ်သူ့ကိုသတ်မယ်ရယ်ဟု သတ်မှတ်ထားခြင်းမရှိ။ သူ့လက်ဖြင့်ညွှန်လိုက်မိသူသည် သေရမည့်သူဖြစ်၏။

ထိုမြင်ကွင်းကြောင့် လူတိုင်း၏ဦးရေပြားမှာ ကြောက်စိတ်ဖြင့်ထုံကျင်သွားရတော့သည်။

"ဘုရားရေ ဒီကောင့်ကို ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူပါလို့ ဘယ်သူပြောတာလဲ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူကြီးကို"

မျက်လုံးတစ်ဖက်ပါအကြီးအကဲက ထိတ်လန့်စွာရေရွတ်လေသည်။

အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများမှာ အလွန်မျက်နှာပွင့်ကျော်ကြားပြီး ဂိုဏ်းကြီးများ၏ အဓိကပစ်မှတ်များလည်းဖြစ်သည်။

ထိုသို့ ပင်ယံမြင့်ငှက်များမှာ ဟွမ်ကျိုးပြည်နယ်တွင် ချီးတောင်လှည့်ပါကြသူများမဟုတ်ပေ။ သို့သော် ယခုတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများ ရှိနေသည်တဲ့လား? ထို့အပြင် တစ်ပြိုင်တည်းကို နှစ်‌ယောက်ပေါ်ထွက်လာသေးသည်တဲ့လား?

"မင်းဘာလို့အတောင့်လိုက်ကြီးရပ်နေသေးတာလဲ ပြေးလေ" အခြားအကြီးအကဲတစ်ဦးက သည်းခြေကွဲမတတ်ကြောက်လန့်နေပြီး ခုခံဖို့ကိုပင်မတွေးနိုင်တော့ကာ လျှို့ဝှက်ကျင့်စဥ်တစ်ခုကိုသုံးလျက် ထွက်ပြေးဖို့ရန်ပြင်ဆင်နေပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နေရာမှပျောက်ကွယ်သွားပြီး မီတာထောင်ချီဝေးသောနေရာတွင် ပြန်ပေါ်လာသော်ငြား ခန္ဓာကိုယ်ရှိအမွေးများအားလုံး‌ ထောင်ထသွားသည်ဟုခံစားလိုက်ရပြီး နောက်ကျောတစ်ခုလုံး အေးစိမ့်သွားတော့၏။

"မဖြစ်ဘူး..."

ဘန်း!

လူတစ်ကိုယ်လုံးမှာ သွေးစက်များအဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။

"အိုး မင်းတစ်ယောက်ပဲကျန်တော့တာကိုး"

ယဲ့ကျွင်းလင်က နှုတ်ခမ်းတစ်ဖက်ပင့်ကြပြုံးလိုက်ပြီး မျက်လုံးတစ်ဖက်ပါ အကြီးအကဲကို လက်ညှိုးထိုးလျက် ဆိုလိုက်သည်။

သေမင်း၏အရိပ်ဖြင့် လွှမ်းမိုးခံလိုက်ရသကဲ့သို့ အကြီးအကဲမှာ သေမတတ်ကြောက်လန့်သွားရပြီး နဖူးထက်တွင် ချွေးစက်များဖြင့် ရွှဲနစ်လာတော့၏။ သူ့တစ်သက်တွင် တစ်ခါမှ ဤမျှမကြောက်ခဲ့ဖူးပါပေ။ သူအသိစိတ်လွတ်ကာ အာခေါင်ကွဲမတတ် အော်ဟစ်လိုက်‌တော့သည်။ "ဆရာသခင် ကယ်ပါဦး"

ဒိန်း!!

ဒီတစ်ခါတွင်တော့ တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သွားပြီး ပေဆယ်ချီသည်အထိရှည်လျားသော သွေးနီရောင်အလင်းတန်းတစ်ခုဟာ ကောင်းကင်ယံထက်တွင်ထွက်ပေါ်လာပြီး ကောင်းကင်ပြင်ပင် အက်ကွဲသွားတော့မတတ်ပင်။

ရင်းနှီးနေသောအရှိန်အဝါကို ခံစားမိလိုက်သောအခါ ဟုန်ချန်ယဲ့၏မျက်လုံးများမှာ မယုံကြည်နိုင်သကဲ့သို့ ဖြစ်သွားရသည်။ "တကယ်ကြီး သူပါလား"

ယဲ့ကျွင်းလင် လက်ဆစ်များကိုတဖျောက်ဖျောက်ချိုးလိုက်ပြီး စိတ်ဝင်တစားဖြင့်ပြောလိုက်သည်။ "ဟဲဟဲ စောင့်နေတဲ့သူရောက်လာပြီပဲ"

All Chapters