← Chapters

ဆရာသခင် ကယ်ပါဦးဗျာ

Vol. 2 Ch. 17

ဆရာသခင် ကယ်ပါဦးဗျာ

Vol. 2 Ch. 17

"ပွဲကခုမှစတာလေ" ဟုန်ချန်ယဲ့ပြောပြောဆိုဆိုဖြင့် လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်ရာ ရေခဲပြာရောင်မီးတောက်များက အရိုင်းဆန်သော နတ်မိမယ်အသေးစားများကဲ့သို့ တစ်ခုပြီးတစ်ခု ခုန်ပျံထွက်သွားကြ၏။

ရေခဲရောင်မီးတောက်များက လေထုကိုအေးခဲသွားစေပြီး နှင်းခဲတို့၏အငွေ့အသက်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကို တဟုန်ထိုးပျံ့နှံ့သွားလေသည်။

ရှစ်ထျန်းကြွယ်မျက်မှောင်ကြုတ်လိုက်ကာ လက်တစ်ဖက်ကိုမြှောက်၍ သွေးနီရောင်တိုက်ပွဲလှံတံတစ်ခုကို ပုံဖော်လိုက်ကာ သွေးနီရောင်လေဆင်နှာမောင်းတစ်ခုကိုပါ အတူတကွဖန်ဆင်း၍ အရှိန်ဖြင့်ထိုးစိုက်ချလိုက်သည်။

တရှဲရှဲအသံများထွက်‌ပေါ်လာကာ သွေးနီရောင်လှံတံမှာ လေထု၏အေးစက်မှုကြောင့် တောင့်ခဲသွားရကာ သွေးနတ်ဆိုး၏အရှိန်အဝါများပင် နစ်မြုပ်လုနီးနီးဖြစ်သွားရ၏။

အရိုးထိတိုက် ခိုက်ခိုက်တုန်စေသော အအေးလှိုင်းတစ်ခုက လှံတံကိုင်ထားသောလက်ဖျားမှတဆင့် ရှစ်ထျန်းကြွယ်၏ ခန္ဓာကိုယ်တစ်ဝက်ခန့်အထိ လျင်မြန်စွာပျံ့နှံစီးဆင်းသွားတော့၏။

"ဒါဘယ်လိုမီးတောက်မျိုးလဲ တော်တော်စောက်ကျင့်ယုတ်တာပဲ"

"မင်းကို အမြစ်ဖြတ်ပစ်မယ်"

ရှစ်ထျန်းကြွယ်ကအော်ဟစ်ကြုံးဝါးကာ သူ့အပေါ်သက်ရောက်နေသောအေးစက်မှုကို တိုက်ရိုက်ပင်ဖယ်ထုတ်လိုက်ပြီး သွေးနီရောင်လှံတံကို ညာဘက်လက်ဖြင့်ဆုပ်ကိုင်ကာ ရေခဲပြာရောင်မီးလျှံများကို တိုက်ခိုက်ချေမှုန်းလေတော့သည်။

သူ့ခေါင်းတစ်ခုလုံးမှာ ဆံပင်များကဖရိုဖရဲပုံပျက်နေကာ သွေးတို့စွန်းပေနေပြီး မျက်လုံးများကတော့ သရဲမရဲစီးလောက်အောင် သွေးဆာလျက်ရှိသည်။ ရက်စက်ကြမ်းကြုတ်သောမျက်နှာမှ လူသတ်ချင်စိတ်အငွေ့အသက်များကို ခံစားသိရှိနိုင်ပေသည်။

ဝှစ်

လှံတံက လေဟာနယ်ကိုထွင်းဖောက်ကာ မျက်စိတစ်မှိတ်အတွင်း ဟုန်ချန်ယဲ့ရှေ့ကို ရောက်လာသည်။

ထိုစဥ် နတ်ဘုရားအဆင့်အကာအကွယ်တစ်ခုဖြစ်ဟန်တူသော မြေဝါရောင်မီး‌တောက်တစ်စုက ဖျက်ဆီးအနိုင်ယူရန် မဖြစ်နိုင်လောက်သည့် အရှိန်အဝါတစ်ခုဖြင့် မြင့်တက်လာကာ ကြောက်မက်ဖွယ်အရှိန်ဖြင့်လှံတံကို ကာကွယ်ပိတ်ဆို့ပေးလိုက်တော့၏။

ချလန်!

"ဟမ်?"

ရှစ်ထျန်းကြွယ် အံ့အားသင့်သွားရသည်။

ရုတ်တရတ် တရှဲရှဲအသံများမြည်ဟီးလာကာ လျှပ်စီးများ တဖျတ်ဖျတ်လက်ခါလာကြသည်။ များစွာသောလျှပ်စီးနဂါးများ ဒေါသတကြီးဟိန်းဟောက်လာကြသကဲ့သို့ ထင်မှတ်မှားစေ၏။ သူ့မျက်လုံးများကိုပွတ်သပ်ပြီး သေချာကြည့်လိုက်မိသော် ထိုအရာများမှာ လျှပ်စီးသဏ္ဍာန် မီးတောက်များသာဖြစ်လေသည်။

တဝုန်းဝုန်းအသံများဖြင့် သိပ်သည်းထူထဲလှသော မီးခိုးလုံးများကြားတွင် ရှစ်ထျန်းကြွယ်မှာ လွတ်မြောက်ဖို့အသည်းအသန်ရုန်းကန်နေရပြီး သူ့ခန္ဓာကိုယ်ထက်တွင် လျှပ်စီးများမှလောင်ကျွမ်းထားစေသော မီးလောင်ဒဏ်ရာအချို့ ရှိနေလေသည်။

ပြိုင်ဘက်ကင်းစွမ်းအားများဖြင့် အနီရောင်ဝတ်ပုဂ္ဂိုလ်ကို သူအထိတ်တလန့်‌ မော့ကြည့်မိလျက်သားပင်။

"မင်း ဒီကျင့်စဥ်တွေကို ဘယ်ကနေသင်ယူလာတာလဲ?!"

သူအသာလေးအနိုင်ယူနိုင်မည်ထင်ခဲ့သော ဟုန်ချန်ယဲ့က သူ့ကိုတစ်ဖန်ဖိနှိပ်၍ ရိုက်နှက်နေခြင်းကို သူအတော်လေးခံရခက်နေပေသည်။

ကျင့်ကြံဆင့်ပိုမြင့်သော အခြေအနေတွင်ပင် သူ့ဘက်ကအသာစီးမရနိုင်ခဲ့ပေ။

"ခန့်မှန်းကြည့်လေ"

ဟုန်ချန်ယဲ့က နှုတ်ခမ်းတစ်ဖက်ပင့်ကာ မဲ့ပြုံးပြုံးရင်း ဆိုသည်။

ဟုတ်‌တာပေါ့!

သူကအခုဆို အရမ်းအင်အားကြီးနေပြီလေ!

ယင်ယန်သုံးထောင်မီးတောက်ကျင့်စဥ်၏အကူအညီကို နောက်ထပ် ခန့်မှန်းမရနိုင်သောစွမ်းအားများဖြင့် နတ်ဘုရားအဆင့်မီးအမျိုးအစားကျင့်စဥ်များကိုပါ ထပ်ပေါင်းထည့်လိုက်သော် တစ်ချိန်က အလယ်ပိုင်းစီရင်စုတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါသော သွေးနတ်ဆိုးအရှင်သည်ပင် သူ့လက်အောက်တွင် ဖိနှိပ်ရိုက်နှက်ခြင်းခံနေရလေပြီ။

ငါဆိုတဲ့ ဟုန်ချန်ယဲ့ဟာ ဒီနေ့ကစတင်ပြီး အရှုံးမရှိလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းတော့မယ်!!!

ရှစ်ထျန်းကြွယ်မှာ အချိန်အကြာကြီးတိတ်ဆိတ်သွားခဲ့ပြီးနောက် ကြက်သီးထဖွယ်အသံကြီးဖြင့် တဟားဟားထရယ်လေတော့၏။

"ငါထင်တာမမှားဘူးဆိုရင် အလယ်ပိုင်းစီရင်စုကနေနှင်ထုတ်ခံရပြီး မင်းပွပေါက်တိုးခဲ့တဲ့ပုံပဲ"

"မင်းသာဒီလိုဆက်ကံကောင်းနေရင်တော့ အရင်လိုမသေမျိုးအဆင့်ကိုပြန်ရောက်တဲ့အခါမှာ အရင်ကဟိုအဘိုးကြီးတွေလည်း မင်းကိုယှဥ်နိုင်တော့မှာမဟုတ်ဘူးထင်ပါ့"

"သနားစရာကောင်းလှချည်လား ကောင်ငယ်လေးရယ်"

ဟုန်ချန်ယဲ့မျက်မှောင်ကြုတ်သွားသည်။ "သနားစရာ ဟုတ်စ?"

"ငါ့လက်ထဲမှာအခုချက်ချင်းသေရတော့မယ့်မင်းလောက် သနားစရာကောင်းတဲ့သူရှိပါဦးမလားကွ" ရှစ်ထျန်းကြွယ်က အရူးလိုရယ်ရင်းပြောသည်။

ပြောပြောဆိုဆိုပင် သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသောဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။

"ငါ..ငါ ဒါဘာကြီးလဲ"

မျက်လုံးတစ်ဖက်ပါအကြီးအကဲမှာ နာကျင်ခံစားနေရသောအမူအရာဖြစ်သွားပြီး သူ့ခန္ဓာကိုယ်မှာတော့ သာမန်မျက်စိဖြင့်မြင်နိုင်လောက်သောအရှိန်ဖြင့် အလျင်အမြန်အငွေ့ပျံသွားကာ သွေးငွေ့အမှုန်အမွှားများအဖြစ် ရှစ်ထျန်းကြွယ်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။

တစ်ချိန်တည်းတွင်ပင်....

ဝေ့တိုင်းပြည်တစ်ခုလုံးမှလူများမှာ နာကျင်စွာအော်ဟစ်လာကြပြီး ကျင့်ကြံရေးစွမ်းအင်ပါဝင်သော သွေးအမှုန်အမွှားများအဖြစ်ပြောင်းလဲသွားကာ ထိုအမှုန်အမွှားများမှာ ကောင်းကင်ထက်သို့စုစည်းတက်ရောက်သွားကြတော့၏။

ဝေ့တိုင်းပြည်တစ်ခုတည်းသာမဟုတ်၊ အနီးအနားရှိ တိုင်းပြည်တစ်ဒါဇင်ခန့်မှလူများလည်း ထိုကြောက်စရာဖြစ်ရပ်ကို အတူတူကြုံတွေ့ခဲ့ရလေသည်။

"ကယ်ကြပါဦး တစ်‌ယောက်လောက်ကယ်ကြပါဦး"

"ဝူးဝူးး ငါမသေချင်သေးဘူး"

"ကောင်းကင်ဘုံကအမျက်ထွက်နေပြီ ငါတို့အပြစ်ပေးခံနေရပြီ"

.....

ထိုသို့သော သွေးပမာဏများစွာမှာ ထူးဆန်းသောအင်အားကြီးတစ်ခုဖြင့် စုပ်ယူခံလိုက်ရပြီး လေဟာနယ်ကိုဖြတ်သန်းကာ ရှစ်ထျန်းကြွယ်၏ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်ရောက်ရှိသွားလေသည်။ သွေးနီရောင် နတ်ဆိုးစွမ်းအင်များက သူ့ခန္ဓာကိုယ်ပတ်လည်တွင် အတန်းလိုက်ဝန်းရံလို့ထားပြီး မြင်ကွင်းမှာ လွန်စွာကြောက်လန့်ဖွယ်ကောင်းလို့နေပေ၏။

ရှစ်ထျန်းကြွယ်၏ကျင့်ကြံဆင့်မှာ ဝိဉာဥ်အဆင့်တက်ခြင်း အထွဋ်အထိပ်ဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ တက်ရောက်သွားကာ ထိုမှတစ်ဆင့် ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်သွားလေပြီ။

ဂျွတ်!

မှန်ပါသည်။ ကျင့်ကြံဆင့်ကား နောက်တစ်ဆင့်သို့ ကျိုးပျက်သွားခဲ့လေပြီ။

ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ထက် အဆပေါင်း ရာပေါင်းများစွာသာလွန်သော ကျင့်ကြံဆင့်တစ်ခု၏ အရှိန်အဝါက အရပ်မျက်နှာအားလုံးသို့ တမုဟုတ်ချင်းပျံ့နှံ့သွားလေသည်။

ရှစ်ထျန်းကြွယ်၏ကျင့်ကြံဆင့်မှာ ခန္ဓာ‌ပေါင်းစည်းခြင်း အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်သွားပြီ ဖြစ်၏။

ကျယ်ပြောလှသော ကောင်းကင်ယံ၏အောက်တွင်...

သွေးနီရောင်ဆံပင်ရှည်များ တစ်ခေါင်းလုံးဖုံးလွှမ်းနေသော နတ်ဆိုးဘီလူးကြီးတစ်ကောင်ရှိနေပြီး သူ့ခန္ဓာကိုယ်သည် နတ်ဆိုးစွမ်းအင်များကို အလုံးအရင်းနှင့်ထုတ်လွှတ်ကာ မျက်လုံးများမှာလည်း သေမတတ်အေးစက်သောအလင်းရောင်များကို ဖြန့်ကျက်နေသည်။ သူ့ခေါင်းအနောက်ဘက်တွင်ပေါ်နေသော သွေးနီရောင်အလင်းစက်ဝန်းကြီးမှာလည်း နေမင်းကြီးတစ်ခုကဲ့သို့ ထွန်းလင်းတောက်ပနေကာ သာမန်သေမျိုးများအတွက်တော့ စိတ်ပျက်အားငယ်အရှုံးပေးခြင်းကို အလိုအလျောက်ဆက်သစေလိုသည်အထိ။

"ဘုရားရေ ဒါကဘယ်လိုမကောင်းဆိုးဝါးကြီးလဲ" ဝေ့ဧကရာဇ်နှင့် နောက်လိုက်နောက်ပါများမှာ မြေပြင်ထက်ဒူးထောက်လျက် ထိုနတ်ဘီလူးကြီးကို ကြောက်ရွံ့ထိတ်လန့်စွာ စိုက်ကြည့်နေကြရ၏။

ထိုဧရာမခန္ဓာကိုယ်ကြီးထံမှ ဖျက်ဆီးခြင်းအငွေ့အသက်များကိုခံစားမိလိုက်သော ဟုန်ချန်ယဲ့လေးနက်စွာမေးလိုက်မိသည်။ "မင်းရဲ့မသေမျိုးခန္ဓာကိုယ်ကို ပြန်ပြီးအသက်သွင်းလိုက်နိုင်တာလား"

မဖြစ်စလောက် အနီရောင်ပုံရိပ်လေးကိုကြည့်ရင်း အရပ်ရှစ်မျက်နှာလုံးကို ပဲ့တင်ထပ်သွားစေသောအသံကြီးဖြင့် ရှစ်ထျန်းကြွယ်ပြန်ပြောလိုက်သည်။ "မသေမျိုးသွေးခန္ဓာက ထိပ်တန်းရတနာခန္ဓာတွေထဲမှာ တစ်ခုအပါအဝင်ပဲ လွယ်လွယ်နဲ့ပြန်အသက်သွင်းလို့ ဘယ်ရနိုင်မတဲ့လဲ"

"ဒါပေမယ့် ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် အခု၇၀ရာခိုင်နှုန်းလောက်ပြန်ကောင်းလာပြီလို့ ဆိုရမှာပေါ့ ဟွမ်ကျိုးတစ်ခုလုံးကသတ္တဝါတွေအားလုံးကို စုပ်ယူမျိုချပြီးရင်တော့ မသေမျိုးခန္ဓာ အပြည့်အဝပြန်ကောင်းလာလိမ့်မယ်လို့ထင်တာပဲ"

ထို မသေမျိုးသွေးခန္ဓာဆိုသည်မှာ ရှစ်ထျန်းကြွယ်၏အကြီးမားဆုံးမှီခိုရာပင်။

အရင်တစ်ချိန်တုန်းက ထိုမသေမျိုးရတနာခန္ဓာကိုအသုံးပြုကာ သူတော်ကောင်းနှင့်နတ်ဆိုး ကျင့်ကြံရေးလောကနှစ်ခုလုံးကို သူဆန့်ကျင်တောင့်ခံနိုင်ခဲ့တာပင်။ လက်တစ်ဖက်အဝေ့ဖြင့် ကမ္ဘာမြေတစ်ခုလုံးကို ဖြိုခွဲချေမှုန်းနိုင်သည့်အစွမ်းအား ထုတ်လွှတ်နိုင်သလို ခန္ဓာပြန်လည်ကောင်းမွန်အောင် ကုသသည့်စွမ်းရည်ကလည်း အလွန်ကောင်းမွန်သေးလေသည်။

နောက်ဆုံးတိုက်ပွဲကြီးမှာ သုံးရက်သုံးညတိုင်တိုင်ကြာမြင့်ခဲ့ကာ အဆုံးသတ်တွင်တော့ ထိုသူတော်ကောင်းကျင့်ကြံရေးဂိုဏ်းကြီးများမှ အကြီးအကဲများပေါင်းစည်းကာ ထိုမသေမျိုးသွေးခန္ဓာကို မသေမျိုးမှော်လက်နက်များဖြင့် အပြီးတိုင်ချေမှုန်းနိုင်ခဲ့လေသည်။

"ဟုန်ချန်ယဲ့ ငါမင်းကိုအခွင့်အရေးတစ်ခုပေးခဲ့တယ် ဒါတောင် ဒီအခြေအနေထိရောက်လာရတာက အားလုံးမင်းအမှားပဲ"

"သတ်!!!"

ရှစ်ထျန်းကြွယ်၏နှုတ်မှ ထိုစကားလုံးထွက်ကျလာသည်နှင့် ကမ္ဘာတစ်ခုလုံးပြိုကွဲတော့မတတ် တုန်ခါသွားပေးတော့၏။

သွေးနီရောင် ဧရာမလက်ဖဝါးကြီးတစ်ခုက ဟုန်ချန်ယဲ့အား လက်ငါးချောင်းဖြင့် တောင်ကြီးတစ်လုံးလိုအုပ်မိုးကာ ရိုက်ချလိုက်တော့သည်။

ကြောက်မက်ဖွယ်ဖိအားကြီးက အဆုံးမရှိကြီးမားလှပြီး ပြန်လှန်တိုက်ခိုက်နိုင်စွမ်းပင်မရှိတော့သည်အထိ လူကိုအားအင်ယုတ်လျော့စေသည်။

"မကောင်းတော့ဘူး"

ဟုန်ချန်ယဲ့မှာ လွတ်လမ်းမရှိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအင်များကို နှိုးဆွမွှေနှောက်လိုက်ကာ ခရမ်းရောင်မီးတောက်တစ်ခုကို ဟုန်းခနဲတောက်လောက်စေလိုက်၏။

မြင့်တက်လာသော ခရမ်းရောင်မီးတောက်များက လွန်စွာပြင်းထန်ကာ စွမ်းအားပမာဏမှာလည်း ကြောက်ခမန်းလိလိ သမုဒ္ဒရာကြီးတစ်ခုလုံးကိုပင် ဟုတ်ခနဲအငွေ့ပျံစေတော့မည့်အလား။

ထို့နောက် ချက်ချင်းဆိုသလိုပင် စွမ်းအားကြီးပြိုင်ဘက်နှစ်ဦး ထိပ်တိုက်တွေ့ကြတော့လေရာ ကြောက်မက်ဖွယ် စွမ်းအင်စီးကြောင်းကြီးများမှာ ခြေဦးတည့်ရာ ရမ်းသမ်းစီးဆင်းသွားကြတော့သည်။

ဝေ့တိုင်းပြည်၏ကောင်းကင်ယံကြီးမှာတော့ အစိတ်စိတ်အမွှာမွှာကွဲတော့မတတ် တုန်ခါကာ ကမ္ဘာပျက်ကပ်ဆိုက်သကဲ့သို့ ဖြစ်နေတော့သည်။

မရေမတွက်နိုင်သော ပြည်သူပြည်သားများမှာ ကြောက်စိတ်ဖြင့် တဆတ်ဆတ်တုန်လျက် ထိတ်လန့်စွာမော့ကြည့်နေရတော့၏။

ဟုန်ချန်ယဲ့သည် အံကိုတင်းတင်းကြိတ်ထားကာ သူ၏နတ်ဘုရားအဆင့် မီးအမျိုးအစားကျင့်စဥ်များကို တစ်လှည့်စီအသုံးပြုရင်း ကျွမ်းကျင်မှုအားလုံးကိုလည်း ထည့်သွင်း၍ အားကုန်တိုက်ခိုက်နေတော့သည်။

ဝှစ် ဝှစ် ဝှစ်

သွေးနီရောင် ဧရာမနတ်ဆိုးကြီးမှာ မီးတောက်ပင်လယ်ကြီးထဲတွင် ပိတ်မိနေပြီး တစ်ကိုယ်လုံးမှာလည်း မီးလောင်ရာများဖြင့်ပြည့်နှက်နေတော့၏။

"ဆက်ရုန်းကန်မနေနဲ့တော့ မသုံးမဝင်ဘူး"

အေးစက်စက်နှင့် ပေါ့တိပေါ့ပြက်အသံတစ်သံ ပျံ့လွင့်လာသည်။

ထို့နောက် ထူးဆန်းသောဖြစ်စဥ်တစ်ခုဖြစ်ပေါ်လာသည်။ ထိုဒဏ်ရာအပြည့်ဖြင့်ခန္ဓာကိုယ်ကြီးမှာ ရုတ်ချည်းပြန်လည်ကောင်းမွန်လာကာ စင်းလုံးချောပြန်ဖြစ်သွားခြင်းပင်။

"သေလိုက်စမ်း!!"

သွေးနီရောင်နတ်ဆိုးဘီလူးကြီးက တစ်ချက်ဟိန်းဟောက်လိုက်ကာ လက်သီးတစ်ချက်ကို ထိုးလွှတ်လိုက်တော့သည်။

ဧရာမလက်သီးကြီးမှာ ကမ္ဘာမြေပေါ်ကို ကြယ်တံခွန်တစ်လုံးကြွေကျလာသကဲ့သို့ သွေးနီရောင်အလင်းတန်းတစ်ခုအား ပေါ်လွင်စေသည်။

ရုတ်ချည်းဆိုသလိုပင် ဟုန်ချန်ယဲ့၏တစ်ကိုယ်လုံးမှာ အသတ်ခံရတော့မည့်ဆဲဆဲအခြေအနေဖြင့် အေးစက်တောင့်ခဲ့သွားရလေ၏။

သူအများကြီးမစဥ်းစားနိုင်တော့ဘဲ ဆံနွယ်ရှည်များတလွင့်လွင့်ဖြစ်နေသည့်ကြားကပင် လက်နှစ်ဖက်ကို သင်္ကေတစ်ခုအဖြစ်ပုံဖော်လိုက်ကာ ရွေဝါရောင်မီးလျှံအကာအကွယ်တစ်ခုအား ဖန်ဆင်းလိုက်လေသည်။

အဝေးမှကြည့်လျှင် ထိုမီးလျှံမှာ မကောင်းဆိုးဝါးအားလုံးကို နှင်ထုတ်လွင့်ပျယ်စေနိုင်သည့်အစွမ်းအား ပိုင်ဆိုင်ထားသော သူတော်စင်နေမင်းကြီးတစ်ခုအား ကောင်းကင်ထက်ချိတ်ဆွဲထားသကဲ့သို့ပင်။

ဒုန်း!

ပြင်းထန်သည့်ညှစ်အားတစ်ခုက ရုတ်ချည်းဝင်ရောက်တိုက်ခိုက်လာလေသည်။

လက်သီးချက်က ရွှေရောင်အကာအကွယ်အား ထိခတ်သွားသော် လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သွားပြီး စကားဖြင့်ဖော်ပြမရနိုင်သော ထူးဆန်းသည့်လေဆင်နှာမောင်းများ တိုက်ခတ်လာကြတော့၏။

ရွှေဝါရောင်မီးလျှံအကာမှာ တဂျွတ်ဂျွတ်အသံဖြင့် စတင်အက်ကွဲလာလေပြီ။

"ဟဲဟဲ ကျိုးလိုက်တော့လေ သားလေးရဲ့"

ရှစ်ထျန်းကြွယ်လှောင်ပြောင်လိုက်ပြီး ပိုမိုပြင်းထန်သောအားဖြင့် သွေးနီရောင်လက်သီးတစ်လုံးကို ထပ်မံပစ်လွှတ်လေသည်။

ဘုန်း!

အကာအကွယ် ကျိုးပျက်သွားခဲ့လေပြီ။

ထိုလက်သီးချက်က လေပေါ်ပျံဝဲနေသောဟုန်ချန်ယဲ့ကို ထိုးနှက်ချလိုက်ကာ မြေပြင်ပေါ်သို့ ဖုန်တလုံလုံးဖြင့် အရှိန်ပြင်းပြင်း ပြုတ်ကျသွားစေလေသည်။

"ဒါက..."

ဝေ့ဧကရာဇ်နှင် နောက်လိုက်နောက်ပါတစ်စုမှာ သူတို့၏မျှော်လင့်ချက်နေမင်းကြီး လက်သီးတစ်ချက်ဖြင့် ထိုးချခံလိုက်ရသည်ကို တုန်လှုပ်မင်သက်စွာ ငေးကြည့်နေမိကြတော့၏။

ကြောက်စရာကောင်းလိုက်တာ!

နတ်ဘုရားတွေကြားကတိုက်ပွဲဆိုတာ ဒီလိုမျိုးလား?

"အဟွတ် အဟွတ်"

ချောင်းဆိုးသံနှင့်အတူ ဟုန်ချန်ယဲ့၏ပါးစပ်ထောင့်မှ သွေးများစီးကျလာပြီး ဖရိုဖရဲဖြစ်နေသောဆံပင်များနှင့် သူပြုတ်ကျသွားခဲ့သောအရှိန်ကြောင့် ချိုင့်ဝှမ်းဖြစ်နေသည့်မြေပြင်ထက်မှ ပြန်လည်ရုန်းထလာသည်။ အမှိုက်အမှုန်များပေပွနေသောပုံစံလေးဖြင့် ကောင်းကင်ယံထက်မှဧရာမရန်သူတော်ကိုမော့ကြည်ကာ အင်အားကင်းမဲ့သောခံစားချက်တစ်ခုက သူ့နှလုံးသားထဲသို့ ဝင်ရောက်လာလေသည်။

"နောက်ဆုံးတော့လည်း မင်းကငါ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး"

ရှစ်ထျန်းကြွယ်က မာန်တက်နေသောအကြည့်များဖြင့် ဟုန်ချန်ယဲ့ကို သေခါနီးပုရွက်ဆိတ်လေးတစ်ကောင်အားကြည့်သလို အထင်သေးစွာစိုက်ကြည့်နေ၏။

ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်ကြောင့် သူအရင်ကထက် အဆရာပေါင်းများစွာ ပိုမိုအားကောင်းလာပြီး မသေမျိုးသွေးခန္ဓာအား ထပ်မံပေါင်းထည့်လိုက်မည်ဆိုလျှင် တစ်ဖက်လူက သူနှင့်ကျင့်ကြံဆင့်တူနေလျှင်တောင် သူ့ကိုယှဥ်နိုင်တော့မည်မဟုတ်ပေ။

အခုတော့ တစ်ဖက်လူက ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူလေးပဲ ဖြစ်နေတယ်လေ!

"သွေးနတ်ဆိုး မင်းက ရန်သူမိတ်ဆွေမခွဲခြားတတ်တဲ့ ခွေးရူးတစ်ကောင်ပဲ" ဟုန်ချန်ယဲ့က ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်ကာ ဒေါသတကြီးဆိုသည်။

အလယ်ပိုင်းစီရင်စုမှ အလိုက်လံဖမ်းဆီးနေကြ‌သော ရန်သူများလက်ထဲမှ အသည်းအသန်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဟွမ်ကျိုးပြည်နယ်သို့တိုင် ရောက်ရှိခဲ့ပြီးနောက်တွင်မှ မိတ်ဆွေဟောင်းတစ်ဦး၏လက်ထဲတွင် အသက်ပေးရလိမ့်မည်ဟု သူလုံးဝမတွေးခဲ့ဖူးပေ။

"ငါတို့ကျင့်ကြံသူတွေဆိုကာ အသက်ရှည်ရှည်နေနိုင်ဖို့ကို တန်ဖိုးထားတတ်ကြတာပဲ အခုတော့မင်းက အသက်ဆက်ရှင်ဖို့လည်းဆန္ဒမရှိတော့သလို ငါနဲ့လည်းမပူးပေါင်းချင်ဘူးဆိုမှတော့ မင်းကိုငါ့ကိုယ်ထဲမှာပေါင်းစည်းစေပြီး ဒီမသေမျိုးဘဝသက်တမ်းရှည်ကြီးမှာ အချိန်အကြာကြီး အတူတူဖြတ်သန်းသွားနိုင်အောင် ငါကူညီပေးပါ့မယ်"

ခမ်းနားသိပ်သည်းသော အသံကျယ်ကြီးက ကောင်းကင်ယံတစ်ခုလုံးအား ပဲ့တင်ထပ်သွားစေတော့သည်။

ထိုနတ်ဆိုးကြီးက သူ့လက်ဖဝါးကို နောက်တစ်ကြိမ်မြှောက်လိုက်သော် တောက်ပသော သွေးနီရောင်အလင်းတန်းများ ဝုန်းခနဲပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ်မီးတောက်များလည်း ‌တောက်လောင်လာတော့၏။

ထို့နောက် လေထုကိုဖြတ်သန်းကာ ဟုန်ချန်ယဲ့ဆီသို့ တည့်တည့် ရိုက်ချလာတော့သည်။

ခန္ဓာကိုယ်တစ်ခုလုံး မုန်တိုင်း၏အလယ်ဗဟိုကိုရောက်သွားသကဲ့သို့ ဖိအားထုကြီးအား ခံစားမိလိုက်သော် ဟုန်ချန်ယဲ့ဆံပင်များ ထောင်ထသွားရသည်။ အသက်ရှင်ချင်သော ဗီဇစိတ်လေးကြောင့်လားမသိ၊ ဟုန်ချန်ယဲ့သည် ကောက်ရိုးတစ်မျှင်အား ဆုပ်ကိုင်သည့်အနေဖြင့် ထိုစကားတစ်ခွန်းကို သံကုန်အော်ဟစ်လိုက်မိတော့၏။

"ဆရာသခင် ကယ်ပါဦးဗျာ!!!"

All Chapters