စွမ်းအားထုတ်ဖော်ပြသခန်း
Vol. 2 Ch. 18
ချက်ချင်းဆိုသလိုပင်...
ထို သွေးနီရောင်လက်ဖဝါးကြီးမှာ လေထဲတွင် တစ်ဝက်တစ်ပျက် ရပ်တန့်သွားလေသည်။
ရှစ်ထျန်းကြွယ်က မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်သွားရသည်။ "ဆရာ? မင်းဘယ်တုန်းက တပည့်ဖြစ်သွားတာလဲ"
သူ့အမြင်တွင်တော့ မာနကြီးလွန်းလှပါသော ထိုဟုန်ချန်ယဲ့ကို နာနာခံခံဖြင့် တပည့်နေရာထားနိုင်သူသည် ကောင်းကင်နှင့်မြေကြီးထက်အင်အားကြီးသော စွမ်းအားရှင်ပင် ဖြစ်ရပေမည်။
ထို့အပြင် ဟုန်ချန်ယဲ့ထုတ်ပြခဲ့သော နတ်ဘုရားစွမ်းအားများအား ပြန်တွေးလိုက်မိသော် ထိုကျင့်စဥ်များကို ပေးအပ်ခဲ့သည့် ဆရာသခင်ဖြစ်သူကို ရှစ်ထျန်းကြွယ်ပိုလို့ကြောက်ရွံ့လာလေသည်။
သူ့မှာ ကြီးမြတ်တဲ့နောက်ခံတစ်ခုခုရှိနေရင်တော့ ရှစ်ထျန်းကြွယ် သူ့ကိုသတ်ဖို့ကို နှစ်ခါပြန်စဥ်းစားရပေလိမ့်မည်။
"တပည့်လိမ္မာလေးပါလား နောက်ဆုံးတော့ဆရာကိုအမှတ်ရပြီပေါ့လေ"
ယဲ့ကျွင်းလင် ဖရဲစေ့အခွံများကို ဖျတ်ခနဲလွှင့်ပစ်လိုက်ကာ ဟုန်ချန်ယဲ့အရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ "သူ့ဆရာဆိုတာ ငါပဲဟေ့"
"ဟမ်?"
ရှစ်ထျန်းကြွယ်က သံသယဖြစ်သွားဟန်ဖြင့်မေးသည်။ "မင်းက သူ့ဆရာလား"
ယဲ့ကျွင်းလင်မှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူအဆင့်မျှသာရှိကြောင်း သူမြင်နိုင်ပေသည်။ ထိုသို့ကျင့်ကြံသူများမှာ ကျယ်ပြောလှသောအလယ်ပိုင်းစီရင်စုတွင် ရိုက်သတ်မကုန်နိုင်အောင်များပြားလှသဖြင့် ဘာမှထူးခြားနေသည်မဟုတ်။
"ဟုန်ချန်ယဲ့ မင်းဒီလောက်ထိအဆင့်ကျသွားမယ်လို့မထင်ခဲ့ဘူး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူကို ဆရာတင်သတဲ့လား"
"ရှက်စရာကောင်းချက်ပဲ"
ရှစ်ထျန်းကြွယ်က ကဲ့ရဲ့လိုက်သည်။
ဟုန်ချန်ယဲ့၏မျက်နှာပြင်မှာ သွေးထွက်တော့မတတ်နီရဲစုတ်လာတော့၏။ သူဘာကြောင့် အော်ဟစ်အကူအညီတောင်းလိုက်မိမှန်း သူလည်းမသိပါချေ။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူအနည်းငယ်အပြစ်ရှိသလို ခံစားရလေသည်။ တစ်ဖက်လူမှာ သူ့ကိုမည်သို့ပင် အမိန့်တွေလျှောက်ပေး ခိုင်းစားနေစေကာမူ နောက်ဆုံးတော့ သူ့အသက်ကိုအမြဲကယ်တင်ပေးခဲ့သည်သာ။ ယခု ရှစ်ထျန်းကြွယ်နှင့်ရင်ဆိုင်ရတော့မည့်အချိန်တွင် သူ့ဆရာသခင်ဒဏ်ရာရမည်ကို စိုးရိမ်လာမိလေသည်။
"ငါနားလည်သလောက်ဆိုရင် မင်းငါ့ကိုအထင်သေးနေတာလား"
ယဲ့ကျွင်းလင် မျက်ခုံးပင့်လျက်မေးလိုက်သည်။
"ပုရွက်ဆိတ်တစ်ကောင်ကတော့ ကောင်းကင်ရဲ့အမြင့်ကိုဘယ်လိုသိနိုင်မှာလဲ ငါ့ရဲ့အတောက်ပဆုံးအချိန်တွေတုန်းကဆိုရင် မင်းကိုတံတွေးတစ်ချက်ထွေးရုံနဲ့ ဖယ်ထုတ်ပစ်နိုင်တာပေါ့ကွာ"
ရှစ်ထျန်းကြွယ်က လှောင်ပြောင်လာသည်။
မသေမျိုးတစ်ပါးဖြစ်လာခဲ့ပြီးနောက် သူ့မာနက အဆင့်တစ်ခုထိတက်သွားခဲ့သည်။ မသေမျိုးကျင့်ကြံဆင့်အောက်က သတ္တဝါတိုင်းကို လူလို့ပင်မမြင်တော့သည့် မာနတစ်မျိုးပင်။
ဟုန်ချန်ယဲ့ကို သူစကားလက်ခံပြောနေသည့်အကြောင်းရင်းမှာလည်း တစ်ဖက်လူက တစ်ချိန်တုန်းက မသေမျိုးတစ်ပါးဖြစ်ခဲ့သည့်အတွက် အသိအမှတ်ပြုမှုလေးတစ်ခု ပေးထားခြင်းသက်သက်သာ။
ကျန်သူများကိုတော့ ရှစ်ထျန်းကြွယ် ရှိသည်ဟုပင်မထင်ပေ။
ဟုန်ချန်ယဲ့က ယဲ့ကျွင်းလင်အား စိုးရိမ်တကြီးပြောလိုက်သည်။ "ကျွန်တော့်အတွက်စိတ်ပူမနေနဲ့တော့ အမြန်သာပြေးပါ"
ယဲ့ကျွင်းလင်က ကောင်းကင်ယံထက်မှ သွေးနီရောင်ဧရာမသတ္တဝါကြီးကိုလက်ညှိုးထိုးလျက် ပေါ့ပေါ့ပါးပါးပင်ဆိုလိုက်သည်။ "ဘာတွေကြောက်နေတာလဲ အဲ့ဒါကြီးကိုလား မင်းဆရာကမင်းအတွက် ဘယ်လိုသတ်ပေးမလဲကြည့်လိုက်စမ်းပါ"
ဟုန်ချန်ယဲ့မှာ ကြောင်အသွားရတော့၏။
"မာန်တက်နေလိုက်တာ"
ရှစ်ထျန်းကြွယ်က ဒေါသထွက်ထွက်ဖြင့် တစ်ချက်လှောင်ရယ်လိုက်ပြီး သူ့ဧရာမလက်ဖဝါးကြီးကို တစ်ချက်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။
လေထုနှင့်တိမ်တိုက်များ အရောင်ပြောင်းသွားခဲ့ပြီး လေဟာနယ်မှာတော့ အပိုင်းပိုင်းအက်ကွဲသွားလေသည်။
ကြောက်မက်ဖွယ်ဖိအားက အသက်ရှူကျပ်စေသည်အထိ။
"သွားပြီ"
ဟုန်ချန်ယဲ့ အားလျော့စွာဖြင့်ရေရွတ်လိုက်သည်။
[တင်! ပိုင်ရှင်ဟာ ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့်ရဲ့ တိုက်ခိုက်ခြင်းခံနေရတယ်လို့ ခြေရာခံရရှိတဲ့အတွက် အင်အားကြီးတဲ့ရန်သူနဲ့တိုက်ခိုက်ရင် အလိုလိုအင်အားပိုကြီးစေတဲ့ သက်ရောက်မှုစွမ်းရည်အရ ပိုင်ရှင်ကို ခန္ဓာပေါင်းစည်းခြင်းအလယ်အလတ်အဆင့် တိုးမြှင့်ပေးလိုက်ပါပြီရှင့်]
စနစ်၏ ချွဲပျစ်ပျစ်အသံချိုချိုလေးက သူ့နားထဲသို့ ဝေ့ဝဲရောက်ရှိလာလေသည်။
ယဲ့ကျွင်းလင် တစ်ချက်ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်ကနေ ကျင့်ကြံဆင့်အငွေ့အသက်လှိုင်းများကို ထုတ်လွှတ်လိုက်တော့၏။ အင်း... ခန္ဓာပေါင်းစည်းခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူကြီးပေါ့လေ။
အုန်းခနဲ အုန်းခနဲပေါက်ကွဲမှုကြီးက နားကွဲမတတ်ကျယ်လောင်ပြီး ကမ္ဘာမြေကြီးကို တုန်ခါစေလေသည်။
"ဘာတွေဖြစ်နေတာလဲဟ"
ရှစ်ထျန်းကြွယ်၏မျက်လုံးများမှာ အတော်လေးထိတ်လန့်သွားဟန်ပေါ်ပြီး လျှပ်စီးများ၏တွန်းထုတ်မှုကြောင့် ဧရာမခန္ဓာကြီးမှာ ပေအနည်းငယ်ဆုတ်ခွာသွားရလေသည်။ သူ၏အနည်းငယ်ထိခိုက်သွားသော သွေးနီရောင်လက်ဖဝါးကြီးကိုလည်း မယုံကြည်နိုင်စွာစိုက်ကြည့်လျက်။
ယခုလေးတင်ပင် အလွန်အမင်းပြင်းထန်သော အင်အားထုကြီးတစ်ခုက ထိုးဖောက်ဝင်ရောက်လာကာ သူ၏မသေမျိုးသွေးခန္ဓာမှ လက်မောင်းတစ်ဖက်လုံးကို ကျိုးပျက်စေတော့မတတ် တိုက်ခိုက်နေလေသည်။
"မင်းက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူမှမဟုတ်တာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူပဲ"
ရှစ်ထျန်းကြွယ် အလွန်ထိတ်လန့်လျက်ရှိ၏။
"ဘာကြီးရယ်?"
အအံ့သြရဆုံးမှာတော့ ဟုန်ချန်ယဲ့ပင်။
ဤငွေရောင်ဆံပင်နှင့်လူငယ်က ထိုမျှလောက်လျှို့ဝှက်ထားနိုင်မည်ဟု သူမထင်ခဲ့ပေ။ အပြင်ပန်းမှာတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလို ဟန်ဆောင်ထားသော်ငြား တကယ်တမ်းတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်နေသည်လေ။
(ဒီခွေးကောင် အရင်ကငါ့ကိုတစ်ချိန်လုံးရန်စနေတာမအံ့သြတော့ပါဘူး သူ့မှာ ခန္ဓာပေါင်းစည်းခြင်းဆိုတဲ့ ကျောထောင်နောက်ခံကြီးရှိနေတာပဲ ကံကောင်းလို့ အဲ့အချိန်က ငါသူနဲ့တကယ်ရန်မဖြစ်ခဲ့ဘူး)
ဟုန်ချန်ယဲ့ တိတ်တဆိတ် စိတ်သက်သာရာရသွားရသည်။
ထိုအချိန်တွင်....
လူအများ၏ ထိတ်လန့်အံ့သြနေသော အကြည့်များအလယ်တွင်....
အနက်ရောင်ဝတ်ရုံနှင့် ငွေဖြူရောင်ဆံနွယ်များ တောင်ပလင်းလက်စွာ လွင့်ခါနေသော ချောမောခန့်ညားလှသည့် လူငယ်လေးက ကြယ်တံခွန်တစ်စင်းနှယ် ကောင်းကင်ယံထက်သို့ထိုးတက်သွားလေသည်။ သူ့လှုပ်ရှားမှုများမှာ လောကကြီးတစ်ခုလုံးကို လက်တစ်ချက်ခါရုံမျှဖြင့် ဖျက်ဆီးလိုက်နိုင်မည့်အငွေ့အသက်များ ရိုက်ခတ်လျက်။
(ဒီတော့ ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်ကိုချိုးဖျက်ရတဲ့ခံစားချက်က ဒီလိုလေးပေါ့လေ ဝိဉာဥ်အဆင့်တက်ခြင်းထက် အများကြီးသာတာပဲ)
ယဲ့ကျွင်းလင်တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးလျက်ရှိပြီး အလွန်လန်းဆန်းတက်ကြွလျက်ရှိလေသည်။
"ဟမ့် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူဖြစ်တော့ရောဘာဖြစ်လဲ မင်းတို့တောသားတွေကို စွမ်းအားအစစ်ဆိုတာဘာမှန်းသိအောင် ချပြပေးမယ်"
ရှစ်ထျန်းကြွယ်က ဒေါသတကြီးဖြင့် ကြွေးကြော်သည်။
ချက်ချင်းပင် သူ့စိတ်နှင့်ဝိဉာဥ်ကို တစ်သားတည်းဖြစ်အောင်ပြန်ကပ်လိုက်ပြီး သူ၏မသေမျိုးခန္ဓာကိုယ်ကို ယဲ့ကျွင်းလင်အားတိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
သွေးနီရောင်လက်သီးများက ကောင်းကင်ယံတစ်ခုလုံးကို အုပ်မိုးသွားပြီး ဥက္ကာပျံများကျရောက်သကဲ့သို့ ကောင်းကင်ပြင်ကြီးကို ဆုတ်ဖြဲမွှေနှောက်လေတော့၏။
"လောကဘုရင်အမှတ်တံဆိပ်"
ရှင်းလင်းပြတ်သားသောအသံတစ်ခုက ကောင်းကင်ဘုံနှင့်လူ့လောကတစ်ခုလုံးတိုင် ပဲ့တင်ထပ်သွားတော့သည်။
ယဲ့ကျွင်းလင်၏အနောက်တွင် သက်ရှိအားလုံးကို လွှမ်းမိုးဖိနှိပ်ထားသလိုထင်ရသော ပုံရိပ်ကြီးတစ်ခုပေါ်လာသည်မှာ ဒဏ္ဍာရီလာ ရှင်ဘုရင်ကြီးတစ်ပါး ကောင်းကင်ဘုံကိုးဆင့်၏အထက်တွင် စံမြန်းနေသကဲ့သို့ပင်။
ဒဏ္ဍာရီလာအပြောင်းအလဲများ သိုဝှက်ပါဝင်သော ထိုအမှတ်တံဆိပ်၏ မှော်စွမ်းအင်မှာ လောကတစ်ခုလုံးကို ရေလွှမ်းမိုးလိုက်သကဲ့သို့ နစ်မြုပ်မွန်းကျပ်စေလေသည်။
ဘုန်း ဘုန်း ဘုန်း
သွေးနီရောင်ဧရာမနတ်ဆိုးကြီးမှာတော့ ထိုအရှင်ဘုရင်ကြီးဆီမှ သွေးရွှဲရွှဲစိုသည်အထိ ရိုက်နှက်ခံလိုက်ရကာ လက်နှစ်ဖက်လုံးအလိမ်ခံလိုက်ရပြီး သွေးများမှာ အငွေ့ပျံတက်သွားတော့၏။
"ဒီ.."
ရှစ်ထျန်းကြွယ်မှာ ဆွံ့အလျက်သားပင်။
တုယှဥ်နိုင်စွမ်းမရှိသော လွှမ်းမိုးဖိနှိပ်ခံထားရသော ခံစားချက်ကြီးကြောင့် သူ့လို သွေးနတ်ဆိုးဘုရင်ပင် ကြောက်စိတ်ဖြင့်တုန်ရီလာရသည်အထိ။
ယဲ့ကျွင်းလင် လှောင်ပြုံးပြုံးလိုက်သည်။
လောကဘုရင်အမှတ်တံဆိပ်ကျင့်စဥ်မှာ ကြီးမြတ်သောပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိသွားပြီဖြစ်သဖြင့် အစောပိုင်းအဆင့်တုန်းကစွမ်းအားဖြင့် လားလားမှယှဥ်မရတော့သည်ပင်။
သို့သော် ထိုသို့သောစွမ်းအားကို အားကုန်ထုတ်သုံးနေတာတောင် တစ်ဖက်က မသေမျိုးခန္ဓာပိုင်ရှင် ရှစ်ထျန်းကြွယ်အား စက္ကန့်ပိုင်းအတွင်း အသေမသတ်နိုင်သေးပေ။
နောက်တစ်စက္ကန့်အကြာတွင်...
လက်နှစ်ဖက်လုံးလိမ်ချိုးခံထားရသော ဧရာမနတ်ဆိုးကြီးမှာ လက်နှစ်ဖက်အသစ်ပြန်ပေါက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး အကောင်းပကတိပြန်ဖြစ်သွားပြန်လေ၏။
ရှစ်ထျန်းကြွယ်က ဟစ်ကြွေးလိုက်သည်။ "တွေ့လား မင်းငါ့ကိုမသတ်နိုင်ပါဘူး"
"ဟုတ်လား အဲ့ဒါဆို ဒီတစ်ခုနဲ့ဆိုရင်ရော?"
ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါးဆိုကာ လက်တစ်ဖက်ကို ဖြေးညင်းစွာမြှောက်လျက် နားကွဲမတတ်အသံဖြင့်အော်လိုက်သည်။ "ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်း"
ထိုကျင့်စဥ်မှာ သူလေကြီးထားသလောက် ထိုက်တန်လှပါပေသည်။
ထိုနတ်ဘုရားကျင့်စဥ်မှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီးလေပြီ။
ကောင်းကင်၏အနက်ရှိုင်းဆုံးတစ်နေရာတွင် စွမ်းအင်လေပွေကြီးတစ်ခု ပုံပေါ်လာခဲ့ကာ လူသားအပေါင်းကို လက်နက်ချအညံ့ခံလိုအောင် အရှိန်အဝါကြီးမားနေခဲ့လေသည်။
"လက်တစ်ချောင်းက ကောင်းကင်နဲ့မြေကြီးကို အကျဥ်းချတယ်!"
"လက်နှစ်ချောင်းက တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကို ဖြိုခွဲချေမှုန်းတယ်!"
"လက်ညှိုးသုံးချောင်းက သက်ရှိသတ္တဝါတွေကို ဖျက်ဆီးတယ်!"
"လက်ညှိုးလေးချောင်းက ကောင်းကင်ကို ချိုးဖျက်တယ်!"
ချက်ချင်းဆိုသလိုပင်...
ကောင်းကင်နှင့်ချိတ်ဆက်ထားသော ထောက်တိုင်များကဲ့သို့ လက်ချောင်းကြီးလေးချောင်းက အင်အားကြီးမားစွာဖြင့် ရောက်ရှိလာတော့၏။
"ချီးပဲ ဘာကြီးပေါ်လာပြန်တာတုန်းဟ"
ရှစ်ထျန်းကြွယ်၏မျက်နှာမှာ သိသိသာသာကိုတုန်လှုပ်သွားပြီး ဧရာမလက်ချောင်းကြီးလေးချောင်းကို ထိတ်လန့်စွာကြည့်လိုက်သည်။
ထိုစွမ်းအားပမာဏကြီးကို သူလျစ်လျူမရှုရဲတော့ဘဲ သူ့ခန္ဓာကိုယ်၏အင်အားများကို အကုန်အစင်စုစည်းကာ သွေးမြစ်တစ်ကြောင်းအား ဖန်ဆင်းထိန်းချုပ်လျက် တစ်ဖက်လူကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်သည်။
သွေးမြစ်ကြောင်းမှာ ဆူပွက်ထိုးတက်လာပြီး တိုက်ခိုက်တော့မည့်အချိန်တွင် ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်းထံမှ ဆွဲညှစ်ခံလိုက်ရတော့၏။
ထို့နောက် ထိုလက်ချောင်းလေးချောင်းက သွေးနီရောင်နတ်ဆိုးကြီးကို တည့်တည့်ရိုက်ချလိုက်တော့သည်။
ပေတစ်ရာခန့်ရှည်သော ဧရာမခန္ဓာကြီးမှာ အပိုင်းပိုင်းကွဲပြတ်သွားရပြီး အထဲတွင်ထိန်းချုပ်နေသည့် ရှစ်ထျန်းကြွယ်ကို ဖော်ထုတ်လိုက်တော့သည်။ ထိုသူမှာ ဆံပင်များဖရိုဖရဲပုံပျက်ကာ ပါးစပ်ထောင့်မှ သွေးများစီးကျလျက်ရှိလေပြီ။ သူ့မျက်လုံးများမှာတော့ တစ်သက်မမေ့နိုင်တော့မည့် အကြောက်တရားများ ပြည့်နှက်လျက်ရှိသည်။
"မင်းက ဘယ်သူလဲကွ! !"
သေးငယ်ခေါင်ခိုက်လှသော ဟွမ်ကျိုးပြည်နယ်လေးထဲတွင် ယဲ့ကျွင်းလင်လို ကြောက်စရာမိစ္ဆာတစ်ကောင်ဖြင့် တည့်တည့်တိုးရလိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပါ။
သူ၏ မသေမျိုးသွေးခန္ဓာကိုပင် ချက်ချင်းဖြိုလှဲနိုင်တော့မလို စွမ်းအားကြီးလှ၏။
ဒါနောက်စရာဟုတ်မနေဘူး!
ဒါမှမဟုတ် ငါပုန်းနေတာများအရမ်းကြာသွားပြီး ဒီဒေသကပါရမီရှင်တွေ အရမ်းအားကြီးကုန်ကြတာများလား?
ဟုန်ချန်ယဲ့မှာလည်း မျက်လုံးအပြူးသားဖြင့် ကြောင်အနေဆဲဖြစ်ကာ နှလုံးသားထဲမှ အံ့သြထိတ်လန့်မှုမှာ စကားလုံးဖြင့်ပင် ဖော်ပြလို့မရနိုင်သည်အထိ။
တစ်ဖက်လူ အကြောက်အလန့်မရှိဖြစ်နေသည်မှာ မထူးဆန်းတော့ပါချေ။ သူ့ကိုလျှော့တွက်ခဲ့မိသည်ကသာ အမှားဖြစ်ပေသည်။ သူသာဘက်ပြောင်းဖို့ကိစ္စကို အကောင်အထည်ဖော်မိပါက နေရာတွင်ပင် သောက်သောက်လဲရှုံးနိမ့်ပေမည်။
ထိုအကြောင်းကိုတွေးမိလေလေ ဟုန်ချန်ယဲ့ ပိုကြက်သီးထလာလေလေပင်။
သူ့အလိုလိုသိစိတ်မှာ ယခုအချိန်ထိ အလွန်မှန်ကန်နေဆဲပင်ဖြစ်လေသည်။
အခုတော့ သူ့ဆရာသခင်အား ရိုရိုကျိုးကျိုးကို နာခံပြုစုရပါတော့မည်။
"ငါက ရွှယ်ထျန်းဂိုဏ်းရဲ့ မြူခိုးတောင်ထိပ်သခင် သောက်ရမ်းချောမောပြီး တည်ကြည်ခန့်ညားလွန်းလို့ နတ်မိမယ်တိုင်း တဖြုတ်ဖြုတ်ကြွေရတဲ့ ယဲ့ကျွင်းလင်ပဲကွ ဘူးထွားဟားဟားးးးး"
ယဲ့ကျွင်းလင်က အသေးအဖွဲကိစ္စလေးတစ်ခုကို ရှင်းပြီးသွားသည့်အလား လက်ဆစ်တဖျောက်ဖျောက်ချိုးလျက် အရှက်မဲ့စွာဆိုလိုက်သည်။
ထိုစကားများကိုကြားသော် ရှစ်ထျန်းကြွယ် ပိုလို့စိတ်ဓာတ်ကျသွားရ၏။
သူဟွမ်ကျိုးကိုရောက်တော့ ဒေသခံဂိုဏ်းများအကြောင်း လိုက်လံစုံစမ်းရင် ရွှယ်ထျန်းဂိုဏ်းကိုလည်း သေချာပေါက်သိရှိခဲ့ပါသည်။
ဒါပေမယ့် အဲ့လိုဂိုဏ်းငယ်လေးမှာ ဒီလိုစွမ်းအားရှင်တစ်ယောက်က ဘယ်လိုလုပ်ရှိနေရတာလဲ?
လုံးဝကို အကျိုးအကြောင်းမသင့်သော ကိစ္စပါပေ။
"ယဲ့ကျွင်းလင် မင်းကိုငါမှတ်ထားတယ်"
ကိစ္စတွေက ဒီအထိရောက်လာပြီဆိုမှတော့ ရှစ်ထျန်းကြွယ်လည်း အရှုံးကိုဝန်ခံရုံမှအပ အခြားမရှိတော့ပေ။ သူ့ဘဝတစ်လျှောက်လုံးတွင် အရှက်ကွဲရဆုံးဖြစ်ရပ်ပါပေ။
"သွေးနီလွတ်မြောက်ခြင်း ကျင့်စဥ်"
ရွှစ်
ချက်ချင်းဆိုသလိုပင် ရှစ်ထျန်းကြွယ်၏ခန္ဓာကိုယ်မှာ သွေးမီးများဖြင့်တောက်လောင်သွားကာ သွေးနီရောင်အလင်းတန်းလေးတစ်ခုအဖြစ် လေထုထဲသို့ ဝှစ်ခနဲပျံတက်သွားလေသည်။
"မကောင်းတော့ဘူး သူထွက်ပြေးတော့မယ်" ဟုန်ချန်ယဲ့က အသည်းအသန်အော်သည်။
သူ ရှစ်ထျန်းကြွယ်အကြောင်းကို ကောင်းကောင်းသိသည်။ တစ်ဖက်လူလွတ်မြောက်သွားလျှင် အနာဂတ်တွင် ပိုအင်အားကြီးသောအခြေအနေဖြင့် သေချာပေါက်ပြန်ရောက်လာပေမည်။
"ဟမ့် ထွက်ပြေးချင်တာပေါ့လေ အိပ်မက်မက်နေတာပဲ"
ယဲ့ကျွင်းလင်သည် ချက်ချင်းပင် လေဟာနယ်စွမ်းရည်ကိုအသုံးပြုကာ တစ်ဖက်လူကိုတားဆီးလိုက်၏။
"မင်း.." ရှစ်ထျန်းကြွယ် အံ့အားသင့်ရပြန်သည်။ ဒါက သူလွတ်မြောက်ဖို့ တစ်ချိန်လုံးအသုံးပြုနေကျ လျှို့ဝှက်ကျင့်စဥ်ဖြစ်သော်လည်း ဒီလူ့လက်တွင် ချက်ချင်းအဖမ်းခံလိုက်ရပေသည်။
"သေတော့"
ယဲ့ကျွင်းလင်၏အေးစက်စက်အသံထွက်လာပြီးနောက် လက်ကိုမြှောက်၍ သူထပ်မံတိုက်ခိုက်လိုက်သည်။
"မဖြစ်ဘူး! ! !"
ရှစ်ထျန်းကြွယ်က စူးရှစွာအော်ဟစ်သည်။ သူဒီတစ်ခါကျရှုံးသွားလျှင် ပြန်လည်ရှင်သန်ဖို့မဖြစ်နိုင်တော့ပေ။ သူ့နှလုံးသားတစ်ခုလုံးမှာ မကျေနပ်ချက်များ နာကျည်းချက်များဖြင့် ပြည့်နှက်လျက်ရှိတော့သည်။
ဘန်း!
ခန္ဓာကိုယ်တစ်ခုလုံးမှာ လေထဲတွင်ပေါက်ကွဲထွက်သွားပြီး ဝိဉာဥ်အခြေလည်း ပျက်ဆီးသွားရလေပြီ။
တစ်ချိန်က အလယ်ပိုင်းစီရင်စုတစ်ခုလုံးကို စိုးမိုးခြယ်လှယ်ခဲ့ပါသော သွေးနတ်ဆိုးအရှင်မှာ ယနေ့တွင် အပြီးတိုင်သုတ်သင်ခံလိုက်ရလေပြီ။
"ရှစ်ထျန်းကြွယ်က ဒီလိုလေးပဲ သေသွားရတယ်တဲ့လား" ဟုန်ချန်ယဲ့က တိုးတိုးလေးရေရွတ်လိုက်သည်။
ထိုသူမှာ သူနှင့်တစ်ခေတ်တည်း ကျော်ကြားလွှမ်းမိုးခဲ့သည့် စစ်မှန်သောမသေမျိုးစွမ်းအားရှင်တစ်ဦးဖြစ်သော်ငြား ယဲ့ကျွင်းလင်ထံမှ ဤသို့ဖြတ်ခုတ်သုတ်သင်ခံလိုက်ရပေသည်။ မျက်စိဖြင့် အရှင်လတ်လတ်မြင်တွေ့ခဲ့ရသူ ဟုန်ချန်ယဲ့သည်ပင် မယုံကြည်နိုင်သေးပေ။ သူသက်ပြင်းတစ်ချက်သာ ချလိုက်မိ၏။
"ကောင်းလိုက်တာ မသေမျိုးအရှင်က နတ်ဆိုးကိုသုတ်သင်လိုက်ပြီ"
ဝေ့ဧကရာဇ်က ဝမ်းသာမျက်ရည်အပြည့်ဖြင့် ပြောလာလေသည်။
ထို့နောက် အားပေးကြွေးကြော်သံများ တစ်ခုပြီးတစ်ခု မြင့်တက်လာတော့သည်။
လူအပေါင်းမှာ ဆံပင်ငွေရောင်နှင့် မသေမျိုးအရှင်ကို မြေပေါ်တွင်ဒူးထောက်ခစားလျက်ရှိကြ၏။
ယဲ့ကျွင်းလင် တစ်စုံတစ်ခုကိုသတိရမိပြီး စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။ "စနစ်ရေ ငါ့ဆုလာဘ်တွေဘယ်မှာလဲ အသိလေးကပ်စမ်းပါ ခဏခဏသတိပေးမနေရစေနဲ့"
ပြောတော့ဖြင့် သူကသိပ်ကျွမ်းကျင်လှပါချည်ရဲ့တဲ့!
ဆုကိုကျ ဘယ်တော့မှချက်ချင်းထုတ်မပေးတတ်ဘူး!
[တင်! လာပါပြီရှင် လာပါပြီ ကျွန်မတို့ရဲ့ချောမောပြီးစွမ်းအားကြီးတဲ့ပိုင်ရှင်ကို သေချာပေါက်ဆုချရမှာပေါ့]
[တင်! ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ဆုလာဘ်ကတော့....]