← Chapters

ထူးကဲသန့်စင်အရိုး

Vol. 2 Ch. 19

ထူးကဲသန့်စင်အရိုး

Vol. 2 Ch. 19

တင် ထူးကဲသန့်စင်အရိုးကို ဆုလာဘ်အဖြစ် ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ကျင့်စဥ်ကို အခုချက်ချင်း ချိတ်ဆက်လိုပါသလား

ထူးကဲသန့်စင်အရိုး - ကျင့်ကြံသူအား ထိပ်တန်းပါရမီစွမ်းရည်နှင့် ရတနာခန္ဓာကို အရယူ‌ဆောင်ကျဥ်းပေးမည့် လျှို့ဝှက်ဆန်းကြယ် အရိုးတစ်မျိုးဖြစ်သည်။ အနာဂတ်မှာ သေချာပေါက် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်ဖို့အတွက် ကူညီပံ့ပိုးပေးနိုင်သည်။

ယဲ့ကျွင်းလင်၏မျက်နှာမှာ ပျော်ရွှင်မှုဖြင့်ဝင်းပသွားပြီး ချက်ချင်း စိတ်ထဲမှအမိန့်ပေးလိုက်သည်။ "ချိတ်ဆက်မယ်"

ချက်ချင်းဆိုသလိုပင် သူ့ရင်ဘတ်မှ တောက်လောက်နေသော အလင်းရောင်များ ဖြာထွက်လာပြီး အံ့သြမင်သက်ဖွယ်ကောင်းသော ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာတော့၏။

တောက်ပထွန်းလင်းနေသော အလင်းရောင်မှာ နေတစ်စင်းကဲ့သို့ တည့်တည့်မကြည့်နိုင်သည်အထိ မျက်စိကျိန်းစပ်ဖွယ်ပင်။

ယဲ့ကျွင်းလင်၏ ရင်ဘတ်အတွင်းထဲတွင် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်လှသည့် ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းအုပ်ဆိုင်းထားသော သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် တာအိုအရိုးတစ်ခု ဖြစ်တည်လာသည်။ အင်မတန်မှ နက်ရှိုင်းသည့် စွမ်းအင်အရင်းအမြစ်တစ်ခုက ပူးတွဲပါဝင်လျက်။

ထူးကဲသန့်စင်အရိုးပါတဲ့!

ထိုအရိုးပိုင်ရှင် ကျင့်ကြံသူများမှာ တိုက်ရည်ခိုက်ရည်တွင် သူတကာထက်သာလွန်မြင့်မားပေမည်။

ယဲ့ကျွင်းလင်မှာတော့ ဆုလာဘ်ကို လွန်စွာမှကျေနပ်အားရမိပါ၏။

သွေးနတ်ဆိုး ရှစ်ထျန်းကြွယ်နှင့် တိုက်ပွဲအတွင်း ပြိုင်ဘက်၏ ဖျက်ဆီးမဖြစ်နိုင်သော သွေးခန္ဓာ၏ စွမ်းအားကို သူကိုယ်တိုင် တွေ့မြင်ခဲ့ရသည်မဟုတ်လော။

ထိုရတနာခန္ဓာသည် မပြီးပြည့်စုံသေးသည်ဖြစ်လင့်ကစား ခန္ဓာတစ်ခု၏ အရေးပါသောမြှင့်တင်မှုကို ကောင်းစွာသိမြင်စေဖို့ သက်သေပြသွားသောဖြစ်ရပ်ပင်။

သို့သော် ဤလောကတွင် လူတို့တွင်လည်း မပြီးဆုံးနိုင်သော အထက်လူကြီးများအဆင့်ဆင့်ရှိနေသကဲ့သို့၊ ကောင်းကင်ဘုံများတွင်လည်း မပြီးဆုံးနိုင်သော အဆင့်အထပ်ထပ်ရှိနေပါသေး၏။ ရှစ်ထျန်းကြွယ်ထက် ပိုကြောက်စရာကောင်းသောခန္ဓာကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးများလည်း သေချာပေါက်ရှိနေဦးမည်သာ။

ထူးကဲသန့်စင်အရိုးနှင့်သာဆိုလျှင် ထိုနတ်ဘီလူးများကို အနာဂတ်တွင်အနိုင်ယူဖို့ ပိုလွယ်ကူလာလိမ့်မည်ဟု ယဲ့ကျွင်းလင်ယုံကြည်သည်။

"ဘာဖြစ်နေတာလဲ"

ယဲ့ကျွင်းလင်ထံမှလာသောရိုက်ခတ်မှုကို ခံစားမိသော် ဟုန်ချန်ယဲ့ရင်တုန်တုန်ဖြင့် မေးလိုက်သည်။

ပြင်းထန်လိုက်တဲ့ အရှိန်အဝါပါလား? ဒီလူဘာတွေများလုပ်နေပြန်ပြီလဲ?

တစ်ဖက်လူ၏ ပြိုင်ဘက်ကင်းသဏ္ဍာန်အစစ်ကို ယခုလေးတင်တွေ့မြင်လိုက်ရသော ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်ကို ပုံမှန်ထက်တစ်ဆင့်မြှင့်ကာ ပိုသတိထားအကဲခတ်နေမိတော့၏။

သို့သော် ထိုသို့ပို၍စွမ်းအားကြီးလေလေ ယဲ့ကျွင်းလင် အခွင့်အရေးတစ်ခုခုရရှိထားတာ ပိုပြီးဖြစ်နိုင်လေဟု သူထင်မိသည်။ ဤသို့ ပြိုင်ဘက်ကင်းပါသည့် ပါရမီထူးကဲပါသည့် မကောင်းဆိုးဝါးတစ်ကောင်က ဟွမ်ကျိုးလိုခြောက်ကပ်ကပ်နယ်မြေတွင် မည်သို့မွေးဖွားလာနိုင်ခဲ့ပါမည်နည်း?

(ချီးပဲ ဒါဆိုငါ့ကျင့်ကြံဆင့်က သိပ်မလုံလောက်သေးဘူး ဒီ့ထက်ပိုပြီးကြိုးစားကျင့်ကြံရမယ် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ပြီးရင်တော့ သူ့ကိုထိန်းချုပ်ဖို့ ပိုပြီးယုံကြည်ချက်ရှိလာမှာပါ)

ဟုန်ချန်ယဲ့ အံကြိတ်ရင်းတွေးနေမိသည်။

ရွှစ်

ယဲ့ကျွင်းလင်က ညင်သာပေါ့ပါးစွာဆင်းသက်လာသည်။ ငွေဖြူရောင်ဆံနွယ်များက အရိုင်းဆန်စွာလွင့်ပျံနေကာ နှုတ်ခမ်းပါး၏ထောင့်တစ်ဖက်တွင် အပြုံးတစ်ပွင့်ချိတ်ဆွဲထားလျက်။

ဝေ့ဧကရာဇ်ကတော့ ထိုပုဂ္ဂိုလ်ကို ကောင်းကင်ဘုံမှာ ကမ္ဘာမြေသို့ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလားထင်မှတ်ကာ ဦးညွှတ်လျက် သံကုန်‌ဟစ်ကြွေးလိုက်သည်။ "ကျေးဇူးအထူးတင်ရှိပါတယ် နတ်ဘုရားအရှင် ကျွန်တော်တို့ဝေ့ပြည်ထောင်တစ်ခုလုံးကို ကယ်တင်ပေးခဲ့တဲ့ ဒီကျေးဇူးတော်ကို မျိုးဆက် အဆက်ဆက် ရေးထိုးမှတ်သားသွားပြီး အရှင့်ရဲ့ကြင်နာမှုကို အစဥ်အမြဲအမှတ်ရနေပါ့မယ်"

နတ်ဘုရားနှစ်ပါးကြားကတိုက်ပွဲကို သူပါးစပ်အဟောင်းသားဖြင့်ကြည့်ရှုငေး‌မောခဲ့ရပြီး ယဲ့ကျွင်းလင်ကိုလည်း လွန်စွာမှအထင်ကြီးလေးစားသွားခဲ့မိလေသည်။

ယဲ့ကျွင်းလင်က လက်တစ်ဖက်ကိုအသာယမ်းကာဆိုသည်။ "မလိုတာတွေပြောမနေပါနဲ့ဗျာ ဘုရင်ကောင်းတစ်ယောက်ဖြစ်တာထက်ပိုကောင်းတာ ဘာရှိသေးလို့လဲ ပြည်သူတွေကိုသာ ကောင်းကောင်းဆက်ဆံပေးလိုက်ပါ"

ဝေ့ဧကရာဇ်၏နှလုံးသားလေးမှာတုန်လှုပ်သွားရကာ လေးနက်စွာဖြေဆိုလိုက်သည်။ "ဒီနိမ့်ကျတဲ့ကိုးကွယ်သူက အရှင်သခင်ရဲ့သင်ကြားမှုကို စွဲမြဲနေ‌အောင်မှတ်သားထားပါ့မယ်"

"နတ်ဘုရားအရှင်၊ နောင်အနာဂတ်မှာ ကျွန်မ ရွှယ်ထျန်းဂိုဏ်းကို ဝင်လို့ရနိုင်မလားရှင့်?" မင်းသမီးလေးသည် တွန့်ဆုတ်စွာဖြင့် အရဲကိုးကာပြောလာသည်။ သူမ၏ အသံလေးမှာ နူးညံ့ကြည်လင်ပြီး ငှက်ငယ်လေး၏ ပထမဆုံးအော်မြည်သံနှင့် ဆင်တူသည်။

"လင်အာ မရိုင်းရဘူးလေ!" ဝေ့ဧကရာဇ်က ခေါင်းလှည့်ကာ မျက်နှာထားတင်းတင်းဖြင့် ဆုံးမလိုက်သည်။

နတ်ဘုရားဂိုဏ်းဆိုသည်မှာ ဝင်ချင်တိုင်းဝင်လို့ရသောနေရာမျိုးမဟုတ်ပေ။ ကံပါဖို့လည်း လိုသေး၏။

မင်းသမီးလေးလည်း အဆူခံလိုက်ရသဖြင့် တုန်လှုပ်သွားရကာ မျက်နှာငယ်လေးနှင့် ခေါင်းကိုအမြန်ငုံ့သွားရသည်။

ယဲ့ကျွင်းလင်ပြုံးလိုက်ပြီး သူ၏နတ်ဘုရားမျက်လုံးကို တိတ်တဆိတ်အသက်သွင်းကာ ကြည့်လိုက်သည်။

【နာမည်】: ကျောက်လင်အာ

【လိင်】: မ

【ကျင့်ကြံဆင့်】: မရှိ

【အရည်အချင်း】: အဆင့်မြင့် ရေဓာတ် ဝိညာဉ်အမြစ်

【အဆင့်အတန်း】: ဝေ့ပြည်ထောင် မင်းသမီး

"ဟင်? မင်းသမီးရဲ့ကျင့်ကြံသူကံတရားက အတော်လေးကောင်းမွန်သားပဲ" ကျောက်လင်အာမှာ အဆင့်မြင့် ရေဓာတ် ဝိညာဉ်အမြစ် ပါရှိကြောင်းကို ယဲ့ကျွင်းလင် တွေ့လိုက်ရသော် သူ့မျက်လုံးထဲတွင် အံ့သြရိပ်အနည်းငယ် ပေါ်လာသည်။

ဝိညာဉ်အမြစ်များကို အမှိုက်အဆင့်၊ သေမျိုးအဆင့်၊ အနိမ့်အဆင့်၊ အလယ်အဆင့်၊ အမြင့်အဆင့်၊ ထိပ်တန်းအဆင့်၊ မသေမျိုးအဆင့်နှင့် သူတော်စင်အဆင့်ဟူ၍ ခွဲခြားထားသည်။

ကျောက်လင်အာသည် အဆင့်မြင့် ရေဓာတ် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသဖြင့် သူမ၏ ဝမ်းတွင်းပါရမီမှာ အလွန်မြင့်မားသည်ဟု ဆိုလို၏။

"နတ်ဘုရားအရှင် ကျွန်တော်တို့ရဲ့လင်အာလေးလည်း နတ်ဘုရားဂိုဏ်းကိုဝင်ဖို့ ပါရမီရှိတယ်လို့ ဆိုလိုတာလားခင်ဗျာ?" ဝေ့ဧကရာဇ်သည် စမ်းသပ်သလို မေးလိုက်သည်။

"မှန်တယ် မင်းသမီးမှာသာ လိုက်ခဲ့ဖို့ဆန္ဒရှိရင် သူ့ကိုငါနဲ့တစ်ပါတည်းခေါ်သွားလို့ရတယ်" ယဲ့ကျွင်းလင်က လေးနက်စွာဆိုလိုက်သည်။

သူခေတ္တမျှစဥ်းစားပြီးနောက် သူမကို ထျန်ရှန်းတောင်ထိပ်သခင်မ၏တပည့်အဖြစ် အပ်လိုက်မည်ဆိုလျှင် အလွန်သင့်တော်ပေမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

"လင်အာ အရှင့်ကိုဘာလို့ မြန်မြန်ကျေးဇူးမတင်သေးတာလဲ" ဝေ့ဧကရာဇ်မှာ ငိုချတော့မတတ်ဝမ်းသာလို့နေပြီး လွန်စွာစိတ်လှုပ်ရှားလျက်ရှိပေသည်။

ကျောက်မျိုးရိုး တော်ဝင်မိသားစုမှ ကျင့်ကြံသူနှစ်ပါးကို မွေးထုတ်နိုင်သည်တဲ့လား? ဤသည်မှာ ကောင်းကင်ဘုံ၏ဆုလာဘ်ဖြစ်ပေသည်။

"အရှင့်ကို လင်အာ‌ကျေးဇူးတင်ပါတယ်"

ကျောက်လင်အာမှာလည်း ပါးလေးများရဲသည်အထိ ပျော်ရွှင်နေတော့လေသည်။

"ဟုတ်ပါပြီကွာ"

ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။

"နတ်ဘုရားအရှင် အရှင်ကဝေ့ပြည်ထောင်ကို ကယ်တင်ပေးခဲ့တာပါ ဒီနိမ့်ကျတဲ့ပြည့်ရှင်မင်းက ပြည်သူပြည်သားတွေကိုယ်စား ကျေးဇူးတရားကိုဖော်ပြတဲ့အနေနဲ့ အရှင့်ကိုဧည့်ခံဖို့ စားသောက်ပွဲတစ်ခုကျင်းပပေးလိုပါတယ်ခင်ဗျာ"

"ဘာပဲဖြစ်ဖြစ် ချကွာ၊ မူးအောင်သောက်မယ်"

ယဲ့ကျွင်းလင်လည်း အလျင်စလိုပြန်ဖို့မလိုအပ်သေးပေ။ ထို့ကြောင့် နန်းတော်တွင်အချိန်တစ်ခုလောက်အထိ နေထိုင်ကာ ထိပ်တန်းတော်ဝင်ဧည့်ခံမှုများကို စံစားပျော်မွေ့ဖို့ ဆုံးဖြတ်လိုက်တော့၏။

တိမ်တိုက်များနှင့် မြူခိုးများ လွှမ်းခြုံလျက်ရှိသော တောင်ထိပ်ပေါ်တွင်......

ဟုန်ချန်ယဲ့သည် ညစ်ညမ်းသော ထွက်သက်လေကို တစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် တောက်ပြောင်သော အနီရောင်အလင်းတန်းများ ပေါ်ထွက်လို့နေ၏။ ခန္ဓာကိုယ်ကို ဝဲဂယက်ထနေသော မီးလျှံပုံစံများ ဝန်းရံထားသဖြင့် အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်ပုံ ပေါ်နေသည်။

"နောက်ဆုံးတော့ ငါ့ဒဏ်ရာတွေ ပြန်သက်သာလာပြီပဲ"

"ကျင့်ကြံဆင့်လည်း တက်လာတာပဲ...."

အနီရောင်ဝတ်စုံဝတ်ထားသောလူ‌ချောလေး ထရပ်လိုက်သောအခါ ခါးအထိ ရှည်လျားသော ဆံနွယ်နက်နက်များက ရေတံခွန်ကဲ့သို့ ဖြောင့်စင်းပျော့ပျောင်းစွာ ကျောထက်ဖြန့်ကျက်လို့နေပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးတောက်ပနေသော အသားအရည်ထက်မှ မျက်ခုံးနက်နက်ကြားရှိ နီရဲသော မီးလျှံအမှတ်အသားသည် လူကို စိတ်ဝိညာဉ်အထိ ဖမ်းစားနိုင်စွမ်းရှိလေသည်။

ယခင်တိုက်ပွဲအပြီး အသိအမြင်တိုးတက်လာမှုတို့ကို သူ၏ကိုယ်ပိုင်ပါရမီစွမ်းရည်နှင့် ပေါင်းစပ်လိုက်သောကြောင့် ဟုန်ချန်ယဲ့၏ ကျင့်ကြံဆင့်သည် နောက်တစ်ဆင့် တိုးမြင့်လာခဲ့ပြီး ယခုအခါတွင် သူသည် ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဤမျှမြန်ဆန်သော ကျင့်ကြံဆင့်တိုးတက်မှုအရှိန်မျိုး ရှေး‌ခေတ်တစ်ချိန်က သူတော်စင်ကျင့်ကြံရေးနယ်မြေတစ်ခုတွင် ဖြစ်ပေါ်ခဲ့လျှင် ကြီးစွာဂယက်ရိုက်သွားစေနိုင်သော ဖြစ်ရပ်တစ်ခုပင်။

ကံမကောင်းစွာပင် ယဲ့ကျွင်းလင်၏ နားလည်ရန်မဖြစ်နိုင်သော ကျင့်ကြံရေးနည်းလမ်းများကို မြင်တွေ့ပြီးနောက် ဟုန်ချန်ယဲ့၏ပေါ့ပေါ့ပါးပါး စိတ်နေစိတ်ထားလေးသည် အပြောင်အစင်ကုန်ဆုံးသွားရလေပြီ။

တစ်ဖက်လူနှင့် တန်းတူဖြစ်ဖို့အတွက်ဆိုလျှင် သူ့တွင် လျှောက်လှမ်းစရာခရီးလမ်းအရှည်ကြီး ကျန်ရှိနေသေး၏။

"ခဏလောက်တော့ သည်းခံလိုက်ဦး ဒီအရှင် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်ပြီးတဲ့အခါ အရင်ကခံစားခဲ့ရတဲ့ အရှက်ကွဲမှုတွေကို နှစ်ဆပြန်ဆပ်ပေးမယ်!"

ဟုန်ချန်ယဲ့စိတ်ထဲမှ ကြိမ်းဝါးမိသည်။

စိတ်ထဲတွင် ငွေ‌ရောင်ဆံပင်နှင့် မာန်တက်နေသောသူ့ဆရာတစ်ယောက် သူ့ထံမှခွင့်လွှတ်မှုကိုရဖို့ မျက်နှာငယ်ဖြင့်အသနားခံ တောင်းပန်နေသည့်ပုံရိပ် ထင်ပေါ်လာပြီး ပျော်ရွှင်စွာမဲ့ပြုံးတစ်ချက် ပြုံးလိုက်မိ‌တော့သည်။

ဟီးဟီး၊ စဉ်းစားကြည့်ရုံနဲ့တင် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။

"ရှောင်ဟုန် ဆရာ့ဆီလာဦးဟေ့"

ထိုအချိန်တွင် နားယဉ်နေသော အသံတစ်ခုသည် သူ၏ နားထဲသို့ ဝင်ရောက်လာ၏။

ဟုန်ချန်ယဲ့ကစိတ်ထဲမှ အေးစက်စက်ပြန်ပက်လိုက်သည်။ "ဒီအရှင်က မင်းကိုသိပ်ကြည်နေတယ်ထင်လို့လား"

ထို့နောက် သူ့ပုံရိပ်မှာ နဂိုနေရာမှ ရုတ်ချည်းပျောက်ကွယ်သွားပြီး နန်းတော်ဂိတ်တံခါးအရှေ့တွင်း ပြန်ပေါ်လာသည်။

သူ အပြုံးတစ်ပွင့်ကိုညှစ်ထုတ်လိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "ဆရာသခင်"

ခန်းမကြီးထဲတွင် ယဲ့ကျွင်းလင်သည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ဝေ့ပြည်ထောင် စာပေပညာရှင်တစ်ဦး ရေးသားထားသော စာအုပ်ကို ကိုင်ကာ သက်သောင့်သက်သာ ဖတ်ရှုနေသည်။

"ဒီသိုင်းဝတ္ထုက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ဒီက သာမန်လူတွေလည်း မျက်နှာပြောင်တိုက်ကြွားဝါပြီး ပါးရိုက်သံတဖြောင်းဖြောင်းညံတဲ့ ဇာတ်လမ်းတွေကို ကြိုက်ပုံရတယ် ငါ ဒီတိုင်းပြည်ကိုသာ အချိန်ခရီးသွားပြီးရောက်လာမိရင် ဝတ္ထုရေးပြီး ပိုက်ဆံရှာလို့ရမယ်ထင်တယ် အင်း ပထမဆုံးအနေနဲ့ 'ကောင်းကင်ကိုခွာနဲ့ပေါက်မယ့်မြင်း' ဆိုတာကို အရင်ရေးမယ် ငါ့အရည်အချင်းနဲ့ဆို နိုင်ငံကျော်စာရေးဆရာဖြစ်လာမှာ ဧကန်ပဲ ကလောင်နာမည်ကတော့ 'ငကြောင်အာလူး'!"

ထိုစကားများကိုကြားလိုက်ရသော ဟုန်ချန်ယဲ့၏မျက်နှာမှာတော့ ကြောင်တောင်တောင်ဖြစ်သွားရ၏။ ဒီအရူး ဘာတွေလျှောက်ပြောနေပြန်တာလဲ?

"အိုး မင်းရောက်နေပြီပဲ"

တပည့်လေးရောက်လာသည်ကိုမြင်သော် ယဲ့ကျွင်းလင်သည် ကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သစ်သားရေနွေးဇလုံတစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။ ဇလုံထဲတွင် ရေနွေးငွေ့များ တထောင်းထောင်း ထနေပြီး သူသည် ခြေထောက်ကို ဇလုံထဲသို့ ညင်သာစွာနှစ်ကာ အမိန့်ပေးသလိုလေသံဖြင့် ဟုန်ချန်ယဲ့အား ပြောလိုက်သည်။

"မင်းအဲ့မှာဘာရပ်လုပ်နေတာလဲ မြန်မြန်စတော့လေ"

"ခင်ဗျား!"

ဟုန်ချန်ယဲ့ခမျာ အံကိုကြိတ်ကာ လိပ်တက်လာသောဒေါသများကို မျိုချနေရတော့၏။

တစ်ဖက်လူ၏မျက်နှာကို ဆွဲကုတ်ပစ်လိုက်ချင်သည်အထိ မြင်ပြင်းကပ်ရသော်ငြား သူ့အင်အားဖြင့် မဖြစ်နိုင်သေးပေ။

သွေးနတ်ဆိုးကဲ့သို့ အင်အားကြီးသတ္တဝါကြီးပင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်မဟုတ်လော။ ထိုသူမည်မျှကြမ်းတမ်းရက်စက်ကြောင်း ထပ်မံစမ်းသပ်ဖို့မလိုအပ်တော့ပါချေ။

သေချာစဉ်းစားဆင်ခြင်ပြီးနောက် ဟုန်ချန်ယဲ့ နောက်ဆုံးတွင်တော့ အလိုက်သင့်နေရန်သာ ရွေးချယ်လိုက်သည်။ သူသည် လေးလံလှသော ခြေလှမ်းတစ်လှမ်းကို ခက်ခက်ခဲခဲလှမ်းကာ ဖြည်းဖြည်းချင်း ယဲ့ကျွင်းလင်ထံသို့ လျှောက်လာခဲ့သည်။

"ဒူး‌ထောက်ပြီး ဆေးပေးတော့"

ယဲ့ကျွင်းလင်၏လေသံမှာ ပြန်လှန်မေးခွန်းထုတ်စရာမရှိလောက်အောင် ပြတ်သား၏။

ဟုန်ချန်ယဲ့နှလုံးသားတစ်ခုလုံး ဒေါသဖြင့်ဝုန်းဒိုင်းကြဲသွားရတော့သည်။ အရှက်တရားနှင့် အကူအညီမဲ့မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အင်းဆက်များအလားပျံ့ပွားသွားရလေပြီ။

(ဒီအရှင် နတ်ဆိုးဂိုဏ်းချုပ်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး စစ်မှန်သောမသေမျိုးအဆင့်ကိုတောင် ရောက်ခဲ့ဖူးတယ်ကွ ဒီအရှင်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ ကျင့်ကြံသူအရေအတွက်က သန်းနဲ့ချီရှိတယ် အခု မင်းက ဒီအရှင်ကို ဒူးထောက်ပြီး မင်းရဲ့ ခြေထောက်ကို ဆေးကြောခိုင်းချင်တယ်တဲ့လား မင်းဟာတကယ်ကို...)

ဟုန်ချန်ယဲ့ အံသွားများကို တင်းတင်းကြိတ်ထားပြီး မလျှော့နိုင်သောမာနလှိုင်းတံပိုးသည် ရင်ထဲတွင် ထိုးတက်လာတော့၏။ အကြောင်းပြချက်ပေးကာ ငြင်းခုံရန် ပါးစပ်ဖွင့်ခါနီးတွင် သူ့မျက်လုံးများသည် ယဲ့ကျွင်းလင်၏ လျစ်လျူရှုသော အကြည့်နှင့် ဆုံမိသွားသည်။

ဟုန်ချန်ယဲ့၏နှလုံးသားလေးမှာ ရေခဲခန်းထဲပစ်ချခံလိုက်ရသလိုပင်။

ထိုခဏတာတွင် သူထင်ယောင်ထင်မှားဖြင့် သာမန်လူများအား လက်ဖဝါးလေးထက်တင်ကာ စိုးမိုးချုပ်ကိုင်ထားနိုင်သော တုနှိုင်းမဲ့နတ်ဘုရားအရှင်တစ်ပါးဖြင့် မျက်နှာချင်းဆိုင်လိုက်မိသကဲ့သို့ ခံစားလိုက်ရ၏။

"မင်းဘာရပ်လုပ်နေတာလဲ မြန်မြန်လာလေ" ယဲ့ကျွင်းလင် စိတ်မရှည်စွာဖြင့် ငေါက်ဆတ်ဆတ်ပြောလိုက်သည်။

"ကျွန်တော်... ကျွန်တော် ဆေးကြောပေးပါ့မယ်" ဟုန်ချန်ယဲ့၏ စိတ်ပိုင်းဆိုင်ရာ ခုခံအားသည်လည်း ပြိုလဲသွားခဲ့ပြီး သူသည် ဖြည်းဖြည်းချင်း မြေပေါ်တွင် ဒူးထောက်ချလိုက်ကာ တုန်ယင်နေသောလက်များဖြင့် သစ်သားဇလုံထဲမှ လူငယ်လေး၏ ခြေထောက်ကို ဆေးကြောပေးလိုက်သည်။

"လိမ္မာလိုက်တဲ့ ငါ့တပည့်လေး" ယဲ့ကျွင်းလင်ချီးကျူးလိုက်သည်။

စိတ်ထဲတွင်တော့....

ကြွက်စုတ်ကောင်လေး ငါနဲ့များယှဥ်တိုက်ချင်သေးတယ်ပေါ့လေ?

မြင့်မြတ်တဲ့ တရုတ်လူမျိုး နိုင်ငံကြီးသား ကူးပြောင်းလာသူရဲ့ရှေ့မှာ နဂါးတောင် အလိုက်တသိနဲ့ ခွေခေါက်နေပေးရမယ်! နားလည်လား?

"နေပါဦး ဒီရေက..."

ဟုန်ချန်ယဲ့ တစ်စုံတစ်ခုကို သတိပြုမိလိုက်ကာ အသက်ရှူသံများမြန်ဆန်လာပြီး ရင်ထဲတွင် မုန်တိုင်းထန်သောပင်လယ်ပြင်တစ်ခု ဝင်ရောက်မွှေနှောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

သေလိုက်ပါတော့! !

ဒါက ထိုက်ယီအဆုံးမဲ့ရေပဲ။ သာမန်လူတွေ သောက်ရင် ထာဝရ နုပျိုပြီး နှစ်ပေါင်းနှစ်ရာအထိ အသက်ရှင်နိုင်တယ်။ ကျင့်ကြံသူတွေ သောက်ရင် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးနိုင်ပြီး ပြည်စုံချောမွေ့တဲ့ ခန္ဓာကိုယ်အခြေအနေတစ်ခုကို ရရှိစေမယ်။ ဒီလိုနဲ့ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ တိုးမြင့်စေနိုင်တယ်!

ထိုက်ယီအဆုံးမဲ့ရေလေးတစ်ပုလင်းကိုတောင် အလယ်ပိုင်းစီရင်စု‌လိုနေရာမျိုးမှာ အလုအယက်ဖြစ်နေကြတာဖြစ်သည်။ ကျင့်ကြံသူတိုင်း၏အိပ်မက်ဆိုလည်း မမှားပေ။

အခုတော့ ဒီလိုအဖိုးတန်ပစ္စည်းမျိုးကို ခြေထောက်ဆေးဖို့ သုံးတယ်တဲ့လား? ! !

ယဲ့ကျွင်းလင် တစ်နေရာရာမှ ပွပေါက်တိုးလာပြီး ထိုနေရာမှသဘာဝရတနာပစ္စည်းများ ကြွယ်ဝစွာရရှိနေခြင်းကြောင့် ဤမျှသာသာယာယာဇိမ်ခံနေနိုင်ခြင်းဖြစ်မည်ဟု ဟုန်ချန်ယဲ့ပိုသေချာလာသည်။

ထိုက်ယီရေဇလုံကိုတစ်ချက်ပြန်ကြည့်ပြီး ဟုန်ချန်ယဲ့မူးဝေသွားသလို ခံစားမိ၏။

ဟုန်ချန်ယဲ့ တံတွေးတစ်ချက် တိတ်တဆိတ်မျိုချမိလိုက်သည်။

အကုန်သာသောက်ချလိုက်ရင်တော့ ငါ့အတွက်အရမ်းအကျိုးရှိမှာပဲ!

နေပါဦး!

ဒါက ခြေဆေးရေကြီးလေ!

ထိုအချက်ကို ရုတ်တရတ်သတိရသွားပြီးမှ အခုနကတွေးမိလိုက်သောအတွေးကြောင့် ဟုန်ချန်ယဲ့ထိုးအန်ချင်သွားသည်။

"အော့"

All Chapters