← Chapters

ဒါဘယ်လိုအနေအထားကြီးလဲ?

Vol. 2 Ch. 20

ဒါဘယ်လိုအနေအထားကြီးလဲ?

Vol. 2 Ch. 20

ယဲ့ကျွင်းလင်နှုတ်ခမ်း နှစ်ချက် သုံးချက်မျှတွန့်သွားပြီး မေးလိုက်သည်။ "အဲ့ဒါဘာဖြစ်တာလဲ မင်းဆရာခြေထောက်ကနံတယ်ထင်လို့လား"

ဟုန်ချန်ယဲ့လည်း နည်းနည်းရှက်သွားမိသည်။ "ကျွန်တော်အဲ့လိုမထင်ပါဘူး"

သူမသက်မသာဖြစ်နေသည်ကို ဇွတ်ထိန်းချုပ်လျက် ယဲ့ကျွင်းလင်ခြေထောက်ကို သည်းခံဆေးကြောပေးပြီးနောက် သူ့ဘဝကြီးတစ်ခု အဓိပ္ပာယ်မဲ့နေသည်ဟုသာ ခံစားနေရတော့၏။

ထိုစဥ်က အလယ်ပိုင်းစီရင်စုတစ်ခုလုံး၏ ပိတ်ဆို့တိုက်ခိုက်မှုကြားမှ မရမကရုန်းကန်ထွက်ပြေးလာနိုင်သူ မီးလျှံနတ်ဆိုးဂိုဏ်းချုပ်သည် အခုအချိန်တွင် တစ်စုံတစ်ယောက်၏ခြေထောက်ကို နာခံစွာပွတ်တိုက်ဆေးကြောပေးနေမည်ဟု မည်သူထင်ပါမည်နည်း?

အဲ့တစ်စုံတစ်‌ယောက်ကတော့ လုံးဝအပြစ်သားပဲ!!

ယဲ့ကျွင်းလင် စိတ်ကျေနပ်စွာဖြင့် မျက်လုံးများကိုအနည်းငယ်မှေးစင်းလျက် ဇိမ်ခံလိုက်သည်။

ထိုက်ယီရေစင်မှာ စနစ်ထဲကိုမှန်မှန်ဝင်ခြင်းကြောင့်ရလာသော ရက်မှန်ဆုလာဘ်တစ်ခုမျှသာဖြစ်၏။ ပမာဏအလွန်များသဖြင့် သူအားတုန်းယားတုန်း ခြေထောက်ဆေးဖို့ နည်းနည်းယူသုံးလိုက်ရုံသာပင်။ ဘက်မလိုက်ဘဲပြောရလျှင်တော့ တပည့်လေး၏ညင်ညင်သာသာ ပြုစုပေးမှုကြောင့် အတော်လေးသက်တောင့်သက်သာရှိသွားရခြင်းပင်။

"ရေကနည်းနည်းအေးနေတယ် အပူပေးလိုက်ဦး"

"ဪ ဟုတ်လား"

ဟုန်ချန်ယဲ့စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

သူဇလုံထဲတွင်နှစ်ထားသောလက်မှ အပူထုတ်လွှတ်လိုက်သော် ထိုက်ယီအဆုံးမဲ့ရေသည် ချက်ချင်းပူနွေးသွားတော့၏။

"အား-"

"ကောင်းလိုက်တာကွာ"

ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များ ပွင့်ထွက်သွားသလိုခံစားရပြီး အလွန်သက်တောင့်သက်သာရှိစွာ ခေါင်းကို နောက်သို့လှန်ကာ ညည်းသံတစ်ချက်ပြုလိုက်သည်။

ထိုထူးဆန်းသောအော်ညည်းသံကို ကြားသောအခါ ဟုန်ချန်ယဲ့သည် ထိုသူအစား ရှက်ရွံ့သွားရပြီး မျက်လုံးကို လှန်ကာ စိတ်ထဲမှကျိန်ဆဲလိုက်သည်: "အကောင်းလွန်ပြီး သေသွားလိုက်ပါလား?!"

ထိုအချိန်တွင် တောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားသော သေးသွယ်သည့် ပုံရိပ်လေးတစ်ခုသည် တံခါးဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာသည်။

ကျောက်လင်အာသည် အလွန်ပျော်ရွှင်လို့နေပေ၏။၊ အကြောင်းမှာ ဤကာလအတွင်း ယဲ့ကျွင်းလင်၏ လမ်းညွှန်မှုကြောင့် သူမသည် နောက်ဆုံးတော့ ခန္ဓာကိုယ်အတွင်း စစ်မှန်သော စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားမိလာပြီး ချီသန့်စင်ခြင်းကျင့်ကြံဆင့်သို့ စတင်ဝင်ရောက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

အပြစ်ကင်းစင်ပြီး တက်ကြွပျော်မြူးလျက်ရှိသော ကျောက်လင်အာလေးသည် ဤသတင်းကို ရွှယ်ထျန်းဂိုဏ်း၏နတ်ဘုရားအရှင်ထံ အလျင်အမြန် ပေးပို့လိုပြီး ဆရာသခင်၏ချီးမွမ်းသံကို နားထောင်နိုင်ရန် မျှော်လင့်နေသည်။

ရုတ်တရတ်၊

ကျောက်လင်အာ၏ခြေလှမ်းများ ရပ်တန့်သွားရသည်။

လှပသောမျက်လုံးလေးများမှာ တစ်စုံတစ်ခုကို မယုံကြည်နိုင်ဟန် စိုက်ကြည့်လို့နေပြီး ချယ်ရီရောင်နှုတ်ခမ်းပါးလေးများမှာ ဝလုံးလေးကဲ့သို့ ဝိုင်းစက်သွားရလေ၏။

ဘုရားရေ ဘာတွေဖြစ်ကုန်ကြတာလဲ?

‌‌ကျောက်လင်အာ၏ဘက်မှကြည့်လျှင် ဟုန်ချန်ယဲ့၏နောက်ကျောလေးမှာ လွန်စွာထင်ထင်ရှားရှား မြင်နေရလေသည်။ ထိုနောက်ကျောပိုင်ရှင်လေးမှာ ယဲ့ကျွင်းလင်၏အရှေ့တွင် ဒူးထောက်ထိုင်ထားလျက် တစ်စုံတစ်ခုကို အတော်လေးကြိုးကြိုးစားစားလုပ်နေရပုံပင်။

ယဲ့ကျွင်းလင်ကတော့ အတော်လေးခံစားလို့ကောင်းနေသည့် မျက်နှာနှင့်။

ညစ်ညစ်ညမ်းညမ်းအတွေးများတွေးမိဖို့ အကောင်းဆုံးအခြေအနေပါပေ။

ကျောက်လင်အာသည် တစ်စုံတစ်ခုကို ချက်ချင်း တွေးမိသွားပြီး သူမ၏ နူးညံ့သော မျက်နှာလေးမှာမှာ မီးလိုနီရဲသွားရ၏။ ဤဆရာနှင့် တပည့်တို့မှာ နောက်ကွယ်တွင် ဤကဲ့သို့ ဆက်ဆံရေး ရှိလိမ့်မည်ဟု မထင်ထားပေ!

"ရှက်စရာကောင်းလိုက်တာနော်... ဆ- ဆရာက နှာဘူးကြီးပဲ အားးး"

ကျောက်လင်အာလေးမှာ မျက်နှာကိုအုပ်လျက် အသည်းအသန်ထွက်ပြေးသွားရကာ သူမ၏ငယ်ရွယ်သန့်ရှင်းသော စိတ်နှလုံးလေးမှာလည်း အကြီးအကျယ် ထိခိုက်ခံစားသွားရတော့သည်။

နှစ်ပေါင်းများစွာကြာသည်မထိ မပျောက်ပျက်နိုင်လောက်မည့် အတိတ်မည်းကြီးအဖြစ် ကျန်ရှိနေပေရော့မည်။

"လင်အာ ဟော ဒီကလေးမဘာဖြစ်သွားတာပါလိမ့်"

သူ၏ ကျင့်ကြံဆင့်အဆင့်ဖြင့်ဆိုလျှင် ယဲ့ကျွင်းလင်သည် ကျောက်လင်အာရောက်လာသည်ကို သတိပြုမိသည်မှာ သဘာဝပင်ဖြစ်သော်လည်း ထိုအချိန်တုန်းက နတ်ဆိုးဂိုဏ်းချုပ်လေး၏ ခြေဆေးဝန်ဆောင်မှုတွင် နစ်မြောနေသောကြောင့် ဂရုပြုရန်ပင် ပျင်းရိနေခဲ့ခြင်းဖြစ်၏။

ယဲ့ကျွင်းလင် ရုတ်တရတ်ခေါင်းငုံ့ကာ သူ့ ဦးဆုံးတပည့်ကြီး၏မျက်နှာသွင်ပြင်ကို တစ်ချက်ကြည့်လိုက်မိသည်။

ကောင်ငယ်လေး၏ အသားအရည်သည် ဖြူဖွေးနူးညံ့နေပြီး ပါးလွှာစိုစွတ်သော ညို့မျက်ခုံး၊ လှပစူးရှသော လူတကာငေးမောရမည့် ဖီးနစ်မျက်လုံး၊ မြင့်မားဖြောင့်စင်းသော နှာတံနှင့် တောက်ပသော နီရဲသော နှုတ်ခမ်းများ ရှိသည်။ ဤအင်္ဂါရပ်များကို ပေါင်းစပ်လိုက်သောအခါ တစ်ဖက်လူမျက်နှာလေးမှာ အကျင့်စရိုက်နှင့်ဆန့်ကျင်စွာ အလွန်နူးညံ့သိမ်မွေ့လာသည်။ နဖူးပေါ်ရှိ နီရဲသော မီးလျှံအမှတ်အသားသည် ပို၍ပင် ဆွဲဆောင်မှုရှိစေသည်။

ဒီမျက်နှာလေးကို ဘယ်သူကယောကျ်ားလေးလို့ ထင်မိမှာတဲ့လဲ?

ယဲ့ကျွင်းလင် သက်ပြင်းချလျက်ဆိုလိုက်သည်။ "ရှောင်ဟုန်ရေ မင်းမှာဘာလို့ကျားအင်္ဂါကြီးပါလာရတာလဲကွာ မင်းအတွက်စိတ်မကောင်းလိုက်တာ"

ဟုန်ချန်ယဲ့မှာ လွန်စွာအမျက်ထွက်လျက်ရှိတော့သည်။ သူ့အတွက်တော့ သေပင်သေပါစေ ခံနိုင်သေးသည်၊ အကြိမ်ကြိမ်အရှက်ခွဲခြင်းကိုတော့ သည်းမခံနိုင်။ ဒီအရှင်က မင်းခြေထောက်ကြီးကိုတောင် ပွတ်သပ်ဆေးကြောပေးခဲ့ပြီးပြီလေ။ လူကိုသင်းပါကွပ်စေချင်သေးတာလား?

သို့သော် တစ်ဖက်လူမှာသူ့ထက်အင်အားပိုကြီးနေသဖြင့် ဒေါသကိုမျိုသိပ်ကာ ရှေ့မှခြေထောက်များကိုသာ တိတ်တိတ်လေးပွတ်သပ်ဆေးပေးနေပြီး တိုးတိုးလေးရေရွတ်ကျိန်ဆဲနေမိသည်။ "ခွေးမသား ဒီအရှင်သာ ဘောင်းဘီချွတ်ပြလိုက်ရင် မင်းလန့်ပြီးသေတောင်သွားဦးမယ်"

နာရီဝက်မျှကြာသော်..

ထိုစဥ် ယဲ့ကျွင်းလင်သည် သူ့လက်မှ အသံလွှင့်ဆက်သွယ်ရေးလက်စွပ် တုန်ခါနေသည်ကို ခံစားလိုက်ရသည်။

"ဟမ်? ဂိုဏ်းချုပ်ဆီကစာလာတာပဲ"

အသံလွှင့်ဆက်သွယ်ရေး လက်စွပ်ကို ထုတ်ယူလိုက်သောအခါ လက်စွပ်မှ ရှယိုနျန်၏ စိတ်လှုပ်ရှားနေသော စိုးရိမ်တကြီးလေသံသံ ထွက်ပေါ်လာသည်။ "ဆရာတူညီလေးယဲ့ အမြန်ဂိုဏ်းကို ပြန်လာပြီး အရေးယူဆောင်ရွက်ရမယ့် နည်းလမ်းတွေ ဆွေးနွေးကြရအောင် မကြာသေးခင်က ဟွမ်ကျိုးပြည်နယ်မှာ ကိစ္စကြီးတစ်ခုဖြစ်သွားခဲ့တယ် ရှေးဟောင်းလျှို့ဝှက်နယ်မြေကြီးတစ်ခု မကြာခင် ပွင့်လာတော့မယ့်အရိပ်အ‌ယောင်တွေ မြင်နေရလို့ကွာ ရွှယ်ထျန်းဂိုဏ်းက အဲ့ဒီကနေ အကျိုးအမြတ်တွေရအောင်ယူနိုင်ရင် သေချာပေါက်လိုလေသေးမရှိအောင် ကြွယ်ဝချမ်းသာသွားတော့မှာ!"

"ရှေးခေတ် လျှို့ဝှက်နယ်မြေ?" ယဲ့ကျွင်းလင်သည် အနည်းငယ် အံ့သြသွားသည်။

ဟုန်ချန်ယဲ့မှာတော့ ပို၍ပင် တုန်လှုပ်သွားရ၏။

သူ့လို တော်ရုံအထင်မကြီးတတ်သူ နတ်ဆိုးအရှင်သည်ပင် ဤရှေးဟောင်းလျှို့ဝှက်နယ်မြေကို လျှော့မတွက်ဝံ့ပေ။ ၎င်းသည် ကျင့်ကြံရေးအရင်းအမြစ်များစွာကို ထောက်ပံ့ပေးနိုင်သော ရတနာမြေဖြစ်ပြီး သာမန်ကျင့်ကြံသူများကို ကံကြမ္မာပြောင်းလဲစေကာ နဂါးဂိတ်တံခါးကို ဖြတ်ကျော်၍ မသေမျိုးလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် အထောက်အကူပြုနိုင်သည်။

နားရှင်းအောင်ဆိုရလျှင် မသေမျိုးလျှို့ဝှက်လမ်းကြောင်းဟု ခေါ်ဆိုနိုင်ပေသည်။

သူသည် ထူးကဲသာလွန်သော အရင်းအမြစ်များကို ရယူနိုင်ပါက ယင်ယန်သုံးထောင်ဂါထာ၏ ကြောက်မက်ဖွယ်ရာအစွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံဆင့်သည် ယခုထက်ပို၍ပင် လျင်မြန်စွာ တိုးတက်လာမည်မှာ သေချာသည်။

"ဟွမ်ကျိုးလို ခေါင်ခိုက်နေတဲ့ပြည်နယ်မှာ ဒီလိုကောင်းတဲ့နေရာမျိုး ရှိမယ်လို့ မထင်ထားဘူး ဟွမ်ကျိုးက ကျင့်ကြံသူတွေအတွက် သတင်းကောင်းပဲ" ဟု ယဲ့ကျွင်းလင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဟုန်ချန်ယဲ့ စိတ်ထဲတွင် သရော်လိုက်သည်။ သူ၏ အတွေ့အကြုံများအပေါ်မူတည်သော ထင်မြင်ချက် ဤလျှို့ဝှက်နယ်မြေ ပေါ်ပေါက်ခြင်းသတင်းသည် ပျံ့ပွားမသွားအောင် ဖုံးကွယ်ထား၍ မရနိုင်ပေ။

အရှေ့ပိုင်းစီရင်စုရှိ အဓိကတာအိုပြည်နယ်များ၏ အင်အားစုများသည် ဝေစုရယူရန် လာရောက်ကြမည်ကို သူစိုးရိမ်မိသည်။ ဤဆင်းရဲနွမ်းပါးပြီး အားနည်းသော ဟွမ်ကျိုးပြည်နယ်လေးသည် လာရောက်လုယူသော ပြင်ကျင့်ကြံသူများကို မည်သို့ ပိတ်ဆို့နိုင်မည်နည်း? ဒေသခံကျင့်ကြံသူများအနေဖြင့် မျက်လုံးပြူးကြည့်နေရုံသာ တတ်နိုင်ပေမည်။

ဤလောကတွင် ခွန်အားကြီးသူသာအရာရာဖြစ်သည်။

ဝံပုလွေများသည် အသားစားရန် မိုင်ထောင်ချီ ခရီးနှင်နိုင်ကြသည်။ သို့သော် ခွေးအများအတွက်ကကော? ၎င်းတို့သည် မစင်များကိုသာ ခိုးကြောင်ခိုးဝှက်စားသုံးရန် ထိုက်တန်ကြသည်ပင်။

တင် တာဝန်အသစ်ပေါ်ထွက်လာပါပြီ ပိုင်ရှင်အနေနဲ့ လော့ထျန်းလျှို့ဝှက်နယ်မြေကိစ္စမှာ ဝင်ရောက်ပါဝင်ပေးမယ်ဆိုရင် အရမ်းကိုမှအံ့အားသင့်စရာကောင်းတဲ့ ဆုလာဘ်မွန်ကောင်းတွေ ရရှိမှာပါရှင့်

စနစ်၏ ခပ်ချွဲချွဲအသံလေးက မြူးကြွစွာထွက်‌ပေါ်လာသည်။

"အင်း.. ဒီတစ်ခေါက်ရော ဘာဆုလာဘ်များဖြစ်ဦးမလဲ"

တင် ဟိဟိ မပြောပြပါဘူးနော်

"လူဆိုးမလေး"

ယဲ့ကျွင်းလင်က နှုတ်ခမ်းတစ်ချက်တွန့်လျက်ဆိုလိုက်သည်။

တာဝန်ဖြစ်နေသောကြောင့် ဒီတစ်ခေါက် လော့ထျန်းလျှို့ဝှက်နယ်မြေကိစ္စကိုတော့ သူတစ်ချက်ဝင်ကြည့်ရမည်ဖြစ်ပြီး ပိုမိုဆန်းသစ်သောဆုလာဘ်ကိုရဖို့ မျှော်လင့်မိပေသည်။

ခြေထောက်စိမ်ခြင်းလုပ်ငန်းကို အပြီးသတ်ခဲ့ပြီးနောက် ယဲ့ကျွင်းလင်သည် ကျောက်လင်အာကို ခေါ်ကာ ဝေ့ပြည်ထောင်မှ ထွက်ခွာရန် ပြင်ဆင်ခဲ့လိုက်၏။

"မင်းခမည်းတော်ကို နှုတ်ဆက်လိုက်ပါဦး နောင်မှာပြန်လာဖို့ ခဲယဉ်းလိမ့်မယ်"

နန်းတော်အတွင်း၌ ယဲ့ကျွင်းလင်သည် ကလေးမလေးကို ညင်သာစွာ ပြောလိုက်သည်။

ဆံပင်တွေ ကြောင်တိကြောင်ကြားဖြူနေပြီး အနည်းငယ် အိုမင်းနေပြီဖြစ်သော သူမ၏ခမည်းတော်ကို ကြည့်ရင်း ကျောက်လင်အာသည် မထိန်းနိုင်စွာ ဝမ်းနည်းလာမိတော့၏။

သူမငယ်စဉ်က ခမည်းတော်၏ လည်ကုပ်ပေါ်တွင် ခွစီးကာဆော့ကစားခဲ့သည့် မြင်ကွင်းကို ပြန်အမှတ်ရမိသည်။ ထိုအချိန်က သူမ၏ခမည်းတော်သည် ယခုကဲ့သို့ မအိုမင်းသေးပေ။

"ခမည်းတော်၊ လင်အာ ဒီမှာနေပြီး ခမည်းတော်ကို အဖော်ပြုသင့်တာနော်" ဟု ကျောက်လင်အာ တုန်ယင်စွာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ!"

ဝေ့ဧကရာဇ်က မျက်နှာထားတင်းတင်းဖြင့် မုတ်ဆိတ်ကိုပွတ်သပ်ကာဆိုသည်။ "ခမည်းတော်ကသေသွားတာမှမဟုတ်တာ ပြီးတော့ ရွှယ်ထျန်းဂိုဏ်းကိုဝင်ရတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ သူတကာတွေအိပ်မက်မက်လို့တောင်မရတဲ့ကိစ္စ အခွင့်အရေးကို ရတုန်းတန်ဖိုးထားပြီး ဘာကိုမှနှောင့်နှေးမခံနဲ့"

"အင်းပါ" ကျောက်လင်အာ ခေါင်းညိတ်ရုံမှလွဲလို့ တစ်ခြားရွေးချယ်စရာမရှိပေ။

ဝေဧကရာဇ်သည် ယဲ့ကျွင်းလင်ကို လက်အုပ်ချီကာ မျှော်လင့်ချက်များဖြင့်ကြည့်ရင်း "နတ်ဘုရားအရှင်၊ ကျွန်တော် အရှင့်ရဲ့သွန်သင်ဆုံးမမှုတွေကို အမြဲအမှတ်ရနေပြီး ပြည်သူကို ဂရုတစိုက်ကြည့်ရှုပေးတဲ့ ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါးဖြစ်အောင် နေထိုင်ပါ့မယ် အရှင်လည်း ကျွန်‌တော့်ရဲ့ သမီးငယ်လေးကို ဂရုစိုက်ပေးတော်မူပါ" ဟု လျှောက်ထားလာသည်။

ယဲ့ကျွင်းလင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။ "လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာဆိုတာ ရှိတယ် သူရွှယ်ထျန်းဂိုဏ်းကို ဝင်လို့တော့ နစ်နာစရာမရှိဘူး ဒါပေမဲ့ ကျင့်ကြံရေးခရီးမှာ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ သူကိုယ်တိုင်အပေါ်မှာ မူတည်တယ်"

"အရှင်ပြောတာ မှန်ကန်ပါပေတယ်"

ဤသို့ဖြင့် နှုတ်ဆက်စကားဆိုပြီးသော် ကျောက်လင်အာသည် ယဲ့ကျွင်းလင် ဖန်တီးထားသော တိမ်မြူများပေါ်သို့ တက်သွားပြီး တိမ်မြူများ ဖြည်းဖြည်းချင်း မြင့်တက်လာသည်နှင့် သူမသည်လည်း မျက်ရည်များဖြင့် ဝိုင်းဝိုင်းလည်လာတော့ကာ လက်ဝှေ့ယမ်းလျက် နှုတ်ဆက်လိုက်သည်။ "ခမည်းတော် သမီး အချိန်ရရင် ပြန်လာတွေ့ပါ့မယ်!"

ဝေဧကရာဇ်သည် ကျေနပ်သော အပြုံးကို ပြသပြီးနောက် မျက်နှာကို တည်တင်းလိုက်ကာ အမတ်များကို ဦးဆောင်၍ မြေပေါ်တွင် ဒူးထောက်ကာ လေးနက်စွာ အော်ဟစ်လိုက်ကြသည်။

"နတ်ဘုရားအရှင်ကို လေးစားစွာ ပို့ဆောင်ပါသည်!"

အော်ဟစ်သံများသည် လှိုင်းလုံးများကဲ့သို့ လုံးထွေးကာ နန်းတော်အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လို့နေ၏။

ဝေ့တိုင်းပြည်နှင့် တဖြည်းဖြည်း ဝေးကွာသွားချိန်တွင် ကျောက်လင်အာသည် မျက်ရည်များကို သုတ်ကာ ထို ဆရာနှင့်တပည့်နှစ်ဦးကို ဂရုတစိုက် ကြည့်လိုက်သည်။

အထူးသဖြင့် သူမ၏ မျက်လုံးများသည် ဟုန်ချန်ယဲ့ဆီသို့ ရောက်သွားသောအခါ ထိုလှပသော မျက်နှာနှင့် ဆန့်ကျင်ဘက် အေးစက်သော စိတ်နေစိတ်ထားကြောင့် ကျောက်လင်အာကို လက်မကိုင်မိ ခြေမကိုင်မိဖြစ်စေကာ သက်ပြင်းသာချမိတော့သည်။

"အစ်မဟုန်ကသိပ်လှပေမယ့် စကားပြောရတာကိုမကြိုက်ဘူးပဲ"

ရုတ်တရက် သူမသည် မတော်တဆ တွေ့မြင်ခဲ့သော မြင်ကွင်းကို ပြန်အမှတ်ရသွားပြီး မျက်နှာလှလှ‌လေးနီရဲတွတ်သွားရကာ တိတ်တဆိတ် ခေါင်းငုံ့လိုက်ရသည်။

ဟုန်ချန်ယဲ့သည် ဤမိန်းကလေး၏ ထူးဆန်းမှုကို သတိပြုမိသွားကာ မျက်လုံးထဲတွင် သံသယအနည်းငယ် ပေါ်လာသော်လည်း မေးခွန်းထုတ်ရန်ပျင်းရိလှ၏။

တကယ်ကို နားမလည်နိုင်စရာတွေပါလား...

ချင်းကျိုးပြည်နယ်၊ ယွီဟွားဂိုဏ်းတွင်....

ထိပ်သီးကျင့်ကြံသူကြီး အရှင်ကျွီးယန်သည် လက်နှစ်ဖက်ကိုနောက်ပစ်ထားကာ သူ၏ တစ်ကိုယ်လုံးမှာ မှိုင်းညို့သော ရွှေရောင်မြူခိုးများဖြင့် ဖုံးလွှမ်းလို့နေပြီး ခန့်ညားထည်ဝါသော အသံသည် တိုးတိတ်နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။ "ငါစုံစမ်းခိုင်းထားတဲ့ သူလျှိုတွေရဲ့ သတင်းအရ မင်းအဖေရဲ့ဖုန့်လဲ့ဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ ရွှယ်ထျန်းဂိုဏ်းက မြူခိုးတောင်ထိပ်သခင်ရဲ့လက်ချက်ပဲ"

ဘုန်း!

နေရောင်ခြည်များလင်းလက်နေသကဲ့သို့ ထွန်းလင်းတောက်ပသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်လေးမှာ ဒေါသတကြီး ပြိုလဲသွားရပြီး နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာတော့၏။ သူ၏ မျက်လုံးများမှ ရန်သူကို စုတ်ဖြဲသတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ရစ်သိုင်းလျက်ရှိလေသည်။

အစိုးရိမ်ဆုံးအရာ ဖြစ်ပျက်ခဲ့လေပြီ၊ ဖခင်ဖြစ်သူ သေဆုံးသွားလေပြီ!

ချန်ရှောင်းသည် အံတင်းတင်းကြိတ်ကာ မုန်းတီးစွာဖြင့် မေးလိုက်သည်။ "ဒီလူက ဘယ်ကျင့်ကြံဆင့်ကလဲ?"

အရှင်ကျွီးယန်က ပြန်ဖြေလာသည်။ "ကောလဟာလတွေအရဆိုရင် သူက ဟွမ်ကျိုးပြည်နယ်က အသစ်တက်လာတဲ့ ဝိဉာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်တဲ့"

"ဝိဉာဥ်သန္ဓေတဲ့လား?"

ချန်ရှောင်သည် ဒေါသတကြီး ရယ်မောလိုက်ပြီး ကြိမ်းဝါးသည်။ "ဝိဉာဥ်သန္ဓေအဆင့်လောက်ကတော့ ကြက်သတ်တာထက်တောင် ပိုလွယ်နေဦးမယ်!!"

All Chapters