← Chapters

ပြင်ပကကျင့်ကြံသူများ၏ စွမ်းအား

Vol. 2 Ch. 21

ပြင်ပကကျင့်ကြံသူများ၏ စွမ်းအား

Vol. 2 Ch. 21

အရင်တစ်ချိန် ယွီဟွာဂိုဏ်းသို့ မဝင်ရောက်ခင်တုန်းကတော့ ဝိဉာဥ်သန္ဓေကျင့်ကြံသူဆိုလျှင် လိုက်မီဖို့ပင်မဖြစ်နိုင်သောကျင့်ကြံသူကြီးများဟု သူထင်မှတ်ခဲ့ဖူးလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသေးငယ်သော ဟွမ်ကျိုးပြည်နယ်လေးတွင် ဝိဉာဥ်သန္ဓေကျင့်ကြံသူဆိုသည်မှာ လွန်စွာရှားပါးလှသောကြောင့်ပင်။

နောက်ပိုင်းတွင် ဟွမ်ကျိုးပြည်နယ်မှထွက်ခွာပြီး ယွီဟွာဂိုဏ်းသို့ဝင်ရောက်ပြီးနောက်၊ ကမ္ဘာကြီး မည်မျှကျယ်ပြန့်ကြောင်းကို သူသဘောပေါက်ခဲ့ရသည်။ သူတစ်ချိန်က လက်လှမ်းမမီနိုင်လောက်အောင် မြင့်မြတ်သည်ဟု ယူဆခဲ့သော ဝိဉာဥ်သန္ဓေကျင့်ကြံသူများမှာ ဤနေရာတွင်တော့ အမှန်တကယ် သာမန်အဆင့်သာ ဖြစ်နေခဲ့သည်ပင်။

နေ့စဉ်နှင့်အမျှ ကျင့်ကြံအားထုတ်ခြင်းဖြင့် ချန်ရှောင်း၏ ကျင့်ကြံဆင့်သည်လည်း တဟုန်ထိုး တိုးတက်လာခဲ့၏။ သူ၏အတွေးအမြင်များ ကျယ်ပြန့်လာပြီး ဂိုဏ်းတွင် နေရာပေးခံလာရသည်နှင့်အမျှ သူသည် ဟွမ်ကျိုးပြည်နယ်မှာ ကျင့်ကြံသူများကို ပို၍ပင် အထင်သေးလာမိကာ ဟွမ်ကျိုးဇာတိဖြစ်သော သူ၏ မူလဇစ်မြစ်ကိုပင် စက်ဆုပ်ရွံရှာလာခဲ့သည်အထိ။ ဤအကြောင်းကြောင့်ပင် သူသည် နှစ်ပေါင်းများစွာ ပြန်မလာခဲ့ခြင်းပေ။

သို့သော် လုံးဝထင်မှတ်မထားခဲ့စွာပင် ဂိုဏ်းငယ်လေးတစ်ခုမှ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးက သူ့အဖေ၏ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ဖျက်ဆီးသွားခဲ့သည်တဲ့လေ။

ဖခင်ကို သတ်သော အမုန်းတရားဆိုသည်မှာ ပြေငြိမ်းနိုင်စရာ မရှိပါ!

"ဆရာသခင် အကြီးအကဲမူရောဘယ်လိုလဲ သူ့ကိုဘယ်သူကအန္တရာယ်ပြုလိုက်တာလဲ" ချန်ရှောင်းရုတ်တရတ်သတိရပြီး အလေးအနက်မေးလိုက်သည်။

အကြောင်းမှာ ဤကိစ္စသည် သူနှင့် သွယ်ဝိုက်သောနည်းဖြင့် ဆက်စပ်နေသောကြောင့် ဂိုဏ်း၏ အကြီးအကဲများက သူ့ကို အနည်းငယ် ဝေဖန်ပြစ်တင်ခဲ့ကြပြီး ၎င်းသည် သူ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ထိခိုက်စေနိုင်သည်ပင်။ စက္ကူဖြူပေါ်မှ အစွန်းအထင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤအချက်ကြောင့် ချန်ရှောင်းအတော်လေး စိတ်မအေးနိုင်ခဲ့ရပေ။

အရှင်ကျွီယန်းကခေါင်းကိုအသာယမ်းကာ ပြောသည်။ "အဲ့ကိစ္စကအခုထိတော့မရှင်းသေးပေမယ့် ဒီအတိုင်းဆိုရင် ရွှယ်ထျန်းဂိုဏ်းနဲ့ အများဆုံးဆက်စပ်နေတာပဲ ဒါပေမယ့် အဲ့လိုဂိုဏ်းငယ်လေးက အကြီးအကဲမူတစ်ယောက်လုံးကို ဘယ်လိုသတ်နိုင်မှာတဲ့လဲ သူတို့ရဲ့မြူခိုးတောင်ထိပ်သခင်အားကိုးနဲ့လား မဖြစ်နိုင်ဘူး"

"ဒီလိုဆိုရင်တော့ လူသတ်သမားက တစ်ခြားတစ်ယောက်ပဲ" ချန်ရှောင်းက ပြတ်သားစွာကောက်ချက်ချသည်။

အကြီးအကဲမူ၏သေဆုံးခြင်းနှင့် ယဲ့ကျွင်းလင်ကို သူမည်သို့မှဆက်စပ်လို့မရနိုင်ပေ။ ကျင့်ကြံဆင့်အရရော အင်အားအရပါ မဖြစ်နိုင်ချေ။

သိထားရမှာ တစ်ခုရှိသည်။

ယွီဟွားဂိုဏ်းဆိုသည်မှာ အ‌ရှေ့ပိုင်းစီရင်စုတစ်ခုလုံး၏ အထွဋ်အမြတ်ထားရာ ကျင့်ကြံရေးရတနာနယ်မြေတစ်ခုဖြစ်၏။ ဤနေရာမှ ထွက်ပေါ်လာသော ကျင့်ကြံသူများအားလုံးသည် ကြီးမြတ်သော နတ်ဘုရားတို့၏ တန်ခိုးအာဏာများဖြင့် ကောင်းချီးပေးခံထားရသူများဖြစ်သည်။ ဟွမ်ကျိုးလို အရိုင်းအစိုင်းနယ်မြေကကျင့်ကြံသူများနှင့် မည်သို့ယှဥ်နိုင်ပါမည်နည်း?

မည်သို့ပင်ဆိုစေ ရွှယ်ထျန်းဂိုဏ်းကတော့ သေချာပေါက် အဖျက်ဆီးခံရပေမည်။

အဲ့ဒီ မြူခိုးတောင်ထိပ်သခင်ဆိုတဲ့ကောင်လည်း သေကိုသေရမယ်!

"ဒီတစ်ခါ ဟွမ်ကျိုးပြည်နယ်မှာ ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခု ပေါ်လာတာနဲ့ တိုက်ဆိုင်သွားတယ် ဂိုဏ်းက မင်းနဲ့အတူ အကြီးအကဲအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အတူစေလွှတ်လိမ့်မယ် မှတ်ထား မင်းက ယွီဟွားကို ကိုယ်စားပြုတယ် အဲဒီအချိန်မှာ တခြားအဓိကအင်အားစုတွေရဲ့ အဖွဲ့တွေနဲ့ လက်ရည်ယှဥ်ရလိမ့်မယ် လက်စားချေတဲ့ ကိစ္စကိုတော့ ပြီးမှလုပ် ဘာကို အရေးကြီးတယ်ဆိုတာ ခွဲခြားသိမြင်နိုင်မယ်လို့ မျှော်လင့်တယ် နားလည်လား"

အရှင်ကျွီယန်းက အလေးအနက် သြဝါဒခြွေလေသည်။

ဆရာသခင်ကိုယ်တိုင် သေသေချာချာမှာကြားထားသည့်ကိစ္စဖြစ်တာကြောင့် ချန်ရှောင်းလည်း ဤကိစ္စ၏အရေးပါပုံကိုလျှော့မတွက်ရဲတော့ဘဲ တသွေမတိမ်းနာခံဖို့သာ စဥ်းစားထားလိုက်တော့၏။

သူက တည်ကြည်ပြတ်သားသောမျက်လုံးများဖြင့် လက်သီးနှစ်ဖက်ကိုဆုပ်လိုက်ကာ အရိုအသေပြုသည်။ "တပည့် နာခံပါ့မယ်"

"သွားတော့"

"ဟုတ်ကဲ့"

ထွက်ခွာသွားသော ချန်ရှောင်း၏ကျောပြင်ကို ကြည့်ရင်း အရှင်ကျွီယန်းကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤသူသည် ဂိုဏ်းပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သော သူ၏ အားအရဆုံး တပည့်ဖြစ်လေသည်။ ဆရာတစ်ယောက်အနေဖြင့် သူသည်လည်း ဂုဏ်သတင်း‌ကျော်ကြားခြင်းကို ခံစားခဲ့ရသည်မဟုတ်လော။

"ဒီတစ်ခါ ရှေးဟောင်းနယ်မြေရဲ့ ကျင့်ကြံရေးအမွေအနှစ်တွေနဲ့ဆိုရင် ဒီအရှင်က အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံဆင့်ရဲ့ လည်ချောင်းဝကနေ အတားအဆီးကို ချိုးဖျက်ပြီး ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်ကို ရောက်ဖို့ ယုံကြည်ချက်အပြည့်ရှိတယ်!"

ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူကို မြင့်မြတ်သောအရှင်လို့ ကင်ပွန်းတပ်ပြီး ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူကို ကောင်းကင်ဘုံအရှင်၊ အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံသူကိုတော့ ထိပ်သီးကျင့်ကြံသူအရှင်ဟု ခေါ်ဆိုကာ ‌ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံသူကိုတော့ မသေမျိုးအရိပ်ဟု ခေါ်ဆိုကြပေသည်။

မသေမျိုး ဟူသော ဂုဏ်ပုဒ်နှင့် ဆက်စပ်တွဲဖက်ခံနေရပြီဆိုကတည်းက ဤကျင့်ကြံဆင့်မှာ မည်မျှမြင့်မားနေပြီဖြစ်မှန်း လူတိုင်းသိနိုင်ပါသည်။

ဟွမ်ကျိုးပြည်နယ်သည် အရှေ့ပိုင်းစီရင်စုတွင် အခေါင်ဆုံးနှင့် လူသတိထားမခံရဆုံး တာအိုကျင့်ကြံရေးပြည်နယ်တစ်ခုဖြစ်သော်လည်း ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခုကြောင့် ရုတ်တရက် နာမည်ကျော်ကြားလာခဲ့သည်။

မသေမျိုးမင်းဆက်များ၊ ကျင့်ကြံရေးမိသားစုများနှင့် ဂိုဏ်းအမျိုးမျိုးတို့သည် လူအများကိုထိတ်လန့်အံ့သြသွားစေသော ဤသတင်းကို ရရှိခဲ့ကြသည်။ သူတို့အားလုံးလည်း အံ့အားသင့်နေရသလို စိတ်လှုပ်ရှားကာ လက်ဦးမှုရယူရန် စိတ်အားထက်သန်နေကြ၏။

"ဘာထဖြစ်တာလဲဟ ဟွမ်ကျိုးပြည်နယ်မှာ မသေမျိုးအမွေအနှစ်တွေ တကယ်ကြီးရှိနေတာလား အဲ့ပြည်နယ်က အမြဲနောက်ကောက်ကျပြီး ခြောက်သွေ့အက်ကွဲနေတဲ့အရိုင်းအစိုင်းမြေမဟုတ်ဘူးလား"

"ရုတ်တရတ်ကြီး ထကံကောင်းနေကြတာပဲ ဟွမ်ကျိုးကကျင့်ကြံသူတွေတော့ ဒီတစ်ခါပွပေါက်တိုးပြီ"

"ဟားဟားဟား တာအိုရောင်းရင်းရာ မင်းက တော်တော်တုံးသားပဲ ဟွမ်ကျိုးက ကျင့်ကြံသူတွေဆိုတာ အမြဲတမ်း ဆင်းရဲနွမ်းပါးပြီး အားနည်းနေကြတာ ဒီလို မသေမျိုးအမွေအနှစ်တိုက်ကြီးက သူတို့လက်ထဲ ဘယ်လိုရောက်နိုင်မှာလဲ?"

"ဟုတ်တယ်၊ အရှေ့ပိုင်းစီရင်စုရဲ့ ထိပ်တန်း အင်အားစုကြီးတွေတောင်မှ အဲ့ဒီအရင်းအမြစ်တွေကို လုယက်ဖို့ အဖွဲ့တွေ စေလွှတ်ကြတော့မတဲ့ ဟွမ်ကျိုးက ကျင့်ကြံသူတွေကတော့ မတတ်သာဘဲ ထိုက်ကြည့်နေရတော့မယ်!"

"ဘာတွေလေပေါနေကြတာလဲ ငါတို့လည်းမြန်မြန်သွားကြစို့ မဟုတ်ရင်အမွေအနှစ်လည်း အနံ့လေးတောင်ကျန်မှာမဟုတ်တော့ဘူး"

အရှေ့ပိုင်းစီရင်စု၏ တာအိုပြည်နယ်များအနှံ့တွင်တော့ စစ်သင်္ဘောများသည် နေရာတိုင်းတွင် ကောင်းကင်ကို ဖြတ်သန်းသွားလာနေသည်ကို တွေ့မြင်နိုင်ပြီး မြင်းစီး၍တစ်ဖုံ ဓားဖြင့်ပျံသန်း၍တစ်နည်း စသဖြင့် အမျိုးစုံသောနည်းလမ်းတို့ကိုအသုံးပြုကာ ဟွမ်ကျိုးပြည်နယ်သို့ တည့်တည့် ဦးတည်နေကြတော့၏။

ယခုအချိန်တွင် လော့ထျန်းလျှို့ဝှက်နယ်မြေသည် တရားဝင် မဖွင့်လှစ်သေးသော်ငြား အပြင်ဘက်တွင်တော့ ကျင့်ကြံသူအပေါင်းဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ကျင့်ကြံသူများ၏ ပုံရိပ်များကို ကောင်းကင်နှင့် မြေပြင်တွင် နေရာတိုင်း၌ တွေ့မြင်နိုင်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်တက်ကြွပြီး ဆူညံလျက်ရှိသည်။

ဟုတ်ပါတယ်၊ သူတို့အားလုံးက ဟွမ်ကျိုးပြည်နယ်ကက ဒေသခံကျင့်ကြံသူတွေပါပဲ၊ အနီးဆုံးဖြစ်တဲ့အတွက်ကြောင့် ပထမဆုံး ရောက်လာကြတာပဲပေါ့။

"ဒီတစ်ခါ လျှို့ဝှက်နယ်မြေပေါ်ပေါက်လာတော့ အဓိကဂိုဏ်းကြီး ငါးခုထဲက လေးခုတောင် ရောက်နှင့်နေပြီ‌ဟေ့!"

"ဟမ် ရွှယ်ထျန်းဂိုဏ်းဘာလို့ မလာသေးတာလဲ? သူတို့ လက်လျှော့တော့မလို့လား"

"မဟုတ်လောက်ဘူးနော ဘာပဲဖြစ်ဖြစ် သူတို့က ဖုန့်လဲ့ဂိုဏ်းကို သိမ်းပိုက်ထားပြီးပြီဆိုတော့ သူတို့ရဲ့အင်အားစုက ဟွမ်ကျိုးပြည်နယ်မှာ အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရနေတယ်"

ရုတ်တရတ် လှိုက်လှဲသောရယ်သံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့သွားပြီး စုရုံးနေကြသော ကျင့်ကြံသူအများမှာ ကြောက်ရွံ့တုန်လှုပ်သွားသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြ၏။

"ဝိဉာဥ်အဆင့်တက်ခြင်း ဝိဉာဥ်အဆင့်တက်ခြင်းနတ်ဘုရားအရှင်ပဲ"

လူတိုင်း၏ ဦးရေပြားများမှာ ကြောက်စိတ်ဖြင့် ထုံကျင်သွားပြီး ရေခဲခန်းထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

တောင်ဖြိုဂိုဏ်းချုပ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ဘိုးဘေးက သီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာပြီပဲ!"

ကောင်းကင်ထက်တွင် ခပ်ပွပွဝတ်ရုံကို ဝတ်ဆင်ထားသော နတ်ဘုရားဆန်သော အသွင်အပြင် သွေးရောင်လွှမ်းသော မျက်နှာပြင်နှင့် လက်နှစ်ဖက်ကို နောက်ဘက်သို့ ပစ်ထားသော အဘိုးအိုတစ်ဦးသည် ခြေလှမ်းများကို တစ်လှမ်းခြင်း လှမ်းလာခဲ့လေသည်။

သူ၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ စူးရှထက်မြက်ပြီး တည့်တည့်စိုက်ကြည့်ရန် ခက်ခဲကာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကျင့်ကြံရေးအငွေ့အသက်သည်လည်း အလွန်ထူထဲသိပ်သည်းလှ၏။

"ဒီအဘိုးကြီးက ဒီနေ့မှ တရားကျင့်ကြံခြင်းကနေ ထွက်လာပြီး ဒီမှာ ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခု ‌ပေါ်ပေါက်တယ်လို့ ကြားမိတာပဲ ဒါဟာ ကံကြမ္မာရဲ့ အလိုတော်နဲ့ တူတယ်!"

"ဒီတစ်ခါ လျှို့ဝှက်နယ်မြေကို ငါတို့ တောင်ဖြိုဂိုဏ်းက အရင်ဆုံး ဝင်ရမယ် ဒီနေရာမှာရှိတဲ့ တာအိုရောင်းရင်းတွေ မကျေနပ်တဲ့သူရှိရင် ထရပ်နိုင်တယ် ဒီအဘိုးအိုက နောက်ဆုံးအချိန်အထိ မင်းတို့နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ပေးပါ့မယ်!"

တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးဖြစ်သူ ဖုန့်အိုးယန် က ကောင်းကင်ယံမှစီးမိုး၍ ကြွေးကြော်လိုက်သောကြောင့် မိုင်တစ်ရာပတ်လည်လောက်ရှိ ကျင့်ကြံသူများမှာ ချာချာလည်မူးမိုက်သွားသလို ခံစားလိုက်ရသည်အထိ။

ရှည်လျားသော သီးသန့်ကျင့်ကြံခြင်းကာလအပြီးတွင် သူသည် နောက်ဆုံးမှာတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်သို့ ခက်ခဲစွာ တက်ရောက်နိုင်ခဲ့လေသည်။ စိတ်ထဲတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများ ပြည့်နှက်နေသည့်အပြင် သူ၏ အရည်အချင်းများကို ထုတ်ဖော်ပြသလိုသော ဆန္ဒလည်း ရှိနေသည်ပင်။

"ဘိုးဘေးက ကြီးမြတ်လှပါတယ် ဘိုးဘေးက တုနှိုင်းမဲ့လှပါတယ်!"

တောင်ဖြိုဂိုဏ်းမှာ ကျင့်ကြံသူဂိုဏ်းသားတစ်စုသည် မြူးကြွစွာအော်ဟစ်အားပေးနေကြပြီး သူတို့အားလုံးမှာ ဂုဏ်ယူလို့မဆုံး တပြုံးပြုံးဖြစ်နေကြတော့၏။

"မင်းတို့ ကျေနပ်ကြသလား ပြောစရာရှိသေးလား?"

ဖုန့်ချွှီယန်၏ မျက်လုံးများသည် စုရုံးနေသောကျင့်ကြံသူအပေါင်းကို မထီမဲ့မြင်ပြုနေဟန်ရှိကာ လေသံမှာ ခပ်တင်းတင်းနှင့် အထက်စီးဆန်လျက်ရှိသည်။

ကောင်းကင်ဓားသွားဂိုဏ်း၊ မြစ်မင်းနန္ဒာဂိုဏ်းနှင့် ပီတိဝေဖြာဂိုဏ်းတို့မှ ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြပြီး မျက်လုံးများတွင် နက်ရှိုင်းသော ရိုသေလေးစားမှုများဖြင့်သာ ဘိုးဘေးကို မော်ကြည့်နေရတော့လေသည်။

ဝိဉာဥ်အဆင့်တက်ခြင်း နတ်ဘုရားအရှင်ပဲလေ။

ဒါက ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူတစ်ဦးရဲ့ လွှမ်းမိုးနိုင်မှုပါပဲ!

ဝိဉာဥ်သန္ဓေကျင့်ကြံသူတောင် ရှားပါးလှတဲ့ ဟွမ်ကျိုးပြည်နယ်မှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာတာဟာ ငါးတွေအပြည့်နဲ့ ရေအိုင်ထဲကို ရက်စက်ကြမ်းကြိုတ်တဲ့ မိကျောင်းတစ်ကောင် ရောက်လာသလိုပါပဲ!

ဒါဟာ လုံးဝ မယှဉ်နိုင်တဲ့ တည်ရှိမှုမျိုးပါပဲ!

ဟွမ်ကျိုးပြည်နယ်ရဲ့ ကျင့်ကြံဆင့်စံချိန်ကို ချိုးဖျက်ခဲ့တဲ့ တောင်ဖြိုဂိုဏ်းဘိုးဘေးကို ဟွမ်ကျိုးပြည်နယ်က ကျင့်ကြသူတွေက သမိုင်းတွင်တဲ့ မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ရေးထိုးကြပါလိမ့်မယ်!

"မြင့်မြတ်တဲ့အရှင်ရဲ့ အမိန့်တော်ကို ရိုသေစွာ နာခံပါတယ်" ကောင်းကင်ဓားသွားဂိုဏ်းချုပ်၏ မျက်လုံးများတွင် အနည်းငယ် မလိုလားသည့် အရိပ်အယောင်များ ခေတ္တဖြတ်ပြေးသွားပြီးမှ သက်ပြင်းချကာ ရှေ့ကိုတိုးလာပြီး လက်အုပ်ချီ ဦးညွှတ်လိုက်တော့၏။

ကျန်ဂိုဏ်းချုပ် သုံးဦးလည်း မတတ်သာစွာ လိုက်လျောလိုက်ရပြီး တညီတညွတ်တည်း ပြောလိုက်ကြတော့သည်။

"မြင့်မြတ်တဲ့အရှင်ရဲ့ အမိန့်တော်ကို ရိုသေစွာ နာခံပါမယ်!"

ဒါကိုမြင်တော့ ကျန်သော အလွတ်တမ်းကျင့်ကြံသူများလည်း ထိုအတိုင်းသာလိုက်နာရန်ဆုံးဖြတ်လိုက်ကြပြီး ဒီတစ်ခါ အခြေအနေမှာတော့ ဦးဆုံးဝင်မယ့်သူကို အတိုက်အခိုက်မရှိ ဆုံးဖြတ်ပြီးသွားကြောင်း သိလိုက်ကြရသည်။

ကောင်းကင်ယံတွင်ရှိနေသော ကျင့်ကြံသူအားလုံးဟာလည်း မြေပြင်ပေါ်သို့ သတိရှိရှိ ဆင်းသက်လာခဲ့ကြသည်။ ဖုန့်အိုးယန် နှင့် ပခုံးချင်းယှဉ်ပြီး ကောင်းကင်မှာ ပျံဝဲဖို့ မည်သူမှမဝံ့ရဲကြပါချေ။ မကြာသေးခင်ကမှ အဆင့်တက်ချိုးဖျက်ထားသည့် မြင့်မြတ်သောအရှင်ကို မည်သူမျှ ဒေါသဆွဖို့မရဲကြပါ။

ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူကို ဘယ်သူက ယှဉ်နိုင်မှာတဲ့လဲ?

"ဟားဟားဟား… …"

မျှော်လင့်ထားသည့်အတိုင်း အစစအရာရာအဆင်ပြေသွားသည့်အတွက် ဖုန့်အိုးယန် က ပျော်ရွှင်မှု အပြည့်ဖြင့် အော်ရယ်လိုက်လေသည်။

ဒီနေ့ကစပြီး သူဟာ ဟွမ်ကျိုးပြည်နယ်မှာ တကယ်ကို နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာပြီလေ!

ထိုအချိန်မှာပဲ မရေမတွက်နိုင်လောက်အောင်များပြားသည့် စိမ်းသက်ပြီး အားကောင်းသော အငွေ့အသက်များဟာ လှိုင်းလုံးတွေလို အရပ်မျက်နှာအနှံ့ကနေ စုရုံးလာကြလေသည်။

"ဒါ ဘာဖြစ်တာလဲ!"

ဖုန့်အိုးယန် မှာတော့ မတ်တပ်ရပ်ဖို့တောင် မနည်းထိန်းနေရသည့်အခြေအနေပင်။ သူ ဒေါသထွက်တော့မည့်အချိန်တွင် သူ့ဘဝမှာ တစ်ခါမှ မမြင်ဖူးခဲ့သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရကာ ချက်ချင်း ကြောင်အသွားရပြီး ခန္ဓာကိုယ်ကို‌ တောင့်ခဲသွားစေသည့် ကျင့်စဥ်တစ်ခုနှင့် ထိမှန်ခံလိုက်ရသလို ရပ်တန့်သွားခဲ့လေသည်။

ရှားပါးရတနာသတ္တုများဖြင့် တည်ဆောက်ပြုလုပ်ထားသော စစ်သင်္ဘောကြီးများမှာ ထုထည်ကြီးမားကာ အင်အားတောင့်တင်းလှပေ၏။ သင်္ဘောဘေးနံရံများအား လျှို့ဝှက်ဆန်းကြယ်သော အစီအရင်မျိုးစုံဖြင့် ထွင်းထုရေးထိုးထားရာ အမြင်ဖြင့်ပင် အသက်ရှူမှားလောက်ပေသည်။

ထိုသင်္ဘောကြီးများထက်တွင် နေရာဒေသအစုံမှ အင်အားစုများကို ကိုယ်စားပြုထားသော အလံများ တဖျပ်ဖျပ်လွှင့်ထူလို့ထားလျက်ရှိသည်။

ထို့အပြင် ဓားကိုစီးနင်းပျံသန်းလာသော ကျင့်ကြံသူများ၊ မြင်းကို စီးနှင်ဒုန်းစိုင်းလာသော ကျင့်ကြံသူများလည်းပါဝင်ပြီး ထိုသူတို့အားလုံးမှာ ၎င်းတို့၏ကျင့်ကြံဆင့်အရှိန်အဝါကို ဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်လွှင့်ကာ ရန်လိုစွာဖြင့် အပြေးချဥ်းကပ်လာကြလေသည်။

"ကောင်းကင်ဓားရေး နတ်နန်းတော် ရောက်ရှိလာပြီ! ဟွမ်ကျိုးနယ်ခံတောသားတွေ မြန်မြန်လမ်းဖယ်ပေးကြစမ်း! "

"မြူခိုးရိပ်ဂိုဏ်းလည်း ရောက်ရှိလာပြီ! ကိုယ့်နေရာကိုယ်သိပြီး မသေချင်ရင်ဝေးဝေးရှောင်ပေးကြပါ"

"ဖျင်ထျန်းမင်းဆက်ရဲ့ ပထမဆုံးစစ်တပ်ကြီးလည်းရောက်ရှိလာပြီ လမ်းမှာပိတ်ရပ်တဲ့ကောင် အသေပဲ"

"ဒီရှေးဟောင်းလျှို့ဝှက်နယ်မြေက ငါတို့တော်ဝင်ရိုးတိုင်ဂိုဏ်းရဲ့အပိုင်ပဲ ဘယ်သူမှလာထိဖို့စိတ်မကူးကြနဲ့"

ဒေါသတကြီးအော်ဟစ်ကြွေးကြော်သံများမှာ မိုးခြိမ်းသံများကဲ့သို့ ကောင်းကင်ယံ၌ ပဲ့တင်ထပ်လျက်ရှိလေသည်။

ဟွမ်ကျိုးတွင် တွေ့နေကျမဟုတ်လေသည့် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများမှာ ယခုတွင်တော့ ဆံပင်မွှေးများကဲ့သို့ ပျံ့ကျဲတည်ရှိလျက်ရှိကြပြီး ဝိဉာဥ်သန္ဓေကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြလေ၏။

"ဟမ် ဟွမ်ကျိုးမှာတကယ်ပဲ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူရှိနေတယ်ပေါ့"

နယ်ခြားကျင့်ကြံသူအချို့က အံ့အားသင့်စွာရေရွတ်လာကြသည်။

ဒေသခံကျင့်ကြံသူအားလုံးက ‌မြေပြင်ထက်ရပ်နေကြစဥ် ကောင်းကင်ဘုံထက် ကြွားဝါစွာရပ်တည်နေသော ဖုန့်အိုးယန် မှာ အတော်လေးထင်ထင်ရှားရှား တည်ရှိနေသည်ပင်။

ထိုစဥ် ချက်ချင်းဆိုသလိုပင် နတ်ဘုရားအငွေ့အသက်များ တရှူးရှူးနှင့်ထိုးတက်ပေါ်ထွက်လာကာ ဖုန့်အိုးယန် ကို လွှမ်းမိုးအုပ်ဆိုင်းသွားကြလေ၏။

ဖုန့်အိုးယန် တစ်ယောက် တစ်ကိုယ်လုံးရှိအမွေးများထောင်သည်အထိ ကြက်သီးဖြန်းဖြန်းထသွားရပြီး နဖူးပေါ်တွင် ပဲစေ့အရွယ်ခန့်ချွေးသီးချွေးပေါက်များလည်း ကျဆင်းလာတော့သည်။

"ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတွေ သူတို့အားလုံးက ဝိဉာဥ်အဆင့်တက်ခြင်း နတ်ဘုရားအရှင်တွေပဲဟေ့! !"

သူ့စိတ်ထဲမှ ရူးသွပ်စွာအော်ဟစ်လိုက်မိပြီး သွေးများပင်တောင့်ခဲသွားသလို ခံစားလိုက်ရကာ လောကကြီးအပေါ်ထားရှိသောအမြင်များပါ ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

သူ့မှာတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကိုရောက်ဖို့ အသည်းအသန်ကြိုးစားလိုက်ရပြီး နှစ်ပေါင်းတစ်သောင်းအတွင်းမှာမှ ဟွမ်ကျိုး၏အင်အားအကြီးဆုံးနေရာသို့ ခက်ခက်ခဲခဲနှင့် တက်ရောက်ခဲ့ရ၏။

သူစိတ်ဓာတ်တွေအရမ်းတက်ကြွပြီး ယုံကြည်ချက်တွေခိုင်မာနေချိန်မှ ဟွမ်ကျိုးကိုကျူးကျော်ဝင်ရော်ကလာတဲ့ ကျင့်ကြံသူအုပ်စုတွေမှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတွေ ရာနဲ့ချီတဲ့အထိ ပါလာတယ်တဲ့!

သူ့နေရာမှာ မည်သူပင်ဖြစ်ပါစေ စိတ်ဓာတ်တွေယိုင်လဲပြိုကွဲသွားမည် အသေအချာပင်။

ထိုကျင့်ကြံသူအုပ်စုများ အနားရောက်လာချိန်တွင် ဖုန့်အိုးယန် ၏မျက်နှာမှာ သွေးရောင်ပင်မရှိတော့သည်အထိ ဖြူဆုတ်နေလေပြီ။ သူကလက်သီးဆုပ်အရိုအသေပြုက အပြုံးချိုချိုတစ်ခုကို ဇွတ်ညှစ်ထုတ်လျက်နှုတ်ဆက်လိုက်သည်။ "တာအိုရောင်းရင်းတို့ ကျွန်တော်ကတောင်ဖြိုဂိုဏ်းရဲ့ဘိုးဘေး ဖုန့်အိုးယန် လို့ခေါ်ပါတယ် ကျွန်တော့်ကို ‌ရှောင်ဖုန့်လို့ပဲခေါ်လို့ရ....."

"အရှက်မရှိတဲ့အဘိုးကြီး ငါတို့ရှေ့မှာလာပြီးငယ်ချင်ယောင်ဆောင်နေချင်သေးတယ် အောက်ဆင်းပြီးဝပ်နေလိုက်တော့ ခင်ဗျားလေပေါရမယ့်နေရာဟုတ်မနေဘူး"

နဂါးအကြေးခွံသံချပ်ကာကိုဝတ်ဆင်ပြီး လှံရှည်ကိုင်ဆောင်ထားသည့် နတ်ဘုရားမင်းဆက်တစ်ခုခုမှ တပ်မှူးတစ်ဦးက ဆူငေါက်ထုတ်လိုက်သည်။

လှောင်ပြောင်ရယ်မောသံများ နေရာအနှံ့မှ ထွက်ပေါ်လာလေသည်။

အရှေ့ပိုင်းဒေသ၏ တာအိုပြည်နယ်၁၃ခုမှကျင့်ကြံသူအပေါင်းမှာ ဖုန့်အိုးယန် ကို လူပြက်တစ်ယောက်အားကြည့်နေသကဲ့သို့ ဝိုင်းကြည့်လျက်ရှိကြလေသည်။

All Chapters