← Chapters

‌ေဩာ် မင်းက အဲ့အရူးရဲ့သားလား

Vol. 2 Ch. 24

‌ေဩာ် မင်းက အဲ့အရူးရဲ့သားလား

Vol. 2 Ch. 24

ပြည်နယ်၁၃ခုလုံးမှ နယ်ခြားကျင့်ကြံသူများမှာ အံ့သြမင်သက်လို့နေကြပေတော့၏။ ယွီဟွား၏ပါရမီရှင်သားတော်ကား ဤသို့သောမူလဇစ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားသည်တဲ့လား? အမှန်ကိုအံ့သြမဆုံးနိုင်ပါပေ။

မရေမတွက်နိုင်သော လူအပေါင်းထံမှ ထူးထူးဆန်းဆန်းအကြည့်များကို ခံစားလိုက်ရသောအခါ ချန်ရှောင်းသည် မျက်နှာထားကိုတည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်သေးသော်ငြား မျက်လုံးများတွင်တော့ လူသတ်လိုသည့် အေးစက်စက်အငွေ့အသက်များ ဖြာထွက်လာလေပြီ။

သူစိတ်အဖိစီးရဆုံးသော ကိစ္စသည်ကား ယခုအချိန်ထိ မတိမ်မမြုပ် ဖြစ်ပျက်နေဆဲပင်။

အကြီးအကဲယန်က ချန်ရှောင်း၏စိတ်ကို နားလည်လိုက်သကဲ့သို့ ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်ကာ အင်အားကြီးစွမ်းအင်လှိုင်းလုံးတစ်ခုအား ထိုအော်ဟစ်ပြောဆိုနေကြသော ကျင့်ကြံသူများထံသို့ ပို့လွှတ်လိုက်သော် သောင်းနှင့်ချီသောကျင့်ကြံသူများ ဝုန်းခနဲပေါက်ကွဲလဲပြိုသွားရလေတော့၏။

လေထုမှာကား သွေးနံ့လှိုင်လှိုင် ဖုံးအုပ်သွားခဲ့ရလေပြီ။

"ယွီဟွားရဲ့ သားတော်ကိုများ မင်းတို့ကဟောင်ဖွာဟောင်ဖွာ အတင်းအုပ်ရဲကြသေးတယ်ပေါ့လေ!"

"အဓိပ္ပာယ်မရှိတဲ့စကားတွေ ထပ်ပြောရဲတဲ့သူရှိရင် ချက်ချင်းအသေသတ်ခံရမယ်မှတ်!"

အကြီးအကဲယန်က ကြမ်းတမ်းစွာအော်ဟစ်ကြိမ်းမောင်းလိုက်သည်။

ချန်ရှောင်းကတော့ အရာအားလုံးကိုလျစ်လျူရှုထားသကဲ့သို့ မတုန်မလှုပ်ရှိမြဲပင်။

ကျန်းနန်ဘုရင်ကတော့ စိတ်ထဲမှလွန်စွာအရှက်ရလျက်ရှိလေသည်။ အစောကတင် ဟွမ်ကျိုးမှကျင့်ကြံသူအားလုံးကို တောသားတွေဟု နှိပ်ကွပ်လှောင်ပြောင်ခဲ့ပြီးမှ ထိုတောရွာဇနပုဒ်မှ မွေးဖွားခဲ့သူတစ်ဦးက ယွီဟွား၏သားတော်ဖြစ်နေသည်တဲ့လေ။

ဤသို့သော်အဆင့်အတန်းကို သူမဆိုထားနှင့် ရွှင်ထျန်းမင်းဆက်၏ ဧကရာဇ်ကြီးကိုယ်တိုင်ပင် စော်ကားပြုမူရဲမည်မဟုတ်ပေ။

သူစဥ်းစားပြီးနောက် ကျန်းနန်ဘုရင်က ဂရုတစိုက်လျှောက်တင်လိုက်သည်။ "ကျင့်ကြံသူချန်ခင်ဗျာ ဟွမ်ကျိုးရဲ့ကျင့်ကြံသူတွေကို ကျွန်တော့်လက်ထဲ လွှဲပေးနိုင်မလား"

ချန်ရှောင်းက ထိုသူ့ကိုဂရုမစိုက်သလိုတစ်ချက်ကြည့်လျက် စကားနှစ်လုံးကိုသာ တစ်ချက်ပြောထုတ်လိုက်သည်။ "လုပ်လေ"

ထိုစကားကိုကြားသော် ကျန်းနန်ဘုရင်မှာလွန်စွာပျော်ရွှင်မြူးထူးသွားပြီး လက်သီးဆုပ်အရိုအသေပြုလျက်ပြောလိုက်သည်။ "ကျင့်ကြံသူချန်ရဲ့သဘောထားကြီးမားမှုအတွက် ကျေးဇူးတင်လှပါတယ်ခင်ဗျာ"

ထိုသို့ပြောပြီးနောက် သူသည် ဖုန့်အိုးယန်ကို ရက်စက်ယုတ်မာစွာ ပြုံးကြည့်လိုက်ပြီး သူ၏လက်ထဲရှိ ဟွမ်ယွင်တူကို အားစိုက်ကာ ရိုက်ချတော့မည့်ဟန် ပြင်လိုက်သည်။

"မဖြစ်ဘူး..."

ဟွမ်ကျိုးကျင့်ကြံသူများမှာ ထိုတူကြီးကို စိတ်ပျက်အားငယ်စွာဖြင့်သာ ကြည့်နေခဲ့ရလေသည်။ သူတို့နှလုံးသားထဲမှ မျှော်လင့်ချက်ရောင်ခြည်အမျှင်တန်းလေးမှာ ဖျက်ဆီးခံလိုက်ရလေပြီ။

ဖုန့်အိုးယန်မှာ ဝမ်းနည်းနာကျင်စွာ တစ်ချက်ပြုံးလိုက်ကာ ခေါင်းကိုအသာခါယမ်းလိုက်ပြီး ဘာမှမပြောလာတော့ပေ။

သူသည် ယိုင်နဲ့စွာ ထရပ်ကာ သူ၏ ငယ်စဥ်တောင်ကျေးကတည်းက ဝိဉာဥ်ဖက်အဖြစ်သတ်မှတ်စွဲကိုင်ခဲ့သော ဓားသွားကို နောက်ဆုံးအကြိမ်အဖြစ် ဝှေ့ယမ်းရန် ကြိုးစားလိုက်သည်။

ချန်ရှောင်းသည် အရာအားလုံးကို မျက်ကွယ်ပြုထားသကဲ့သို့ရှိလေသည်။ သူ့အမြင်တွင် ဤသူများသည် အားနည်းသော ဒေသခံတောသားများသာဖြစ်ပြီး သူကတော့ နိမ့်ကျသော အဆင့်အတန်းမှ လွတ်မြောက်ခဲ့ပြီး စစ်မှန်သော အထက်တန်းစားတစ်ဦး ဖြစ်လာခဲ့လေပြီ! သူတို့နှင့်ထပ်ပက်သက်စရာအကြောင်းမရှိတော့ပေ။

“ဂိုဏ်းချုပ် အဲဒါ ဖုန့်လဲ့ဂိုဏ်းရဲ့ သခင်လေးပဲ ကျွန်တော်တို့ ဘာလုပ်သင့်လဲ?” အဝေးမှ မထင်မရှားတောင်တစ်လုံးပေါ်တွင် စောင့်ကြည့်နေသော ဓားဝှက်တောင်ထိပ်သခင်သည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ငါခန့်မှန်းထားတာမှန်သားပဲ လျှို့ဝှက်နယ်မြေပေါ်လာရင် ချန်လောင်ကော်ရဲ့သားက သေချာပေါက်လာလိမ့်မယ်လို့ ကံကောင်းလို့ ငါတို့ရွှယ်ထျန်းဂိုဏ်း အလျင်စလိုမသွားမိလိုက်တာ" ဂိုဏ်းချုပ်ရှယိုနျန်က ကြောက်လန့်စွာရေရွတ်လာသည်။

"ဂိုဏ်းချုပ် သူတို့လျှို့ဝှက်နယ်မြေကိုလုယူနေကြတုန်း ကျွန်တော်တို့ရွှယ်ထျန်းဂိုဏ်းကိုအမြန်ရွှေ့ကြရအောင် အရှေ့ပိုင်းစီရင်စုကဒီလောက်ကျယ်တာ အရင်ဆုံးပုန်းဖို့နေရာရှာကြရအောင်"

"ကျွန်‌တော်လည်းသ‌ဘောတူတယ် ခုနကတစ်ယောက်ကသူ့ကို မြင့်မြတ်သောကျင့်ကြံသူလို့ခေါ်လိုက်တာ မကြားဘူးလား ပြေးကြစို့"

"ဒါနဲ့ ငါတို့ရွှယ်ထျန်းဂိုဏ်းရဲ့အားကိုးရာကြီး ဆရာတူညီလေးယဲ့ရော ဘယ်ပျောက်သွားကြသလဲ တွေ့မိသေးလား"

ရုတ်တရတ်ဆိုသလိုပင် ကောင်းကင်ရနံ့တောင်ထိပ်သခင်မမှာ တစ်စုံတစ်ခုကိုမြင်လိုက်ရပြီး အံ့သြတုန်လှုပ်သွားသကဲ့သို့ ပွင့်ဟသွားသောနှုတ်ခမ်းနုနုလေးလက်ဖြင့်အုပ်လိုက်ကာ မျက်လုံးလေးများလည်း ပြူးကျယ်သွားရ၏။ "အားလုံးပဲ ကြည့်ကြဦး ဆရာတူမောင်လေးယဲ့ ဖြတ်ပြီးကျောက်တက်သွားတာမဟုတ်လား"

"ဘာရယ်?"

ရှယိုနျန်လည်း လန့်ဖျပ်သွားရသည်။ "သူ့ကိုမြန်မြန်ပြန်ခေါ်လိုက်ကြ!!"

ထိုနေရာတွင် ချန်ရှောင်းရှိနေသောကြောင့် အခုသွားလျှင် အသေခံဖို့သွားသည်နှင့်မထူးပေ။

ကျင့်ကြံသူတို့စုဝေးရာမြေပြင်တွင်ကား စစ်ပွဲတစ်ခုအစပျိုးခါနီးလေပြီ။ ထိုစဥ် ဆူပူကြိမ်းမောင်းသံတစ်ခုက ဝေးရာမှနီးရာသို့ ပျံ့လွင့်ထွက်ပေါ်လာလေသည်။

"ချီးပဲ ငါတို့ဟွမ်ကျိုးက အပြင်လူတွေဆီကနေ အနိုင်ကျင့်ခံနေရတယ်‌ပေါ့လေ မင်းတို့ငါမရှိတာနဲ့ ဘာမှမလုပ်တတ်ကြ‌တော့ဘူးပေါ့ ဘယ်သူမှမလှုပ်ကြနဲ့ ငါအခုလာနေပြီ"

မရေမတွက်နိုင်သော အံ့သြတကြီးအကြည့်များမှာ အသံလာရာသို့ ဝှစ်ခနဲ ဝှစ်ခနဲ ရောက်ရှိသွားလေသည်။

မည်သူကများ ဤမျှမောက်မာနေရဲသနည်း သူတို့သိချင်လှ၏။

ရွှေရောင်အနားကွပ် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ဦးသည် လူအများရှေ့တွင် ထင်ရှားမော်ကြွားစွာ ပေါ်လာပြီး သူ့ခေါင်းတွင် ငွေရောင်ဖြူဖွေးသော ဆံပင်ရှည်များက လွင့်ခါနေကာ အရောင်နှစ်ရောင်စပ်ကြားတွင် ထူးခြားသော ဆန့်ကျင်ဘက်ခံစားချက်ကို ဖြစ်ပေါ်စေသည်။

"အခုလာတာဘယ်သူလဲ နာမည်ကိုပြောစမ်း"

ကျန်းနန်ဘုရင်က ခပ်လှောင်လှောင်မေးလာသည်။

"ငါလား မင်းအဖေယဲ့ကျွင်းလင်လေ"

ယဲ့ကျွင်းလင်က အသံကိုမြှင့်လျက်ပြန်အော်သည်။

"ခွေးကောင် ငါမင်းကိုအခုသတ်ပစ်မယ်" ကျန်းနန်ဘုရင်မှာ တစ်ချက်ကြောင်အသွားရပြီးမှ ဒေါသပေါက်ကွဲလာလေသည်။

"ယဲ့ကျွင်းလင်လား သူကရွှယ်ထျန်းဂိုဏ်းရဲ့ တောင်ထိပ်သခင်တစ်ယောက်မဟုတ်လား" အသံတစ်သံထွက်လာသည်။

"ရွှယ်ထျန်းဂိုဏ်း? ယဲ့ကျွင်းလင်?"

အစောကထိ မပြောင်းမလဲသာကျန်ရစ်သောချန်ရှောင်းသည် ထိုစကားကိုကြားပြီးနောက် မျက်လုံးများအေးစက်ခဲသက်လာကာ တစ်ချက်ရေရွတ်လိုက်လေသည်။

သူ့အဖေကိုသတ်ခဲ့သော ရန်သူတော်ကား သူ့‌ရှေ့မှောက်သို့ မထင်မှတ်ဘဲရောက်လာခဲ့လေပြီ။

ယဲ့ကျွင်းလင်က နှာခေါင်းကိုပွတ်လျက်ပြန်မေးသည်။ "အင်းလေ အဲ့ဒါဘာဖြစ်လို့?"

ချန်ရှောင်းက လူသတ်ချင်စိတ်များပြည့်နှက်နေသော အရှိန်အဝါကိုထုတ်လွှတ်လျက် မေးလာသည်။ "မင်း ဖုန့်လဲ့ဂိုဏ်းချုပ်ကို သတ်ခဲ့တယ်မဟုတ်လား"

"ဪ မင်းကအဲ့အရူးအကြောင်းကိုပြောနေတာလား ငါမှတ်မိပါတယ် သူက သူ့သားကမသေမျိုးတစ်ပါးဖြစ်လာဖို့ အလားအလာရှိတယ်လို့ အမြဲအော်ပြောနေတာလေ မဟုတ်မှ မင်းကသူ့ရဲ့..." ယဲ့ကျွင်းလင် မရေမရာမေးတော့မည်အပြု...

"ငါကသူ့သားပဲ"

ချန်ရှောင်း၏မျက်လုံးများမှာ သွေးလွှမ်းသကဲ့သို့နီရဲနေပြီး အံကြိတ်လျက်ဆိုသည်။

"သေစမ်း မင်းကအဲ့အရူးရဲ့သားပေါ့လေ?" ယဲ့ကျွင်းလင်ကြည့်ရသည်မှာ အတော်လေးအံ့သြသွားဟန်ပင်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလုံးကြီးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ အုန်းခနဲကွဲထွက်လာပြီး ချန်ရှောင်းမှာ အသားတဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်လျက်ရှိကာ ဒေါသစိတ်က တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားချိန်မှာတော့ သူမထိန်းချုပ်နိုင်တော့ပဲ တစ်ချက်ဟိန်းဟောက်လိုက်သည်။

“မင်းကို ငါသတ်မယ်!!!!”

All Chapters