ချန်ရှောင်းရဲ့ ထင်ယောင်ထင်မှားဘဝလေးတစ်ခု
Vol. 2 Ch. 25
လူတိုင်း ကြောက်လန့်တုန်လှုပ်သွားကြပြီး ယဲ့ကျွင်းလင်အား အရူးတစ်ယောက်ကို ကြည့်နေသလို ဝိုင်းကြည့်လာကြသည်!
ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော်ကိုတောင် စိန်ခေါ်ရဲတယ်? အသက်ရှင်ရတာ ငြီးငွေ့နေပြီလား?!
ကျန်နန်ဘုရင်သည်လည်း အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ခုကို တွေးမိကာ အကူအညီဖြစ်စေလိုဟန်ဖြင့် လျှောက်တင်လိုက်သည်။ "ကျင့်ကြံသူ အရှင်ချန် ဒီမိုက်မဲတဲ့ကောင်ကို ဖမ်းဆီးပြီး အရှင့်လက်ထဲ အပ်လိုက်ပါရစေ!”
ယွီဟွားဂိုဏ်း၏ အားအကောင်းဆုံးသော ပါရမီရှင်ကို အကူအညီပေးကာ မျက်နှာချိုသွေးရန် အခွင့်အရေးယူလိုခြင်းပင်။
ရုတ်တရက်ဆိုသလိုပင်...
လေပြင်းတစ်ချက် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ကျန်းနန်ဘုရင်သည် ယဲ့ကျွင်းလင်ဆီသို့ ပြေးဝင်သွားကာ ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် “ကောင်လေးရေ ဒီတစ်ခါတော့ မင်းခံရတော့မယ်!” ဟု ကြိမ်းဝါးလိုက်သည်။
ဝှစ်!
ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့် မီးလျှံကဲ့သို့ နီရဲသော ပုံရိပ်တစ်ခု လှစ်ခနဲပေါ်လာပြီး ပတ်ဝန်းကျင် အပူချိန်သည်လည်း ချက်ချင်းဆိုသလို ဝုန်းခနဲ မြင့်တက်သွားသည်။
ဟုန်ချန်ယဲ့သည် အေးစက်သောမျက်နှာပေးဖြင့် ကျန်းနန်ဘုရင်ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“အိုး ဒီအလှလေးက ဘယ်က ရောက်လာတာလဲ?” ကျန်းနန်ဘုရင် အံ့အားသင့်သွားပြီး သူ၏မျက်လုံးများတွင် တဏှာမီးတောက်တစ်ချက် လက်သွားသည်။
"သေစမ်း"
ဟုန်ချန်ယဲ့ တစ်ဖက်လူကိုရွံရှာစွာကြည့်ကာ လက်တစ်ဖက်ကိုမြှောက်လျက် မီးအမျိုးအစား နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်တော့၏။
တောက်ပပြီး မျက်စိကျိန်းစပ်လောက်အောင် လှပသော မီးလျှံများသည် ကောင်းကင်ယံကို လောင်မြိုက်စေကာ ပုံစံမကျစွာယိမ်းယိုင်နေသော လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေသည်။
ကျန်နန်မင်းကြီး၏ မျက်နှာလည်း သိသိသာသာ ပြောင်းလဲသွားရပြီး အားကုန်ထုတ်ကာ ခုခံရန် ကြိုးစားသော်လည်း ဟွမ်ယွင်တူပင် ပြာကျသွားရကာ သူ၏တစ်ကိုယ်လုံးမှာ အမျိုးအမည်မသိနိုင်သော မီးတောက်တစ်မျိုးဖြင့် လောင်ကျွမ်းသွားတော့လေသည်။
“အား!!!”
နှလုံးသားကို ဆွဲဆုတ်ခံရသကဲ့သို့ နာကျင်သော အော်သံသည် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားလေသည်။
လူအများ၏ အံ့အားတသင့် အကြည့်များအောက်တွင် ကျန်နန်ဘုရင်ကြီးမှာတော့ အကြွင်းအကျန်ပင် မကျန်တော့ဘဲ လျင်မြန်စွာ ပြာပုံအဖြစ် ပြောင်းလဲသွားလေပြီ။
"ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက် ဒီလိုနဲ့ပဲသေသွားရသတဲ့လား?"
"သူ့ကိုလုပ်လိုက်တာဘယ်သူလဲ"
နေရာတိုင်းတွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
လူတိုင်းသည် အနီရောင်ဝတ် အမျိုးသမီး၏ မူလဇစ်မြစ်ကို ခန့်မှန်းနေကြလေ၏။
“ငါတို့ ဟွမ်ကျိုးပြည်နယ်မှာ ဒီအဆင့်အတန်းရှိတဲ့ ကျွမ်းကျင်သူ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ?” ဖုန့်အိုးယန်လည်း အံ့အားသင့်သွားရပြီး အတွေးပေါင်းစုဖြင့် ခေါင်းတစ်ခုလုံး ရှုပ်ထွေးလာတော့သည်။
တစ်ချိန်က သူကိုယ်တိုင် ဟွမ်ကျိုးပြည်နယ်၏ နံပါတ်တစ်ဟု ကြွေးကြော်ခဲ့ပါသော အတွေးသည် သူ့ကို သေမလောက်ရှက်ရွံ့စေပြီး တွင်းတစ်တွင်းလောက်တူးကာ ပုန်း၍သာနေလိုက်ချင်တော့၏။
အဟုတ်ကိုပင် အဆင့်အတန်းများမှာ အဆုံးမရှိပေ။ လူ၏အထက်တွင် လူရှိပြီး ကောင်းကင်ဘုံအထက်တွင် ပိုမြင့်သော ကောင်းကင်ဘုံနောက်တစ်ထပ်က ရှိနေစမြဲပင်။
"တာအိုရောင်းရင်းရေ နာမည်လေးများသိခွင့်ရှိမလားခင်ဗျာ"
ဖုန့်အိုးယန်က ကျယ်လောင်စွာအော်မေးလိုက်သည်။
သို့သော် ထင်မှတ်မထားစွာပင် ဟုန်ချန်ယဲ့က သူ့အားလုံးလုံးလျစ်လျူရှုလိုက်ကာ ကျန်းနန်းဘုရင်အားရှင်းပြီးသည်နှင့် ယဲ့ကျွင်းလင်ဘက်သို့လှည့်၍ လက်သီးဆုပ်အရိုအသေပြုလျက်ဆိုလိုက်သည်။ "ဆရာသခင်"
ကျင့်ကြံသူအပေါင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားရလေပြီ။
"ဒီဆရာမကြီးက တောင်ထိပ်သခင်ယဲ့ရဲ့ တပည့်တစ်ယောက်တဲ့လား?"
"ဟာ အဲ့ဒါဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူကြီးကွ ရွှယ်ထျန်းဂိုဏ်းမှာ ဘယ်အချိန်တုန်းကများ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက် ရှိသွားရတာလဲ"
"ချီးပဲကွာ တောင်ထိပ်သခင်ယဲ့က ဝိဉာဥ်သန္ဓေဆင့်လို့ ဘယ်ကောင်ပြောတာလဲ ပြောတဲ့ကောင်ထွက်ခဲ့စမ်း မသေရုံတမယ်ရိုက်ပစ်ဦးမယ် ဝိဉာဥ်သန္ဓေအဆင့်က ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူကို ဘယ်လိုလုပ်တပည့်တော်နိုင်မှာတဲ့လဲ"
ဟွမ်ကျိုးမှ ကျင့်ကြံသူများမှာ လွန်စွာစိတ်လှုပ်ရှားကုန်ကြတော့၏။
"ရွှယ်ထျန်းဂိုဏ်းက ဒီလောက်အထိအင်အားကြီးလာတာလား" ဖုန့်အိုးယန်ရေရွတ်မိလိုက်သည်။
သူမှတ်မိသလောက်တော့ ရွှယ်ထျန်းဂိုဏ်းဆိုသည်မှာ ဟွမ်ကျိုး၏အထင်ကရဂိုဏ်းခြောက်ခုအတွင်း အားအနည်းဆုံးဖြစ်လေသည်မဟုတ်လော။
သူသီးသန့်ကျင့်ကြံနေတုန်း ဒီဂိုဏ်းမှာ ဘာတွေများဖြစ်ပျက်သွားခဲ့ပါလိမ့်?
"ကောင်လေးရေ မင်းဒီအဘိုးကြီးကို ဒီတစ်ခုတော့ရှင်းပြရလိမ့်မယ်" ဖုန့်အိုးယန်သည် တောင်ဖြိုဂိုဏ်းချုပ်ကို စိတ်ရှုပ်နေဟန်ဖြင့်မေးလိုက်သည်။
ရှယ်ထျန်းဂိုဏ်းက ဤမျှ အံ့သြဖွယ်ကောင်းကြောင်းကိုသာ သူသိခဲ့လျှင် အဘယ်ကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် ကြွားဝါရဲခဲ့မည်နည်း?
ဘိုးဘေး၏မေးခွန်းကို ရင်ဆိုင်ရသောအခါ တောင်ဖြိုဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း မျက်နှာလွှဲလိုက်ရကာ “ဘိုးဘေး၊ ကျွန်တော် တကယ် ဘာမှ မသိပါဘူး!” ဟုသာ ဖြေလေသည်။
ထိုအချိန်တွင် ရှယိုနျန်တို့အဖွဲ့လည်း နေရာသို့ရောက်လာကြလေပြီ။
"ဂိုဏ်းချုပ် ရောက်ပြီလား ကျွန်တော်အခုပဲခေါ်လိုက်တော့မလို့" ယဲ့ကျွင်းလင်ကပြုံးလျက်ဆိုသည်။
"ဆရာတူညီလေးယဲ့ မင်း...မင်း...မင်း ကိုယ့်ဟာကိုယ်ဘာလုပ်နေမှန်းရောသိရဲ့လား ဒီလူတွေကယွီဟွားဂိုဏ်းကကွ အမြန်ပြေးတာကောင်းမယ် ငါတို့မင်းအတွက် အချိန်နည်းနည်းဆွဲထားပေးမယ်"
"ဟုတ်တယ် မင်းရှိနေသရွေ့ ရွှယ်ထျန်းဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ဖို့အခွင့်အရေးရှိတယ် မင်းဒီမှာတစ်ခုခုဖြစ်သွားလို့မရဘူး" ဓားဝှက်တောင်ထိပ်သခင်က လေးနက်စွာပြောလာသည်။
ယဲ့ကျွင်းလင်ကတော့ အားလုံး၏အတွေးကိုသိနေလျက်သာ ပြုံး၍နေလေသည်။
သူသည် တိုက်ရိုက်မဖြေဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။ အဝေးမှ တိမ်တိုက်တစ်ခု လွင့်လာပြီး ထိုတိမ်တိုက်ပေါ်တွင် မိန်းကလေးငယ်တစ်ဦး ရပ်နေကာ စိုးရိမ်တကြီးဖြင့် လက်သီးဆုပ်ဦးညွှတ်ပြီး “ကျောက်လင်အာ အကြီးအကဲများအားလုံးကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။
"ဒါက?"
လူတိုင်းအံ့သြသွားရလေသည်။
“ဝေ့တိုင်းပြည်က ပြဿနာကို ဖြေရှင်းပြီးတဲ့နောက် အဲဒီမှာ အရည်အချင်းကောင်းတဲ့ တပည့်ပေါက်စလေးတစ်ယောက်ကို စုဆောင်းမိခဲ့တယ်လေ သူက ဝေ့ဧကရာဇ်ရဲ့ သမီးတော်ဖြစ်ပြီး ထိပ်တန်းအဆင့် ရေဓာတ်သဘာဝ ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားတယ် သူလေးက ကောင်းကင်ရနံ့တောင်ထိပ်သခင်မအတွက်ဆို အတော်လေး သင့်တော်တယ်လို့ ကျွန်တော်ထင်မိတယ်”
ယဲ့ကျွင်းလင်က ပြောလိုက်သည်။
ကောင်းကင်ရနံ့တောင်ထိပ်သခင်မသည် ချက်ချင်း မျက်လုံးများတောက်ပသွားပြီး တပည့်အသစ်လေးကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်ကာ “ကျောက်လင်အာ နင် ဒီနေ့ကစပြီး ကောင်းကင်ရနံ့တောင်ထိပ်ကို ဝင်ရမယ် မြန်မြန် ငါ့ကို ဆရာသခင်လို့ ခေါ်လိုက်!” ဟု ပြောလိုက်သည်။
“ဆရာသခင်!”
ကျောက်လင်အာသည် အလွန်လိမ္မာပါးနပ်ပြီး တပည့်ခံယူပွဲကို စနစ်တကျ ပြုလုပ်ခဲ့လေသည်။
“ဒီကလေးမလေးက တကယ်ကို သွက်သွက်လက်လက်လေးပဲ!” ကောင်းကင်ရနံ့တောင်ထိပ်သခင်မသည် မိန်းကလေး၏သွက်လက်ပုံကိုကြည့်ကာ အလွန်ပျော်ရွှင်သွားပုံရ၏။
“ကောင်းမွန်တဲ့ ပါရမီရှင်တပည့်တစ်ယောက်ကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်” အခြားတောင်ထိပ်သခင်များကလည်း လက်အုပ်ချီကာ ဂုဏ်ပြုစကား ပြောကြားလာကြသည်။
ရှယိုနန်လည်း သတိလက်လွတ်ပြုံးလိုက်ပြီးနောက် ချက်ချင်းသတိရကာ စိုးရိမ်တကြီးဖြင့် ခြေထောက်ကို ဆောင့်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။ “ညီတော်ယဲ့! ဒါ ဘယ်အချိန်မလို့လဲ မင်းက ဒါတွေလုပ်နေနိုင်လိုက်သေးတယ် အခုအခြေအနေ ဘယ်လောက်ဆိုးရွားနေလဲ သိရောသိရဲ့လား?!”
ယဲ့ကျွင်းလင် စကားပြန်ပြောရန် ပြင်နေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် အငွေ့အသက်သည် သူတို့အားလံဒးကို လွှမ်းခြုံလို့သွားပြီး ရွှယ်ထျန်းဂိုဏ်းမှ လူအများမှာ ရေခဲခန်းထဲသို့ ကျရောက်သွားသလိုပင် ခံစားလိုက်ရသည်။
“မင်း! ပြီးတော့ မင်း! မင်းတို့အားလုံး ငါ့အဖေရဲ့အသက်အတွက် ပေးဆပ်ရမယ်!”
ချန်ရှောင်း၏ မျက်လုံးများတွင် ရွှေရောင်အလင်းများ ဖျတ်ခနဲတစ်ချက်လက်သွားပြီး ထိုသူသည် ချက်ချင်းဆိုသလို အားလုံး၏အထက်ကောင်းကင်သို့ ပျံတက်သွားကာ သူ၏ခန္ဓာကိုယ်မှဖြာထွက်နေသော ရွှေရောင်အလင်းစက်တို့မှာ ကောင်းကင်တွင် ချိတ်ဆွဲထားသော နေမင်းကြီးကဲ့သို့ တောက်ပလို့နေ၏။
“အကြီးအကဲယန်၊ ကျွန်တော်တို့ လှုပ်ရှားသင့်သလား?” ခေါင်းဆောင်ဖြစ်သော အကြီးအကဲယန်ကို အကြီးအကဲတစ်ဦးက တီးတိုးမေးလိုက်သည်။
အကြောင်းမှာ သူတို့အဖွဲ့ထဲတွင် ထိုသူသည် ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်ပြီး ဤစစ်ဆင်ရေး၏ အလုံးစုံတာဝန်ခံလည်း ဖြစ်သောကြောင့်ပင်။
အကြီးအကဲယန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖြေသည်။ “ဒါက သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် သူကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ် ဒါ့အပြင် ဒီလို အမှိုက်အဖွဲ့က ယွီဟွားရဲ့ ပါရမီရှင်သားတော်ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ယွီဟွာဂိုဏ်း၏ ဦးစားပေးခံသားတော်သည် အရှေ့ပိုင်းစီရင်စု လူငယ်ကျင့်ကြံသူမျိုးဆက်၏ အားအကောင်းဆုံးသူ ဖြစ်လာဖို့ အလားအလာကောင်းစွာရှိသောကြောင့် ဤဟွမ်ကျိုးပြည်နယ်ကိုလည်း အလွယ်တကူပင် သိမ်းပိုက်နိုင်လိမ့်မည်!
"ယဲ့ကျွင်းလင် လာတိုက်ပြီးအသေခံလိုက်စမ်း!" ချန်ရှောင်းက နဂါးတစ်ကောင်ကဲ့သို့ ပြင်းစွာသောအရှိန်အဝါကိုထုတ်လွှတ်လျက် အော်ဟစ်ကြွေးကြော်သည်။
ယဲ့ကျွင်းလင်က မထီမဲ့မြင်ဖြင့် စကားပြန်သည်။ "မင်းကငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းမပြည့်မီဘူး"
“ရှောင်ဟုန် သွား! သူ့ကို သင်ခန်းစာပေးလိုက်စမ်း!”
ဤစကားကို ကြားရတိုင်း ဟုန်ချန်ယဲ့မှာ ခွေးကို သွားကိုက်ရန်ရှူးတိုက်ခံနေရသကဲ့သို့ အမြဲခံစားရလေသည်။
သို့သော် တစ်ဖက်လူ၏အကြောင်းသိထားသောကြောင့် မနာခံဘဲလည်း မနေရဲပါပေ။
ဟုန်ချန်ယဲ့၏ ပုံရိပ်သည် ဝှစ်ခနဲ လျင်မြန်စွာမြင့်တက်သွားပြီး တောက်ပသော မီးလျှံကို ဆွဲထုတ်ကာ ပုံရိပ်မှာ ကောင်းကင်သို့ပျံတက်သွားသော ဖီးနစ်ငှက်ကဲ့သို့ ခမ်းနားထည်ဝါလှ၏။
"အဟက် ငကြောက်ကောင်"
ချန်ရှောင်းကလှောင်သည်။
"မင်းလိုကောင်ကိုသတ်ဖို့ ငါ့ဆရာသခင် လက်တစ်ချက်လှုပ်စရာတောင်မလိုဘူး" ဟုန်ချန်ယဲ့က ပြန်ချေပသည်။
တစ်ဖက်လူ၏ စက်စက်ယိုလှသော မျက်နှာကိုကြည့်မိသော် ယွီဟွားဂိုဏ်းတွင် အမျိုးမျိုးသော အလှပဂေးများအား ရိုးအီသည်အထိမြင်ဖူးနေရသော ချန်ရှောင်းပင် သူမ၏ထူးခြားသောအလှနှင့် ပြတ်သားသောစိတ်နေသဘောထားကြောင့် ဆွဲဆောင်ခံလိုက်ရလေသည်။
ခဏအတွင်းမှာပင် သူသည် သနားစိတ်ကလေးဝင်မိသွားကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။ “မင်းရဲ့အင်အားအဆင့်အတန်းနဲ့ ဒီလိုသေးငယ်တဲ့ ဂိုဏ်းစုတ်မှာ ဘာလို့ သေဖို့ထိုင်စောင့်နေမှာလဲ? မင်း လက်နက်ချဖို့ ဆန္ဒရှိသရွေ့ ဒီအရှင်ကက ယွီဟွားဂိုဏ်းဆီ မင်းကိုခေါ်သွားပြီး ကောင်းကောင်းဆက်ဆံပေးမယ်လို့ အာမခံတယ်!”
အဓိကအင်အားစုများမှ ကျင့်ကြံသူများမှာ ထိုပြောစကားကိုကြားသော် အထူးတဆန်းဖြစ်စွာ စိုက်ကြည့်လာကြပြီး ချန်ရှောင်းတစ်ယောက် အနီရောင်ဝတ် အမျိုးသမီးကို မျက်စိကျသွားကြောင်း သိလိုက်ကြသည်။
သို့ပေမယ့် အခြေအနေအရ ထိုကမ်းလှမ်းချက်မှာ လွန်စွာဆွဲဆောင်မှုရှိလှလေသည်။
ရွှယ်ထျန်းဂိုဏ်းက ဒီနေ့အတွင်း ဖျက်ဆီးခံရဖို့သေချာသလောက်ရှိလေပြီ။ မိမိကိုယ်တိုင်အတွက် လမ်းရှာထားခြင်းက မလွန်ပေ။
"စိတ်မဝင်စားပါ"
ဟုန်ချန်ယဲ့က ပေါ့တီးပေါ့ပြက်ပင်ဆိုသည်။
“ဒီမိန်းကလေးကတော့ မင်းတကယ် ထပ်ပြီး မစဥ်းစားတော့ဘူးလား?” ချန်ရှောင်းမျက်နှာပျက်သွားလျက် ထပ်မေးလာသည်။ တစ်ဖက်လူက ဒီလောက်ထိ ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
မိန်းကလေးဟူသောနာမ်စားကိုကြားလိုက်သော် ဟုန်ချန်ယဲ့ မျက်နှာပျက်သွားပြီး ခပ်ရွဲ့ရွဲ့ပြုံးကာ ပြောလိုက်သည်။ “ငါ့ဆရာသခင် ပြောတာ မှန်တယ် မင်းအဖေက အရူးပဲ ပြီးတော့ မင်းလည်း…အရူးပဲ!”
ဤစကားကို ကြားသောအခါ ချန်ရှောင်း၏ နဖူးတွင် သွေးကြောများ ထောင်ထလာပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်သည် ပေါက်ကွဲထွက်လာကာ အေးစက်သောအသံဖြင့် ပြောသည်။ “ကောင်းပြီ၊ အရမ်းကောင်းတယ်၊ မင်းတို့အားလုံး သေကိုသေရမယ်!”
ဘုန်း!
တောက်ပသော ရွှေရောင်အလင်းများဖြာထွက်နေသည့် လက်သီးရာသည် ကောင်းကင်ယံကို ချိုးဖျက်ကာ ပြင်းထန်စွာ ထိုးနှက်လိုက်ပြီး သက်ဝင်တက်ကြွလာသော မှော်အစွမ်းမှာ မြန်ဆန်စွာကြီးမားကျယ်ပြန့်လာကာ ၎င်းကို ဝန်းရံထားသော ရွှေရောင်နဂါးအဖြစ် ပြောင်းလဲသွားလေသည်။
“အရမ်း အားကောင်းတာပဲ!” ဖုန့်အိုးယန်၏ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ ဤအဆင့်ရှိ တိုက်ခိုက်မှုအောက်တွင် သူသာဆိုလျှင် ပထမတစ်ချက်တွင်ပင် အမှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မည်။
သူ့အကြောင်းကို မဆိုထားနှင့်။ နယ်ခြားမှ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများပင် ချန်ရှောင်း၏ အပြတ်အသတ်တိုက်ကွက်ကြီးကြောင့် နှလုံးသားအောက်ခြေမှ ကြောက်စိတ်များမြင့်တက်လာသလို ခံစားမိရလေ၏။
"ကျင့်ကြံသူချန်က အမှန်ကို သာမန်ထက်ထူးကဲတဲ့ပါရမီတစ်ခုရှိထားတာပဲ အဲ့ဒီ ကောင်းကင်အဆင့် ထိပ်တန်း နေနတ်ဘုရားလက်သီးကို သူ့ရဲ့နေမင်းခန္ဓာနဲ့ပေါင်းစပ်လိုက်တော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတွေဆို နေရာတင်ချက်ချင်းသေရလိမ့်မယ် သာမန် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် ဒဏ်ရာရသွားနိုင်တဲ့ တိုက်ကွက်မျိုးပဲ"
အကြီးအကဲယန်က ပြုံးပြီး ပြောလိုက်သည်။
ကမ္ဘာမြေကို လှုပ်ခါစေသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သည် မိုင်ထောင်ပေါင်းများစွာအထိ အပိုင်းပိုင်း ပြိုကွဲသွားရတော့၏။
“ဟမ့် ငါ့ကို ဒီလိုရက်စက်ဖို့ မင်းတို့တွန်းအားပေးလိုက်တာပဲ” ချင်ရှောင်းက မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏မျက်နှာပေါ်မှ အပြုံးသည် တောင့်တင်းသွားပြီး သူ၏မျက်ဆံများသည် အပ်ချောင်းများကဲ့သို့ ကျဥ်းမြောင်းသွားတော့သည်။
သူ့ရှေ့တွင် ရောင်စုံမီးလျှံကြာပွင့်တစ်ခု ရုတ်တရတ်ပေါ်လာပြီး ပွင့်ချပ်များမှာ တရှဲရှဲမြည်ကာ ပွင့်ဟလာသည်။
ဟုန်ချန်ယဲ့သည် ထိုအထဲတွင် အထိအခိုက်မရှိဘဲ ချင်ရှောင်းကို ခပ်လှောင်လှောင်အကြည့်ဖြင့်သာ ကြည့်နေလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!”
ချန်ရှောင်း၏ စိတ်အစဥ်သည် ထိန်းမရအောင် တုန်လှုပ်သွားတော့၏။
သူသည် ဂိုဏ်းတွင်းပြိုင်ပွဲတုန်းက ပြိုင်ဘက် ဂိုဏ်းတပည့်သားများကို တိုက်ရိုက်ရှင်းထုတ်ပစ်ရန် ဤလှုပ်ရှားမှုကို အသုံးပြုခဲ့သည်ပင်။
ကျင့်ကြံဆင့်တူသူများကြားတွင် သူသည် ပြိုင်ဘက်ကင်း ဖြစ်သည်!
ရလဒ်ကတော့ တစ်ဖက်လူက သူ့တိုက်ကွက်ကို ဒီလိုအသာလေးရှောင်တိမ်းလိုက်နိုင်တယ်တဲ့လေ?!
“ငါ မယုံဘူး ငါက မသေမျိုးဖြစ်လာဖို့ အလားအလာရှိတဲ့ ပါရမီရှင်တစ်ဦးပဲ! ငါက ကျင့်ကြံဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းပဲ!!!”
ချန်ရှောင်းသည် တစ်ချက်ကြွေးကြော်ကာ သူ၏နေမင်းမသေမျိုးခန္ဓာကို ရူးသွပ်စွာ လှုံ့ဆော်လိုက်သော် သူ့ခန္ဓာကိုယ်မှ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။
ခဏအတွင်းမှာပင်....
သူသည် ယှဥ်နိုင်စရာမရှိသော အရှိန်အဟုန်တစ်ခုဖြင့် လေထုကိုဆုတ်ဖြဲကာ ကျည်ဆံတစ်ခုလို လှစ်ခနဲပြေးထွက်လာသည်။
“မင်းလို ရေတွင်းထဲက ဖားသူငယ်လေးကို ဒီအရှင်က ပြိုင်ဘက်ကင်းဆိုတဲ့စကားလုံးဟာ ဘာကိုဆိုလိုကြောင်း ပြသပေးမယ်!”
ဟုန်ချန်ယဲ့သည် မဲ့ပြုံးပြုံးလိုက်ပြီး သူ့စိတ်ထဲတွင် မကောင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူသည် တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် အလုံးစုံချိုးဖျက်ရန် ဆုံးဖြတ်လိုက်တော့၏။