← Chapters

၂၆ - အခွက်လာမပြောင်ရ

Vol. 2 Ch. 26

၂၆ - အခွက်လာမပြောင်ရ

Vol. 2 Ch. 26

ချန်ရှောင်း၏ ပြင်းထန်သောတိုက်ကွက်များနှင့် ရင်ဆိုင်နေရသော်ငြား ဟုန်ချန်ယဲ့မှာ တည်ငြိမ်အေးဆေးစွာပင် တန်ပြန်တိုက်ခိုက်နိုင်လေသည်။

ကောင်းကင်သည် တိုက်ပွဲမှလွင့်ထွက်လာသော အရှိန်အဟုန်များနှင့် ပြိုကွဲလုနီးပါး ရိုက်ခတ်ခံနေရသည်။

အရိပ်နှင့်အလင်းများ ရောယှက်နေသည့်အလား လူနှစ်ဦးသည် ကြည့်နေသူများ မျက်စိလည်မှောက်မှားလောက်သည်အထိ တဝှစ်ဝှစ် လှုပ်ရှားနေကြသည်။ နှစ်ဖက်တိုက်ကွက်များ ဆုံစည်းရာအလယ်ဗဟိုတွင် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် ဟာရီကိန်းမုန်တိုင်းများကဲ့သို့ ပတ်ဝန်းကျင်ရှိ လေထုလဟာပြင်ကို ဆုတ်ဖြဲပစ်နေကြသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

ချန်ရှောင်းမှာ ဆက်တိုက်လေလေ အံ့အားသင့်ရလေလေ ဖြစ်နေသည်။ သူဖန်တီးသော လှုပ်ရှားမှုတိုင်းမှာ ပြိုင်ဘက်ထံမှ လွယ်ကူစွာ ချေမှုန်းခံနေရသည်ဟု ခံစားရပြီး ဝါဂွမ်းအိတ်ကို လက်သီးဖြင့်ထိုးသကဲ့သို့ ဘာမှသက်ရောက်မှုရှိမလာခဲ့ပေ။

"ယွီဟွားဂိုဏ်းမှာတောင် ဒီလို တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ တုံ့ပြန်မှုအားကောင်းပုံမျိုးကို မမြင်ဖူးဘူး ရွှယ်ထျန်းလို ဂိုဏ်းငယ်လေးတစ်ခုက ဘာအရည်အချင်းတွေကောင်းပြီး ဘားဂုဏ်သိက္ခာတွေများရှိနေလို့ ဒီလိုတပည့်ကျော်မျိုးကို ရထားနိုင်တာလဲ?"

ချန်ရှောင်းတစ်ယောက်မှာ သူရှင်သန်ခဲ့သောဘဝကိုပင် သံသယဝင်မိရလောက်အောင် တစ်ဖက်လူထံမှ အနိုင်ပိုင်းခံနေခဲ့ရလေ၏။

သူမသိသည်မှာ သူရင်ဆိုင်နေရသောသူသည် ကျင့်ကြံ‌ရေးလမ်းတစ်လျှောက်လုံးတွင် မဆုတ်မနစ် ရုန်းကန်ကြိုးစားခဲ့ပြီး နာမည်မရှိသော အခွံသက်သက် အောက်ခြေဘဝမှ နတ်ဆိုးဘုရင်ဟူသောပုလ္လင်ကို ကိုယ့်အားကိုယ်ကိုးကာ အရယူနိုင်ခဲ့သည့် အငြိမ်းစားဘုရင်အိုကြီးတစ်ယောက် ဖြစ်နေခြင်းပင်။

တစ်ဖက်လူ၏ နှစ်ပေါင်းများစွာ စုဆောင်းသင်ယူခဲ့ရသော အတွေ့အကြုံများ၊ ကြွက်သားမှတ်ဉာဏ်တို့၏ အလိုအလျောက်တုံ့ပြန်မှုများနှင့် လျင်မြန်သွက်လက်သော တိုက်ခိုက်ရေးအတွေးအခေါ်များသည် သူ့ကဲ့သို့ ယွီဟွားဂိုဏ်း၏ တက်သစ်စတပည့်လေးတစ်ယောက်အနေနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ!

"ငါ့ကိုမနိုင်တာ မင်းက အရမ်းအားနည်းနေလို့လေ! အမှိုက်ကောင်ရဲ့!"

ဟုန်ချန်ယဲ့က လှောင်ပြောင်ကာ တစ်ဖက်လူ၏ ဟာကွက်တစ်ကွက်ကို တိကျစွာ ချိန်ညှိရှာဖွေပြီးနောက် လက်ဝါးဖြင့် အားကုန်ထုတ်ရိုက်ခတ်လိုက်ရာ လက်ဝါးလေသည် အပူလှိုင်းတစ်ခုကဲ့သို့ လှိမ့်ဝင်သွားလေတော့၏။

"ဖူး!"

လက်ဝါးဒဏ်ခံလိုက်ရသော ချန်ရှောင်းမှာ သွေးတစ်ပွက်အန်ကာ ကျန်းတရာခန့် နောက်သို့ လွင့်စင်သွားတော့သည်။ (ကျန်း - တရုတ်အတိုင်းအတာတစ်မျိုး၊ ပေတစ်ထောင်ကျော်ခန့်ရှိ)

သူ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

"ယွီဟွားရဲ့ မျိုးဆက်သစ်သားတော်လေးက ရွှယ်ထျန်းကတပည့်တစ်ယောက် အနိုင်ပိုင်းတာ ခံနေရပြီဟေ့!"

အံ့သြတကြီး အော်ဟစ်သံများမှာ အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာကြသည်။

"အကြီးအကဲယန် ဒါ…" ယွီဟွားအကြီးအကဲများသည်လည်း အံ့အားသင့်လှစွာ စကားပင်ဆက်မပြောနိုင်တော့ချေ။

အကြီးအကဲယန်သည်လည်း လွန်စွာမှမျက်နှာပျက်ယွင်းလျက်ရှိ၏။ ဤသွေးတစ်ပွက်မှာ ယွီဟွားဂိုဏ်းတစ်ခုလုံးကို ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် မခြားပေ!

ဒီ ရွှယ်ထျန်းဂိုဏ်းဟာ တကယ်ပဲ သေးငယ်တဲ့ဂိုဏ်းတစ်ခုဆိုတာ ဟုတ်ရဲ့လား?

ဘာလို့ ကျပန်းထွက်လာတဲ့ တပည့်တစ်ကောင်ကတောင် ဒီလောက် ကြမ်းတမ်းရတာလဲ?!

"ကျင့်ကြံသူချန် ကိုယ့်ကိုယ်ကိုသံသယမဝင်နဲ့! မင်းဟာ ယွီဟွားဂိုဏ်းက ဂရုတစိုက် ရွေးချယ်ထားတဲ့ ထိပ်တန်းအရည်အချင်းရှိ တပည့်ကျော်တစ်ယောက်ပဲ မင်းမှာ မသေမျိုးတစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်ဆိုတာ မမေ့နဲ့!!!"

အကြီးအကဲယန်က နက်ရှိုင်းသောအသံဖြင့် သတိပေးသည်။

"ဒီကျင့်ကြံသူမှာ မသေမျိုးတစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်…"

ချန်ရှောင်းက ခပ်တိုးတိုးလေး ရေရွတ်သည်။

ဤအသိတွင် ပြိုကွဲလုနီးပါးဖြစ်နေသော သူ၏ တာအိုကျင့်ကြံရေး နှလုံးသားသည် တစ်ဖန် ပြန်လည်ကောင်းမွန်လာတော့၏။

သူ၏ အကြည့်သည် ပို၍ခိုင်မာတည်တံ့လာသည်။

"ငါ မရှုံးသေးဘူးဟေ့!"

ချန်ရှောင်းတစ်ယောက် ကောင်းကင်ထက်မော့လျက် အော်ဟစ်ကြုံးဝါးလိုက်ရာ သူ၏ မျက်လုံးများမှ လေဟာနယ်ကိုပင် ဆုတ်ဖြဲမွှေနှောက်နိုင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြိုးပြိုးပြက်ပြက် အဖိုးတန်ရောင်ခြည်တော်များဖြင့် ဝန်းရံထားသော နတ်ဘုရားရွှေစင်ရုပ်တုတစ်ခုကဲ့သို့ တောက်ပနေကာ နေမင်းကြီးဖြင့် တစ်ထပ်ဖုံးအုပ်ထားသကဲ့သို့ အရပ်မျက်နှာအနှံ့ တောက်လောင်နေသော အပူမီးအလင်းတန်းများ ဖြာထွက်နေလေ၏။

နေမင်းကြီးသည် ကောင်းကင်ယံ၌ တည်ရှိစံပယ်နေကာ အရာခပ်သိမ်းကို ပူပြင်းလောင်မြိုက်စေသည်။

ရုတ်တရက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အပူစွမ်းအင်များ စုစည်းလာကာ ဟုန်ချန်ယဲ့ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတော့သည်။

"ငကြောင်ကောင်"

ဟုန်ချန်ယဲ့က ချန်ရှောင်းကို အစွမ်းအစမဲ့သော ဒေါသအိုးကြီးတစ်လုံးအဖြစ်သာ သဘောထားကာ လှောင်ပြောင်နေလိုက်သည်။

"သေလိုက်စမ်း!!"

ချန်ရှောင်းက အော်ဟစ်ကြုံးဝါးလိုက်သည်။

ကျန်းတစ်ရာခန့်ကျယ်ပြောသော ရွှေရောင်အလင်းတန်းတစ်ခုသည် လေထုကို ချိုးဖျက်ဖောက်ထွင်းကာ ကောင်းကင်ကိုပါ ထိုးဖောက်ပြီး သူ့ကို လွှမ်းခြုံသွားသည်။

ဂုဏ်အင်ကျက်သရေတို့၏ မူလအရင်းအမြစ် မှော်စွမ်းအားများ ၊ နေမင်းအမှောင်ဖုံးခြင်းကျင့်စဥ် ၊ ဉာဏ်အလင်းအဆင့် နတ်ဘုရားစွမ်းအား စသည်တို့ကို စုစည်းပေါင်းစပ်မည်!

ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်မှ ကျွမ်းကျင်သူများပင် ထိုကဲ့သို့သော ကျင့်စဥ်များကို နားလည်ရန် ခက်ခဲသော်လည်း ချန်‌ရှောင်းကတော့ ဤလှုပ်ရှားမှု၏ အခြေခံအဆင့်များကို ကျွမ်းကျင်ထားပြီးဖြစ်၏။

နေမင်းမသေမျိုးခန္ဓာကို အသက်သွင်းပြီး ထိုလှုပ်ရှားမှုနှင့် ပေါင်းစပ်လိုက်သော် အစောပိုင်းအဆင့် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူကိုသတ်ရန်အတွက်ပင် လုံလောက်သည်ထက် ပိုနေပေဦးမည်။

ပြောရမည်ဆိုလျှင်...

ချန်ရှောင်းဆိုသော ယွီဟွား၏တပည့်ကျော်သားတော်သည် အလွန့်အလွန်ကိုမှ အင်အားကြီးမားလှပြီး အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် ထိပ်တန်းအရည်အချင်းရှိသူတစ်ဦးဖြစ်လေသည်။

ထိုကဲ့သို့သောပါရမီရှင်ကို အလယ်ပိုင်းစီရင်စုအတွင်းသို့ ပစ်ချလိုက်လျှင်ပင် အလွန်ကျော်ကြားပေလိမ့်မည်။

ကံမကောင်းစွာနှင့်ပဲ...

အလွန်ကို ကံဆိုးလှစွာပင် ထိုပါရမီရှင်လေးသည် ဟုန်ချန်ယဲ့ဆိုသည့် မကောင်းဆိုးဝါးနှင့်မှ ထိပ်တိုက်တိုးခဲ့ရလေသည်။

ထိုမကောင်းဆိုးဝါးသည် ကျင့်ကြံဆင့်ကို ပြန်လည်တည်ဆောက်နေသော စစ်မှန်သည့်မသေမျိုးတစ်ပါးဖြစ်သည့်အပြင် မသေမျိုးအဆင့် မီးအမျိုးအစားဝိညာဉ်အမြစ်ကိုလည်း ပိုင်ဆိုင်ထားပြီး အလွန်ချောမွေ့၍ အခက်အခဲမရှိလှသော အထူးကျင့်ကြံရေးလမ်းစဥ်တစ်ခုကို လျင်မြန်တက်ကြွစွာ လျှောက်လှမ်းနေသေးသည်။

အလွှာပေါင်းများစွာသော စွမ်းပကားများ ဤသို့ အထပ်ထပ်စုပုံနေခြင်းသည် ကြောက်မက်ဖွယ်လည်းကောင်း အံ့ဖွယ်လည်းကောင်းလှ၏။

"ဟဲဟဲ"

ဟုန်ချန်ယဲ့က လက်ကိုမြှောက်ကာ ရိုက်ခတ်လိုက်သည်နှင့် အရောင်ခုနစ်သွယ်ရှိသော မီးလျှံများသည် မိုးကောင်းကင်ကို ပြာကျစေပြီး သမုဒ္ဒရာများကို ဆူပွက်စေနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ပြင်းပြင်းထန်ထန်တိုက်ခတ်လာလေသည်။

နှစ်ဖက်စလုံးအတွက် တိုက်ပွဲအဆုံးအဖြတ်သို့ ရောက်သောအခါ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ ကောင်းကင်ယံတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ထင်ရသည်။

"ဒီလို အင်အားမျိုးက တကယ်ပဲ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့် ဟုတ်လို့လား?" ဖုန့်အိုးယန်က မကျေမနပ်ဖြင့်ဆိုသည်။

မျက်စိရှေ့က ထိုဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများနှင့်ယှဉ်လျှင် သူ့ကိုယ်သူ အတုဟုခံစားနေရသည်အထိ။

အခြား ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများလည်း အံ့အားသင့်လို့နေကြ၏။ ဒီလို အင်အားမျိုးက ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူကို သတ်နိုင်လောက်ပေသည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများ တဖြည်းဖြည်း အားပျော့သွားချိန်တွင် မရေမတွက်နိုင်သော မျက်လုံးအစုံတို့သည် ထိုတစ်နေရာတည်းသို့ အာရုံစိုက်လာကြတော့သည်။

"ဘယ်သူနိုင်လဲ?"

လူအများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်ပင်။

ထိုအချိန်တွင် သွေးပေနေသော ပုံရိပ်တစ်ခု ကောင်းကင်မှ ပြုတ်ကျလာသည်။ သူ၏ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများ မှေးမှိန်ဖျော့တော့လျက်ရှိကာ ခိုင်မာသောယုံကြည်ချက်မှာ ပြင်းပြင်းထန်ထန် ထိခိုက်ပြိုလဲခဲ့ရပုံပင်။

"ဒါက ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော်ပဲ!!"

အံ့အားသင့်လျက်ရှိသော အော်ဟစ်သံများသည် တောမီးကဲ့သို့ ပျံ့နှံ့သွားတော့၏။

"ဟမ့် ပိုးစုန်းကြူးလောက်အလင်းရောင်နဲ့များ လမင်းနဲ့ လာယှဉ်ပြိုင်ရဲသေးတယ်!"

ဟုန်ချန်ယဲ့က လှောင်ပြောင်လိုက်သည်။

အစအဆုံး သူသည် ချန်ရှောင်းကို ပြက်လုံးတစ်ခုအဖြစ်သာ သဘောထားခဲ့သည်ပင်။

"ဆရာတူညီလေးယဲ့ မင်းရဲ့ တပည့်က အရမ်းတော်တာပဲကွာ…" ရှယိုနျန်သည်လည်း အံ့အားသင့်သွားရသည်။

ယွီဟွားရဲ့ ဦးစားပေးခံသားတော်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ ဒီမကောင်းဆိုးဝါးကို ဘယ်ကနေကောက်ရလာခဲ့မှန်း သူလည်းမသိတော့ချေ။

"ရှောင်ဟုန်"

ယဲ့ကျွင်းလင်က‌ ခေါ်လိုက်သည်။

ဟုန်ချန်ယဲ့က သူ့ဘေးသို့ လျှပ်တစ်ပြက်ပင် ရောက်ရှိလာပြီး လက်သီးဆုပ်အရိုအသေပြုကာ မေးသည်။"ဆရာသခင် ဘာအမိန့်ရှိပါသလဲ?"

ယဲ့ကျွင်းလင်၏မျက်နှာထက်တွင် ကျေနပ်အားရသော အကြည့်တစ်ခု ရှိနေသည်။ "မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ဒီညမင်းကို ဟင်းတစ်ခွက်ပိုကျွေးမယ်။"

"ကျေးဇူးတင်ပါတယ် ဆရာသခင်… အယ်?"

ဟုန်ချန်ယဲ့၏ မျက်နှာမှာ မေးခွန်းများတန်းစီပေါ်လာသကဲ့သို့ပင်။ ငါကောင်းကောင်းလုပ်နိုင်ခဲ့လည်း ဟင်းတစ်ခွက်ထပ်ချက်ရမှာလည်း ငါပဲမလား?

ဝှစ်!

ဒဏ်ရာအပြည့်ဖြင့် လဲကျနေသောချန်ရှောင်းကို အကြီးအကဲများက စစ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားကြသည်။

"ကျင့်ကြံသူချန် ဒါကိုမြန်မြန် မြိုချလိုက်ပါ" တစ်ယောက်ယောက်က အဆင့်မြင့် ကုသရေးဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဤသူမှာ ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော်လေးဖြစ်သောကြောင့် မည်သည့် အမှားအယွင်းကိုမျှ အဖြစ်မခံနိုင်ပါချေ။

ချန်ရှောင်းလည်း ဆေးလုံးကို မြိုချလိုက်ပြီးနောက် သူ၏ တစ်ကိုယ်လုံးရှိ ဒဏ်ရာများ အတော်လေးသက်သာသွားခဲ့ပြီး ရှုပ်ထွေးပျက်ပြားနေသော အရှိန်အဝါသည် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။

သို့သော် သူသည် မိန်းမောနေလျက်ပင် အရူးတစ်ယောက်ကဲ့သို့ "ငါ ရှုံးသွားပြီ၊ ငါ ရှုံးသွားပြီ…" ဟု ထပ်ခါထပ်ခါ ရေရွတ်လို့နေ၏။

စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပြိုလဲသွားလေပြီ!

အကြီးအကဲယန်သည် စိတ်မကောင်းဖြစ်သွားရကာ မျက်လုံးများ နီရဲလာပြီး ကရုဏာဒေါသဖြင့် အော်လိုက်သည်။ "ကျင့်ကြံသူချန် မြန်မြန်သတိပြန်ဝင်စမ်း"

ထိုအသံတွင် စိတ်ကိုငြိမ်သက်စေသော အထူးအာနိသင်တစ်ခုပါဝင်ပြီး ချန်ရှောင်း၏ ခန္ဓာကိုယ်ကို ခါယမ်းလိုက်သကဲ့သို့ တုန်လှုပ်သွားစေကာ သူ၏ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာသည်။

ချန်ရှောင်းသည် အံကိုတင်းတင်းကြိတ်ကာ ခက်ခဲစွာအားတင်းလျက်ပြောလာသည်။ "အကြီးအကဲယန် ကျွန်တော် ရှုံးသွားပြီ ကျွန်တော်ဟာ ကျင့်ကြံဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းမဟုတ်တော့ဘူး ကျွန်တော် ယွီဟွားဂိုဏ်းကို သိက္ခာကျစေခဲ့ပြီ"

"ကျင့်ကြံသူချန် မင်းအရမ်းမတွေးနဲ့ဦး မင်းမှာ ရှေ့ဆက်သွားဖို့ အလားအလာကောင်းတွေ အများကြီး ရှိသေးတယ် နောက်ပြီးမမေ့နဲ့ မင်းက မသေမျိုးတစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်!!!"

အကြီးအကဲယန်က အားပေးစကားဆိုလာသည်။

ချန်ရှောင်း၏ လွန်စွာစိတ်ဆင်းရဲနေသော အသွင်အပြင်ကိုကြည့်ပြီး အကြီးအကဲယန်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်ရကာ တစ်ဖက်မှ အနီရဲရဲပုံရိပ်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် စူးရှသော အရောင်အဝါတစ်ခု လင်းလက်သွားလေသည်!

"ငါတို့ ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော်ကို ဒီလိုဒဏ်ရာရစေခဲ့တဲ့အတွက် ရှင်းလင်းချက်တစ်ခုတော့ ပေးကိုပေးရမယ်!!!"

စကားဆုံးသည်နှင့် တပြိုင်နက်...

ထိုနေရာသို့ ရောက်ရှိနေသော ယွီဟွားဂိုဏ်းအကြီးအကဲများအားလုံးသည် အားကောင်းသော ကျင့်ကြံဆင့်အရှိန်အဝါများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြတော့၏။

သူတို့အားလုံးသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများပင်!

"ကောင်းကင်ဘုံအရှင်တွေ သူတို့အားလုံး ကောင်းကင်ဘုံအရှင်တွေပဲ!" ဖုန့်အိုးယန်က အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။

ခန္ဓာပေါင်းစည်းခြင်းသို့ ရောက်ရှိသောအခါ ကောင်းကင်ဘုံအရှင်ဟူသော ဘွဲ့ကို ချီးမြှောက်ခံရပေသည်။

ကောင်းကင်ဘုံအရှင် ဆိုသည်မှာ ကောင်းကင်နှင့်အမျှ အသက်ရှည်ခြင်းဟူသော အဓိပ္ပာယ်ရ၏။

ထိုဂုဏ်ပုဒ်ကြောင့် ဤအဆင့်ရှိ ကျင့်ကြံသူများမှာ အောက်ဘက်အဆင့်များနှင့် မည်မျှအထိကွာခြားပါကြောင်း မြင်သာစေသည်။

ယခုအချိန်တွင်....

ဤနေရာသို့ စေလွှတ်ခံရသော ယွီဟွားဂိုဏ်းအကြီးအကဲ ကိုးဦးစလုံးသည် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်တွင် ရှိကြပြီး ယွီဟွားဂိုဏ်း၏ ကျင့်ကြံဆင့်အခြေ မည်မျှခိုင်မာနက်ရှိုင်းကြောင်း ပြသနေသောအချက်ပင်။

လေပေါ်ဘုရားကျောင်းနှင့် ရွှယ်မိသားစုမှ လူများပင် မျက်နှာပျက်ကာ အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေကြရတော့၏။

ဤသည်မှာ အင်အားထုတ်ဖော်ပြသခြင်းပင်!

"သူ့ကို ဖမ်းဆီးပြီး ကွပ်မျက်မယ့်သူ ဘယ်သူလဲ?"

အကြီးအကဲယန်က အေးစက်စွာ မေးလိုက်သည်။

"ငါ!"

ခန္ဓာကိုယ်တောင့်တင်းပြီး အရပ်ရှည်သော အကြီးအကဲတစ်ဦးက ပြောပြောဆိုဆို ထွက်လာပြီး သူ၏ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။

အလယ်အလတ်အဆင့် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်၏ ခန့်ညားထည်ဝါသော စွမ်းအားအဟုန်သည် လေထဲမှတစ်ဆင့် ပတ်ဝန်းကျင်ကို ဖိအားပေးလာတော့သည်။

"ဆရာသခင်"

ဟုန်ချန်ယဲ့ မျက်နှာငယ်ဖြင့်လှမ်းခေါ်လိုက်သည်။

ဆိုလိုရင်းမှာ ဤအခြေအနေကို သူမကိုင်တွယ်နိုင်တော့ပါကြောင်း။

"ရပါတယ် ငါကြည့်လုပ်လိုက်မယ်"

ယဲ့ကျွင်းလင် ပေါ့ပေါ့ပါးပါးဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာလေသည်။

ဘုန်း!

ချက်ချင်းဆိုသလိုပင် လူတိုင်း နားအူသွားရလေသည်။

"ရွှယ်ထျန်းဂိုဏ်းရဲ့ တောင်ထိပ်သခင်ယဲ့က ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်မှာ ရှိနေတာလား?!" ဟွမ်ကျိုးမှကျင့်ကြံသူအားလုံးမှာ လွန်စွာအံ့သြတုန်လှုပ်သွားရပေတော့၏။

"ငါတို့ ဟွမ်ကျိုးပြည်နယ်မှာ တကယ်ပဲ ကောင်းကင်ဘုံအရှင်တစ်ပါး ရှိနေတာလား!"

ဖုန့်အိုးယန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။

အံ့အားအသင့်ရဆုံးသူများမှာ ရှယိုနျန်နှင့် နောက်လိုက် တောင်ထိပ်သခင်တစ်သိုက်ပင်။

ယဲ့ကျွင်းလင်တစ်ယောက် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်တွင်ရှိနေလိမ့်မည်ဟု သူတို့ဘယ်လိုထင်မှတ်ခဲ့ကြဖူးမည်နည်း?

"အစကတော့ ဝိဉာဥ်သန္ဓေအဆင့်လို့ထင်ခဲ့တာ ပြီးတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူဖြစ်နေပြန်ရော အခုတော့ ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူတောင် ဖြစ်သွားပြီလား?"

ရှယိုနျန်ခမျာ စိတ်ဓာတ်ကျစွာဖြင့် ညည်းညူလာရတော့၏။ "ဆရာတူညီ‌လေးယဲ့ မင်း တော်ရုံအခွက်ပြောင်လေကွာ"

All Chapters