← Chapters

နတ်ဘုရားတစ်ပါး၏ တည်ငြိမ်သောရောင်ခြည်

Vol. 2 Ch. 27

နတ်ဘုရားတစ်ပါး၏ တည်ငြိမ်သောရောင်ခြည်

Vol. 2 Ch. 27

"မင်းကလည်း ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူပေါ့ ဟုတ်လား! အဲ့ဒီတော့ ဘာဖြစ်လဲ! မင်း ငါ့ကို ယှဉ်နိုင်မယ်လို့ တကယ်ထင်နေတာလား?" အကြီးအကဲသည် အစပိုင်းတွင်တော့ အံ့အားသင့်သွားသော်ငြား ချက်ချင်း လက်သင်္ကေတများ ပြုလုပ်လိုက်ကာ နတ်ဘုရားစွမ်းအားတစ်ခုကို ဖန်တီးလိုက်ပြီး မျက်လုံးများမှာလည်း လျှပ်စီးလက်သကဲ့သို့ တောက်ပလာလေသည်။

လေဟာပြင်ထက်တွင် ကျောက်တုံးကြီးများလိမ့်ဆင်းလာသကဲ့သို့ တဒုန်းဒုန်းမြည်ဟည်းနေပြီး ဖြူဖွေးတောက်ပသော အလင်းတန်းကြီးတစ်ခုကို ထုတ်လွှတ်နေသော ဧရာမလက်ဝါးကြီးတစ်ခုပေါ်လာသည်။ ထိုအလင်းတန်းကြီးမှာ ရှေးဟောင်းဆန်ဆန် အရှိန်အဝါကို ထုတ်လွှတ်ကာ ဆန့်ထွက်လာတော့၏။

ဤအရာကို မြင်သော် ယဲ့ကျွင်းလင်က တည်ငြိမ်စွာပင် လက်ညှိုးတစ်ချက်ထိုးလိုက်သည်။

ဘန်း!

ဧရာမလက်ကြီးသည် အပိုင်းအစများစွာအဖြစ် ကွဲထွက်သွားတော့လေသည်။

"ဘာ?!" အကြီးအကဲ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ထင်ဟပ်လို့သွားရပြီး သူ၏နှလုံးသားထဲတွင် မကောင်းသော နိမိတ်ခံစားချက်တစ်ခု ပေါ်ပေါက်လာသလိုပင်။

ဝှစ်

ယဲ့ကျွင်းလင်သည် လေဟာနယ်ကျင့်စဥ်ကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် သူ့ရှေ့သို့ ရောက်ရှိလာ၏။

ဘန်း!

သူသည် လက်သီးဖြင့် တစ်ဖက်လူကို တိုက်ရိုက် ထိုးနှက်လိုက်ပြီး သတ်ဖြတ်နိုင်စွမ်းပမာဏသည်ကား မယှဥ်နိုင်လောက်အောင် မြင့်မားလှသည်။

"အား…"

အရှိန်အဟုန်သည် အလွန်မြန်ဆန်သောကြောင့် အကြီးအကဲမှာ သူ၏ ကာကွယ်ရေး မှော်ရတနာများရော မှော်စာရွက်များကိုပါ မဆင့်ခေါ်နိုင်လိုက်ပေ။ ဘာမှမသိလိုက်ခင်မှာပင် ယဲ့ကျွင်းလင်၏ လက်သီးဖြင့် အထိုးခံလိုက်ရပြီး သူ၏ ရုပ်ခန္ဓာ ပေါက်ကွဲထွက်ကာ ဝိညာဉ်အရင်းအမြစ်သည်လည်း ရုတ်ချည်း ချုပ်ငြိမ်းသွားရ၏။

"ဘုရားရေ!!!!!"

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားရပြီး မယုံနိုင်လောက်သော အမူအရာများဖြင့် ‌ငေးကြည့်လျက်သာ ရှိကြလေသည်။

ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်က အကြီးအကဲတစ်ယောက်ကို လက်သီးတစ်ချက်နဲ့ သတ်ပစ်လိုက်တာလား?

လာမနောက်ကြနဲ့နော်။

ထိုအချိန်တွင် ယဲ့ကျွင်းလင်ကတော့ လက်ချောင်းများကို အသာတောက်ခါလိုက်ပြီး ငွေရောင်ဆံပင်များမှာလည်း လေဖြင့်တလူလူလွင့်လျက်ရှိကာ နှုတ်ခမ်းထောင့်တွင် ခပ်မြူးမြူးအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဒါပဲလား?"

ထူးကဲသန့်စင်အရိုးကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ အခြေခံတိုက်ခိုက်ရေးစွမ်းအားသည် ပိုလို့မြင့်တက်သွားပြီး မည်သည့် နတ်ဘုရားစွမ်းအားကိုမျှ အသုံးမပြုဘဲ အနီးကပ်ချောင်ပိတ်ရိုက်သည့် ရိုးရိုးတိုက်ကွက်တစ်ကွက်သည်ပင် ထိုအကြီးအကဲကို ပွဲချင်းပြီးရှင်းနိုင်သည်အထိ အားကောင်းလေသည်!

အကြီးအကဲယန်သည် မျက်နှာအကြီးအကျယ်ပျက်ယွင်းလျက် အော်ဟစ်အမိန့်ပေးလိုက်သည်။ "အားလုံးပဲ တိုက်ခိုက်ကြ! သူ့ကို သတ်ကြ!"

ဝှစ် ဝှစ် ဝှစ်~

ကျန်ရှိသော အကြီးအကဲခုနစ်ဦးသည် အမိန့်ဖြင့် ချက်ချင်းရွေ့လျားသွားကြပြီး သူတို့အားလုံးသည် ယဲ့ကျွင်းလင်နှင့် ကျင့်ကြံဆင့်တူများဖြစ်ကာ အသေသတ်ရန်ရည်ရွယ်ချက်အပြည့်ဖြင့် မောင်းတင်လျက် အားကုန်တိုက်ခိုက်ကြတော့၏။

ရုန်းရင်းဆန်ခတ် တိုက်ပွဲတစ်ခုစပြီ!

ကောင်းကင်သည် ပြိုကွဲလုနီးပါးဖြစ်ကာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ လည်ပတ်သွားသည်။

ရုတ်တရက် ယဲ့ကျွင်းလင်၏ အနောက်တွင် သက်ရှိသတ္တဝါအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဟန်ရှိသောသော ခန့်ညားထည်ဝါသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ၎င်း၏ ကြောက်မက်ဖွယ် ဖိအားသည် လှိုင်းလုံးကဲ့သို့ ပတ်ဝန်းကျင်အနှံ့ ရိုက်ခတ်ပျံ့နှံ့သွားကာ လူအများအား ဒူးထောက်အညံ့ခံလိုသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

"လောကဘုရင်အမှတ်တံဆိပ်!"

ယဲ့ကျွင်းလင်က လက်ကိုမြှောက်ကာ ထိုအမှတ်တံဆိပ်ကို ပုံဖော်လိုက်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲခုနစ်ဦး၏ တိုက်ကွက်များကြားသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။

ကျယ်ပြန့်သော စွမ်းအင်လှိုင်းများသည် အချင်းချင်း ပြင်းထန်စွာ ရိုက်ခတ်ကာ နေရာတိုင်းကို ရက်စက်စွာ ဆုတ်ဖြဲပစ်လို့နေသည်။

"ဖူး!"

အကြီးအကဲများသည် တစ်ဦးပြီးတစ်ဦး သွေးအန်ကုန်ကြကာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောက်လန့်တကြား အော်ဟစ်ကြလေသည်။ "ဒါ ဘယ်အဆင့်က နတ်ဘုရားစွမ်းအားကြီးလဲ?"

အလွန်အာဏာစက်ပြင်းပြီး မယှဥ်နိုင်လောက်အောင် ကြီးမြတ်ဝင့်ထည်လှကာ ယွီဟွားဂိုဏ်း၏ မည်သည့်ကျင့်စဥ်ထက်မဆို အလွန်အမင်း သာလွန်ပေသည်!

ယဲ့ကျွင်းလင်က လှောင်ပြောင်ရယ်မောလိုက်ကာ လက်ကိုထပ်မြှောက်ပြီး ပြင်းထန်စွာ ရိုက်ချလိုက်၏။

"ဥက္ကာပျံဒိုင်း!"

အကြီးအကဲတစ်ဦးသည် သေဘေးကိုကြောက်သည့်စိတ်ဖြင့် ဆံပင်များ ထောင်မတ်သွားပြီး အချိန်မီ သူ၏ မွေးရာပါ မှော်လက်နက်ကို ဆင့်ခေါ်လိုက်သည်။

ချက်ချင်းဆိုသလို တောက်ပသောအလင်းရောင်များဖြင့် ဝန်းရံထားသော ဒိုင်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းအပေါ်တွင် လျှို့ဝှက်သင်္ကေတများ စီးဆင်းလျက်ရှိသည်။

ဤသည်မှာ အစစ်အမှန် ပထမတန်း ဝိညာဉ်လက်နက်တစ်ခုပင်!

ဘန်း!

ဥက္ကာပျံဒိုင်းသည် ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားလိုက်ရပြီး ၎င်း၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းအချို့ ပေါ်လာသော်လည်း ကံကောင်းစွာဖြင့် ကွဲမထွက်သွားဘဲ သူ့သခင်အသက်ကို ကယ်တင်နိုင်ခဲ့သည်။

"ဒီကောင့်ရဲ့ အင်အားက ကြောက်စရာကောင်းတယ် အားလုံးပဲ မြန်မြန် မှော်လက်နက်တွေကို သုံးပြီး သူ့ကို ဖိနှိပ်သတ်ဖြတ်ကြ!" ထိုအကြီးအကဲသည် အခွင့်ကောင်းယူကာ ဆုတ်ခွာပြီး အော်ဟစ်လိုက်သည်။

"သတ်!"

ကျန်ရှိသော အကြီးအကဲများက ကြုံးဝါးအော်ဟစ်လိုက်ကြကာ တစ်ပြိုင်နက်ပင် သူတို့၏ မှော်လက်နက်များကို ဆင့်ခေါ်လိုက်ကြတော့၏။

အားလုံးသည် ပထမတန်း ဝိညာဉ်အဆင့်လက်နက်များပင်!

"ကောင်းကင်လှည့်လည်ဓားရေး!"

မျက်ခုံးဖြူဖြူနှင့် အကြီးအကဲတစ်ဦးက သုံးပေရှည်သော အစိမ်းရောင်ဓားကို ကိုင်ကာ ခန့်ညားထည်ဝါသော ဓားအလင်းတန်းကို ပစ်လွှတ်ပြီး ယဲ့ကျွင်းလင်ကို ဝန်းရံစေလိုက်သည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ အခြားအကြီးအကဲများသည်လည်း သက်ဆိုင်ရာ မှော်လက်နက်များ၏ စွမ်းအားကို အားကိုးကာ သတ်ဖြတ်နိုင်စွမ်းကို အဆတစ်ရာ တိုက်ရိုက်တိုးမြှင့်လျက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာကြသည်။

နယ်ခြားအင်အားစုများသည်လည်း ယဲ့ကျွင်းလင်ကို ပျက်သုဥ်းစေလိုကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် ဟွမ်ကျိုးပြည်နယ်သည် လူမနေသင့်သော ခြောက်ကပ်ကပ်နယ်မြေတစ်ခုဖြစ်ပြီး ဤနေရာမှ ဒေသခံတောသားများက ဘယ်လိုများ ဤမျှထိ အင်အားကြီးနိုင်မည်နည်း? မဖြစ်သင့်သောကိစ္စပါပေ။

ယွီဟွားဂိုဏ်းကိုပင် ရာရာစစလာစော်ကားရဲသူအား ချက်ချင်းသတ်ပစ်သင့်ပေသည်။

"အော်မိထော်ဖော အမျှ အမျှ"

လေပေါ်ဘုရားကျောင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဘုန်းတော်ကြီးကျင်းသည် သနားကရုဏာသက်သော အမူအရာဖြင့် လက်အုပ်ချီကာ ရွတ်ဆိုနေလေသည်။

ဤအရာကို မြင်သောအခါ ရွှယ်မိသားစု၏ သခင်လေးရွှယ်ထျန်းယိက မျက်နှာတစ်ချက်မဲ့လိုက်သည်။ ဤခေါင်းတုံးကြီးသည် တကယ်ပင် ဟန်ဆောင်ကောင်းသူဖြစ်၏။

ထို့နောက် စစ်မြေပြင်တွင် တိုက်ခိုက်နေသော ပုံရိပ်များကို ကြည့်ကာ မနာလိုစိတ်များ ဖြစ်ပေါ်လာပြီး ဝင်၍မြှောက်ထိုးပင့်ကော်လုပ်လိုက်သည်။ "ဒီလို ဆိုးယုတ်တဲ့ကောင်မျိုးက မြန်မြန်သေလေ အေးလေပဲ"

"ပွဲက အဆုံးသတ်တော့မှာလား?"

ငွေရောင်ဆံပင်နှင့်လူငယ် အခက်အခဲများစွာ ရင်ဆိုင်နေရသည်ကို မြင်သောအခါ ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူတို့၏ နှလုံးသားများမှာ စိုးရိမ်စိတ်ဖြင့် လည်ချောင်းဝသို့ ဆန်တက်လာကြသကဲ့သို့ပင်။

"ဒုက္ခပဲ ဆရာတူညီ‌လေးယဲ့ အန္တရာယ်ရှိနေပြီ!" ရှယိုနျန်နှင့် အခြားတောင်ထိပ်သခင်များလည်း စိုးရိမ်တကြီးဖြင့် ပျာယာခတ်လာကြသည်။

သူတို့ထဲတွင် ဟုန်ချန်ယဲ့တစ်ဦးတည်းသာ ဂရုမစိုက်သလို အမူအရာဖြင့် ရှိနေသည်။

သူ့ပတ်ဝန်းကျင်မှ လူများ၏ အာမေဋိတ်သံများကို နားထောင်ရင်း လက်ကိုပိုက်ကာ နှုတ်ခမ်းကိုမဲ့လျက် တိတ်တဆိတ် စူပွစူပွလုပ်နေလိုက်သည်-

"မင်းတို့လို ပုရွက်ဆိတ်လေးတွေက ဘာသိမှာလဲ?"

ဝေ့ပြည်ထောင်တွင် ယဲ့ကျွင်းလင်၏ ထူးခြားသော စွမ်းဆောင်ရည်ကို မျက်မြင်တွေ့ရှိပြီးကတည်းက ဟုန်ချန်ယဲ့သည် ဤကောင်လေးတွင် ဝှက်ဖဲတစ်ခုတော့ သေချာပေါက်ရှိကိုရှိရမည်ဟု ကောက်ချက်ချခဲ့တာပင်။

ထိုအချိန်တွင်...

သူ၏ကောက်ချက်ချခြင်းမှန်ကန်ကြောင်း သက်သေပြနေသကဲ့သို့ ယဲ့ကျွင်းလင်သည် စုပေါင်းဝန်းရံမှုအလယ်တွင် အလွန်ကိုအေးအေးဆေးဆေးရှိလျက်သာ။

"ဒါဆိုရင် မင်းတို့ ဒီတစ်ကွက်ကို ခံစားကြည့်လိုက်ကြစမ်း"

ယဲ့ကျွင်းလင်က အူရွှင်နေသကဲ့သို့ ရယ်မောကာ ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသော မှော်စွမ်းအားကို လှုံ့ဆော်လိုက်သော် ထိုမှော်စွမ်းအားသည် သူ၏ ရင်ဘတ်တွင်းရှိ ထူးကဲသန့်စင်အရိုးထဲသို့ အရူးအမူး စီးဝင်သွားလေ၏။

ရုတ်တရက် သန့်ရှင်းစင်ကြယ်သော အလင်းရောင်များ တောက်ပလာပြီး ထိုတောက်ပမှုမှာ မသေမဆုံးစွာ ထာဝရတည်မြဲနေသကဲ့သို့ပင်။

သူ၏ ရင်ဘတ်ပေါ်တွင် တောက်လောင်နေသော နေမင်းကြီးတစ်ခု မွေးဖွားလာသကဲ့သို့ ပုံပေါ်နေပြီး ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ကောင်းကင်ကိုပင် ပေါက်ကွဲစေနိုင်မည်ဟု ထင်ရသည်။

"ဘာတွေ ဖြစ်နေတာလဲ?!"

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်လှုပ်ခြောက်ချားလာရကာ မျက်နှာငယ်လေးများဖြင့် ဟိုကြည့်သည်ကြည့်ဖြစ်ကြလျက်။

ဘုန်း!

ယဲ့ကျွင်းလင်၏ ရင်ဘတ်တွင်းမှာ တုယှဥ်ဖို့မစွမ်းနိုင်သော နတ်ဘုရားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုအဖြစ်အပျက်မှာ ကောင်းကင်ဘုံ၏အမျက်ဒေါသကြောင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းရမည့် ပြစ်ဒဏ်တစ်ရပ် ချမှတ်လိုက်သကဲ့သို့ပင်။

ဤသည်မှာ ထူးကဲသန့်စင်အရိုး၏ ကြီးမြတ်သော နတ်ဘုရားစွမ်းအားဖြစ်ပါသည်။

ကောင်းကင်ဘုံ၏ ဘေးဒုက္ခအန္တရာယ်ဖြစ်သော အလင်းတန်းကြီး မွေးဖွားလာလေပြီ!!

"မကောင်းတော့ဘူး!"

ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူ အကြီးအကဲခုနစ်ဦးသည် သူတို့၏ နှလုံးသားအတွင်းထဲမှ ပဲ့တင်ထပ်လာသော သတိပေးချက်တစ်ခုကို ကြားသိခံစားလိုက်ရပြီး ဤကြောက်မက်ဖွယ် ကမ္ဘာပျက်စေမည့် နတ်ဘုရားအလင်းတန်းကို တားဆီးနိုင်ရန်အလို့ငှာ သူတို့၏ မှော်လက်နက်များကို အပြည့်အဝ အားထည့်ထားလိုက်ကြ၏။

"အား…"

ကြေကွဲနာကျင်ဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် ကောင်းကင်ဘုံဘေးအန္တရာယ်အလင်းတန်း၏ ရှေ့တွင် သူတို့အားလုံး၏ လက်ထဲရှိ အနိမ့်တန်း ဝိညာဉ်လက်နက်များမှာ အက်ကွဲကြောင်းများဖြင့် ကွဲကြေသွားကြကုန်၏။

မှော်လက်နက်များ၏ ကာကွယ်မှု မရှိတော့သောကြောင့် အကြီးအကဲခုနစ်ဦးသည်လည်း ကြောက်လန့်တကြား အော်ဟစ်ငိုယိုကုန်ကြသည်။ "အကြီးအကဲယန် ကယ်ပါဦး!"

အဖွဲ့ကို ဦးဆောင်လာသော အကြီးအကဲယန်သည်လည်း ဆက်ကြည့်မနေနိုင်တော့ဘဲ သူ၏ အခြားအကြီးအကဲများကို ကယ်တင်ရန် လှုပ်ရှားဖို့ပြင်ဆင်ရတော့သည်။ မဟုတ်ပါက ဂိုဏ်းသို့ပြန်ရောက်သော် ဒီမျက်နှာကို မည်သို့ပြဝံ့မည်နည်း?

ဘုန်း!

အထွဋ်အထိပ် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်သည် ချက်ချင်း ပေါက်ကွဲထွက်လာတော့၏။

ဝှစ်ခနဲအသံဖြင့် ရှေးဟောင်း ကြေးဝါစေတီတစ်ခု ပေါ်ထွက်လာပြီး မယှဥ်ပြိုင်ရဲလောက်အောင် မြင့်မားသည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

တတိယတန်း ဝိညာဉ်လက်နက်ဖြစ်သော ရွေ့လျားမျောလွင့်စေတီပင်!

ပထမတန်း ဝိညာဉ်လက်နက်ထက် နှစ်ဆင့်သာ မြင့်သော်လည်း စွမ်းအားအနေဖြင့် အဆတစ်ထောင်ကျော် ပိုမိုအားကောင်းသည်။

ထိုအကြီးအကဲယန် သည် ဤစေတီအားကိုးဖြင့် အတွင်းဂိုဏ်းအကြီးအကဲများကြားတွင် အလွန်လေးစားခံရသူတစ်ဦး ဖြစ်ပေသည်။

"မီးတောက်လိုရန်သူကို အခုချက်ချင်း ငြှိမ်းသတ်လိုက်စမ်း!"

အကြီးအကဲယန်သည် တစ်ချက်ကြုံးဝါးကာ ရွေ့လျားမျောလွင့်စေတီကို ကိုင်လျက် လှိုင်းထန်သော စွမ်းအင်များကို ထုတ်လွှတ်ပြီး ကျန်ရှိနေသော ကောင်းကင်ဘုံဘေးအန္တရာယ်အလင်းတန်းကို ရင်ဆိုင်လိုက်သည်။

"ဟဲဟဲ တော်လိုက်တာဗျာ" ယဲ့ကျွင်းလင် အခွက်ပြောင်လိုက်သည်။

【တင်၊ ပိုင်ရှင်ဟာ ခန္ဓာပေါင်းစည်းခြင်း အထွဋ်အထိပ်ဆင့်ရန်သူရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရကြောင်း သိရှိရတဲ့အတွက် အင်အားကြီးသောရန်သူနှင့်ရင်ဆိုင်ကာ ပိုမိုအင်အားကြီးလာခြင်းဆိုတဲ့ အကျိုးသက်ရောက်မှုစွမ်းရည်အရ ပြီးပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တိုးမြင့်သွားပါပြီရှင့်!】

ဘုန်းဟူသော အသံနှင့်အတူ ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်မှ ပိုမိုအားကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ခန္ဓာပေါင်းစည်းခြင်း၏ အလယ်အလတ်အဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက် ချိုးဖျက်သွားလေသည်။

ချက်ချင်းဆိုသလို အားနည်းနေသော ကောင်းကင်ဘုံဘေးအန္တရာယ်အလင်းတန်းသည်လည်း ရုတ်တရက် အလွန်အံ့သြဖွယ်ကောင်းလောက်အောင် တောက်ပလာတော့လေသည်!

"မင်း၊ မင်း တကယ်ပဲ မင်းရဲ့ ကျင့်ကြံဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့တာကိုး!" အကြီးအကဲယန်မှာ ဦးရေပြားများပေါက်ထွက်လာမတတ် စိတ်ဖိစီးရကာ သွေးအန်ချင်လောက်အောင် ဒေါသထွက်လာတော့၏။

ဘုန်း!!

ကောင်းကင်ဘုံဘေးအန္တရာယ်အလင်းသည် အသံကြီးတစ်ခုပေးလျက် ပြင်းထန်စွာ တိုက်ခိုက်လာလေသည်။

"အား…" အကာအကွယ်မဲ့နေသော အကြီးအကဲခုနစ်ဦး၏ ခန္ဓာကိုယ်များမှာ သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များလည်း ချုပ်ငြိမ်းသွားရှာတော့၏။

အကြီးအကဲယန် တစ်ဦးတည်းသာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားသော်လည်း သူသည်လည်း သွေးများဖြင့် ဖုံးလွှမ်းကာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကြောက်ရွံ့တုန်လှုပ်လျက် ကျန်ရစ်ခဲ့ရခြင်းဖြစ်သည်။

ဟွမ်ကျိုးပြည်နယ်တွင် ဤမျှရက်စက်ကြမ်းကြုတ်သော ပါရမီရှင်တစ်ဦး ပေါ်လာလိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ပါ။

ဒီကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီလား?

ယခု အရေးတကြီး လုပ်ရမည့်ကိစ္စမှာ သူ့အသက်လေးကိုတော့ မရအရကယ်တင်ရန်ပင်။

"အကြီးအကဲခင်ဗျာ ဒီနေ့ ကျွန်တော်တို့ အရှုံးပေးပါတယ် ယွီဟွားဂိုဏ်းဟာ လျှို့ဝှက်နယ်မြေလုယက်ခြင်းတိုက်ပွဲကနေ ဆန္ဒအလျောက် ဆုတ်ခွာပါတယ်"

ထိုသို့ပြောပြီးနောက် သူလှည့်ထွက်သွားရန် ပြင်လိုက်သည်။

"ဟဲဟဲ လာချင်သလို လာ သွားချင်သလို သွားလို့ရမယ်ထင်တယ်ပေါ့?"

ငွေဖြူရောင်ဆံနွယ်များက ကြမ်းကြမ်းရမ်းရမ်းလွင့်ခါနေသည်။ ဆံနွယ်ပိုင်ရှင် ယဲ့ကျွင်းလင်က လက်ကို ဆန့်ထုတ်ထားပြီး နေမင်း၊ လမင်း၊ ကြယ်တံခွန်များနှင့် မြစ်မင်းအသွယ်သွယ်ကို ဖိနှိပ်ချုပ်ကိုင်နိုင်သော အမြင့်မြတ်ဆုံး အရှိန်အဝါအား ထုတ်လွှတ်ဖြန့်ကျက်ကာ လောကတစ်ခုလုံးကို အထက်စီးမှ ကြည့်လျက်ရှိ၏။

"ဒီအရှင်အတွက် သေလိုက်စမ်း!"

All Chapters