← Chapters

အပြန်

Vol. 45 Ch. 617

အပြန်

Vol. 45 Ch. 617

“ကောင်းပြီလေ…ရှင် ပြောသလို ကျမ လုပ်ပါမယ်။ ဒါပေမဲ့ အခုတော့ အစ်ကိုဟန်က ဒီအလောင်းနတ်ဆိုးကိုကော ဘယ်လိုပုံစံ ကိုင်တွယ်မယ်လို့ စဉ်းစားထားလဲ…”

မြေခွေးဖြူသည် ဟန်လိကို အသံပို့လွှတ်၍ ပြောလိုက်သည်။

ဟန်လိသည် အစိမ်းရောင်အမွှေးအမျှင်များနှင့် အလောင်းနတ်ဆိုးကို ကြည့်ကာ အေးဆေးဟန်ဖြင့် ပြောလိုက်သည်။

“အရင်ဆုံး ရွှေဝါးမြိုခြင်းပိုးတောင်မာတွေက ဒီကောင့်ကို ဖျက်စီးနိုင်၊ မနိုင် ကြည့်ရတာပေါ့။ အဲ့တာ အလုပ်မဖြစ်ဘူးဆို ကျုပ်လည်း တခြားတတ်နိုင်တာ မရှိတော့ဘူး။ ကျုပ်တို့ ဒီအလောင်းကောင်ကို ထားခဲ့ပြီး ထွက်သွားရုံပဲ ရှိတော့မယ်။ ဒါ့အပြင် ကျုပ် ရယူထားတဲ့ ကျောက်စိမ်းသေတ္တာထဲမှာက အလောင်းနတ်ဆိုးရဲ့ ပင်မစိတ်ဝိညာဉ် ပါဝင်နေတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဒီအလောင်းနတ်ဆိုးက ပြဿနာကြီးကြီးမားမား ဖြစ်လာတာမျိုး ရှိလာနိုင်တော့မှာ မဟုတ်ဘူး…”

ထို့နောက်တွင် ဟန်လိက သူ့ခါးကို ပုတ်၍ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို လေထဲသို့ ပစ်မြှောက်ကာ မြောက်များစွာသော အနက်ရောင်အစင်းရှိ ရွှေဝါးမြိုခြင်းပိုးတောင်များကို အလောင်းနတ်ဆိုးအား ခြုံလွှမ်းစေလိုက်သည်။

ပိုးတောင်မာများ၏ ကိုက်မြည်သံများက အခန်းတစ်ခွင်တွင် ပွက်လောရိုက်သွားလေ၏။ သို့ပေမည့် တအောင့်အကြာတွင် ပိုးတောင်မာများ၏ အစိတ်အပိုင်းတချို့သည် ရုတ်တရက် နောက်လန်ကျကာ သေဆုံးသွားတာကို ဟန်လိ တွေ့မြင်ရ၏။ ၎င်းတို့၏ သုံးရောင်စုံကြေးခွံမှာ အစိမ်းပုပ်ရောင်အဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားပေသည်။

“ကြောက်မက်ဖွယ်အဆိပ်…” ဟန်လိသည် ထိုသို့ တီးတိုးရေရွတ်လိုက်မိသည်။ ခဏ တွေဝေနေပြီးနောက် သူသည် ပိုးတောင်မာများကို သားရဲသိုလှောင်အိတ်ထဲ ပြန်ဝင်လာခိုင်းလိုက်တော့သည်။ မြေခွေးဖြူကလည်း စဉ်းစဉ်းစားစားဖြင့် ပြောလာသည်။

“ဒီအလောင်းနတ်ဆိုးရဲ့ ပုပ်သိုးစေတဲ့အဆိပ်ဟာ ဒီလောကရဲ့ သေစေနိုင်ဆုံး အဆိပ်ဆယ်မျိုးထဲမှာ မပါလောက်ဘူး။ ဒါပေမဲ့ သူ့ရဲ့အဆိပ်ဟာာ ရှင့်ပိုးတောင်မာတွေ ခံနိုင်တဲ့အရာ ဟုတ်မနေဘူး…”

ဟန်လိက နှာခေါင်းရှုံ့၏။ မျက်မှောင်ကြုတ်ကာ အလောင်းနတ်ဆိုးကို အေးစက်စက် စိုက်ကြည့်သည်။ ဤမွန်းစတားကောင်၏ခန္ဓာကိုယ်သည် အလွန်တရာ မာကျောလှချေသည်။ သူ တွေ့ကြုံဖူးသော ရေနဂါးထက်ပင် များစွာ ပိုမာကျောနေပေသည်။ သူ့အနေဖြင့် အလောင်းနတ်ဆိုးကို ဖျက်စီးနိုင်ခဲ့လျှင်ပင် သူ၏ပိုးတောင်မာအများစုကို ရင်းရလိမ့်မည်ဟု ထင်သည်။ ဤသို့သော အချည်းနှီးကိစ္စအတွက် ထိုမျှဆုံးရှုံးမှုကို လက်ခံရန် အကြောင်းရင်း ဟန်လိတွင် ရှိမနေပေ။

“သွားကြစို့…” ဟန်လိသည် နည်းနည်းလေးမျှ တွေဝေမနေတော့ဘဲ ထွက်သွားမည့်အကြောင်း ပြောသည်။ မြေခွေးဖြူကလည်း ခေါင်းညိတ်သဘောတူပြီး ပြန်ပြောသည်။

“ကြည့်ရတာ ဒီလိုပဲ ရွေးချယ်ရတော့မှာပဲ။ နောက်ပိုင်းတော့ ဒီအလောင်းနတ်ဆိုးကို အသုံးချလို့ရမဲ့ နေရာတစ်ခုခု ရှိလာနိုင်မှာပါ…”

ထိုသို့ပြောလိုက်စဉ် မြေခွေးဖြူထံမှ ထူးခြားသောအလင်းတစ်ခု တောက်ပကာ အဝါရောင်ဝံပုလွေတစ်ကောင်သည် ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာချေသည်။ ဝံပုလွေ ထွက်ပေါ်လာသည်နှင့် ၎င်းက ပါးစပ်ဖြဲလိုက်ပြီး ဟန်လိုတို့ကို ခြုံလွှမ်းသွားသည်။ ထို့နောက်တွင် ဟန်လိနှင့် မြေခွေးဖြူတို့သည် ဤအခန်းထဲမှ ပျောက်ကွယ်သွားကြသည်။

စီနီယာအစ်ကိုဝမ်နှင့် အခြားချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်တို့သည် တောင်အငူစွန်း၏ အပြင်ဘက်တွင် စိတ်ပူတကြီး ရပ်နေတုန်းပင်။ သူတို့အားလုံးသည် မြေလှုပ်ရှားမှုပညာရပ်ကို အသုံးပြုနိုင်စွမ်း မရှိကြ၍ ဟန်လိပြန်အလာကို စောင့်နေရုံသာ တတ်နိုင်သည်။ ကိုင်ဟွမ်သည် စိတ်မရှည် ဖြစ်လာပြီး မေးသည်။

“စီနီယာအစ်ကို…ဂျူနီယာညီလေးဟန် အောင်မြင်နိုင်လိမ့်မယ်လို့ ထင်လား…”

သူ့စကားကို ကြားသည့်အခါ အခြားနှစ်ယောက်ပါ အစ်ကိုဝမ်ထံ လှည့်ကြည့်လာသည်။ အစ်ကိုဝမ်သည် မချိပြုံးပြုံး၍သာ ပြန်ပြောနိုင်တော့သည်။

“ပြောဖို့ ခက်တယ်ကွ။ ညီလေးဟန်က အဆင့်တစ်ဆယ်ပဲ ရှိသေးတော့ နတ်ဆိုးမြေခွေးကောင်ကို ဖမ်းနိုင်ဖို့ဟာ သူ့အတွက်တော့ မလွယ်လှဘူး။ ဒါပေမဲ့ ညီလေးဟန်မှာက အထင်ကြီးဖွယ် မှော်ပစ္စည်းကို ပိုင်ဆိုင်ထားတယ်လေ။ သူ့အနေနဲ့ ကျုပ်တို့ကို ကျေနပ်အံ့အားသင့်သွားအောင် လုပ်ချင်လုပ်နိုင်မှာပါ…”

အခြားသုံးယောက်သည်လည်း စီနီယာအစ်ကိုဖြစ်သူ၏ စကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။ အရပ်ပုပု၊ဂင်တိုတိုနှင့်လူငယ်က သက်ပြင်းချကာ သူ့ဒဏ်ရာရထားသောလက်ကို လှုပ်ခါပြသည်။ သူသည် တစ်ခုခုထပ်ပြောရန် စဉ်းစားနေစဉ်မှာပင် တောင်အငူစွန်းထံမှ အဝါရောင်းလင်းလက်သွားပြီး ဟန်လိသည် လက်ထဲတွင် မြေခွေးငယ်ကို ကိုင်၍ ပေါ်ထွက်လာကြလေသည်။

“ညီလေးဟန်…”

“မင်း တကယ်ပဲ ဒီမြေခွေးကောင်ကို ဖမ်းနိုင်ခဲ့တယ်လား…”

ထိုကျင့်ကြံသူလေးယောက်သည် စိတ်လှုပ်တရှားဖြင့် သံပြိုင် မေးကြ၊ မြန်းကြ၏။

ဟန်လိသည် ရယ်မောကာ ပြောလိုက်သည်။

“အဲ့လောက်ကြီး မဟုတ်ရပါဘူးဗျာ။ ဒီမြေခွေးကောင်က အတော်လေးတော့ ဉာဏ်များသဗျ။ ဒီကောင် တောင်ထဲမှာ ပတ်ပြေးနေခဲ့တာ။ ဒီကောင်ရဲ့ စိတ်ဝိညာဉ် ကုန်ခမ်းသွားတာကြောင့်သာ မဟုတ်ရင် ကျုပ်လည်း ခုလောက်မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်စွမ်း မရှိမှာ စိုးမိပါတယ်…”

ထိုသို့ပြောပြီးနောက် ဟန်လိသည် ကိုင်ဟွမ်ထံ မြေခွေးကို ပစ်ပေးလိုက်သည်။ ဤအခိုက်တွင် ကိုင်ဟွမ်သည် အကြောင်သား ဖြစ်နေပြီးမှ စိတ်လှုပ်တရှားဖြင့် ဖမ်းယူလိုက်လေသည်။

ဂင်တိုတိုနှင့်လူငယ်ကမူ ကြားကနေ ခပ်မြန်မြန် သတိလှမ်းပေးသည်။

“ညီလေးကိုင်…သတိထားဦး။ ဒီကောင် ထွက်မပြေးသွားစေနဲ့…”

ကိုင်ဟွမ်က မြေခွေးဖြူကို ပင့်မြှောက်ပြပြီး ပြန်တုံ့ပြန်သည်။

“စိတ်မပူပါနဲ့ဗျ။ ကျုပ် သေချာ သတိထားပါတယ်…”

ကိုင်ဟွမ်သည် အိတ်တစ်ခုထဲ မြေခွေးကို ထည့်၍ မြန်မြန်စည်းနှောင်ပြီး ဂုဏ်ယူစွာဖြင့် ပြောလာသည်။

“ဟားဟား…ဒီသိုလှောင်အိတ်ထဲကနေ မင်း ဘယ်ပြေးမလဲကွ…မြေခွေးလေးရ…”

ဟန်လိသည် ထိုအိတ်ငယ်လေးကို လှမ်းကြည့်သည်။ သို့သော် ၎င်းသည် အဆင့်နိမ့်စိတ်ဝိညာဉ်ပစ္စည်းတစ်ခုမျှသာ ဖြစ်၍ သူသည် အာရုံစိုက်မနေတော့ပေ။

စီနီယာအစ်ကိုဝမ်သည် အိတ်ထဲ ရောက်နေပြီ ဖြစ်သော မြေခွေးငယ်ကို အာရုံစိုက်မနေတော့ပေ။ ထိုအစား သူက ဟန်လိကို ကြည့်၍ ဖော်ရွှေပျူငှာစွာ ပြောလိုက်သည်။

“ဒီမြေခွေးကောင်ကို ဖမ်းပေးခဲ့တဲ့အတွက် ကျုပ်တို့ကတော့ ညီလေးဟန်ကို တကယ် ကျေးဇူးတင်ရတော့မှာ။ ဒါကြောင့် ညီလေးဟန်ကို ရောင်းချလို့ရတဲ့ အကျိုးအမြတ်ရဲ့ သုံးပုံတစ်ပုံကို ပေးပါ့မယ်။ ကျန်တဲ့ဝေစုကိုသာ ကျုပ်တို့တွေ အညီအမျှ ခွဲဝေပါ့မယ်…”

ဟန်လိသည် ပြုံး၍သာ တုံ့ပြန်သည်။ အစ်ကိုဝမ်၏ ဤသို့ပြောပုံဆိုပုံအရ ထိုသူသည် ဟန်လိနှင့် မိတ်ဆွေဖြစ်ချင်နေပုံပင်။ ထို့ကြောင့် ဟန်လိကလည်း ခေါင်းညိတ်ပြပြီး ငြင်းမနေတော့ဘဲ သဘောတူလိုက်သည်။

“အစ်ကိုဝမ်က ဒီလို စိတ်ကူးထားမှတော့ ကျုပ်လည်း ဘာမှ အထွန့်တက်နေစရာ မရှိပါဘူး…”

အခြားသုံးယောက်ကလည်း ရရှိမည့် စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် နည်းသွားမည့်အပေါ် နှမြောမိသော်ငြားလည်း ဟန်လိကြောင့်သာ မဟုတ်ပါက သူတို့၏အားစိုက်ထုတ်ခဲ့သမျှသည် အဟောသိကံ ဖြစ်သွားမည်မှန်း သိကြသည်။ ထို့ကြောင့် မည်သူကမျှ အစ်ကိုဝမ်၏ စကားကို မကန့်ကွက်ကြပေ။ ထို့နောက်တွင် ဟန်လိသည် အခြားသူများနှင့် စကားစမြည် ခဏဆက်ပြောပြီး သူ့တွင် အရေးတကြီး လုပ်စရာ ကိစ္စရှိကြောင်း ဆင်ခြေပေး၍ လစ်ထွက်လာခဲ့သည်။

ဟန်လိသည် ဂိုဏ်းသို့ ပြန်နေစဉ် အခြားလေးယောက်ကမူ သံပူတုံး နာနာနှက်သည့်သဘောဖြင့် အချိန်ဆွဲမနေတော့ဘဲ အိပ်မက်တိမ်တောင်တန်း၏အလယ်ဗဟိုရှိ ဈေးမြို့သို့ တန်းသွားကြသည်။ အခြားဂိုဏ်းများမှ တပည့်များလည်း ရှိနေကြသည်ဖြစ်၍ သူတို့သည် ဤနေရာတွင် ရောင်းချပါက နှင်းတိမ်မြေခွေးအတွက် တန်ကြေးအမြင့်ဆုံး ရနိုင်သည်ဟု မှတ်ယူထားကြသည်။

ထို့နောက်တွင် လေးယောက်သားသည် စိတ်လက်တက်ကြွစွာဖြင့် စိမ့်တောထဲကနေ ထွက်လာခဲ့ကြသည်။

ဟန်လိသည် ဝေးဝေးလံလံ မသွားပေ။ သူက အနီးဝန်းကျင်မှ တောင်ငယ်တစ်လုံးကို ရှာပြီး ကျောက်ဖျာတစ်ချပ်ပေါ်တွင် တင်ပလ္လင်ခွေချိတ်ကာ ထိုင်ချ၍ မျက်လုံး မှိတ်လိုက်လေသည်။ သူ့လက်ထဲတွင်မူ ကျောက်စိမ်းတောင်ဝှေး ရှိနေ၏။ ၎င်းတောင်ဝေးဖြင့်ဆို အချိန်ကျလာပါက မြေခွေးဖြူသည် သူ့ကို ရှာတွေ့နိုင်ပေလိမ့်မည်။

နာရီဝက်လောက်အကြာတွင် ဟန်လိ၏အမူအရာသည် လှုပ်ရှားသွားပြီး သူက မျက်လုံးဖွင့်လာသည်။ တစ်ချိန်တည်းလိုလိုတွင် မြေကြီးတွင်းမှ အဝါရောင်အလင်း ထွက်ပေါ်လာခြင်းနှင့်အတူ မြေခွေးဖြူကို မြင်ရလေ၏။ ဟန်လိသည် မြေခွေးဖြူကို ကြည့်ကာ မထူးခြားနားစွာ ပြောလိုက်သည်။

“ဘယ်နှယ့်ကြောင့် ခုလောက်ထိ မြန်ရတာလဲ…”

မြေခွေးဖြူသည် ခေါင်းမော့ကာ ရယ်မော၍ ပြောသည်။

“ကျမက မြန်လှတာ မဟုတ်ပါဘူး။ သူတို့က ကျမကို လျှော့တွက်ပြီး အဆင့်နိမ့်စိတ်ဝိညာဉ်ပစ္စည်းကို အသုံးပြုခဲ့တာမလို့ပါ။ သူတို့တွေ ကျမပျောက်ကွယ်သွားတာကိုပါ မသိလိုက်မှာ စိုးမိပါတယ်…”

ဟန်လိက အမူအရာကင်းမဲ့စွာဖြင့် ပြောသည်။

“ဒါပေမဲ့ ခုတော့ မျောလွင့်တိမ်ဂိုဏ်းက တပည့်တွေရဲ့ အားစိုက်ထုတ်မှုက အချည်းနှီး ဖြစ်သွားပြီပေါ့လေ။ အချိန်ကျလာရင် ကျုပ် သူတို့ကို အကျိုးအမြတ် နည်းနည်းပါးပါးတော့ ပေးသင့်တယ်…”

မြေခွေးဖြူက ခေါင်းခါ၏။

“အဲ့လို ပြောကြေးဆို သူတို့က ဒီကပ်ဘေးကနေ လွတ်သွားရတာနဲ့တင် ကံကောင်းလွန်းနေပြီလေ…”

“ကောင်းပါပြီ…အပိုတွေ ပြောမနေတော့ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ကို ကြုံ့ပြီး အချိန်တစ်ခုထိ ကျုပ်ရဲ့ အင်္ကျီလက်အိုးထဲမှာ ပုန်းနေပါ။ ကျုပ်တို့ ပြန်ကြမယ်…”

ဟန်လိက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။

မြေခွေးဖြူသည် ထိုစကားကို ကြားသည့်အခါ စကားပြန်ဆိုမနေဘဲ သူမ၏ခန္ဓာကိုယ်ကို ကြုံ့ကာ ဟန်လိ၏ အင်္ကျီလက်အိုးထဲ ဖြတ်ခနဲ ဝင်ရောက်လိုက်သည်။ မြေခွေးဖြူ၏ ခန္ဓာကိုယ်အပေါ် ဟန်လိသည် အတားအဆီးများ ချထားပြီးဖြစ်၍ ၎င်းမြေခွေး၌ မကောင်းသည့်ရည်ရွယ်ချက် ရှိနေမှာကို စိုးရိမ်မနေတော့ပေ။ သူသည် ယုံကြည်မှုရှိရှိဖြင့် ဂိုဏ်းသို့ ပြန်လာတော့သည်။

သူ့လှိုဏ်ဂူထံ ပြန်မည့်အစား ဟန်လိသည် မျောလွင့်တိမ်ဂိုဏ်း၏ ပင်မတောင်ရှိ ဈေးမြို့သို့ အရင်သွားသည်။ ထိုဈေးမြို့တွင် ရတနာစိတ်ဝိညာဉ် ခိုအောင်းရာ ပြောင်းလဲရန်အတွက် သူ လိုအပ်မည့် ပစ္စည်းအမယ်များ ရှိနိုင်လောက်သည်။

ဟန်လိသည် အလျင်လိုနေပြီး သူ ပြန်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည်။ ငွေရောင်လကို သည်အတိုင်း လွှတ်ထားရခြင်းအပေါ် သူ့အနေဖြင့် စိတ်မအေးနိုင် ဖြစ်ရသည် မဟုတ်လား။

ဟန်လိသည် ပစ္စည်းအမယ်များကို မည်သည့်ပြဿနာမျှမရှိဘဲ ဝယ်လာနိုင်ခဲ့သည်။ ၎င်းပစ္စည်းအမယ်များသည် မပေါများလှသော်လည်း ရှားပါးခြင်း၊ တန်ဖိုးကြီးခြင်းလည်း ရှိမနေပေ။ ထို့ကြောင့် မည်သူကမျှ သူ့အနေဖြင့် ၎င်းတို့ကို မည်သို့ အသုံးပြုမည့်လဲဟု မေးလာမြန်းလာခြင်းမျိုးလည်း မရှိခဲ့ပေ။

ပစ္စည်းအမယ်များနှင့် မြေခွေးဖြူတို့နှင့်အတူ ဟန်လိသည် ဆေးဥယျာဉ်ထံသို့ စိတ်ကျေနပ်စွာ ပြန်လာခဲ့လေသည်။ သို့သော် ဆေးဥယျာဉ်သို့ ရောက်လာရုံ ရှိသေး လူနှစ်ယောက်သည် အတားအဆီးများ အပြင်ဘက်တွင် ရပ်လို့နေ၏။

သူတို့ထဲမှ တစ်ယောက်ကမူ သက်ပြင်းအခါခါချ၍ စိုးရိမ်ပူပန်နေသော ကိုင်ဟွမ်ပင်။ အခြားတစ်ယောက်မူ မျက်စိမျက်နှာပျက်နေသော အစ်ကိုဝမ် ဖြစ်ချေ၏။

သူတို့ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူသည် သူတို့ ဤနေရာတွင် မည်သည့်အတွက်ကြောင့် ရောက်နေကြမှန်း သိသည်။ သို့ပေမည့် ဟန်လိသည် သူတို့နားသို့ ဘာမျှမသိသည့်ဟန်ပန်ဖြင့် လှမ်းသွားသည်။ ဟန်လိ ပြန်ရောက်လာတာ မြင်သည့်အခါ ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အရှက်တရား ရနေဟန် အမူအရာများ ဖြစ်နေကြသည်။

ဟန်လိသည် ရှေ့သို့ လှမ်းလာပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ရောင်းရင်းတို့…ဘယ်နှယ့်ကြောင့် ခုလောက် မြန်မြန် ပြန်ရောက်လာရတာလဲ။ နှင်းတိမ်မြေခွေးကိုကော ရောင်းချပြီးခဲ့ပြီလား…”

ချီတုံချတုံ ဖြစ်နေပြီးနောက် စီနီယာအစ်ကိုဝမ်သည် မချိပြုံးပြုံးကာ ပြောလာသည်။

“ကျုပ်တို့….ကျုပ်တို့ ညီလေးဟန်ကို စိတ်ပျက်မိမှာ စိုးပါတယ်…”

ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ စဉ်းစားနေဟန်ဖြင့် မေးလိုက်သည်။

“အို…ဘာများ ဖြစ်လို့လဲဗျ။ နှင်းတိမ်မြေခွေးနဲ့ ပတ်သက်ပြီး မတော်တဆတစ်ခုခုများ ဖြစ်ခဲ့လို့လား…”

ကိုင်ဟွမ်သည် မျက်လုံးအပြူးသားဖြင့် မေးလိုက်လေသည်။

“ညီလေးဟန်…မင်း…ဘယ်လိုလုပ် သိတာလဲ…”

All Chapters