← Chapters

ဓားပြိုင်ပွဲ

Vol. 45 Ch. 618

ဓားပြိုင်ပွဲ

Vol. 45 Ch. 618

ဟန်လိက ကိုင်ဟွမ်၏အမေးကို ကြားသည့်အခါ ပြုံးယောင်သမ်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်တို့က နတ်ဆိုးမြေခွေးအပေါ်မှာ အတူတကွ ရင်းနှီးပြီး အမြတ်ရအောင် လုပ်ခဲ့ကြတာပါ။ ဒီကိစ္စကလွဲလို့ တခြား ဘာရှိပါ့ဦးမလဲ…”

ကိုင်ဟွမ်က ထိုစကားကို ကြားသည့်အခါ ပါးစပ်ပိတ်သွား၏။ သူ့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။ သူ့ဘေးမှ အစ်ကိုဝမ်က သက်ပြင်းချပြီး ပြောသည်။

“ညီလေးဟန်က အကင်းပါးတဲ့သူပဲ။ ညီလေးဟာ ဉာဏ်ကောင်းတဲ့သူဆိုတာ သိသာတယ်။ နှင်းတိမ်မြေခွေးနဲ့ ပတ်သက်ပြီး အတိမ်းအစောင်းဖြစ်သွားတာ အမှန်ပါပဲ။ ဒီမြေခွေးကို ကျုပ်တို့က တတ်နိုင်သမျှ အမြန်ရောင်းချင်တဲ့ဇောနဲ့ စိမ့်တောကနေ ဈေးမြို့ဆီ တန်းသွားခဲ့တာပဲ။ ဒါပေမဲ့ ကျုပ်တို့ ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဆိုးဆိုးဝါးဝါး ခံစားမှုတစ်ခု ရလာတဲ့အတွက် ကျုပ်က ညီလေးကိုင်ကို အိတ်ဖွင့်ခိုင်းပြီး မြေခွေးကောင် ရှိ၊မရှိ ကြည့်ကြည့်တာ။ ရလဒ်ကတော့…”

ထိုနေရာသို့ ရောက်သည့်အခါ အစ်ကိုဝမ်၏ စကားစသည် ရပ်သွားပြီး သူ့အမူအရာက တစ်မျိုးဖြစ်သွားသည်။ ကြားကနေ ကိုင်ဟွမ်က ခပ်မြန်မြန် ဝင်ပြောကာ စကားကို လက်စသတ်သည်။

“ရလဒ်အနေနဲ့ကတော့ အဲ့မြေခွေးကောင်က သဲလွန်စမရှိ လွတ်မြောက်သွားခဲ့တာပဲ။ တကယ်ပဲ ဘယ်လိုမှ လက်မခံနိုင်ဘူးကွာ…”

ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။ သူသည် ဤစကားများ၏နောက်ကွယ်မှ အမှန်တရားနှင့်ပတ်သက်၍ စဉ်းစားနေသည့်အလား။

အစ်ကိုဝမ်သည် ဟန်လိ၏အမူအရာကို မြင်သည့်အခါ စိတ်ထဲကနေ ကျိန်ဆဲနေမိတော့သည်။

ဟန်လိ၏ကျင့်ကြံမှုမှာ မမြင့်မားသော်လည်း သူသည် အဆောင်သန့်စင်ခြင်းကို ကျွမ်းကျင်ပြီး အစွမ်းထက်မှော်ပစ္စည်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည် မဟုတ်လား။ ထို့ကြောင့်လည်း သူ့အနေဖြင့် ဟန်လိနှင့် ရင်းနှီးမှု တည်ဆောက်ရန် အစောပိုင်းတုန်းက စီစဉ်ခဲ့တာပင်။ သို့သော် ထိုသို့ရင်းနှီးမှု မတည်ဆောက်နိုင်ခင်မှာပင် သူသည် ဤသို့ အရှက်ရဖွယ်ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

သူ့တွင် ကြွယ်ဝလျှင်တော့ ဤကိစ္စက အဆင်ပြေနိုင်ဦးမည်။ သူ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကျောက်တုံးများကို သုံး၍ ဤကိစ္စကို အလွယ်တကူ ဖြေရှင်းကာ ဟန်လိထံမှ အမြင်ကောင်းရအောင် လုပ်နိုင်ပေမည်။ သို့သော် သို့ဆိုလျှင်ပင် သူအပါအဝင် သူတို့အုပ်စုတွင် စိတ်ဝိညာဉ်ကျောက်တုံးများ ကင်းမဲ့နေကြသည် ဖြစ်၍ ဟန်လိကို ပေးနိုင်ဖို့ အလွန်အခက်တွေ့နေရသည်။

ထိုအတွေးဖြင့် အစ်ကိုဝမ်သည် သူ့ကိုယ်သူ အားတင်း၍ လေသံနှိမ့်ချကာ ပြောလာသည်။

“ဒီကိစ္စကို လက်ခံဖို့၊ ယုံကြည်ဖို့ ခက်မှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ တကယ်ပဲ အဲ့လို ဖြစ်သွားခဲ့တာပါ။ ဘယ်ပဲပြောပြော ညီလေးဟန်က ကျုပ်တို့ဆီ မြေခွေးကောင်ကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့တာ မဟုတ်လား။ ဒီကောင် ပျောက်ကွယ်သွားတဲ့အပေါ် ကျုပ် တာဝန်ယူပါ့မယ်။ ကျုပ်တို့ ညီလေးဟန်ဆီက ငှားခဲ့တဲ့ စိတ်ဝိညာည်ကျောက်တုံးတွေကို ပြန်ပေးဖို့အတွက် ဂျူနီယာညီလေးတွေကို ဟောင်ကျင်းဆေးပင် သွားရောင်းခိုင်းထားပါတယ်။ ကျုပ်တို့ အဲ့က ရောင်းလို့ရတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို အနှေးနဲ့အမြန် ညီလေးဟန်ဆီ လာပေးပါ့မယ်။ ညီလေးဟန် ရသင့်ရထိုက်တဲ့ ဝေစုကိုလည်း ကျုပ်တို့ တတ်နိုင်သမျှ အမြန်ရအောင် လုပ်ပေးပါ့မယ်…”

ကိုင်ဟွမ်သည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာက ပြောင်းလဲသွားပြီး စိတ်ပူတကြီး ဝင်ပြောသည်။

“စီနီယာအစ်ကို…စိတ်ဝိညာဉ်ကျောက်တုံးပမာဏက နည်းနည်းနောနော မဟုတ်ဘူးလေ။ ကျုပ်တို့တွေ အတူတူ ပေါင်းရှာဖွေရင်တောင်မှ ဒီလောက်များတဲ့ စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ရဖို့ဟာ အနည်းဆုံး သုံးနှစ်လောက် ကြာမှာ။ ကျုပ်တို့သာ အဲ့အချိန်အတွင်း ဘာဆေးဝါးမှ မဝယ်နိုင်ဘူးဆို ကျုပ်တို့ရဲ့ ကျင့်ကြံမှုနှုန်းကလည်း လျော့ကျသွားမှာလေ…”

အစ်ကိုဝမ်က ခေါင်းယမ်းကာ တစ်ခုခုပြောရန် ဟန်ပြင်စဉ် ဟန်လိသည် ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။

“အစ်ကိုဝမ် ဒီကိစ္စကို စိတ်ပူနေဖို့ မလိုပါဘူး။ ကျုပ် ခင်ဗျားကို ယုံပါတယ်။ နှင်းတိမ်မြေခွေးဟာ လှုပ်ရှားမှုပညာရပ်ကို ကျွမ်းကျင်တဲ့အတွက် သားရေအိတ်မှော်ပစ္စည်းထဲကနေ လွတ်မြောက်သွားနိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ပါဘူး။ အစ်ကိုကိုင်ကို ကျနော် သတိပေးခဲ့မလို့ပါပဲ။ ဒါပေမဲ့ အဲ့အချိန်တုန်းက မသင့်တော်ဘူးထင် ကျုပ် ဘာမှ မပြောခဲ့တော့တာ။ ကျုပ်ရမဲ့ ဝေစုကိုလည်း ထားလိုက်ပါတော့။ ခင်ဗျားတို့ ကျုပ်ရှိက ငှားထားခဲ့တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေးရင်ပဲ အဆင်ပြေပါပြီ။ ကျုပ်ကိုကျုပ် ဆုံးရှုံးခံလိုက်ရတယ်လို့လည်း မယူဆပါဘူး…”

ကိုင်ဟွမ်သည် ထိုစကားကိုကြားသည့်အခါ ဝမ်းသာအားရဖြစ်သွားပြီး လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်လေသည်။

“ညီလေးဟန် ပြည့်ဝတဲ့သူမှန်း ကျုပ် သိပြီးသားပါ။ ဒါက ကျုပ်တို့အမှားဖြစ်ပေမဲ့ တကယ်တော့ ငါ့ညီကို အစားထိုးပြန်ပေးဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အစ်ကိုတို့မှာ တကယ် မရှိနေတာ။ ညီလေးဟန်ရဲ့ ကြွယ်ဝမှုနဲ့ဆို ဒီလောက်စိတ်ဝိညာဉ်ကျောက်တုံး ပမာဏလေးကို အများကြီး စိတ်ထဲထည့်စရာ မလိုဘူးမလား။ ကျုပ် ကိုင်ဟွမ်ဟာ မင်းကို မိတ်ဆွေသူငယ်ချင်းတစ်ယောက်လိုပဲ အမြဲ ထင်မြင်နေတာပါ…”

အစ်ကိုဝမ်သည်လည်း ဟန်လိ၏စကားကို ကြားသည့်အခါ ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက်တွင်မူ သူလည်း အကူအညီမဲ့စွာ ပြုံး၍ ပြောလာသည်။

“ဂျူနီယာညီလေးတွေကိုယ်စား အစ်ကိုကပဲ ညီလေးဟန်ရဲ့ သဘောကောင်းမှုကို လက်ခံပါရစေ။ နောင် မင်း တစ်ခုခု အကူအညီလိုလာခဲ့ရင် ကျေးဇူးပြုပြီး ကျုပ်တို့ကို လာရှာဖို့ မမေ့ပါနဲ့။ မင်း အကူအညီ တောင်းလာခဲ့ရင် တတ်နိုင်သမျှ ကျုပ် ငြင်းမှာ မဟုတ်ပါဘူး…”

အစ်ကိုဝမ်သည် ဟန်လိ၏စကားများသည် ယဉ်ကျေးပျူငှာလွန်းနေသည်ဟု ခံစားမိနေ၍ ဟန်လိ၌ အခြားအတွေးများ ရှိနေမည်ကို သူ စိုးရိမ်သည်။ ထို့ကြောင့် သူသည် တတ်နိုင်သမျှ အထင်အမြင်ကောင်း ရနိုင်ရန် စကားများကို သေချာရွေးချယ်ပြီး ပြောဆိုလိုက်ခြင်းပင်။ ထိုသို့ပြောပြီးသည့်အခါ သူက ဟန်လိ၏အမူအရာကို အာရုံစိုက်၍ ကြည့်နေသည်။

သို့သော် အစ်ကိုဝမ်သည် စိတ်ထဲ၌ မျက်မှောင်ကြုတ်မိသွား၏။ သူ့အနေဖြင့် ဟန်လိ၏ မည်သည့်စိတ်ခံစားချက်ကိုမျှ ထောက်လှမ်းမိနိုင်စွမ်း မရှိပေ။

သူတို့သုံးယောက်သားက ဥယျာဉ်အပြင်ဘက်တွင် စကားစမြည် ပြောဆိုနေကြတာ ဖြစ်၏။ သူတို့အုပ်စုဆီ အခြားချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် ဟောင်ကျင်းဆေးပင်ကို ပြန်ရောင်းချခြင်းမှ ရလာခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများနှင့်အတူ သူတို့အုပ်စုဆီ ရောက်လာခဲ့ကြသည်။

ဟန်လိသည် စိတ်ဝိညာဉ်ကျောက်တုံးသိုလှောင်အိတ်ကို လက်ခံရယူပြီး သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကို သာမန်ကာလျှံကာ စစ်ဆေးကြည့်ပြီးနောက် တည်ငြိမ်စွာ သိမ်းဆည်းလိုက်သည်။

ဟန်လိက စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံတာ မြင်သည့်နောက် အစ်ကိုဝမ်သည် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားပြီး မေးလာ၏။

“အား…ဟုတ်သားပဲ…ညီလေးဟန်ရဲ့ မှော်ပစ္စည်းက အတော်လေး အထင်ကြီးဖို့ ကောင်းတယ်နော်။ မင်း… ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမဲ့ ဓားပြိုင်ပွဲမှာ ဝင်ပါပါ့လား…”

ဟန်လိက ပြန်မေးမိလိုက်သည်။

“ဓားပြိုင်ပွဲလား…”

“အန်…။ ညီလေးဟန်က အဲ့အကြောင်း မသိဘူးလား…”

အစ်ကိုဝမ်သာကမ အခြားသုံးယောက်မှာလည်း ဟန်လိက ဤပြိုင်ပွဲအကြောင်း မသိသည့်အခါ အံ့အားသင့်သွားကြသည်။

ဟန်လိသည် ထပ်မေးလိုက်သည်။

“ဒီအကြောင်းကို မသိတာ ဘာများဖြစ်လို့လဲဗျ…”

ကိုင်ဟွမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရသည်။

“အော်…ဟုတ်သားပဲ။ ညီလေးဟန်က ဂိုဏ်းကို ခုနှစ်မှ ရောက်ပြီး တစ်ချိန်လုံးလည်း ဆေးဥယျာဉ်ထဲမှာ နေနေရတာကို။ ဒါကြောင့် ဓားပြိုင်ပွဲအကြောင်းကို မင်း မသိဘူးဆိုတာ လက်ခံလို့ ရပါတယ်…”

အခြားသူများသည် ထိုစကားကို ကြားသည့်အခါ သူတို့သည်လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခေါင်းညိတ်၍ ဟန်လိ၏စကားကို လက်ခံသွားကြသည်။

အစ်ကိုဝမ်က ပြောလာသည်။

“ညီလေးဟန်က ဓားပြိုင်ပွဲအကြောင်း မသိဘူးဆိုတော့ ကျုပ်တို့တကယ်ပဲ အံ့အားသင့်ကုန်တာ။ တကယ်တော့ ဒီပြိုင်ပွဲက မကြာခင် စတော့မှာဖြစ်တဲ့အတွက် တစ်ဂိုဏ်းလုံးက ဒီအကြောင်းကို ပြောနေဆိုနေကြတာလေ။ သတ္တိသွေးကောင်းကြောင်း ပြချင်နေတဲ့သူတွေကတော့ ဒီပြိုင်ပွဲကို စိတ်အားထက်သန်သန်နဲ့ မျှော်လင့်စောင့်စားနေကြတာလေ…”

ဂင်တိုတိုနှင့်လူငယ်က အစ်ကိုဝမ်ကို လေးစားသည့်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်ပြီး ပြောလာသည်။

“ပြောရမယ်ဆိုရင်တော့ ကျုပ်တို့အုပ်စုထဲက ဒီပြိုင်ပွဲမှာ ပါဝင်နိုင်စွမ်းရှိခဲ့တဲ့သူဟာ အစ်ကိုဝမ်ပေါ့။ ဒါပေမဲ့ အစ်ကိုဝမ်ဟာ ပြင်ပတပည့်တွေကြားမှာ ပြင်ပတပည့်တွေကြားမှာ လွှမ်းမိုးမှုရှိပေမဲ့ အတွင်းစည်းတပည့်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတော့ ရှုံးနိမ့်ခဲ့ရတယ်။ ဒါပေမဲ့ အဲ့တာတောင်မှ အစ်ကိုဝမ်ဟာ အလယ်အလတ်အဆင့် မှော်ပစ္စည်းတစ်ခုကို ဆုအဖြစ် ရခဲ့သေးတာနော်…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သိချင်စိတ်ဖြစ်ကာ ပြောလိုက်သည်။

“အို…ဒီပြိုင်ပွဲက ဂိုဏ်းထဲမှာ ကြီးကျယ်တာပေါ့လေ။ ထူးကဲတဲ့ပုံပဲ။ အစ်ကိုဝမ်အနေနဲ့ ဒီပြိုင်ပွဲအကြောင်းကို ပိုပြီးအသေးစိတ် ပြောပြပေးနိုင်မလားဗျ…”

စီနီယာအစ်ကိုဝမ်သည် ဟန်လိကို တစ်ချက်ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ပြောပြရမှာပေါ့။ ဓားပြိုင်ပွဲဟာ တကယ်တော့ ဂိုဏ်းသားသစ်တွေကြားမှာ အမှန်တကယ် ထင်ရှားပေါ်လွင်တဲ့ ပြိုင်ပွဲတစ်ခုပဲ။ လူတစ်ယောက်ဟာ ဘယ်သူဘယ်ဝါပဲ ဖြစ်နေပါစေ…ဂိုဏ်းသားသစ်လည်း ဖြစ်မယ်၊ အသက်သုံးဆယ်လည်း မကျော်သေးဘူးဆို ပါဝင်နိုင်တယ်။ ညီလေးဟန်က အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးပြီး ဂိုဏ်းကိုလည်း ခုမှ ဝင်လာတာဆိုတော့ ပြိုင်ပွဲမှာ ပါဝင်နိုင်မဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လေ…”

ဟန်လိသည် မေးစေ့ကိုပွတ်၍ စဉ်းစဉ်းစားစားနှင့် ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“အဲ့လိုဆိုရင်တော့ ပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့ တပည့်အရေအတွက်က သိပ်မများမဲ့ပုံပဲ…”

“ညီလေးဟန် ပြောတာ မှန်တယ်။ ဒါပေမဲ့ ဒီဓားပြိုင်ပွဲဟာ ဂိုဏ်းသုံးဂိုဏ်းက ထိန်းသိမ်းကြည့်ရှုထားတဲ့ အထွတ်အမြတ်အသစ်ပင်နဲ့ အများကြီး သက်ဆိုင်တယ်…”

“အထွတ်အမြတ်သစ်ပင်လား…” ဟန်လိက ထိုစကားကို ကြားသည့်အခါ မင်သက်သွား၏။ သူသည် အစ်ကိုဝမ်ပြောနေသည်မှာ အိပ်မက်တိမ်တောင်တန်း၏ စိတ်ဝိညာဉ်တွင်းသစ်ပင်အကြောင်းမှန်း သိလိုက်သည်။ စစချင်းတုန်းက သိပ်အလေးမထားသည့် သူ့အမူအရာမှာ အလေးအနက် ဖြစ်လာသည်။

ဟန်လိက အလေးအနက် မေးလိုက်၏။

“ဓားပြိုင်ပွဲက အထွတ်အမြတ်သစ်ပင်နဲ့ ပတ်သက်တယ်ဆိုတာက…”

“ဓားပြိုင်ပွဲက သေရည်ဝတ်ရည်ကို ရဖို့အတွက် အထွတ်အမြတ်သစ်ပင်ရှေ့မှာ ရက်ချီကျင်းပကျတာ။ ဂိုဏ်းသုံးဂိုဏ်းလုံးက ဒီပြိုင်ပွဲကို အသုံးပြုပြီး သေရည်ဝတ်ရည်ရဲ့ တစ်ဝက်ကို ရမလဲဆိုတာ ဆုံးဖြတ်တာပါ။ ကျန်တဲ့ဂိုဏ်းနှစ်ဂိုဏ်းကတော့ ကျန်တစ်ဝက်ကိုပဲ ခွဲယူရရှိမှာ ဖြစ်တယ်။ ဒါကြောင့် ဒီပြိုင်ပွဲဟာ လူငယ်လက်သစ်တပည့်တွေပဲ ပါဝင်နိုင်ပြီး ဂိုဏ်းသုံးဂိုဏ်းကြားမှာ အရေးပါတယ်လို့ ထင်မြင်ခံရတာ ဖြစ်တယ်။ လူတစ်ယောက်ဟာ ပြိုင်ပွဲမှာ ကောင်းကောင်းအကျိုးဆောင်ပေးနိုင်ရင် ဂိုဏ်းအကြီးအကဲတွေရဲ့ အာရုံစိုက်မှုကို ရရှိပြီး အကျိုးအမြတ်များစွာလည်း ရရှိနိုင်လိမ့်မယ်…”

အစ်ကိုဝမ်သည် သက်ပြင်းချ၍ စကားခဏရပ်ပြီးမှ သူ့စကားကို အလေးအနက် ထပ်ဆက်သည်။ “ဒါ့အပြင် ပြိုင်ပွဲအဆုံးသတ်မှာ အခြားတပည့်အရေအတွက် ဘယ်လောက်များများကို ဖိနှိပ်နိုင်စွမ်း ရှိခဲ့လဲအပေါ် မူတည်ပြီးလည်း ဆုလဒ်ကြီးကြီးမားမား ချီးမြှင့်ခံရမှာ ဖြစ်တယ်။ အတိတ်တုန်းကဆို တပည့်တော်တော်များများက ထိပ်တန်းမှော်ပစ္စည်းတွေ ချီးမြှင့်ခံခဲ့ရရုံသာမက အချို့ဆို စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးကိုပါ ဆုအဖြစ် ရရှိခဲ့ကြတယ်။ ဒီဆေးလုံးဟာ အဆင့်နိမ့်ကျင့်ကြံသူတွေအတွက် သိပ်အသုံးမတည့်ပေမဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေကြားမှာတော့ အဲ့ဆေးလုံးကို ရဖို့ဆို အနည်းဆုံး ထိပ်တန်းမှော်ပစ္စည်းလေးခုနဲ့ လဲလှယ်တဲ့အထိပဲ။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရလေ့ ရှိတာကတော့ ရှေးဟောင်းဓားကလန်ပဲ။ ကျုပ်တို့ဂိုဏ်းနဲ့ အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းတို့ကတော့ ဒုတိယနဲ့ တတိယနေရာပဲ ရကြတာများတယ်။ ဒါပေမဲ့ ဒီရလဒ်ဟာ အံ့အားသင့်စရာတော့ မရှိပါဘူး။ သူတို့ရဲ့ အထင်ကြီးဖွယ် မှော်ပစ္စည်းတွေနဲ့ ပညာရပ်တွေကြောင့် အဆင့်တူတွေထဲမှာ ရှေးဟောင်းဓားဂိုဏ်းက တပည့်တွေကို ယှဉ်နိုင်ဖို့ဟာ ခက်ခဲလွန်းတယ်…”

အစ်ကိုဝမ်၏ နောက်ဆုံးစကားများတွင် လေးစားမှုကော၊ လက်သင့်မခံချင်စိတ်ကော ပြည့်နှက်နေပုံပင်။

All Chapters