မမျှော်လင့်ဘဲ တွေ့ဆုံမှု
Vol. 45 Ch. 620
ဟန်လိက ငြိမ်သက်တိတ်ဆိတ်နေသည့်အခါ ငွေရောင်လက ထပ်မေးလာပြန်၏။
“အစ်ကိုဟန်က တောက်ပမြင်ကွင်းရေကို ဘာကြောင့်လိုချင်မှန်း ကျမ တကယ် နားမလည်ဘူး။ ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အထက်က ကျင့်ကြံသူတွေအတွက် ဘာအကျိုးအာနိသင်မှ မရှိတာကို…”
ထိုစကားကိုကြားသည့်အခါ ဟန်လိသည် ခပ်ရေးရေး ပြုံး၍ ဆိုသည်။
“လျှို့ဝှက်ဓားတောင်က ကျင့်ကြံသူတွေ မှားနေကြတာ။ တောက်ပမြင်ကွင်းရေဟာ အဆင့်မြင့်ကျင့်ကြံသူတွေအပေါ်မှာ အကျိုးအာနိသင်မရှိဘူးဆိုတာ မဟုတ်ဘူး။ အဆင့်မြင့်ကျင့်ကြံသူတွေဟာ သူတို့အမြုတေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အနှစ်သာရကို သန့်စင်ထားပြီးဖြစ်တဲ့အတွက် သူတို့က ရိုးရှင်းတဲ့ပုံရိပ်ယောင်ပညာရပ်တွေနဲ့ သိပ်သည်းတဲ့မြူခိုးတွေကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိကြတယ်။ ဒါကြောင့် စိတ်ဝိညာဉ်ရေ ပမာဏနည်းနည်းဟာ အဆင့်မြင့်ကျင့်ကြံသူတွေအတွက် အကျိုးအာနိသင် မရှိဘူး။ အဆင့်နိမ့်ကျင့်ကြံသူတွေအတွက်ပဲ ပိုသင့်တော်ပြီး အကျိုးရှိစေမှာ ဖြစ်တယ်…”
ငွေရောင်လသည် အံ့အားတသင့် တုံ့ပြန်လာသည်။
“အန်…အစ်ကိုဟန်က ဒီအကြောင်းကို ဘယ်လိုလုပ်သိတာလဲ…”
“ကျုပ် ပြန့်ကြဲကြယ်ပင်လယ်မှာ ရှိခဲ့တဲ့အချိန်တုန်းက ရှေးဟောင်းစာအုပ်ထဲမှာ ဖတ်ဖူးခဲ့တာ။ ဒီအချက်က မမှားလောက်ဘူး…”
“ဒီတော့ အစ်ကိုဟန် စိတ်ထဲမှာ အစီအစဉ်တစ်ခု ရှိနေပြီလား…”
“အမှန်ပဲ။ ကျုပ်က ဒီအခွင့်အရေးကို အသုံးချပြီး စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်နား ကပ်မယ်လို့ ကြံစည်ထားတာ။ ကျုပ် ဒီသစ်ပင်ရဲ့ အမြစ်အချို့ကို ယူနိုင်၊ မနိုင် ကြည့်ကြည့်ရမှာပေါ့။ ကျုပ်ရဲ့ အံ့ဖွယ်ပုလင်းငယ်နဲ့ဆို ဒီအမြစ်တွေကို ပျိုးထောင်နိုင်မှာပါ။ ဒါဆိုရင် စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးတွေနဲ့ အကန့်အသတ်မရှိတဲ့ တောက်ပမြင်ကွင်းရေကို ကျုပ်အနေနဲ့ ရရှိနိုင်လိမ့်မယ်။ ပြီးတော့ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် ဆေးညွှန်းတွေကိုတော့ တခြားနည်းလမ်းတစ်ချို့နဲ့ ရအောင်လုပ်ရမှာပေါ့…”
“ဟားဟား…အစ်ကိုဟန်ရဲ့ နည်းလမ်းတွေက အမျှော်အမြင်ကြီးလှပါတယ်။ အဲ့လိုသာဆို ရှင်ဟာ ထိပ်ဆုံးဆယ်နေရာထဲ ပါဖို့ပဲ လိုမှာ။ ဒါက လူစိတ်ဝင်စားမှုကို အတော်အသင့် ဖြစ်စေနိုင်တယ်ဆိုပေမဲ့ ပထမနေရာထက်စာရင်တော့ အများကြီး ပိုဘေးကင်းတယ်…”
ဟန်လိသည် ပြုံး၍ တစ်ခုခု ပြောရန် စဉ်းစားလိုက်သေးသည်။ ထိုစဉ် သူက ဘေးပတ်ပတ်လည်သို့ ကြည့်မိပြီး ပြောမည့်စကားကို ရပ်သည်။ အကွာအဝေးတစ်ခု၌ အနီရောင်အလင်းတန်းတစ်ခု ခြုံလွှမ်းထားသော အေးတိအေးစက်အသွင်နှင့် မိန်းမလှတစ်ယောက်ကို သူ ထောက်လှမ်းမိ၍ ဖြစ်၏။ သူမသည် သူ့ကို ဤဆေးဥယျာဉ်တွင် တာဝန်ပေးအပ်ခဲ့သော အမျိုးသမီးမူပင်။
ထိုအမျိုးသမီးသည် အနားရောက်လာပြီး ဟန်လိကို မြင်သည့်အခါ အံ့အားသင့်သွားဟန်တူသည်။ ခဏအကြာတွင် သူမက အောက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ဟန်လိဘေးတွင် ရပ်သည်။
“နွေဦးတောင်ကို သွားရမဲ့အကြောင်း နင် သိထားလား…”
သူမသည် မထူးခြားနားစွာ ပြောသည်။
ဟန်လိက တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
“ကျနော် အဲ့အကြောင်း သိပါတယ်…သိုင်းဒေါ်လေး ခင်ဗျ။ သိုင်းဒေါ်လေး အနေနဲ့ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သိပါသလားဗျ။ ဒါမှမဟုတ် တောင်သခင်က ဘာကြောင့်များ ကျုပ်တို့ တပည့်အားလုံးကို ဆင့်ခေါ်ရတာလဲ…”
“ငါ…မသိဘူး။ ဒါပေမဲ့ အဲ့တာက ဓားပြိုင်ပွဲနဲ့ ပတ်သက်ဖို့များတယ်…”
မူပိုင်လင်းသည် ကြွပ်ဆတ်ဆတ်နှင့် ပြန်ဖြေသည်။ ထို့နောက် သူမက ဟန်လိ၏ ခြေထောက်အောက်မှ ဓားပျံကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။
“နင့်မှော်ပစ္စည်းက အဆင့်မြင့်ပေမဲ့…ဒါက ပျံသန်းဖို့အတွက် အထူးပြုထားတဲ့ဟာ မဟုတ်ဘူး။ ငါ့ရဲ့ ကြယ်နေ့ခါးပတ်ကို အသုံးပြုပြီး နင့်ကို ခေါ်သွားပေးရမလား။ ဒါဆို အချိန်ကုန်တာ သက်သာလိမ့်မယ်…”
ဟန်လိသည် စစချင်း အံ့အားသင့်သွားသေးသည်။ သို့သော် သူ့၌ သူမ၏ကမ်းလှမ်းမှုကို ငြင်းဆန်ရန် ဆန္ဒမရှိပေ။ သို့ဖြစ်၍ ဟန်လိကို သူမ၏ မှော်ပစ္စည်းမှ အနီရောင်အလင်းတန်းက ဆွဲခေါ်သွားလေသည်။ သူတို့ ပျံသန်းလာနေရင်း အမျိုးသမီး၏အကြည့်က ဟန်လိပေါ် ကျရောက်လာသည်။ သူမက မျက်နှာသေဖြင့် စကားစသည်။
“နင် ငါ ပေးထားခဲ့တဲ့ နက်နဲရေခဲပညာရပ်ကို ကျင့်ကြံခဲ့သေးလား။ ဒီပညာရပ်က နင့် အခြေခံကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်စေနိုင်မှာ မဟုတ်ပေမဲ့ ရေဓာတ်အခြေခံ မှော်ပညာရပ်တွေကို အသုံးပြုနိုင်စွမ်း ရှိအောင် လုပ်ပေးနိုင်တယ်။ နင်သာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခဲ့ရင် ဘာအန္တရာယ်မှမရှိဘဲနဲ့ အဲ့ပညာရပ်ကို နင့်ရဲ့ ပင်မကျင့်ကြံခြင်းပညာရပ်အဖြစ် ချောချောမွေ့မွေ့ ပြောင်းလဲနိုင်လိမ့်မယ်။
ထိုစကားကိုကြားသည့်အခါ ဟန်လိသည် ပြန်ပြောရ ခက်သွားသည်။ သူက ကျင့်ကြံခဲ့ပြီးပြီဟု ပြောကာ သူမအနေဖြင့် တွေ့မြင်ချင်လျှင် ရေဓာတ်ပညာရပ်အချို့ကို ထုတ်ပြရန်မှာ ပြဿနာတော့ မရှိပေ။ ကံကောင်းသည်မှာ ထိုအမျိုးသမီးက သည်အတိုင်း သာမန်ကာလျှံကာ မေးလိုက်ခြင်းသာ။ ဤနက်နဲရေခဲပညာရပ်အကြောင်း စကားထပ်မဆက်တော့ပေ။
ငွေရောင်လသည်လည်း မူပိုင်လင်း ရှိနေချိန်တွင် ဟန်လိကို စကားများများစားစား ပြောနေရမည့် အချိန်အခါမဟုတ်မှန်းသိ၍ ဆိတ်ဆိတ်သာ နေနေသည်။ ဟန်လိနှင့်မူပိုင်လင်းတို့က နွေဦးတောင်နှင့် ပိုနီးကပ်လာသည့်အခါ မူပိုင်လင်း၏ အမူအရာသည် တင်းမာသွားပြီး သူမက အပေါ်သို့ မော့ကြည့်သည်။
ခဏအကြာတွင် ကောင်းကင်ထက်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး မူပိုင်လင်း၏ လမ်းကို ပိတ်၍ ဟန့်တားသည်။
ညီမလေးမူ…ငါ နင့်ကို မတွေ့တာ အတော်ကြာပြီ။ နင် ခုတလော အလုပ်ရှုပ်နေတာလား.။ ငါ နင့်ကို အသံပို့လွတ်တဲ့အဆောင်ကနေလည်း အသံတချို့ ပို့ထားခဲ့သေးတယ်။ ဒါပေမဲ့ နင့်ဘက်မှ ဘာမှပြန်တုံ့ပြန်တာမျိုး မရှိခဲ့ဘူး…”
ဟန်လိသည် အလွန်အံ့အားသင့်သွား၏။ အစိမ်းရောင်အလင်း ကွယ်ပျောက်သွားချိန်တွင် နားချွန်ချွန်နှင့် ကျင့်ကြံသူတစ်ယောက်၏အသွင် ပေါ်လာသည်။ သူသည် အသက်သုံးဆယ်ပတ်ချာလည်လောက် ရှိမည်။ ထိုသူသည် ဟန်လိတို့အုပ်စု ဂိုဏ်းသို့ ဝင်လာခါစအချိန်တုန်းက တားဆီးခဲ့သော ယန်မျိုးရိုးနှင့်ကျင့်ကြံသူပင်။
မိန်းမပျိုက ထိုသူ့ကိုမြင်သည့်အခါ အံ့အားသင့်သွားပုံ ရသည်။ သို့သော် ခဏအကြာတွင် သူမ၏အမူအရာက မှုန်တေတေ ဖြစ်သွား၏။
“ကျင့်ကြံသူယန်…တောင်သခင်ရဲ့ အမိန့်အရ ကျမက စုဝေးပွဲကို လာခဲ့တာ။ ရှင် ကျမလမ်းကို ပိတ်ဝံ့လား…”
“ဟားဟား…ညီမလေးမူရဲ့ စကားတွေက အတော်ပြင်းထန်တာပဲ။ ကျုပ်က ဘယ်လိုလုပ် ကိုယ့်ညီမကို တားဆီးရဲပါ့မလဲ။ ဒါပေမဲ့ ကျုပ်ရဲ့ မြင့်မြင့်တဲ့အဖေဆီက ပေးတဲ့စာရလားလို့ ကျုပ် မေးချင်ရုံပဲ။ မင်း သိတဲ့အတိုင်း ကျုပ်တို့ဂိုဏ်းရဲ့ အကြီးအကဲတွေက ကျုပ်တို့ လက်ထပ်မှာကို သဘောတူပြီးပြီလေ။ ဒီကိစ္စကို လာမယ့်ရက်ပိုင်းအတွင်း ကျုပ်တို့ ဆွေးနွေးသင့်တယ်…”
ကျင့်ကြံသူယန်၏အကြည့်က မိန်းမပျို၏ခန္ဓာကိုယ်ကောက်ကြောင်းအပေါ် လူးလာခတ်သွားပြီး လိုချင်တပ်မက်စိတ်ဖြင့် အထက်ပါအတိုင်း ပြောလာသည်။ သို့သော် ဟန်လိကို သတိထားမိသည့်အခါ သူ့အမူအရာမှာ ရုပ်စိုးသွားသည်။
အမျိုးသမီးမူကတော့ ထိုသူ့အကြည့်၏ နောက်ကွယ်မှစိတ်ဆန္ဒကို ဖြတ်မြင်နိုင်ဟန်ရကာ သူမ၏မျက်ဝန်းထဲတွင် ရန်လိုဟန် ဖြတ်ပြေးသွားသည်။ သူမက ရေခဲတမျှအေးစက်သည့်လေသံဖြင့် ခွန်းတုန့်ပြန်သည်။
“နင် ဘာတွေးနေတာလဲ။ သူက ငါ့ဆရာ ညွှန်ကြားမှု ပေးခိုင်းထားတဲ့ ငါ့ရဲ့ သိုင်းတူလေးပဲ။ ငါတို့ကြားမှာ ဘာပတ်သတ်မှုမှ မရှိဘူး။ လက်ထပ်မဲ့ ကိစ္စကိုတော့ ဂိုဏ်းရဲ့ စီနီယာတွေ သဘောထားကို ငါ့အနေနဲ့ ဆန့်ကျင်ဘက် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ စုံတွဲကျင့်ကြံတဲ့အခါ ငါကပဲ အမြဲထိန်းချုပ်မှာ။ နင့်ကျင့်ကြံမှုက ငါ့အဆင့်ကို မှီလာခဲ့ရင်တော့ ငါ ဒီကိစ္စကို စဉ်းစားချင်စဉ်းစားမယ်။ မဟုတ်ရင်တော့ ငါ့ခန္ဓာကိုယ်အပေါ် လက်တစ်ချောင်း တင်ဖို့တောင် မစဉ်းစားလေနဲ့…”
သူမသည် ကျင့်ကြံသူယန်အပေါ် အတော်လေး စီးပိုးပြီး မျက်နှာသာနည်းနည်းလေးမျှ မပေးချေ။ ကျင့်ကြံသူယန်က သူမ၏စကားကို ကြားသည့်အခါ သူ့မျက်နှာမှာ နီတစ်လှည့်၊ဖြူတစ်လှည့် ဖြစ်သွားလေ၏။ သို့ပေမည့် သူက တစ်ခုခု ပြောရန် ဟန်ပြင်စဉ် အမျိုးသမီးမူသည် စိတ်ရှည်မှု ကုန်ခမ်းသွားခဲ့ပြီး ဖြစ်သည်။ သူမက အေးစက်စက်နှာခေါင်းရှုံ့၍ သူမ၏မှော်ပစ္စည်းအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအား အပြည့်အဝ ထည့်သွင်းပြီး အနီရောင်အလင်းတန်းအဖြစ်ပြောင်းကာ ကျင့်ကြံသူယန်ကို ကျော်လွန်၍ ပျံသန်းထွက်လာခဲ့သည်။
ကျင့်ကြံသူယန်သည် ဒေါသပုန်ထသွား၏။ သူတို့နောက်သို့ လိုက်မည်ဟု သူ ကြံသည်။ သို့သော် ထပ်စဉ်းစားကြည့်ပြီးနောက် သူသည် နေရာတွင်သာ မကျေမနပ်ဖြင့် ကျန်ခဲ့သည်။ ဟန်လိက သူ့ကို တစ်ချက်လှည့်ကြည့်ချိန်၌ ထိုကျင့်ကြံသူယန်၏ မျက်နှာပေါ်တွင် အလွန်တရာ အောင့်သီးအောင့်သက် ဖြစ်နေတာကို မြင်ရသည်။
မေးရင် ကောင်းမလားဟု ချီတုံချတုံ ဖြစ်နေပြီးနောက် ဟန်လိသည် တမျိုးတမည်ဖြစ်ဟန်ဖြင့် မေးလိုက်လေသည်။
“သိုင်းဒေါ်လေးမူ…အဲ့လူက ခင်ဗျားနဲ့ စေ့စပ်ထားတာလား…”
ကျင့်ကြံသူယန်သည် အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသေးသော်ငြား မူပိုင်လင်းကမူ အလယ်အဆင့်သို့ ရောက်နှင့်နေပြီး ဖြစ်လေ၏။ သူတို့၏ ရုပ်ဆင်းအင်္ဂါမှာလည်း နေ့နှင့်ညအလား ကွာခြားသေးသည်။ ဤအမျိုးသမီး၏ဂိုဏ်းက ထိုသူနှင့် မည်သည့်အတွက်ကြောင့် လက်ထပ်ခိုင်းမှန်း ဟန်လိအနေဖြင့် လုံးဝစဉ်းစားမရပေ။
ဟန်လိသည် သိချင်စိတ်ဖြစ်မိသော်ငြား သည်အကြောင်းကို မမေးကြည့်တော့ဟု စဉ်းစားခဲ့သေးသည်။အမျိုးသမီးမူ၏ သုန်မှုန်နေသောအမူအရာအရ သည်ကိစ္စကို မပြောချင်ပုံရသည်။ သို့ပေမည့် သူ့အနေဖြင့် သူမကို ရန်စမိနိုင်သော်ငြား၊ သို့မဟုတ် သူ့မေးခွန်းမှာ လစ်လျူရှုခံရတာမျိုး ဖြစ်နိုင်သော်ငြား ဟန်လိ၏သိချင်စိတ်က အနိုင်ယူသွားသဖြင့် သူက မေးမြန်းခဲ့တာပင်။
“သိုင်းတူလေးက ငါ့အကြောင်း သိပ်မသိတာ အကောင်းဆုံးပဲ…”
ဟန်လိ မေးလာသည့်အခါ အမျိုးသမီးမူသည် သူ့ကို အေးစက်စက် စိုက်ကြည့်ပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် တုံ့ပြန်သည်။
ထိုအခါ ဟန်လိလည်း ပါးစပ်ပိတ်သွားပြီး အရှက်ရဟန် ဖြစ်ပေါ်သည်။ ထိုစဉ် ဟန်လိသည် သူ့ခေါင်းထဲ၌ ငွေရောင်လ၏ တခစ်ခစ်ရယ်သံကို သဲ့သဲ့ကြားမိသည်။ ဤသို့ဖြင့် သူတို့သည် တောင်အလယ်ရှိ စင်မြင့်ကြီးတစ်ခုထံ ခဏအကြာတွင် ရောက်လာကြသည်။
ထိုစင်ပေါ်တွင် ရှေးဟောင်းအသွင်အပြင်နှင့် အဆောက်အဦတစ်ခုကို တည်ဆောက်ထားသေး၏။ ၎င်းအဆောက်အဦ၏ တံခါးဝဝင်ပေါက်ဆိုင်းဘုတ်ပေါ်တွင် နှလုံးကြည်လင်ခြင်းခန်းမ ဟူသည့် စာလုံးများကို ရေးသားထား၏။
ယခုချိန်တွင် ထိုအဆောက်အဦ၏ အနက်ရောင်သစ်သားတံခါးချပ်ကြီးများမှာ တင်းကျပ်စွာ ပိတ်ထားလျက် ရှိသည်။ နွေဦးတောင်မှ တပည့်တပန်းများစွာသည် ၎င်းအဆောက်အဦ ပြင်ပတွင် အချင်းချင်း စကားပြောဆိုနေကြသည်။ နှလုံးကြည်လင်ခြင်းခန်းမ၏ အပြင်ဘက်တွင် တပည့်ဦးရေ ခြောက်ရာဝန်းကျင်လောက် ရှိနေကြပြီး ဟိုနားတစ်အုပ်စု၊ သည်နားတစ်အုပ်စီဖြင့် တီးတိုးပြောဆိုနေကြသည်။ သို့ပေမည့် သူတို့အားလုံးသည် ချီစုဆောင်းခြင်းကျင့်ကြံသူများသာဖြစ်၍ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသူ တစ်ဦးတစ်လေမျှ မပါပေ။
အေးတိအေးစက်မိန်းမပျိုက လေထဲတွင် တစ်ပတ်လှည့်ပတ် ပျံသန်းပြီး ခန်းမတံခါးပေါက်ရှေ့သို့ သက်ဆင်းလာသည်။ အနီးအနားမှ ကျင့်ကြံသူများက သူမ ရောက်လာတာ သတိပြုမိကြသည့်အခါ အားလုံးက တလေးတစားနှင့် သူမအား နှုတ်ဆက်ကြသည်။
ထိုအမျိုးသမီးက ပြန်လည် လက်ဝှေ့ရမ်းပြပြီး ခန်းမထံ ချက်ခြင်းပင် ဦးတည်လျှောက်လှမ်းလာသည်။ အမည်မသိနည်းလမ်းအချို့ကို အသုံးပြု၍ သူမက တံခါးကို ညင်သာစွာ ထိပုတ်လိုက်ရာ သစ်သားတံခါးကြီးမှာ လူတစ်ယောက်ဝင်စာလောက် ပွင့်ဟသွားသည်။ သူမ ဝင်ရောက်သွားပြီးသည်နှင့် တံခါး ပြန်ပိတ်သွားသည်။
ဟန်လိက ထိုအမျိုးသမီး ပျောက်ကွယ်သွားတာ စောင့်ကြည့်နေရင်း ခေါင်းရမ်းလိုက်မိသည်။ သို့သော် သူ လူအုပ်ကြီးထဲ လှမ်းဝင်လာသည့်အခါတွင်မူ အနီးအနားမှ ကျင့်ကြံသူများက သူ့ကို အထူးတဆန်း ကြည့်ကြသည်။ အကွာအဝေးတစ်ခုမှ ကျင့်ကြံသူ တစ်ချို့တလေပင် သူ့ကို လှမ်းကြည့်ကြသည်။