အာရုံစိုက်ခံရခြင်း
Vol. 45 Ch. 621
ဟန်လိသည် သူ့မေးစေ့ကို ပွတ်သပ်ပြီး တီးတီးတိုးတိုး ပြောဆိုနေကြသော ချီစုဆောင်းခြင်းကျင့်ကြံသူအုပ်စုကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ခတ်ကြည့်ရှုလိုက်သည်။
“သူက ဘယ်သူလဲကွ…”
“သူ့ကို မတွေ့ဖူးဘူး။ သူက တပည့်သစ်တစ်ယောက်လား…”
“သူက သိုင်းဒေါ်လေးမူနဲ့ ဘာကြောင့် ရှိနေရတာလဲ…”
“သိုင်းဒေါ်လေးနဲ့ ဆွေမျိုးတော်တာလား။ အဲ့လိုမှမဟုတ်ရင် သူက ဘာကြောင့်များ သူမနဲ့ တူတူ ရှိနေရမှာလဲ…”
ဟန်လိသည် လူအုပ်ကြီးထံမှ သိချင်စိတ်၊ မနာလိုစိတ်တို့ ပြည့်နေသော စကားသံများကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။ သူ ကြိတ်၍သာ သက်ပြင်းချမိသည်။ ခဏအကြာတွင် သူသည် ခန်းမဝင်ပေါက်၏ အဝေးတစ်နေရာသို့ လျှောက်လာပြီး လူအုပ်ထဲ ဝင်နေလိုက်သည်။ လူအုပ်ထဲ ရောက်သွားချိန်တွင်ပင် သူ့ကို စူးစမ်းနေကြသေးသော အကြည့်များကို သူ ခံစားမိနေဆဲပင်။
ထိုစဉ် ဟန်လိသည် အသံပို့လွှတ်လာတာကို ကြားလိုက်ရသည်။
“ညီလေးဟန်…မင်းကို ခုလောက်မြန်မြန် ထပ်တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”
ဟန်လိလည်း အံ့အားတသင့်ဖြင့် ခေါင်းလှည့်ကြည့်မိသည်။ သူ့အနောက်ဘက် ဆယ်မီတာလောက်အကွာတွင် ရပ်နေသော လူထွားတစ်ယောက်ကို သူ တွေ့ရသည်။ ထိုသူမှာ နွေဦးတောင်သို့ သူနှင့်အတူတူ ဝင်ရောက်ခဲ့သော သံသယဝင်စရာကောင်းလှသည့် ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူ တုတုံ ဖြစ်နေသည်။
သူက ပြုံးဖြီးဖြီးဖြင့် ဟန်လိကို လှမ်းခေါ်နေခြင်းပင်။ ဟန်လိ၏မျက်လုံးထဲ၌ တမျိုးဖြစ်ဟန် ဖြတ်ပြေးသွားသည်။ သို့သော် အပြင်ပိုင်းတွင်မူ သူက ချက်ခြင်းပြုံး၍ ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်စကား ပြောလိုက်သည်။
“အို…အစ်ကိုတု…ကို။ သိုင်းဦးလေးကျောင်းနဲ့ အတူတူရှိတာ ခင်ဗျားအတွက် အဆင်ပြေရဲ့လားဗျ…”
သိုင်းဦးလေးကျောင်းဆိုသူမှာ တုတုံကို သင်ကြားပေးရမည့် ဆံဖြူအဘိုးအိုပင်။
“ကျုပ်…အဆင်ပြေတယ်ဗျို့…” ထိုလူထွားက တဟားဟား အော်ရယ်ရင်း ဆိုသည်။ သူ့ကြည့်ရတာ ပွင့်လင်းရိုးသားသည့် အကျင့်စရိုက်ရှိသည့်ပုံပင်။
ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့၏။ သို့ပေမည့် အပြင်ပိုင်းတွင်မူ သူသည် ပြီးခဲ့သော နှစ်က တစ်ယောက်အတွေ့အကြုံကိုတစ်ယောက် ပြန်မျှဝေ ပြောဆိုရင်း သူ့ပုံစံမှာ ယဉ်ကျေးပျူငှာဟန် ပေါက်နေသည်။
ဆံဖြူအဘိုးအိုသည် အဆောင်များသန့်စင်ခြင်းတွင် တုတုံကို အရည်အချင်းရှိသည်ဟု ယုံကြည်မှုရှိပြီး သူ့ကိုလည်း ပြုစုပျိုးထောင်ချင်စိတ်ရှိကြောင်း ဟန်လိ ကြားသိရသည်။ ထိုသို့ပြောဆိုပြီးနောက် တုတုံသည် စိတ်လှုပ်ရှားကာ ပြုံးဖြီးနေသည်။
ဟန်လိသည် ထိုစကားကိုကြားသည့်အခါ ထိုဆံဖြူအဘိုးအိုအပေါ် အနည်းငယ် သနားမိသလို ခံစားရလေသည်။ တုတုံမှာ ပြုစုပျိုးထောင်ပေးရမည့် လူစားမျိုး မဟုတ်ပေ။ တုတုံ၌ ဆံဖြူအဘိုးအိုအပေါ် အကြံအစည်တစ်ခုခု ရှိနေဖို့များသည်။ သို့စေကာမူ ဟန်လိအနေဖြင့် ဆံဖြူအဘိုးအို (ဝါ) ဦးလေးကျောင်းကို သတိပေးရန် စိတ်ကူးမရှိပေ။ ဤသိုဖြင့် ဟန်လိနှင့် လူထွားတို့သည် စကားဆက်ပြောနေကြသည်။
ထိုစဉ် လူထွားက ရုတ်တရက် ဟန်အမူအရာတစ်မျိုးဖြစ်သွားပြီး ပြောလာသည်။
“ညီလေးဟန်…မင်း သိပြီးပလား။ မင်းရဲ့ ကြီးကြပ်သူ…သိုင်းဒေါ်လေးမူက နွေဦးတောင်ရဲ့ ထိပ်တန်းအလှပဂေးနော်။ သူဟာ မျောလွင့်တိမ်ဂိုဏ်းရဲ့ အလှဆုံးနတ်သမီးသုံးပါးထဲမှာ တစ်ယောက် အပါအဝင်ပဲ။ ဒါကြောင့် သူမနဲ့ မင်း အတူတူ ရောက်လာတာက ဒီလူအုပ်ကို အံ့ဩတကြီး ပွက်လောရိုက်သွားစေခဲ့တာကွ…”
“ကျုပ် သိပါတယ်…” ဟန်လိသည် ခါးသီးစွာ ရယ်၍ ဘေးပတ်ဝန်းကျင်သို့ အကူအညီမဲ့ဟန်ဖြင့် တစ်ချက်ကြည့်မိသည်။ ထို့နောက် လူထွားတုတုံက ဤအကြောင်းအရာထံ စကားလမ်းကြောင်း ပြောင်း၍ မေးလာသည်။
“မင်းတို့နှစ်ယောက်က အတူတူ ရောက်လာတာဆိုတော့ သိုင်းဒေါ်လေးမူက ဒီစုဝေးပွဲနဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြောပြခဲ့သေးလား…”
“မပြောခဲ့ပါဘူးဗျာ။ ဒါပေမဲ့ ကြည့်ရတာ အစ်ကိုတုကတော့ တစ်ခုခု ကြားထားတဲ့ပုံပဲ။ ခင်ဗျား ပြောပြတော့လည်း ပိုမကောင်းဘူးလားဗျ…”
ဟန်လိ၏ တည်ငြိမ်နေသော ဟန်ပန်တွင် ထူးခြားသည့်အပြုံးတစ်ခု အစားထိုးဝင်ရောက်ကာ သူက တုတုံကို အလေးအနက်ကြည့်သည်။
ဟန်လိ၏ ထွင်းဖောက်နိုင်စွမ်းရှိသော အကြည့်အောက်တွင် လူထွားတုတုံ၏ ရိုးသားသောအပြုံးမှာ အေးခဲသွား၏။ တုတုံသည် သူ့လျှို့ဝှက်ချက်အားလုံးကို ထွင်းဖောက်မြင်ခံရသည့်နှယ် ခံစားလိုက်ရသည်။
သို့သော် ခဏအကြာတွင် ဟန်လိသည် တစ်ဖက်သို့ ခေါင်းလှည့်သွား၍ ထိုခံစားချက်မှာ ပျောက်ကွယ်သွားသည်။ စောစောတုန်းက တုတုံ ခံစားခဲ့ရသောအဖြစ်မှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သယောင်ယောင်ပင်။ မည်သို့ပင်ဖြစ်စေ ထိုသူသည် အံ့ဩထိတ်လန့်ကာ ကျန်ခဲ့လေသည်။ သူသည် ဟန်လိကို မြန်မြန်နှုတ်ဆက်ပြီး နွေဦးတောင်မှ အခြားတပည့်များထံ လျှောက်သွားလေသည်။ သူသည် ဟန်လိနှင့် အတူ မရှိဝံ့သည့်အလား။
ဟန်လိက ထိုသူ ထွက်သွားတာ မြင်သည့်အခါ ဟန်လိ၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပေသည်။ ထိုစဉ် ငွေရောင်လ၏ စကားသံသည် သူ့စိတ်ထဲ၌ ပေါ်လာသည်။
“အစ်ကိုဟန်…သူ့ကို ဘာကြောင့် ခြောက်လှန့်လိုက်ရတာလဲ။ နောက်ကျ သူက ရှင့်ကို သံသယဝင်သွားနိုင်တယ်နော်။ သူက အန္တရာယ် ရှိလောက်တယ်မလား…”
ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ပြန်တုံ့ပြန်၏။
“ဒီလူဟာ ဘယ်သူဘယ်ဝါမှန်း ကျုပ် မသိဘူး။ ဒါပေမဲ့ သူ ကျုပ်နား ကပ်လာတာက ဘာမှ ကောင်းကျိုးမရှိဘူး။ ဒါကြောင့် သူ့ကိုယ်သူ ကျုပ်နဲ့ အဝေးမှာ နေအောင်လို့ ဟန့်လိုက်တာ။ သူ့ကြောင့် ကိစ္စကြီးကြီးမားမား ဖြစ်လာခဲ့ရင်လည်း ကျုပ်အနေနဲ့ အရှုပ်အထွေးကို ရှောင်နိုင်လိမ့်မယ်။ သူ့ကို သံသယရှိတယ်ဆိုပေမဲ့ ကျုပ်နဲ့ ဘာဆိုင်တာမှတ်လို့။ သူဟာ ကျုပ်နဲ့ ပတ်သက်ပြီး ခုဆို ပိုဂရုစိုက်သွားပြီ။ သူ ကျုပ်ကို တိုက်ခိုက်ရင် မနိုင်ဖို့များမှန်း သိသွားလောက်ပြီ။ ကျုပ်က သူနဲ့ မပတ်သက်ချင်ရုံပါပဲ။ သူ့အစီအစဉ်တွေထဲ ဝင်ပါဖို့ စိတ်ကူးမရှိဘူး…”
ငွေရောင်လသည် စကားထပ်မဆိုတော့ပေ။ ဟန်လိ၏ စကားများက အကျိုးအကြောင်းသင့်သည်ဟု သူမ လက်ခံသွားပုံ ရသည်။ မည်သို့ပင်ဖြစ်စေ ထိုတုတုံဆိုသူမှာ ဂိုဏ်းအပေါ်သို့ မကောင်းကြံခဲ့လျှင် သူနှင့် နီးကပ်သူများသည် ဂိုဏ်းမှ ထိပ်သီးအကြီးအကဲများ၏ သံသယဝင်တာ ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာမည်ကို ဟန်လိက ကြိုရှောင်ချင်တာပင်။
ထို့နောက် ဟန်လိက လူအုပ်ကို စူးစမ်းနေလေသည်။ သည်တပည့်များ၌ အသက်အရွယ်မျိုးစုံ၊ ကျားကော၊မကော ရှိနေကြသည်။ ငယ်ရွယ်သော်ငြား ချီစုဆောင်းခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်နှင့်ပြီးဖြစ်သော ကျင့်ကြံသူများကဲ့သို့ အသက်နှင့်မကိုက်သည့် ကျင့်ကြံမှု ပိုင်ဆိုင်ထားသူများလည်း ရှိကြသည်။
ချောမောလှပသော မိန်းမပျိုများလည်း ဤတပည့်အုပ်ထဲ၌ ရှိနေ၏။ သူတို့ဘေးတွင်မူ ယောက်ျားပျိုများ ဝိုင်းနေကြသည်။ မည်သည့်ဂိုဏ်းတွင်မဆို မိန်းမလှကျင့်ကြံသူများမှာ အာရုံစိုက်ခံရတာ သဘာဝပင်။ ဟန်လိသည် ဤသို့ အတွေးထဲ မြောနေစဉ် ခန်းမဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး ထည်ဝါသောအသံတစ်သံ ထွက်ပေါ်လာလေ၏။ ထိုအသံကြောင့် ချီစုဆောင်းခြင်းတပည့်များမှာ အလန့်တကြားဖြင့် ငြိမ်သက်ကုန်သည်။
“နွေဦးတောင်ရဲ့ တပည့်အားလုံး…ခန်းမထဲ ဝင်မယ်…”
ထိုအသံပိုင်ရှင်မှာ နွေဦးတောင်၏ အရှင်သခင်ပင်။ ထိုသူ့ကို ဟန်လိ တွေ့ဖူးပေ၏။ သူ၏မျိုးရိုးအမည်မှာ ရှင်းပင်။ သူ၏ကျင့်ကြံမှုအဆင့်သည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်တွင်ပင်။ သူ့စကားသံကို ကြားသည့်အခါ ခန်းမအပြင်ဘက်တွင် ရှိနေသော တပည့်အားလုံးက ခေါင်းငုံ့၍ တလေးတစား ပြန်ပြောကြသည်။
“ဘိုးဘေးရဲ့ အမိန့်ကို ကျုပ်တို့ တလေးတစား နာခံပါ့မယ်…”
ယင်းနောက် လူအုပ်ကြီးသည် ခန်းမထဲသို့ စီစီရီရီ နှစ်တန်းခွဲကာ ခန်းမထံ လျှောက်လာကြသည်။ ဟန်လိသည် နောက်ဆုံးမှ ဝင်လာသောကြောင့် ဤနှလုံးကြည်လင်ခြင်းခန်းမထဲ နောက်ဆုံးမှ ဝင်ရောက်သူများကြားထဲတွင် တုတုံကို သူ တွေ့သည်။ ဤခန်းမအဆောက်အဦအတွင်းရှိ နေရာမှာ ကျယ်ပြောလှ၏။ အနည်းဆုံး တစ်ကီလိုမီတာလောက် အကျယ်အဝန်း ရှိနိုင်သည်။ ဤအဆောက်အဦခန်းမအတွင်း၌ မြင့်မားသောတိုင်လုံးကြီးများက ဟိုနေရာတစ်ခု၊ သည်နေရာတစ်ခုတွင် ရှိနေပြီး တိုင်လုံးအားလုံးပေါ်တွင် လကျောက်များကို ထွင်းထုထား၍ ခန်းမအတွင်းပိုင်းမှာ အဖြူရောင်သဲ့သဲ့လင်းလက် နေပေသည်။ ဤခန်းမထဲ၌ အရှေ့ပိုင်းတွင်ရှိနေသော ပလ္လင်နှစ်ခုမှလွဲ၍ အခြား မည်သည့်ပရိဘောဂပစ္စည်းမှ ရှိမနေပေ။ ထိုပလ္လင်ထိုင်ခုံနှစ်ခုပေါ်တွင် ကျောင်းတော်သားဟန် ပေါက်သည့် ဝတ်ရုံဖြူနှင့်လူတစ်ယောက်ရယ်၊ ဆံပင်များရှုပ်ပွပြီး ကြမ်းကြုတ်သည့်မျက်လုံးပိုင်ရှင် အဘိုးအိုတို့ ထိုင်နေကြသည်။
ထိုပလ္လင်နှစ်ခုရှေ့တွင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူဆယ်ယောက်ကျော်သည် အတန်းလိုက် နှစ်တန်းခွဲကာ ရပ်နေကြသည်။
ကျော့ရှင်းလှပသောမိန်းမပျိုမူနှင့် ဟန်လိကို ဂိုဏ်းထဲခေါ်လာခဲ့သော လူငယ်ယုတို့သည် ဒုတိယတန်းတွင် ရပ်နေကြသည်။ သူ့ကို ဂိုဏ်းဝင်ရန်အတွက် စစ်ဆေးမေးမြန်းခဲ့သောလူငယ်မြောင်ကမူ ပထမအတန်းတွင် ရပ်နေသည်။ သူ့ပုံစံက အရင်ကလို နေမကောင်းဟန်ပေါ်ကာ ဖြူရော်နေတုန်းပင်။
ခန်းမထဲသို့ တပည့်များ ဝင်လာချိန်တွင် သူတို့အားလုံးက ဒူးထောက်ကာ ပလ္လင်ထိုင်ခုံပေါ်ရှိ လူနှစ်ယောက်ကို ဂါဝရပြုနှုတ်ဆက်ကြသည်။
“ဒီတပည့်တွေက ဘိုးဘေးရှင်းနဲ့ ဘိုးဘေးယုတို့ကို လေးစားသမှု ပေးပါတယ်…”
“ကဲကဲ…ရပြီ…ထကြ…” သက်လတ်ပိုင်းလူက ပြုံး၍ လက်ဝေ့ရမ်းပြပြီး တပည့်တပန်းများကို ပြန်ရပ်ခိုင်းသည်။ ထို့နောက်တွင် ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူများသည် နှစ်တန်းခွဲကာ ခန်းမ၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် ရပ်ကြသည်။ ဟန်လိနှင့် တုတုံတို့နှစ်ယောက်လုံးသည် ခန်းမဝင်ပေါက်နားတွင် ရပ်နေသည်။
ဟန်လိက ကြမ်းကြုတ်သည့်ဟန်ပန်ရှိသော အဘိုးအိုကို စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုသည်။ ထိုသူမှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်သာ ရှိသေးကြောင်း သူ မြင်ရသည်။ ထိုသူ့ကို စူးစမ်းပြီးနောက် ဟန်လိသည် ထိုသူ့ကို အာရုံစိုက်မနေတော့ဘဲ သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းသည်။ ထို့နောက်တွင် တောင်သခင်ရှင်းက ဖြည်းဖြည်းချင်း စပြောသည်။
“ဒီကို ခေါ်လိုက်ရတဲ့အကြောင်းရင်းကို မင်းတို့အားလုံး သိလောက်ပြီး ဖြစ်လိမ့်မယ်။ မနေ့တုန်းက ကျုပ်တို့ဂိုဏ်းဟာ ရှေးဟောင်းဓားဂိုဏ်းကနေ စာတစ်စောင် လက်ခံရရှိခဲ့တယ်။ လာမဲ့ ဓားပြိုင်ပွဲကို လာမဲ့နှစ်ဝက်အတွင်း ကျင်းပမယ်လို့ အကြောင်းကြားလာတယ်။ ကျုပ်တို့က နောက်ဆုံးပြိုင်ပွဲတုန်းက လက်ခံကျင်းပခဲ့ပြီးပြီးဆိုတော့ ဒီတစ်ကြိမ်မှာတော့ အိပ်မက်တိမ်တောင်တန်းရဲ့ အရှေ့ပိုင်းက အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းက ကြီးမှူးကျင်းပမှာ ဖြစ်တယ်။ ထုံးစံကတော့ ဂိုဏ်းသုံးဂိုဏ်းဟာ တပည့်အယောက်သုံးဆယ်ကို ရွေးချယ်ပြီး ဓားပြိုင်ပွဲဆီ စေလွှတ် ပြိုင်ဆိုင်ခိုင်းလေ့ရှိတယ်။ ပြိုင်ပွဲမှာ နောက်ဆုံးကျန်ခဲ့တဲ့ ထိပ်ဆုံးဆယ်ယောက်ဟာ ဆုလဒ်များစွာ ချီးမြှင့်ခံရမှာ ဖြစ်တယ်။ ဒါကြောင့် ကျုပ်တို့ဟာ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ဂိုဏ်းရဲ့ အကောင်းဆုံးတပည့်တွေကို အရင်ဆုံး ရွေးချယ်မှာ ဖြစ်တယ်။
ထိုသို့ပြောပြီးနောက် သူက စကားခဏရပ်ပြီးမှ ထပ်ဆက်သည်။
“တကယ်တော့ ငါတို့ဂိုဏ်းရဲ့ တောင်ခြောက်လုံးက အရှင်သခင်တစ်ယောက်ချင်းစီက တပည့်တွေထဲကနေ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်စရာမလိုဘဲ ဓားပြိုင်ပွဲမှာ ပါဝင်နိုင်စွမ်းရှိတဲ့လူတစ်ယောက်ကို အဆိုပြုနိုင်တယ်။ ဆိုတော့ ကျန်တဲ့ နေရာနှစ်ဆယ့်လေးနေရာအတွက်ကတော့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ တပည့်တွေကို ယှဉ်ပြိုစေပြီး ရွေးချယ်မှာ ဖြစ်တယ်။ အနိုင်ရတဲ့၊ ရွေးချယ်ခံရတဲ့ တပည့်တွေဟာ ဓားပြိုင်ပွဲဆီ မသွားရောက်ခင် ရတဲ့အချိန်အတွင်းမှာ ဂိုဏ်းအကြီးအကဲတွေရဲ့ အကြံဉာဏ်ကို ရရှိမှာ ဖြစ်တယ်။ မနေ့ကတုန်းက ဂိုဏ်းခေါင်းဆောင်ရယ်၊ တခြားတောင်သခင်တွေနဲ့ ငါ ဆွေးနွေးခဲ့ပြီးပြီ…ဓားပြိုင်ပွဲအတွက် လူရွေးပွဲကို လာမဲ့တစ်လအတွင်း ပြုလုပ်ဖို့ ငါတို့ ဆုံးဖြတ်ခဲ့ပြီးပြီး။ ဒါပေမဲ့ ငါ့အနေနဲ့ အရင်ဆုံး သတိပေးချင်တာကတော့ ပြိုင်ပွဲဝင်မဲ့သူတွေဟာ အသက်သုံးဆယ်အောက်ဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ အနည်းဆုံး ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်မှာ ရှိရမယ်ဆိုတာပဲ။ မဟုတ်ရင် ခုကျင်းပမဲ့ ပြိုင်ပွဲမှာ ပါဝင်ခွင့်မရဘူး။ ဆိုတော့ ခုချိန်ကစပြီး မင်းတို့ဟာ အဲ့လိုအပ်ချက်နှစ်ခုနဲ့ ကိုက်ညီတယ်၊ ပြိုင်ချင်စိတ်လည်း ရှိတယ်ဆို ပြိုင်၊မပြိုင် ဆုံးဖြတ်လို့အောင် စဉ်းစားဖို့ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ပေးမယ်။ ပြီးတော့ ငါနဲ့ ဒုတောင်သခင်ယွမ်တို့ဟာ ရွေးချယ်စမ်းသပ်မှုပွဲကို ပါစရာမလိုဘဲ ဓားပြိုင်ပွဲဆီ တိုက်ရိုက်စေလွှတ်မဲ့သူအဖြစ် မင်းတို့ရဲ့ သိုင်းဒေါ်လေးမူကို ရွေးချယ်ထားတယ်။ ယုအာ…ရှေ့ကိုသွားပြီး အမွှေးတိုင်ထွန်းချေ…”
“အမိန့်အတိုင်းပါ…ဆရာ…” လူငယ်ယုသည် ချက်ခြင်းရှေ့ထွက်လာပြီး သူ့သိုလှောင်အိတ်ထဲမှ ကြေးဒယ်စောက်တစ်ခုကို မြန်မြန်ဆန်ဆ် ထုတ်ယူသည်။ ထို့နောက်တွင် သူက ၎င်းကို ခန်းမအလယ်တွင် နေရာချပြီး ၎င်းအတွင်း၌ အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိလိုက်သည်။ သူ့လက်မှ ဖြတ်ခနဲ လင်းလက်မှုနှင့်အတူ သင်းပျံ့သော အခိုးအငွေ့များသည် ကောင်းကင်ထက်သို့ တလွင့်လွင့် မြောက်တက်သွားလေသည်။