← Chapters

လွှမ်းမိုးနိုင်စွမ်း

Vol. 45 Ch. 623

လွှမ်းမိုးနိုင်စွမ်း

Vol. 45 Ch. 623

“သူက ဂျူနီယာညီလေးရွှမ်မလား။ ပြီးခဲ့တဲ့နှစ်အချို့ကမှ သူ ဂိုဏ်းဝင်ခဲ့တာမလား…”

“ဒီဂျူနီယာညီလေးက ကောင်းကင်ယန်မီးသွေးကြောကို ပိုင်ဆိုင်ထားတာလေ…ဟုတ်တယ်မလား…”

“ပြီးတော့ ကျုပ်တို့ရှုဒေသမှာ ရွှမ်ဂိုဏ်းဟာ နာမည်ကျော်ဂိုဏ်းတစ်ခု မဟုတ်ဘူးလား…”

“ဒီဂျူနီယာညီလေးဟန်ကကော ဘယ်သူလဲကွ။ သူ့ကို ငါ မမြင်ဖူးဘူး ဖြစ်နေတယ်။ သူ ဂိုဏ်းထဲ ဝင်လာတာ မကြာသေးဘူး ထင်တယ်…”

“ဟန်လိက အတော်လေး ကံဆိုးတယ်လို့ ပြောရမယ်ကွ။ သူက ရှိန်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့မှ လာကြုံရတယ်လို့…”

တိုက်ပွဲပင် မစရသေး။ တိုက်ပွဲစင်မြင်၏ အလင်းအကာအရံအပြင်ဘက်မှ သက်ဝင်လှုပ်ရှားသော တီးတိုးဆွေးနွေးသံများကို ကြားနေရလေပြီ။

“ကောင်းကင်ယန်မီးသွေးကြောတဲ့လား…” ထိုစကားကို ကြားသည့်အခါ ဟန်လိသည် သူ့ပြိုင်ဘက်ကို စိတ်ဝင်တစား စူးစမ်းလိုက်သည်။ ထိုသူသည် ထောင်ကောင်းကောင်းနှင့် ရုပ်ရည်ကြည့်ကောင်းရုံသာမက သူ့ကျင့်ကြံမှုအဆင့်မှာလည်း ချီစုဆောင်းခြင်းအဆင့်ဆယ့်နှစ်သို့ ရောက်နေလေပြီ။

သာမန်ရုပ်ရည်အသွင်အပြင်နှင့် ချီစုဆောင်းခြင်းအဆင့်တစ်ဆယ် ကျင့်ကြံမှုကိုသာ ပိုင်ဆိုင်ထားသော ဟန်လိကို မြင်သည့်အခါ ထိုဝတ်ရုံဖြူလူငယ်၏ မျက်နှာထက်၌ အထင်သေးဟန် ဖြစ်ပေါ်သွားသည်။ သို့သော်ငြား မည်သို့ပင်ဖြစ်စေ သူသည် ဟန်လိကို တလေးတစား နှုတ်ဆက်လိုက်တုံးပင်။ ဤသည်ကိုမြင်သည့်အခါ ဟန်လိက စိတ်ထဲကနေ ကြိတ်၍ လှောင်၏။ သူလည်း ပြုံးယောင်သမ်းကာ မထူးခြားနားဟန်ဖြင့် ပြန်နှုတ်ဆက်သည်။ ဟန်လိ၏ ဂရုမစိုက်လေဟန် တုံ့ပြန်မှုကို မြင်သည့်အခါ ဝတ်ရုံဖြူလူငယ်သည် ဒေါသထွက်သွားပုံရသည်။

ထိုအခိုက်တွင် စင်မြင့်အကာအရံပေါ်တွင် ရှိနေသော ပြိုင်ပွဲကြီးကြပ်သူက မထူးခြားနားစွာဖြင့် ပြောသည်။

“ပြိုင်ပွဲ…စမယ်…”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဝတ်ရုံဖြူလူငယ်သည် မာကြောခက်ထန်သည့်အသွင်ဖြင့် ချက်ခြင်းလက်ငင်း မန္တာန်ချိပ်ဟန် လက်ကွက်များကို ထုတ်ဖော်သည်။ သူ၏ခန္ဓာကိုယ်မှ စူးရှသောမီးအလင်း ရုတ်ချည်း ပေါက်ကွဲထွက်လာကာ သူ့ကို ခြစ်ခြစ်တောက်ပူပြင်းသည့် မီးအကာအရံတစ်ခုက ခြုံလွှမ်းသွားသည်။ ထို့နောက် သူ့လက်ကို ဝေ့ရမ်းကာ လက်ချောင်းများကို ဖြန့်၏။ သူ့လက်ကြားထဲတွင် ရစ်ဝဲနေသော ကြက်ဥအရွယ်အစားရှိသည့် မီးလုံးတစ်လုံး ပေါ်လာသည်။ လူငယ်က မန္တာန်ရွတ်၍ စတင်တိုက်ခိုက်ရန် ဟန်ပြင်သည်။ ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ယင်းနည်းလမ်းအား သိနေသလို ခံစားမိ၏။ သူ အံ့အားသင့်သွားသည်။

ထိုစဉ် ပြိုင်ပွဲကွင်းအပြင်ဘက်မှ အံ့ဩတကြီး ချီးကျူးသံများ ထွက်ပေါ်လာ၏။

“မြန်မြန်ကြည့်စမ်း…ညီလေးရွှမ်က ဘာအဆောင်မှ မသုံးဘဲ သူ့ကိုယ်သူ မီးဓာတ်အကာအရံနဲ့ ချက်ခြင်း ခြုံလွှမ်းပစ်လိုက်တာ။ သူက တကယ်ပဲ ကောင်းကင်ယန်မီးသွေးကြောကို ပိုင်ဆိုင်ထားတာပဲဟ…”

“ဒါတင် ဘယ်ကမလဲ။ သူ့လက်ထဲက မီးလုံးကလည်း သူ့ဂိုဏ်းရဲ့ နာမည်ကျော် မီးလှိုင်းပုတီးစေ့မလား။ သူ့ပြိုင်ဘက်ကတော့ အရှုံးပေးရတော့မှာ သေချာနေပြီ။ ဒီပြိုင်ဘက်ရဲ့ ရလဒ်က ချက်ခြင်းလက်ငင်း ထွက်ပေါ်သွားတာမျိုးတောင် ဖြစ်နိုင်တယ်…”

ဟန်လိသည် စိတ်ထဲ၌ နှာခေါင်းရှုံ့၏။ သူ၏လက်ကို တည်တည်ငြိမ်ငြိမ် ဝေ့ရမ်းကာ သိုလှောင်အိတ်ထဲမှ မှော်အဆောင်လေးဆယ်ကျော်ကို ထုတ်ယူသည်။‌

ဟန်လိက ထိုလူငယ်ကို ခေါင်းမော့ကာ ကြည့်၏။ လူငယ်သည် သူ့မှော်ပစ္စည်းကို အသုံးပြုရန်ကိုသာ အာရုံအပြည့်အဝ စိုက်ထားပြီး ဟန်လိ၏အပြုအမူများကို လျစ်လျူရျုထားသည်။ သူကား သူ့မီးအကာအရံအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေပုံ ရ၏။

သို့ဆိုမှတော့ ဟန်လိသည်လည်း စကားစမြည် ပြောနေရန် စိတ်ကူးမရှိတော့ဘဲ သူ့လက်နှစ်ဖက်ကို ပူးကပ်သည်။ အနီရောင်လင်းလက်သွားပြီး သူ့လက်နှစ်ဖက်ထံမှ လက်သီးစုပ်ခန့် မီးလုံးအလုံးလေးဆယ်သည် ရန်သူ့ အကာအရံထံ တန်းမတ်စွာ တိုးဝင်သွားသည်။ ထိုမြင်ကွင်းကြောင့် ပွဲကြည့်ပရိသတ်မှာ အံ့အားသင့်သွားရသည်။

တစ်ချိန်တည်းတွင် ဝတ်ရုံဖြူလူငယ်၏ အထက်ရှိ မီးလှိုင်းပုတီးစေ့မှာ တလျှံလျှံ တောက်ပကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။ သို့သော် သူသည် စိတ်ကျေနပ်နေစဉ်မှာပင် ပရိသတ်၏ အံ့အားတသင့် အော်သံဟစ်သံများကို ကြားရသည်။ သူသည် ပြိုင်ပွဲကွင်းအပြင်သို့ စိတ်ထွေပြားကာ ခေါင်းမော့၍ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံများနှင့်အတူ အနီရောင်များ လင်းလက်လျက် လူငယ်၏အာရုံခံစားမှုသည် ထိခိုက်သွားရသည်။ သူ့ဘေးပတ်လည်ရှိ အလင်းအကာအရံသည် တစစီကွဲထွက်သွားကာ ဟန်လိ၏ တိုက်ခိုက်မှုကို တအောင့်သာ ခုခံနိုင်လိုက်သည်။

မီးတောက်များကား သူ့မျက်စိရှေ့မှာပင် သူ့ထံ တဟုန်ထိုး တိုးဝင်လာသည်။ မီးတောက်များက သူ့ကို ခြုံလွှမ်းသွားရန် ခြေတစ်လှမ်းစာလောက်သာ လိုတော့၏။ သူ သေရေးရှင်ရေးအာရုံကို ခံစားမိသွားသည်။ သူ့မျက်နှာက ဖြူရော်ကာ အကြောက်တရားကြောင့် အသိစိတ်ပါ လွတ်သွားပြီး လှည့်ပြေးရန် ဟန်ပြင်သည်။ သို့သော် ထိုစဉ် လူငယ်သည် သူ့အင်္ကျီကော်လံစမှာ တင်းကြပ်သွားပြီး သူ့တစ်ကိုယ်လုံး မြောက်တက်သွားသည်ဟု ခံစားလိုက်ရသည်။ သူသည် လေထဲ ချက်ခြင်း မြောက်တက်သွားပြီး မီးတောက်များက သူ့ကို ကျော်ဖြတ်သွားသည်။

ဝတ်ရုံဖြူနှင့်လူငယ်သည် မီးတောက်များထံမှ ကပ်သီးလေး လွတ်သွားသော်ငြား ကြောက်ရွှံ့နေဆဲပင်။ ပြိုင်ပွဲကြီးကြပ်သူဖြစ်သော ကလန့်ကလားကျင့်ကြံသူက သူ့အင်္ကျီကော်လံစကို ဆွဲထားသည်ကို သူ တွေ့ရ၏။ ထိုသူသည် မျက်နှာသေဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။

“အနိုင်ရသူက နွေဦးတောင်ရဲ့ တပည့်ဟန်လိပဲ ဖြစ်တယ်…”

ဤအခိုက်အတန့်တွင် ဝတ်ရုံဖြူလူငယ်သည် သူ ရှုံးသွားပြီမှန်း သဘောပေါက်သွား၏။ ထို့နောက်တွင် သူသည် အဆင့်နိမ့်အဆောင်များ၏ တိုက်ကွက်ကြောင့် အလွယ်တကူ ရှုံးသွားခဲ့ရမှန်း သဘောပေါက်ပြီးနောက် သူ့မျက်နှာမှာ သေလောက်အောင် ဖြူရော်သွားသည်။

ပွဲကြည့်ပရိသတ် ကျင့်ကြံသူများသည် တုန်လှုပ်အံ့အားသင့်ရာကနေ သတိပြန်ဝင်လာပြီးနောက် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။ သူတို့အားလုံးသည် မီးလုံးအဆောင်မှာ အရိုးရှင်းဆုံး စဦးအဆင့်နိမ့်အဆောင်တစ်ခုသာ ဖြစ်ကြောင်း သိထားကြသည်။ ယင်းအဆောင်တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့်ပင် ဝယ်ယူ၍ ရနိုင်သည်။

သို့ပေမည့် ဟန်လိသည် ဤအဆောင်မျိုး အခုလေးဆယ်ကျော်ကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့ခြင်းပင်။ ဆိုလိုသည်မှာ တိုက်ကွက်တစ်ကွက်အတွက် သူသည် စိတ်ဝိညာဉ်ကျောက်တုံးလေးဆယ်ကျော်ကို အသုံးပြုခဲ့တာ ဖြစ်နေ၏။ ဤသည်မှာ အရည်အသွေးကောင်းမွန်သော အဆင့်နိမ့်မှော်လက်နက်တစ်ခု၏ တန်ဖိုးနှင့် ညီမျှသည်။ သူ့အနေဖြင့် သည်ပြိုင်ပွဲတွင် ရွေးချယ်ခံရအောင် ပိုင်ဆိုင်မှုအားလုံးကို သုံးပစ်လေတော့မလား။

မျောလွင့်တိမ်ဂိုဏ်းသားများ၏ အံ့ဩတကြီးဖြစ်နေသော အကြည့်အောက်၌ ဟန်လိသည် ကလန့်ကလားကျင့်ကြံသူကို ဦးညွှတ်ကာ မျက်နှာအမူအရာတစ်ချက်မျှ ပြောင်းသွားခြင်းမရှိဘဲ အလင်းအကာအရံထဲမှ လှမ်းထွက်လာသည်။

ဝတ်ရုံဖြူနှင့်လူငယ်သည် ဟန်လိနောက်ကျောကို မကျေမချမ်းဖြင့် စိုက်ကြည့်နေ၏။ သို့သော် ကလန့်ကလားကြီးကြပ်သူ၏ အေးတိအေးစက် အကြည့်အောက်တွင် သူ့အနေဖြင့် ဘာမျှမတတ်နိုင်ဘဲ စင်ပေါ်မှ ပြန်ဆင်ရရုံသာ ရှိသည်။ သူ့တိုက်ပွဲ ပြီးနောက် ဟန်လိသည် အခြားသူများ၏ တိုက်ပွဲကို စောင့်ကြည့်လေ့လာဖို့ စိတ်ကူးမရှိဘဲ သူ့လှိုဏ်ဂူနေအိမ်သို့သာ တန်းပြန်သွားလေ၏။

နှစ်ရက်ကြာပြီးနောက် ပြိုင်ပွဲ၏ ပထမတစ်ချီမှာ ပြီးတော့မည်။ ပြိုင်ပွဲ၌ မြင်ရတွေ့ရသော တိုက်ပွဲများအကြောင်း ပွဲကြည့်ကျင့်ကြံသူများက အားတက်သရော ဝေဖန်ဆွေးနွေးနေကြသည်။ ဟန်လိ၏ မီးလုံးအဆောင်လေးဆယ်ကို အသုံးပြုခဲ့သည့် လုပ်ရပ်အပေါ် ကျင့်ကြံသူများစွာအနေဖြင့် ဆွံ့အမိနေရင်း သူတို့စိတ်ထဲ၌ အထင်ကြီးမှုပါ ဖြစ်ပေါ်လာသည်။ ပွဲကြည့်ကျင့်ကြံသူအများစုက ဟန်လိသည် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်ရမည်ဟု ယုံကြည်နေသည်။ သို့မှသာ ဤမျှ စိတ်ဝိညာဉ်ကျောက်တုံးပမာဏကို အခုလို သုံးပစ်နိုင်စွမ်း ရှိမည် မဟုတ်လား။

ပွဲကြည့်ပရိတ်သတ် တပည့်အချို့ကြားမှာ ဟန်လိသည် နာမည်တစ်ခု ရလာခဲ့သည်။ ပြိုင်ပွဲ၏ ဒုတိယတစ်ချီ၌ ဟန်လိသည် ပထမရက်၊ နေ့လယ်ပိုင်းတွင် တိုက်ခိုက်ရမည့်သူအဖြစ် ရွေးချယ်ခံရသည်။ သူသည် ပြိုင်ပွဲစင်မြင့် အလယ်သို့ တည်တည်ငြိမ်ငြိမ် ရောက်လာခဲ့သည်။ ဟန်လိ၏ အရင်တိုက်ပွဲကို မြင်ခဲ့ရသော တပည့်အချို့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။

“သူက နွေဦးတောင်က တပည့်မလား။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူက အဆောင်တွေ ဆယ်ချီအသုံးပြုပြီး ပြိုင်ဘက်ကို တစ်ချီတည်း၊ တစ်ချက်တည်းနဲ့ ပွဲသိမ်းပစ်ခဲ့တဲ့သူလေ…”

“ဒါ အမှန်ပဲလား။ သူက အထင်ကြီးစရာ ကောင်းတဲ့ပုံတော့ မပေါ်နေပါဘူး။ သူ့နောက်ခံက တောင့်လို့လား…”

“အင်း…ကျုပ်တို့ရှုဒေသမှာ ဟန်မျိုးရိုးနဲ့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခု ရှိပုံ မရပါဘူး။ သူဟာ တခြားတိုင်းပြည်တစ်ခုခုကများ ရောက်လာခဲ့တာများလား…”

ဟန်လိသည် ထိုစကားများကို တည်ငြိမ်သည့်ဟန်ပန်ဖြင့် နားထောင်နေ၏။ ခုလက်ရှိတွင် သူသည် ပြိုင်ဘက်ရန်သူကို တည်ငြိမ်စွာ ကြည့်နေသည်။ ထိုသူမှာ ကြည့်ပျော်ရှုပျော် ရုပ်ရည်ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ဦးပင်။ အသက်နှစ်ဆယ်ကျော်လောက် ရှိမည်။ သူက မိုးပြာဝတ်ရုံကို သေသပ်ကျနစွာ ဝတ်ထားပြီး သူ့ခါးတွင် သိုလှောင်အိတ်တစ်ခုကလွဲ၍ အခြား ထူးထူးခြားခြား ဘာမျှ ရှိမနေပေ။ သူသည် ဟန်လိကို အလေးအနက် စိုက်ကြည့်နေသည်။ ပွဲကြည့်သူများထံမှ ဆွေးနွေးစကားသံများက သူ့နားထဲ ရောက်လာသည့်အခါ သူ မျက်မှောင်ကြုတ်သွားသည်။

“ကဲ…စကြစို့…” လူငယ်သည် ထိုသို့ ပြောပြီးသည်နှင့် သိုလှောင်အိတ်ထဲ လက်နှိုက်ပြီး သူ့လက်နှစ်ဖက်ကို ရိပ်ခနဲ ပြန်ပင့်တင်သည်။ အဖြူရောင် ဖြတ်ခနဲ လင်းလက်ကာ ရေခဲစူးချွန်နှစ်ခုသည် ဟန်လိထံ ပြေးဝင်လာသည်။ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှာ ဖြတ်ခနဲ ဝေဝါးသွားပြီး ဟန်လိထံ ခုန်ပေါက်ကာ ပြေးဝင်လာ၏။

ထိုသူသည် ဟန်လိ၏အကြောင်း ကြားသိထားပုံ ရသည်။ သူသည် ရေခဲစူးအဆောင်နှစ်ခုကို အသုံးပြုကာ ဟန်လိကို ဟန့်တားထားပြီး ခန္ဓာလျှပ်စီးပညာရပ်ဖြင့် ဟန်လိထံ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့ခြင်းပင်။ လက်ဦးမှုယူကာ တိုက်ခိုက်မည့် အကြံပင်။ ခဏ အံ့အားတသင့် ဖြစ်သွားပြီးနောက် ဟန်လိသည် မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် ဖြတ်ခနဲ ဝေဝါးကာ ရေခဲစူးချွန်နှစ်ခုမှာ လွဲချော်သွား၏။ ရန်သူက သူ့ထံ တရကြမ်း တိုးဝင်လာတာ မြင်သည့်အခါ ဟန်လိသည် အရိပ်မြူခိုးပညာရပ်ကို အသုံးပြုလိုက်တာပင်။

လူငယ်၏ ခုန်ပေါက်ကာ တရကြမ်း တိုးဝင်တိုက်ခိုက်မှုသည် လွဲချော်သွားလေသည်။ သူ ကြီးစွာ တုန်လှုပ်သွားရသည်။ သူ့လက်ထဲရှိ အဝါရောင်အလင်းမှာလည်း မှိန်ဖျော့သွားသည်။ ၎င်းအဝါရောင်အလင်းမှာ အမှန်တကယ်တွင် ပိုက်ကွန်အမျိုးအစား မှော်လက်နက်တစ်ခုပင်။ သို့သော် ထိုတပည့်သည် ဟန်လိ၏အရိပ်အယောင်ကို မတွေ့ခင်မှာပင် သူ့ဂုတ်မှ စူးရှရှ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ဘေးပတ်ဝန်းကျင်မှာလည်း အမှောင်ဖုံးသွားတော့သည်။ သူသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားလေ၏။

ကလန့်ကလားနှင့်ကျင့်ကြံသူ၏မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်ဟန် ဖြတ်ပြေးသွား၏။ သို့သော် သူသည် တည်ငြိမ်စွာ ကြေညာချက် ထုတ်ပြန်သည်။

“အနိုင်ရသူကတော့ နွေဦးတောင်ရဲ့ တပည့်ဟန်လိပဲ ဖြစ်တယ်…”

အစောပိုင်းတုန်းက ဟန်လိသည် ပြိုင်ဘက်၏ နောက်တွင် ပေါ်လာသည့်အချိန်၌ ထိုသူ၏ ဂုတ်ပိုးကို ရိုက်ချကာ သတိလစ်သွားစေခဲ့တာ ဖြစ်၏။ ကျင့်ကြံသူလေးငါးယောက်သည် စင်ပေါ်သို့ ပြေးတက်လာပြီး သတိလစ်နေသော ကျင့်ကြံသူကို စစ်ဆေးကြည့်ကြသည်။ ကလန့်ကလားနှင့်ကျင့်ကြံသူထံ ခေါင်းညိတ်ပြပြီး မည်သည့်မှားယွင်းမှုမျှ မရှိကြောင်း အချက်ပြသည်။ ထို့နောက် သူတို့သည် သတိလစ်နေသောတပည့်ကို စင်အောက်သို့ ခေါ်သွားကြသည်။

ထိုစဉ် စင်ပြင်ပမှ ပွဲကြည့်ပရိသတ်များ၏ အားပေးအော်ဟစ်သံကို ကြားရသည်။

“မင်း မြင်လိုက်လား။ သူက မျက်စိတစ်မှိတ်အတွင်း ပြိုင်ဘက်ရဲ့ နောက်ဘက်ကို ရောက်သွားအောင် ဘယ်လိုပညာရပ်ကိုများ အသုံးပြုလိုက်တာလဲကွ။ မယုံချင်စရာ ကောင်းလိုက်တာ…”

“အရူးကောင်…ဒါက မှော်ပညာရပ် မဟုတ်ဘူးကွ။ ဒါက သေမျိုးသိုင်းလောကရဲ့ ကိုယ်ဖော့ပညာရပ်ပဲ။ ဒါပေမဲ့ ဒီလောက်ထိ ကိုယ်ဖော့ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့သူမျိုးကိုတော့ အရင်က ငါ လုံးဝ မမြင်ဖူးဘူး…”

အတွေ့အကြုံပိုရှိသော တပည့်တစ်ချို့သည် ဟန်လိ၏ လှုပ်ရှားမှု၌ မည်သည့်ပညာရပ်ကို အသုံးပြုခဲ့မှန်း သဘောပေါက်သွားကြသည်။

All Chapters