ငိုကြွေးစိတ်ဝိညာဉ်သားရဲ ပြန်ပေါ်လာခြင်း
Vol. 45 Ch. 625
“စီနီယာအစ်ကိုရဲ့ စကားတွေက အကျိုးအကြောင်းသင့်ပါတယ်။ ဒါပေမဲ့ တုတုံဟာ သူ့ရေခဲလဘီးကြောင့် ဒီအဆင့်ထိ ရောက်လာနိုင်ခဲ့တာတော့ ဟုတ်ပါပြီ။ ဟန်လိဆိုတဲ့ တစ်ယောက်ကကော…။ သူ့မှာကော အဆင့်မြင့်မှော်ပစ္စည်းတစ်မျိုးမျိုး ပိုင်ဆိုင်ထားပြန်တာလား…”
မုတ်ဆိတ်နှင့်သက်လတ်ပိုင်းလူက ထိုသို့မေးလာသည်။
“သိုင်းတူလေးဟန်မှာ အဆင့်မြင့်မှော်ပစ္စည်း ပိုင်ဆိုင်ထား၊မထားကတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူ့နည်းလမ်းတွေကတော့ အတော်လေး အကုန်အကျများတယ်…”
“ဘယ်လို အကုန်အကျများတာကို ပြောချင်တာလဲ…” မျက်နှာဝါကျင့်ကျင့်အဘိုးအိုက စိတ်ဝင်တစား မေးလိုက်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ရှင်းပြသည်။
“ဦးဆုံးအချီမှာ တူလေးဟန်က သူ့ရန်သူတွေကို မီးလုံးအဆောင် ဆယ်နဲ့ချီ အသုံးပြုပြီး ပြိုင်ဘက်က ဘာမှ မတုံ့ပြန်နိုင်ခင် လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာပဲ။ အဲ့နောက်အချီတွေမှာတော့ သူက သေမျိုးသိုင်းလောကရဲ့ သိုင်းပညာရပ်တွေ၊ သူ့အဆောင်တွေ၊ ပြီးတော့ မီးဓာတ်ပညာရပ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ…”
ဆံဖြူအဘိုးအိုသည် အံ့အားသင့်ဟန်ဖြင့် ပြောသည်။
“သိုင်းပညာရပ်တွေနဲ့ မီးတောက်ပညာရပ်တွေဟာ ထူးထူးခြားခြား မဟုတ်ပါဘူး။ လူတော်တော်များများက ဒီလို အသုံးပြုကြတာပဲ။ ဒါပေမဲ့ သူ့မှာ အဆောင်တွေ အများအပြား သုံးနိုင်ပုံထောက်တော့ စိတ်ဝိညာဉ်ကျောက်တုံး များများစားစား ပိုင်ဆိုင်ထားတာနေမယ်။ ဒီပမာဏက ကျုပ်တို့အတွက် ဘာမှ မဟုတ်ပေမဲ့ ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက်တော့ အဆမတန် များပြားလွန်းတယ်လို့ ဆိုနိုင်တယ်။ မင်း…အဲ့ဟန်လိဆိုတဲ့ တပည့်အကြောင်း စုံစမ်းကြည့်ပြီးပြီပလား…”
အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူသည် ထိုအမေးကို ကြားသည့်အခါ တလေးတစား ပြန်ဖြေသည်။
တပည့် စုံစမ်းကြည့်ပြီးပါပြီ။ တပည့်အချို့ဆီကနေ သူဟာ “လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အဆောင်သန့်စင်ခြင်းမှာ ကျွမ်းကျင်တယ်လို့ သိရတယ်။ ဒါကြောင့် သူ အတော်လေး ကြွယ်ဝတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း သူက အဆင့်နိမ့်အဆောင် အမြောက်အများကို သုံးစွဲနိုင်ခဲ့တာပါ…”
ဆံဖြူအဘိုးအို၏အမူအရာသည် စိတ်အေးသက်သာ ဖြစ်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“အော်…ဒီလိုကို။ အဲ့လိုဆို ဒီနှစ်ယောက်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိမဲ့ပုံ မပေါ်ဘူး။ ဒါပေမဲ့လည်း ဟန်လိဆိုတဲ့တစ်ယောက်က အဆောင်တွေကို သန့်စင်နိုင်စွမ်း ရှိမှတော့ သူ့ကို မီးတိမ်တောင်ဂိုဏ်းခွဲထဲ ဝင်ခိုင်းလိုက်ရင် ပိုမကောင်းနိုင်ဘူးလား…”
နွေဦးတောင်သခင်ဖြစ်သူ ကျင့်ကြံသူရှင်းသည် ခပ်ရေးရေးပြုံး၍ ဆိုသည်။
“စီနီယာအစ်ကိုဖန်…ဒါကတော့ အကျိုးအကြောင်း သိပ်မသင့်ပါဘူး။ ကျုပ်တို့ နွေဦးတောင်မှာလည်း အဆောင်သန့်စင်ခြင်းမှာ ကျွမ်းကျင်တဲ့တပည့်တွေ ရှိတာပဲလေ။ သူတို့အနေနဲ့ ဟန်လိကို ကောင်းကောင်း သင်ပေးနိုင်မှာပါ။ စီနီယာအစ်ကိုသွမ်အနေနဲ့လည်း သူ့ကို လက်လွှဲယူချင်ပါတယ်လို့တော့ ကျုပ်ကို တကယ်မပြောဘူး မလား…”
ကျင့်ကြံသူရှင်းက တိတ်တဆိတ်ပြုံး၍ တုံ့ပြန်သည်။
နောက်ခဏတွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည် ဂိုဏ်းကိစ္စအချို့အကြောင်း ဆွေးနွေးပြောဆိုပြီး နှုတ်ဆက်၍ အသီးသီးလူစုခွဲကြသည်။
ဟန်လိသည် သူ့လှိုဏ်ဂူထံ ပြန်ရောက်နေပေပြီ။ သူသည် သူ့စိတ်ဝိညာဉ်သားရဲအခန်းအပြင်ဘက်တွင် အလေးအနက်အမူအရာဖြင့် ရပ်နေ၏။ သူက အခန်းကို စိုက်ကြည့်ကာ စဉ်းစားခန်းဝင်နေသည်။
နွေဦးတောင်မှ တပည့်များက ရွေးချယ်ခံလူစာရင်းတွင် ပါဝင်သည့်အတွက်ကြောင့် ဟန်လိကို လာရောက်ဂုဏ်ပြုစကားဆိုပြီး သိပ်မကြာခင်မှာပင် သူ့ခန္ဓာကိုယ်တွင်းရှိ ငိုကြွေးစိတ်ဝိညာဉ်ပုလဲက စတင်လောင်ကျွမ်းခဲ့ပေသည်။ သည့်အတွက် ဟန်လိသည် သတိထားမိသွားသည်။ နောက်ဆုံးတွင် ၎င်းသည် နိုးထကာ ဆင့်ကဲတိုးတက်ခြင်းအဆင့် ပြီးစီးပေတော့မည်။ ဟန်လိသည် ပျော်ရွှင်သွားပြီး ဂိုဏ်းသားဂိုဏ်းသူများကို နှုတ်ဆက်၍ သူ့နေအိမ်သို့ ခပ်မြန်မြန် ပြန်လာခဲ့သည်။ သို့သော် စိတ်ဝိညာဉ်သားရဲအခန်း၏ အပြင်ဘက်နား ရောက်သည့်အခါ သူ တွေ့မြင်ခဲ့ရသောအရာကြောင့် ဟန်လိသည် ကြီးစွာ တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။
မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ ဤစိတ်ဝိညာဉ်သားရဲအခန်းတစ်ခုလုံးသည် အလင်းဓာတ်ကင်းမဲ့ကာ အနက်ရောင်တစ္ဆေချီ အမျှင်များနှင့် ပြည့်နေပေသည်။ ဤအခန်းထဲမှ အေးစက်လှသော ယင်ချီများ စိမ့်ထွက်နေချေသည်။
ငိုကြွေးစိတ်ဝိညာဉ်သားရဲကို မမြင်ရတော့ပေ။ ထိုအစား အခန်းထောင့်၌ သုံးမီတာမျှအမြင့်ရှိသည့် ပိုးအိမ်တစ်ခု ရှိနေသည်။ ၎င်းထံမှ အနက်ရောင်အလင်း ထုတ်လွှတ်လျက် ရှိ၏။ ၎င်းသည် သက်ဝင်နေသည့်အလား။ ဟန်လိသည် ထိုအနက်ရောင်ပိုးအိမ်ထဲ၌ ငိုကြွေးစိတ်ဝိညာဉ်သားရဲ ရှိနေမှန်း ချက်ခြင်း သိလိုက်သည်။ သူ ပို၍ စိတ်လှုပ်တရှား ဖြစ်လာသည်။ သို့ရာတွင် တစ်ချိန်တည်းမှာ သူ့စိတ်ထဲ၌ စိုးရိမ်မှုလည်း ဖြစ်ပေါ်လာသည်။
ဟန်လိသည် အရဲစွန့်၍ အခန်းထဲသို့ မဝင်သွားသေးပေ။ စဉ်းစားကြည့်ပြီးနောက် သူက သည်အခန်းအပြင်ဘက်တွင် တရားထိုင်နေရန်သာ ဆုံးဖြတ်လိုက်သည်။ သူ အရင်တုန်းက ဖတ်ဖူး၊မှတ်ဖူးခဲ့သော ရှေးဟောင်းမှတ်တမ်းများအရဆို စိတ်ဝိညာဉ်သားရဲတစ်ကောင် ဆင့်ကဲတိုးတက်နေစဉ် ၎င်း၏သခင်ဖြစ်သူမှာ အနီးဆုံးတွင် ရှိနေပြီး ဘေးမှ စောင့်နေခြင်းက အကောင်းဆုံး ဖြစ်သည်ဟု သိထားသည်။ သို့မဟုတ်ပါက ထိုဆင့်ကဲဖြစ်စဉ်သည် ကျရှုံးကာ စိတ်ဝိညာဉ်သားရဲအပေါ် ထိခိုက်မှု ကြီးကြီးမားမား ဖြစ်သွားနိုင်သည်။
စိတ်ထဲ၌ ပူပန်နေရင်း ဟန်လိသည် အချိန်ကုန်တာ နှေးလှသည်ဟု ခံစားမိနေရသည်။
ထိုဆင့်ကဲတိုးတက်မှုဖြစ်စဉ်သည် အနည်းဆုံး လေးငါးရက်လောက် ကြာမည်ဟု ဟန်လိ ထင်ထားသည်။ သို့သော် သူ အခန်းအပြင်ဘက်တွင် ထိုင်နေသည့် ဒုတိယမြောက်နေ့၏ မနက်ခင်းအချိန်၌ ပိုးအိမ်၏အနက်ရောင်အလင်းသည် စတင်ပြောင်းလဲလာသည်။
ဟန်လိသည် ဂူကြမ်းပြင်ပေါ်တွင် တင်ပ္ပလင်ခွေချိတ်ကာ ထိုင်နေရင်း အခန်းထဲမှ ပေါက်ကွဲသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအခါ သူ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ အခန်းထဲသို့ လှမ်း၍ အကဲခတ်ကြည့်ရှုစဉ် အခန်းထဲရှိ တစ္ဆေချီအများစုမှာ အနက်ရောင်လင်းလက်နေသောပိုးအိမ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရတာကို မြင်ရသည်။
ထို့နောက်တါင် အနက်ရောင်အလင်းသည် ရုတ်တရက် ပို၍ စူးရှတောက်ပသွားပြီး ဟန်လိကို အလိုလိုအကြည့်လွှဲသွားစေသည်။ ဤအခိုက်တွင် ဟန်လိသည် ထူးခြားမှုကို ခံစားမိသည်။ အခန်းထဲမှ သူနှင့် ရင်းနှီးသောအော်ရာတစ်ခုကို သူ ခံစားမိရသည်။
မျက်ခုံးပင့်ကာ ဟန်လိက ဆက်စဉ်းစားမနေတော့ဘဲ ထရပ်ပြီး အခန်းတံခါးကို တွန်းဖွင့်၍ ဝင်လာသည်။
ဟန်လိသည် အခန်းထဲ ရောက်သည်နှင့် ဝေ့ခတ်ကြည့်ရှုလိုက်သည်။ အနက်ရောင်ပိုးအိမ်သည် နှစ်ပိုင်းကွဲထွက်နေတာကို သူ မြင်ရသည်။ သို့သော် အခန်းထောင့်တွင် ထိုပိုးအိမ်အကွဲကလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေ့ရပေ။
ဟန်လိ မင်သက်သွား၏။ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်မည်ဟု တွေးလိုက်ချိန်၌ ဗလာဖြစ်နေသောအခန်းထောင့်မှ အနက်ရောင်အလင်းသည် စတင်တောက်ပလာ၏။ ခပ်တိုးတိုး အော်ငြီးသံတစ်သံနှင့်အတူ အနက်ရောင်အရိပ်တစ်ခုက ဟန်လိထံ ပြေးဝင်လာ၏။ အလန့်တကြားဖြစ်သွားပြီး ဟန်လိက ရှောင်မည်ဟု စိတ်ကူး၏။ သို့သော် ခဏစဉ်းစားကြည့်ပြီးနောက် သူသည် နေရာတွင်သာ ရပ်နေလိုက်သည်။ ဤသို့ဖြင့် သေးငယ်အေးစက်သောအရာတစ်ခုက ဟန်လိ၏ရင်ဘက်ထဲ တိုးဝင်လာ၏။ ဟန်လိက ၎င်းကို သူ့လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
“ ဒါက…” ဟန်လိသည် သူ့လက်ထဲရှိ ထိုအရာကို တစ်ချက်ငုံ့ကြည့်ပြီး မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။
သူ့လက်ထဲတွင် ရှိနေသော လက်သီးဆုပ်ခန့်အရွယ်အစားရှိမည့် မျောက်ကလေးမှာ ငိုကြွေးစိတ်ဝိညာဉ်သားရဲမှ ဆင့်ကဲတိုးတက်သွားခြင်းဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ ဖြတ်ခနဲ့ စစချင်း ကြည့်မိသည့်အခါ၌ ၎င်းသားရဲတွင် ၎င်း၏ငွေရောင်အမွှေးအမျှင်များက အနက်ရောင်သို့ ပြောင်းသွားတာကလွဲ၍ အခြားဘာမျှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုးကို မတွေ့ရပေ။ သို့သော် လေးငါးကြိမ်လောက် ထိုသားရဲငယ်ကို ကြည့်ရှုပြီးနောက်မှာ ဟန်လိအနေဖြင့် ထိုသားရဲ၏ အရင်နှင့်မတူသော အချက်နှစ်ချက်ကို သတိပြုမိလာသည်။ ခုချိန်၌ ငိုကြွေးစိတ်ဝိညာဉ်သားရဲ၏ နှာခေါင်းပေါက်ကြား၌ အချိုင့်ငယ်တစ်ခု ရှိနေ၏။ ၎င်းကို သေချာ စူးစမ်းကြည့်ပြီးနောက် ဟန်လိသည် ထူးခြားချက်ကို မတွေ့ရပေ။ ငိုကြွေးစိတ်ဝိညာဉ်သားရဲသည် အခြားစိတ်ဝိညာဉ်များနှင့် တစ္ဆေများကို ဖိနှိပ်ရာတွင် ၎င်း၏နှာခေါင်းမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်ဝါးမြိုခြင်းအလင်းကိုသာ အမြဲတမ်းအားကိုးအားထားပြုခဲ့တာ ဖြစ်၏။ ၎င်းနှာခေါင်း၌ အပေါက်ပိုတစ်ခု ပေါ်လာခြင်းကြောင့် အနှီဝါးမြိုခြင်းစွမ်းရည်သည် သာ၍ အစွမ်းထွက်လာတာများလား။
ဟန်လိသည် ရယ်ရခက်၊ငိုရခက် ဖြစ်နေ၏။ သူသည် နောက်ကျမှ ဤအချက်ကို စမ်းသပ်ကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ငိုကြွေးစိတ်ဝိညာဉ်၏ နောက်ထပ်ထူးခြားချက်တစ်ခုသည် မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရသော်ငြား ၎င်း၏အနက်ရောင်အမွှေးပွားများပေါ်တွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ခု၏ ကြက်သွေးရောင်အကွက်ပုံစံတစ်ခု ပေါ်နေခြင်းပင်။ သားရဲ၏နောက်ကျောဘက်မှ အနှီမကောင်းဆိုးဝါးစိတ်ဝိညာဉ်၌ ဦးချိုတစ်ခုနှင့် မျက်လုံးသုံးလုံးပိုင်ဆိုင်ထားသည်။ ၎င်းပုံစံက အတော်လေး မှိန်ဖျော့နေသော်လည်း အသက်ဝင်နေသည့်အလား ထင်ရ၏။ ကြည့်မိသူတိုင်းအဖို့ ကျောချမ်းသွားစေမည့် ခံစားမှုမျိုးကိုလည်း ပေးစွမ်းနေသည်။
ငွေရောင်လသည် ငိုကြွေးစိတ်ဝိညာဉ်၏ ဆင့်ကဲတိုးတက်မှုကို အံ့အားတသင့်ကြည့်နေရင်း နှုတ်ခမ်းသပ်မိနေ၏။ သို့သော် သူမသည် ၎င်းသားရဲမှာ မည်သည့်အရာဖြစ်သနည်းဟု ဟန်လိကို မမေးလာပေ။ ဟန်လိသည် ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို သန့်စင်ခဲ့သောကြောင့် ထိုသားရဲသည် ဟန်လိနှင့်ပို၍ သဟဇာတ ဖြစ်လာခဲ့၏။ ၎င်းသည် ဟန်လိ၏အင်္ကျီအတွင်း ၎င်း၏အမွှေးပွပွဦးခေါင်းကို တိုးဝှေ့နေရာသည့်အပေါ် ကျေနပ်နေပုံရ၏။
ဟန်လိသည် သူ့လက်ထဲရှိ မျောက်ငယ်လေးကို ကြည့်၍ မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ သို့ပေမည့် ထိုမျောက်ငယ်၌ လူသားတစ်ယောက်ကဲ့သို့ စိတ်ခံစားချက်မျိုး ပိုင်ဆိုင်နေသည်ဟု သူ ဝိုးတဝါး ခံစားမိနေသည်။ ဟန်လိသည် အနှီမျောက်ငယ်နှင့် စိတ်ဝင်တစား ခဏ ဆော့ကစားနေပြီးနောက် ထိုသားရဲကောင် အားနည်းကာ သမ်းဝေလာတာ မြင်သည်နှင့် ၎င်းကို သူ့စိတ်ဝိညာဉ်သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ပြန်ထည့်သိမ်းလိုက်သည်။
ဟန်လိသည် စိတ်ဝိညာဉ်သားရဲအခန်းမှ ပြန်ထွက်လာသည်နှင့် ဘေးနားမှ အင်းဆက်အခန်းကို တစ်ချက်ကြည့်သည်။ ရွှေငွေရောင် ဝါးမြိုခြင်းပိုးတောင်မာ ဆယ်ချီကို မြင်၏။ ထိုအင်းဆက်များသည် တစ်ကောင်နှင့်တစ်ကောင် ဝါးမြိုပြီး၍ ဥချတော့မည့်ပုံ ပေါ်သည်။
သူ့ပိုးတောင်မာများက အရင်ထက် အကောင် မသိမသာ ပိုကြီးလာတာ မြင်သည့်အခါ ဟန်လိ ကျေနပ်သွားသည်။ ထို့နောက် သူသည် အင်းဆက်ခန်းမှ ပြန်ထွက်လာပြီး ကျင့်ကြံရန် သူ့အခန်းသူ ပြန်လာသည်။
ရွေးချယ်ပွဲ၌ အောင်မြင်မှု ရခဲ့သည့်အချိန်က ပွဲကြီးကြပ်သူဒိုင်က သူ့ကို အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူထံမှ လမ်းညွှန်မှု ခံရမည်ဟု ပြောခဲ့ပေသည်။ သို့ရာတွင် သူတို့သည် မိမိအလှည့်မရောက်ခင် ကျင့်ကြံရင်း စောင့်နေ၍ ရသည်။ ထိုလမ်းညွှန်မှုသည် ရက်အနည်းငယ်လောက် ကြာမည်။ သူ့အလှည့်ရောက်မည့်အခါတွင် ဟန်လိကို အသံလွှင့်အဆောင်ထံမှ လှမ်း၍ အကြောင်းကြားလိမ့်မည် ဖြစ်၏။ ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူထံမှ လမ်းညွှန်မှုကို လက်ခံရမည်နှင့်ပတ်သက်၍ နည်းနည်းလေးမျှ ပူပန်မနေပေ။ သူ ဤကိစ္စကို ကိုင်တွယ်နိုင်သည်။
ခုလက်ရှိ၌ ဟန်လိ၏လက်ထဲတွင် ကျောက်စိမ်းစိမ့်ရေတွင်းတစ်ခုကို ကိုင်ဆောင်ထားပြီး အခန်းထဲတွင် သူသည် ကျင့်ကြံနေလျက် ရှိသည်။ စိတ်ဝိညာဉ်ငွေရောင်လကမူ ၎င်း၏မြေခွေးခန္ဓာကိုယ်ဖြင့် ဘေးအခန်းတွင် ကျင့်ကြံနေသည်။ ငွေရောင်လ၏အပြောအရ သူမအနေဖြင့် ပိုင်စိုးထားသောခန္ဓာကိုယ်ဖြင့် ကျင့်ကြံရသည်မှာ သိပ်အဆင်မပြေဟု သိရသည်။
ငွေရောင်လပြောပုံအရဆို သူမသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေသော်ငြား သူမသည် မြေခွေးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်နှင့် သူမ၏ကျင့်ကြံမှုသည် အဆင့်နိမ့်နတ်ဆိုးသားရဲ၏ ကျင့်ကြံမှုကိုသာ ပိုင်ဆိုင်ထားသလို ဖြစ်နေပေမည်။ ထို့ကြောင့် သူမသည် နတ်ဆိုးမြေခွေးခန္ဓာကိုယ်ဖြင့် အံ့အားသင့်ဖွယ်အစွမ်းကို ထုတ်ဖော်နိုင်သော်ငြား အချိန်တိုအတွင်းသာ ၎င်းစွမ်းအားကို ထိန်းထားနိုင်ပေသည်။ ထို့အပြင် စိတ်ဝိညာဉ်ဖြစ်နေ၍ သူမ၏ကျင့်ကြံမှုသည် ထာဝရ ရပ်တန့်နေဦးမည်။ ကံကောင်းသည်မှာ ငွေရောင်လကမူ နတ်ဆိုးမြေခွေးခန္ဓာကိုယ်ဖြင့် ကျင့်ကြံခြင်းကို ဖြည်းဖြည်းချင်း တိုးတက်လာအောင် လုပ်နိုင်စွမ်း ရှိနေ၍ ဤခန္ဓာကိုယ်သည် သူမ၏အနာဂတ် ဖြစ်လာသည်။
သို့ဖြစ်၍ ဟန်လိသည် ငွေရောင်လ၏မြေခွေးခန္ဓာကိုယ်ကို ဆေ