← Chapters

ဈာန်ဝင်စားသောစိတ်အခြေအနေ

Vol. 45 Ch. 626

ဈာန်ဝင်စားသောစိတ်အခြေအနေ

Vol. 45 Ch. 626

ဟန်လိသည် လှိုဏ်ဂူထဲမှာ ကျင့်ကြံနေရင်း ဘာလိုလိုနှင့် သုံးလတာ ကုန်ဆုံးသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ကိုင်ဟွမ်တို့အုပ်စုသည် ဟန်လိထံ လာရောက်၍ ဟန်လိ၏အဆောင်သန့်စင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို ဂိုဏ်းအကြီးအကဲများထံ အကြောင်းကြားမပေးမိခဲ့သည့်အပေါ် တောင်းပန်စကား ပြောကြသည်။

ဟန်လိသည် အဆောင်သန့်စင်ခြင်းပညာရပ်များကို ကာဗာတစ်ခုအနေဖြင့် အသုံးပြု၍ စီစဉ်ထားသောကြောင့် သူ့အနေဖြင့် ဤကိစ္စကို စိတ်ထဲမထည့်ထားပေ။ သူ နားလည်ပေးကြောင်း စကားအချို့ ပြောဆိုပြီးနောက် သူသည် ထိုချီစုဆောင်ခြင်းကျင့်ကြံသူအုပ်စုကို ပြန်သွားခိုင်းသည်။

ဟန်လိသည် လူရွေးပွဲ၌ နောက်ဆုံးနှစ်ဆယ့်လေးယောက်တွင် မမျှော်လင့်ဘဲ ပါဝင်နိုင်ခဲ့သည့်အတွက်ကြောင့် မူပိုင်လင်းသည် ဟန်လိ၏ဆေးဥယျာဉ်သို့ တစ်ခေါက်လာခဲ့ပြီး နက်နဲသောရေခဲပညာရပ်အကြောင်းကို အချိန်ပေးကာ ရှင်းပြပေးခဲ့သည်။ ထိုအပြုအမူကြောင့် ဟန်လိသည် အံ့အားသင့် ဆွံ့အသွားခဲ့ရသည်။

ထိုနှစ်ကြိမ်ကလွဲ၍ အခြားမည်သူကမျှ ဟန်လိ ကျင့်ကြံနေစဉ် လာရောက်နှောက်ယှက်ခဲ့တာမျိုး မရှိလေပေ။

သည်နေ့တွင် ဟန်လိသည် မိုးပြာအနှစ်သာရဓားပညာရပ်အကြောင်း ကျင့်ကြံနေရင်းကနေ ရုတ်တရက် မျက်မှောင်ကြုတ်ကာ ထရပ်လာ၏။ သူ့လှိုဏ်ဂူထဲမှ ထွက်လာပြီး ဆေးဥယျာဉ်ထဲသို့ ရောက်လာချိန်တွင် ဆေးဥယျာဉ်၏အတားအဆီးပေါ်တွင် အသံလွှင့်ခြင်းအဆောင်တစ်ခု ရောက်ရှိလာသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက အတားအဆီးကိုဖွင့်၍ လက်ဝေ့ရမ်းသည်။ ခဏအကြာတွင် ၎င်းအဆောင်သည် သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာ၏။

ဟန်လိသည် အမူအရာကင်းမဲ့စွာဖြင့် ခပ်တိုးတိုးရေရွတ်သည်။

“ဖီးနစ်ဖြူတောင်ရဲ့ သိုင်းဘိုးဘေးစုန့်ပဲ။ သူမဟာ မြောလွင့်တိမ်ဂိုဏ်းက နံပါတ်တစ်အလှပိုင်ရှင်မလား။ ဒီအမျိုးသမီးက ငါ့ကို လမ်းညွှန်ပေးမှာလား။ အဲ့လိုသာဆိုရင်တော့ လာမဲ့နေ့တွေဟာ ပျင်းစရာကောင်းတော့မှာ မဟုတ်ပါဘူးလေ…”

ထို့နောက်တွင် ဟန်လိသည် ပျံသန်းခြင်း မှော်ဓားတစ်လက်ကို ထုတ်၍ ဖီးနစ်ဖြူတောင်ထံ ဦးတည်လာခဲ့တော့သည်။

ဖီးနစ်ဖြူတောင်သည် မျောလွင့်တိမ်ဂိုဏ်း၏ အရှေ့ဘက်ကျဆုံးအပိုင်းတွင် တည်ရှိပြီး အခြားတောင်ငါးလုံးနှင့် သီးခြားဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုတောင်သည် တောင်ထွတ်များကြားထဲ၌ အနိမ့်ဆုံးဖြစ်သော်ငြား သာယာလှပမှု ရှိသည်။

ဆေးဥယျာဉ်မှ ထွက်ခွာလာပြီး သိပ်မကြာခင်မှာပင် ဟန်လိသည် ဖီးနစ်ဖြူတောင်နားသို့ ရောက်လာခဲ့ပေပြီ။

ဤတောင်၌ အမျိုးသမီးအများစု ရှိနေသောကြောင့် ထူးဆန်းသောစည်းမျဉ်းစည်းကမ်းအချို့ ချမှတ်ထား၏။ သာမန်ဆို တောင်သို့ ရောက်လာသော မည်သည့်အမျိုးသားကျင့်ကြံသူမဆို တောင်ပေါ်တက်ခွင့် တောင်းခံရပေသည်။ ခွင့်ပြုချက်ရမှသာ တက်ရောက်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက သူတို့သည် ဖီးနစ်ဖြူတောင်၏ အတားအဆီးများနှင့် တွေ့ကြုံရပေလိမ့်မည်။

ဟန်လိသည်လည်း အတင်းအကျပ် တောင်ပေါ်သို့ တန်းတက်ရန် စိတ်ကူးမရှိ၍ တောင်ခြေ၌ ဆင်းသက်လိုက်သည်။ ခုလက်ရှိတွင် တောင်၏ဂိတ်တံခါးဝတွင် ချီစုဆောင်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူသုံးယောက်သည် စကားစမြည် ပြောနေကြသည်။

သူတို့သုံးယောက်က ဟန်လိ ရောက်လာတာ မြင်သည့်အခါ သူစိမ်းအမျိုးသားကျင့်ကြံသူဖြစ်သောသူ့ကို စပ်စုကြည့်ဖြင့် ကြည့်ကြသည်။

ဟန်လိက ထိုအမျိုးသမီးများကို နှုတ်ဆက်ပြီး ပြောသည်။

“ကျုပ်က နွေဦးတောင်ရဲ့ တပည့်ဟန်လိပါ။ သိုင်းဘိုးဘေးစုန့်ရဲ့ လမ်းညွှန်မှုကို ခံယူဖို့ ဒီကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ စီနီယာအစ်မတို့က ဒီအကြောင်းကို တင်ပြပေးဖို့ မျှော်လင့်ပါတယ်…”

ငယ်ရွယ်ပြီး သွက်သွက်လက်လက်ဖြစ်ဟန်တူသည့် ကျင့်ကြံသူမိန်းမပျိုက ပြုံး၍ ပြောလိုက်သည်။

“ဆိုတော့…ရှင်က ဟန်လိပေါ့။ ဘိုးဘေးက ရှင် ရောက်လာရင် အကြောင်းကြားဖို့ ကျမတို့ကို မှာထားပြီးသားပါ။ မောင်လေးဟန်က တောင်ထိပ်မှာရှိတဲ့ ဖီးနစ်နန်းဆောင်ဆီ တန်းသွားနိုင်ပါတယ်။ ဘိုးဘေးက အဲ့မှာ နင့်ကို စောင့်နေပါတယ်…”

ဟန်လိက ကျေးဇူးစကားအချို့ဆိုပြီး ချက်ခြင်းပင် တောင်ပေါ်သို့ ပျံသန်းတက်လာခဲ့သည်။

သို့ပေမည့် သူ ထွက်သွားပြီး သိပ်မကြာခင် နောက်တွင်ကျန်ခဲ့သော ကျင့်ကြံသူမိန်းမပျိုသုံးယောက်သည် ဟန်လိ မကြားရနိုင်ဟု ထင်ပြီး အတင်းတုပ်ကြသည်။

“ဒီဟန်လိက ဓားပြိုင်ပွဲကို ဝင်ခွင့်ရတဲ့ နွေဦးတောင်က တပည့်ပေါ့လေ။ သူ့ကျင့်ကြံမှုကလည်း သိပ်မမြင့်လှပါဘူး…”

“သူက ဘာမှ ထူးခြားတဲ့ပုံလည်း ပေါက်မနေဘူး…”

“ဟားဟား…နင်တို့နှစ်ယောက် မသိလို့။ ဒီဂျူနီယာမောင်လေးဟန် တိုက်ခိုက်တာတွေကို ငါ မြင်ဖူးတယ်။ ငါ ပြောပြမယ်…နားထောင်ကြ…”

ထိုစကားများကို ကြားသည့်အခါ ဟန်လိသည် မချိပြုံးပြုံး၍ သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းသည်။ ခေါင်းခါလိုက်မိပြီး ဟန်လိသည် တောင်ထိပ်ထံ ဦးတည်လာခဲ့လေသည်။

ဖီးနစ်တောင်သည် မြင့်မားလွန်းခြင်း မရှိပေ။ ခဏအကြာတွင် ဟန်လိသည် တောင်ထိပ်သို့ ရောက်လာခဲ့၏။ တောင်ထိပ်မှာ မီတာသုံးရာပတ်လည်လောက် ကျယ်ကျယ်ပြန့်ပြန့် ရှိ၏။ သည်တောင်မြင့်ဝန်းကျင်ကို ပေါကြွယ်ဝသော စိတ်ဝိညာဉ်ချီတို့ဖြင့် ခြုံလွှမ်းထား၏။ ၎င်းသည် နတ်ပြည်အလား ထင်မှားရလေ၏။

ဤဆန်းကြယ်လှသောမြင်ကွင်းအတွင်း၌ မီတာခြောက်ဆယ်မျှအမြင့်ရှိသော အဆောက်အဦတစ်ခု ရှိနေသည်။ ယင်းမှာ သုံးထပ်ရှိ၏။ ဤအဆောက်အဦကို မည်သည့်အမျိုးအစားမှန်း မသိရသော သစ်သားဖြူဖြင့် တည်ဆောက်ထားသည်။ ၎င်းအဆောက်အဦထံမှ ကျော့ရှင်းရိုးစင်းမှု အငွေ့အသက်ကို ပေးစွမ်းလျက်ရှိသည်။

ဟန်လိသည် အဆောက်အဦရှေ့တွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် ဆိုသည်။

“တပည့်ဟန်လိက သိုင်းဘိုးဘေးစုန့်ကို လေးစားသမှု ပေးပါတယ်…”

ထိုသို့ပြောပြီးသည်နှင့် ဟန်လိသည် စိတ်ဝိညာဉ်အာရုံတစ်ခုက သူ့ထံ ကျရောက်လာတာ ခံစားမိသည်။ သူသည် နေရာတွင်သာ တည်ငြိမ်စွာ ရပ်နေ၏။

အချိန်အတော်လေး ကြာပြီးနောက် အမျိုးသမီးတစ်ယောက်၏ နူးညံ့သောအသံတစ်သံကို ကြားရလေသည်။

“နင် ရောက်လာပြီဆိုမှတော့ ဒုတိယထပ်ကို ဝင်လာခဲ့ချေ။ ငါ စောင့်နေမယ်…”

အဆောက်အဦ၏ပထမထပ်တွင် ကျင့်ကြံခြင်းကို အကူအညီပေးနိုင်သော မန္တာန်အစီအရင်တစ်ခုကလွဲ၍ မည်သည့်အရာမျှ ရှိမနေပေ။ ဟန်လိသည် ပထမထပ်ကို ဝေ့ခတ်ကြည့်ရှုပြီးနောက် ဒုတိယထပ်သို့ တန်း၍ တက်လာသည်။

ဒုတိယထပ်သည်လည်း အလားတူ တိတ်ဆိတ်လျက်ပင်။ ကျောက်စိမ်းပြားများနှင့်မှော်ပစ္စည်းများ တင်ထားသော စင်တန်းနှစ်ခု၊ ထိုင်ခုံအချို့နှင့် စားပွဲပုတစ်လုံးသာ ရှိသည်။

ဟန်လိသည် ထိုင်ခုံတစ်ခုပေါ်၌ ထိုင်နေသော အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကို မြင်သည်။ သူမသည် စားပွဲပေါ်ရှိ ကျောက်စိမ်းပြားတစ်ခုကို ကြည့်နေသည်။ သူမသည် အကြောင်းအရာတစ်ခုခုကို ဖတ်ရှုနေသည့်ပုံပင်။တ

တအောင့်အကြာတွင် ဟန်လိသည် ထိုအမျိုးသမီးခေါင်းမော့လာစဉ် တစ်စုံတစ်ခုကို တွေးမိနေ၏။ သူမ၏အလှကား စိတ်နှလုံးမင်သက်ဖွယ် ကောင်းလောက်အောင်ပင်။ သူမသည် အသက်နှစ်ဆယ်ကျော်လောက်သာ ရှိသေးသည့်ပုံပင်။ သူမ၏ကျင့်ကြံမှုအဆင့်သည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းတွင် ရှိ၏။

“ နင်က ဟန်လိလား…” ထိုအမျိုးသမီးက တည်ငြိမ်စွာ မေးလိုက်၏။

“ဟုတ်ပါတယ်ဗျ…” ဟန်လိက တလေးတစား ပြန်ဖြေသည်။

သူမသည် ဟန်လိကို တောက်ပရွှန်းလဲ့သောမျက်ဝန်းတစ်စုံဖြင့် ကြည့်၍ ပြောလာသည်။

“နင်က ဒီထိ ရောက်လာနိုင်မှတော့ ငါနဲ့ ကံစပ်တယ်လို့ ဆိုနိုင်တယ်။ ငါ နင့်ကို ငါ တတ်နိုင်သလောက် အကောင်းဆုံး လမ်းညွှန်ပြသပေးမယ်။ ဒါပေမဲ့ နင်ဟာ ဒီဖီးနစ်ဖြူနန်းဆောင်မှာ သုံးရက်နေရမယ်။ အဲ့အချိန်အတွင်း နင် ဘာတွေ သင်ယူနိုင်ခဲ့လဲဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်…”

မည်သည့်အတွက်ကြောင့်မှန်း မသိရသော်ငြား သူမ၏ကျင့်ကြံမှုအဆင့်သည် မမြင့်မားလှသော်လည်း ဟန်လိသည် သူ့ရုပ်ခန္ဓာနှင့်စိတ်တို့သည် သူမ၏အကြည့်အောက်တွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည့်နှယ် ခံစားမိနေရသည်။ သူသည် သတိမထားမိဘဲ မနေနိုင် ဖြစ်သွားရသည်။ ဟန်လိ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံကြောင့် ဤသို့ အာရုံခံစားမိခြင်းသည် သူ့အတွက် အလွန်ထူးခြားနေသည်။ သူမသည် စိတ်ကိုဖတ်ရှုနိုင်သော နတ်စွမ်းရည်တစ်မျိုးမျိုးကို အသုံးပြုနေတာ သိသာသည်။

ဆက်တွေးမနေတော့ဘဲ ဟန်လိသည် သူမကို တလေးတစား ပြန်တုံ့ပြန်ပြီး သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် သူ၏မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို တိတ်တဆိတ်လှည့်ပတ်ကာ အသက်သွင်း၏။ ဤနည်းလမ်းဖြင့် ဟန်လိသည် သူ၏အစစ်အမှန်အတွေးများကို ကာကွယ်ထားလိုက်သည်။ ဟန်လိသည် စိတ်ထဲ၌ ကြိတ်၍ သတိထားလိုက်စဉ် ဝတ်စုံပြာမိန်းမပျို၏မျက်လုံးထဲ၌ ထူးခြားသည့်ဟန်ပန်တစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက်တွင် သူမသည် ပင်ပန်းသွားသည့်ဟန်ဖြင့် မျက်လုံးမှိတ်လိုက်သည်။

ထိုအမျိုးသမီးက ညင်သာစွာ ပြောလာ၏။

“အရင်ဆုံး နင့်ရဲ့ ကျင့်ကြံခြင်းပညာရပ်မန္တာန်ကို ရွတ်ပြပါ။ ပြီးရင် ဒုတိယထပ်ကနေ ဆင်းသွားတော့။ ငါ့အမိန့်မရဘဲ ပြန်တက်မလာခဲ့နဲ့။ ငါ နင့်ရဲ့ ကျင့်ကြံခြင်းပညာရပ်အပေါ် ဉာဏ်အလင်းတချို့ ရပြီးသွားရင် အသေးစိတ်ပြန်ရှင်းပြပေးမယ်။ အခု…စမယ်…”

“ကောင်းပါပြီ…ဒီတပည့်က သိုင်းဒေါ်လေးမူ သင်ပေးထားခဲ့တဲ့ ပညာရပ်ဖြစ်တဲ့ နက်နဲသောရေခဲပညာရပ်ကို ကျင့်ကြံပါတယ်။ ဒီပညာရပ်ဟာ…”

ဟန်လိသည် တည်ငြိမ်စွာဖြင့် ဤပညာရပ်အကြောင်း မန္တာန်ကို ရေရွတ်ပြသည်။ ဆယ့်ငါးမီနစ်လောက်ကြာပြီးနောက် ဟန်လိက ရွတ်ဆိုတာ အပြီးသတ်၏။ အမျိုးသမီးက ခေါင်းညိတ်ပြပြီး လက်ဝေ့ရမ်းကာ သူ့အား ဆင်းသွားရန် အချက်ပြသည်။ ဟန်လိလည်း သူမကို ဂါဝရပြုနှုတ်ဆက်ပြီး မည်သည့်စကားမျှမဆိုဘဲ လှေကားထစ်များအတိုင်း ဝပြန်ဆင်းလာခဲ့သည်။

ဝတ်စုံပြာမိန်းမပျိုသည် ထွက်ခွာသွားသောဟန်လိ၏နောက်ကျောကို ကြည့်ကာ ထိုင်ခုံပေါ်၌ မျက်မှောင်ကြုတ်ကာ မလှုပ်မယှက် ထိုင်နေသည်။ ထို့နောက် သူမက အသံပို့လွှတ်ခြင်းကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး စကားအချို့ ထည့်သွင်းသည်။ ၎င်းအဆောင်သည် မီးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ ပြတင်းပေါက်မှတစ်ဆင့် သဲလွန်စမရှိ ပျံသန်းထွက်သွားသည်။ မျောလွင့်တိမ်ဂိုဏ်း၏ အဓိကတောင်၏ အလယ်ဗဟို၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ တွေ့ဆုံဆွေးနွေးခဲ့သောနေရာတွင် ဆံဖြူအဘိုးအိုတစ်ယောက်သည် ပြတင်းပေါက်၌ အေးဆေးရပ်နေလျက်ရှိသည်။ ထိုစဉ် သူသည် မီးအလင်းတန်းတစ်ခုက သူ့ထံ ပျံသန်းလာနေတာ မြင်သည့်အခါ သူ့မျက်လုံးအကြည့်မှာ ရုတ်တရက် စူးရှသွားသည်။

ထိုအဘိုးအိုက လက်ပင့်မြှောက်ကာ အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်ပြီး မီးအလင်းတန်းကို ဖမ်းယူသည်။ ၎င်းအလင်းတန်းသည် လောင်ကျွမ်းသွားစဉ် ဝတ်ရုံပြာမိန်းမပျို၏ သာယာနာပျော်ဖွယ်အသံကို ကြားရ၏။

“ဟန်လိ….အောင်မြင်တယ်။ ဒါပေမဲ့ တုတုံမှာတော့ အကြံဆိုးတစ်ခု ရှိနေတယ်…”

အဘိုးအို၏မျက်နှာက အေးစက်သွား၏။ သူက ခပ်တိုးတိုး အေးတိအေးစက် ရေရွတ်လိုက်သည်။

“ဟက်…အကြံဆိုးတဲ့လား။ ငါ တစ်ခုခုမူမမှန်တာ သိပြီးသား။ ဒီတုဂိုဏ်းက အနာဂတ်ခန့်မှန်းခြင်းခန်းမဆောင်က ဖုဂိုဏ်းခွဲနဲ့ နက်ရှိုင်းတဲ့ ပတ်သက်မှုမျိုး ရှိထားတယ်။ သူသာ တုဂိုဏ်းရဲ့ မျိုးဆက်တစ်ယောက်ဖြစ်တာ မှန်တယ်ဆို ငါတို့မျောလွင့်တိမ်ဂိုဏ်းထက် အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းထဲကိုပဲ ဝင်သင့်တာပေါ့…”

ထိုအဘိုးအိုသည် ခဏ စဉ်းစားပြီးနောက် လေးစားသည့်အမူအရာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

“ဒါပေမဲ့လည်း ညီမလေးစုန့်ရဲ့ စည်းဝါးကိုက်ခြင်းစိတ်ဟာ အမှန်တကယ် ကြောက်ဖို့ကောင်းတာပဲ။ ငါ ကိုယ်တိုင်တောင် ဒီစိတ်နဲ့ ဖတ်ရှုတာခံရရင် တားဆီးနိုင်၊မနိုင် မသေချာဘူး။ ငါ့ရဲ့ သိုင်းဦးလေးနှစ်ယောက်ကပဲ အဲ့လိုစွမ်းဆောင်နိုင်လောက်မှာ ငါ သိတယ်…”

...

နှစ်လကြာပြီးနောက် အိပ်မက်တောင်၏ အနောက်ဘက်ပိုင်း၊ တောင်များဝိုင်းရံကာဆီးထားသော အတွင်းနက်ပိုင်း တောင်ကြားတစ်ခုထဲတွင် အနာဂတ်ခန့်မှန်းခြင်းခန်းမဆောင်မှ တပည့်တပန်းများသည် စုဝေးလျက်ရှိသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်လှုပ်တရှားဖြင့် စကားပြောဆိုနေသည်။

စိတ်မရှည်ဖြစ်ကာ ကောင်းကင်ထက်သို့ ခဏခဏ မော့မော့ကြည့်သူများလည်း ရှိကြသည်။ သူတို့သည် စိုးရိမ်ကြောင့်ကြနေသည့်အလား။

All Chapters