ဓားပြိုင်ပွဲ၏ ယှဉ်ပြိုင်တိုက်ပွဲများ (၁)
Vol. 45 Ch. 627
နေရာကျယ်ကျယ်ကုန်းပြင်မြင့်တစ်ခု၌ တပည့်ထောင်ချီ၏ရှေ့တွင် ထင်ရှားပေါ်လွင်သော ကျင့်ကြံသူဆယ်ချီ ရပ်နေကြသည်။ သူတို့ထဲမှ ရှစ်ယောက်သည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများဖြစ်ကာ သူတို့နောက်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ရပ်နေကြသည်။ သူတို့သည် အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းမှ ဆရာသခင်များနှင့် အကြီးအကဲများပင်။
“သူတို့ ရောက်လာကြပြီ…” မျက်စိလျင်သော ကျင့်ကြံသူတစ်ယောက်သည် မိုးကုပ်စက်ဝန်းထံမှ တစ်စုံတစ်ခုကို လှမ်းမြင်သည့်အခါ စိတ်လှုပ်တရှားဖြင့် အော်လိုက်၏။ သူ့အသံကို ကြားသည့်အခါ အဆင့်နိမ့်ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ မော့ကြည့်ကြ၏။ အကွာအဝေးတစ်ခုမှ အလင်းတန်းများက သူတို့၏အမြင်အာရုံကို ဖမ်းစားသွားသည်။ ခဏအကြာတွင် အရောင်စုံ၊အရွယ်စုံအလင်းစက်များသည် သူတို့ထံ ဦးတည်လာနေတာ မြင်ရသည်။
“ရှေးဟောင်းဓားဂိုဏ်းက သူတွေပဲ။ သူတို့အားလုံးက မှော်ဓားတွေကို အသုံးပြုကြတာပဲကို…”
ထိုသို့ပြောသံဆိုသံများနှင့်အတူ လူအုပ်ကြီးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ သူတို့ထဲမှအများစုသည် ဦးတည်လာနေသောအလင်းတန်းများကို အမူအရာအမျိုးမျိုးဖြင့် လက်ညှိုးထိုး၍ ပြောဆိုနေကြသည်။
“တိတ်ကြစမ်း…။ မင်းတို့က တခြားဂိုဏ်းနှစ်ဂိုဏ်းရဲ့လူတွေ ကျုပ်တို့ကို လှောင်စေချင်နေတာလား…”
အရပ်မြင့်မြင့်အဘိုးအိုတစ်ယောက်သည် မျက်စိမျက်နှာပျက်ကာ ထိုသို့ မာန်ဟောက်၏။ သူ့အသံက ဤနေရာရှိ လူတိုင်း၏နားထဲ ဟိန်းထွက်သွားပြီး အော်လားဟစ်လားလုပ်နေသော တပည့်များကို ချက်ခြင်း ပါးစပ်ပိတ်သွားစေသည်။ ချက်ခြင်းပင် ဤနေရာလွတ်ကြီး၌ တိတ်ဆိတ်မှု ပြန်ကြီးစိုးသွားသည်။
ထိုအခါကျမှ အဘိုးအို၏အမူအရာသည် စိတ်ကျေနပ်သွားပုံရသည်။ တခြားအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ပြုံး၍ ကြည့်လိုက်မိကြ၏။ သူတို့သည် ဤအဖြစ်ကြောင့် အံ့ဩပုံ မရပေ။
ထိုစဉ် ရှေးဟောင်းဓားဂိုဏ်းမှ ကျင့်ကြံသူများသည် နေရာလွတ်ထံ ရောက်လာကြပေပြီ။ သူတို့ထဲမှ အများစုသည် ဓားများပေါ်မှ ပျံဝဲသက်ဆင်းလာကြ၏။ သူတို့အားလုံးက မျက်နှာကြောကြောတင်းကြ၏။ ရှေးဟောင်းဓားဂိုဏ်းမှ ဂင်တိုတိုအဘိုးအိုတစ်ယောက်သည် ပျံသန်းထွက်လာပြီး ရယ်မောပြောဆို၍ အောက်သို့ ဆင်းသက်လာသည်။
“အစ်ကိုဖုကိုယ်တိုင် ကျုပ်တို့ကို လာကြိုဆိုလိမ့်မယ်လို့ မထင်ထားမိဘူး။ ခင်ဗျားရဲ့ မျက်နှာသာပေးခံရတဲ့အတွက် ပျော်ရွှင်ရပါပြီ…”
အပြာရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသားနှင့် ဝတ်ရုံဖြူ ဝတ်ထားသော မိန်းမပျိုတို့ကလည်း အဘိုးအို၏ဘေးသို့ ပြုံးယောင်သမ်းလျက် ဆင်းသက်လာကြသည်။ သူတို့နှစ်ယောက်ကိုကြည့်ရတာ အကြင်လင်မယား ဖြစ်ရော့မည်။
ထိုအခိုက်တွင် ရှေးဟောင်းဓားဂိုဏ်းမှ အဆင့်နိမ့်ကျင့်ကြံမှုကိုသာ ပိုင်ဆိုင်ထားကြသည့် ငယ်ရွယ်သောကျင့်ကြံသူများအားလုံးလည်း ဤကွင်းပြင်နေရာသို့ ဆင်းသက်လာကြသည်။ အရပ်မြင့်မြင့်နှင့်အဘိုးအိုက ထိုသုံးယောက်ကို တည်ငြိမ်စွာ နှုတ်ဆက်စကား ဆိုသည်။
“ဒီတစ်ကြိမ် တပည့်တွေကို ခေါ်ဆောင်လာတဲ့သူက အစ်ကိုကျန်းယွမ်ပဲကို။ ခင်ဗျားကို လေးစားပါတယ်ဗျာ။ ပြီးတော့ ဒီတစ်ခေါက်မှာ နာမည်ကျော် ပိုင်ပိဓားမောင်နှံလည်း ပါလာတာကို။ ကျုပ်တို့က ခင်ဗျားတို့ကို ကြိုဆိုပါတယ်…”
“ကဲ တော်လောက်ပါပြီ။ ကျုပ်တို့ချင်း ချီးမွန်းခန်း ဖွင့်မနေကြပါနဲ့တော့။ တော်ကြာ ဂျူနီယာတွေရှေ့မှ ရယ်စရာ ဖြစ်ကုန်ဦးမယ်။ ဒါပေမဲ့လို့ မျောလွင့်တိမ်ဂိုဏ်းက ခုထိ ရောက်မလာကြသေးဘူးပဲ။ သူတို့က ဓားပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်း ပိုပို နည်းပါးလာသလိုပဲ။ ဒီကောင်တွေ သတ္တိများကြောင်ကုန်ကြလား…”
ကျင့်ကြံသူကျန်းသည် မျောလွင့်တိမ်ဂိုဏ်းကို သဘောမတွေ့ပုံ ပေါ်သည်။ သူသည် အထင်သေးဟန်ဖြင့် ဤသို့ ဆိုလာသည် မဟုတ်လား။
အဘိုးအိုဖုက မချိပြုံးပြုံးမိသွားသည်။ သူသည် ချက်ခြင်း ပြန်မဖြေဝံ့ပေ။ အနာဂတ်ခန့်မှန်းခြင်းခန်းမသည် ရှေးဟောင်းဓားဂိုဏ်းနှင့် မတူပေ။ သူ့နှုတ်ထွက်စကားများက မျောလွင့်တိမ်ဂိုဏ်း၏ ထိပ်ပိုင်းပုဂ္ဂိုလ်များ၏နားထဲ ရောက်သွားပါက ကျိန်းသေပေါက် ပြဿနာတက်သွားပေလိမ့်မည်။
အဘိုးအိုဖုသည် သူ မည်သို့တုံ့ပြန်ရမလဲ စဉ်းစားနေစဉ် သူ့နောက်မှ အစိမ်းရင့်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်က ရယ်ရယ်မောမော ဝင်ပြောလာသည်။
“ရောင်းရင်းကျင့်ကြံသူကျန်းအနေနဲ့ စိတ်မရှည်တာမျိုး ဖြစ်နေဖို့ မလိုပါဘူး။ ကျုပ်ကြားတာကတော့ ဒီတစ်ကြိမ် မျောလွင့်တိမ်ဂိုဏ်းက တပည့်တွေကို ဦးဆောင်လာမဲ့သူက ဖီးနစ်ဖြူတောင်ရဲ့ နတ်သမီးစုန့်တဲ့။ သူမဟာ ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းမှာ ရှားပါးအလှပိုင်ရှင်လေ။ နတ်သမီးစုန့်က အမြဲတမ်း သိုသိုဝှက်ဝှက်နေတာကတော့ စိတ်မကောင်းစရာပဲ။ နောက်ဆုံးမှာတော့ ကျုပ်တို့ သူ့ကို မြင်ရမဲ့ အခွင့်အရေး ရလာခဲ့ပြီ…”
ကျန်းယွမ်သည် ထိုစကားကိုကြားသည့်အခါ စိတ်လှုပ်ရှားသွားပြီး ခေါင်းညိတ်ကာ ပြောသည်။
“အစ်ကိုရှီ ပြောတာ ဖီးနစ်တောင်ရဲ့ နတ်သမီးမလား။ ကျုပ်လည်း သူမဟာ ပြိုင်ဘက်ကင်းလောက်အောင် လှတယ်လူလို့ ပြောကြ၊ဆိုကြတာကို ကြားနေရတာတော့ ကြာပြီ။ ဒီအမျိုးသမီးသာ သူတို့ဂိုဏ်းရဲ့ တပည့်တွေကို အမှန်တကယ် ဦးဆောင်ခေါ်လာတာဆို စောင့်နေရလည်း ပြဿနာ မရှိတော့ပါဘူး…”
“ရှေးဟောင်းဓားဂိုဏ်းမှစုံတွဲကျင့်ကြံသူသည် ထိုစကားကို ကြားသည့်အခါ အံ့အားသင့်သွားလေ၏။ မိုးပြာဝတ်ရုံနှင့် ပညာရှိဟန်ပေါက်သည့်စုံတွဲထဲမှ အမျိုးသားဖြစ်သူက အံ့အားတသင့် ဝင်ပြောသည်။
ကျုပ် ကြားဖူးတာကတော့ ဖီးနစ်ဖြူနတ်သမီးက ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားတဲ့သူဆို။ ပြီးတော့ သူမဟာ နှစ်ပေါင်းတစ်ရာ မပြည့်ခင်မှာတင် အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ လွယ်လွယ်ကူကူ ရောက်လာနိုင်ခဲ့တဲ့သူလို့ ဆိုကြတယ်။ သူမဟာ နှစ်ထောင်ချီမှ တစ်ယောက်ပေါ်လာနိုင်တဲ့ ပါရမီရှင်လို့ ဆိုနိုင်တယ်။ ဓားပြိုင်ပွဲမှာ အဲ့လိုလူမျိုးနဲ့ လာတွေ့ရတာ အတော်လေးတော့ အံ့အားသင့်ဖို့ ကောင်းပါပေတယ်…”
ဝတ်ရုံဖြူအမျိုးသမီး၏အမူအရာသည် တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း သူမသည် စွဲဆောင်မှုရှိသောလေသံဖြင့် ဝင်ပြောသည်။
“အမှန်ပဲ။ သူက အမျိုးသမီးတစ်ယောက် ဖြစ်နေရင်တောင် နာမည်ကျော်လွန်းနေတဲ့အတွက် ကျမကိုယ်တိုင်လည်း သူ့အကြောင်း သိချင်မိတယ်။ ခုထိ ကျမ သူ့ကို မမြင်ဖူးသေးဘူး။ ကျိန်းသေတာကတော့ အဲ့အမျိုးသမီးဟာ စာဖွဲ့လို့မရတဲ့ အလှပိုင်ရှင်မျိုးပဲ ဖြစ်ရမယ်…”
အဘိုးအိုဖုသည် ပြုံး၍ တစ်ခုခု ဝင်ပြောမည်ဟု တွေးနေစဉ်မှာပင် သူက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အော်ပြောလိုက်သည်။
“အန်…ကြည့်ရတာ မျောလွင့်တိမ်ဂိုဏ်းက သူတွေ ရောက်လာပြီနဲ့တူတယ်…”
အခြားသူများသည် ထိုစကားကို ကြားသည့်အခါ သူတို့လည်း ကောင်းကင်ထက်သို့ လှမ်းကြည့်ကြသည်။ အရှေ့ဘက်မိုးကုပ်စက်ဝန်းထံမှ အနက်ရောင်အစက်အပြောက်ကြီးတစ်ခုသည် သူတို့ထံ နီးကပ်လာနေတာ မြင်တွေ့ရသည်။
“ဒါက…” ကျန်းယွမ်၏အမူအရာမှာ လှုပ်ရှားသွား၏။ ကြည့်ရတာ ထိုအစက်အပြောက်ကို သူ သိနေသည့်ပုံပင်။ ၎င်းက နီးကပ်လာသည့်အခါ အခြားသူများသည် အစက်အပြောက်မှာ မည်သည့်အရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်ရလေ၏။ ၎င်းမှာ သူတို့ထံ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် သူတို့ထံ ပျံသန်းလာနေသော ဧရာမငှက်ကြီးပင်။ ထိုငှက်၏ကျောပေါ်တွင် ကျင့်ကြံသူ အမြောက်အများ ရပ်နေကြသည်။
ထိုငှက်ကြီးကို ကြည့်ကာ ကျန်းယွမ်က ရွဲ့တဲ့တဲ့ဖြင့် ပြော၏။
“ဟက်…မျောလွင့်တိမ်ဂိုဏ်းက အသွင်ပြောင်းမိုးပြာသိမ်းငှက်ကို ရှိုးထုတ်လာတာပဲ။ ဒီကောင်နဲ့ပတ်သက်ပြီး အထင်ကြီးစရာဆိုလို့ အရွယ်အစားပဲရှိတာ။ ဘာပဲဖြစ်ဖြစ် ဒီသားရဲငှက်က အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေဆဲပဲ မဟုတ်လား…”
အဘိုးအိုဖုနှင့် အနာဂတ်ခန့်မှန်းခြင်းခန်းမမှ အခြားကျင့်ကြံသူများသည် ထိုစကားကို မကြားဟန်ဆောင်ထားကြသည်။ သို့ရာတွင် အနီးအနားရှိ ငယ်ရွယ်သောကျင့်ကြံသူများကမူ ဧရာမငှက်ကြီးကြောင့် ပင့်သက်ရှိုက်မိနေကြသည်။ သူတို့အားလုံးသည် ထိုငှက်ကြီးအား ကြောက်လန့်တကြား စိုက်ကြည့်နေကြ၏။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာ ထိုငှက်ကြီးသည် ကွင်းပြင်ရှေ့သို့ ရောက်လာခဲ့လေပြီ။ ၎င်း၏တောင်ပံကြီးများကြောင့် စင်မြင့်တစ်ခုလုံးပေါ်တွင် အရိပ်ထင်ဟပ်သွားစေသည်။ ၎င်းသည် အောက်သို့ စုန်ဆင်းလာ၏။ ထိုအခါ လေပြင်းများ တိုက်ခိုက်သွားကာ အဆင့်နိမ့်တပည့်များဆို ဟန်ချက်မထိန်းနိုင်သည့်ထိ ဖြစ်သွားပြီး အလန့်တကြားဖြင့် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်သည်။
“ရပ်…” ငှက်၏ ဦးကင်းပိုင်းမှ အမျိုးသားတစ်ယောက်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုငှက်ကြီးက ၎င်း၏တောင်ပံကို ဖြန့်ကျက်လျက် လေထဲတွင် မလှုပ်မယှက် ရပ်နေသည်။ ကျင့်ကြံသူများက ၎င်း၏ကျောပေါ်မှ စတင်ဆင်းသက်လာ၏။
“အယ်…မီးတိမ်တောင်ရဲ့ အစ်ကိုသွမ်…မဟုတ်လား။ အံ့အားတသင့် တွေ့ရဆုံရတာပဲဗျို့…”
အဘိုးအိုဖုက ရှေ့မှ အနီရောင်ဝတ်စုံနှင့်အဘိုးအိုကို မြင်သည့်အခါ သူ့မျက်လုံးအရောင် တောက်ပသွားပြီး သူသည် ရှေ့ထွက်၍ နှုတ်ဆက်စကားဆိုသည်။
အဘိုးအိုက ရယ်မောကာ ပြန်ပြောသည်။
“တွေ့ရခဲတာပေါ့။ နောက်ဆုံးအကြိမ် ယွမ်ခန်းမမှာ မင်းကို တွေ့ခဲ့တဲ့အချိန်တည်းက ငါ့အနေနဲ့ မင်းအပေါ် အထင်တကြီး ဖြစ်ခဲ့ရပါတယ်…”
သူက ထိုသို့ ပြောရင်း သူ့နောက်မှလူများကို ဝေ့ခတ်ကြည့်ရှုလိုက်သည်။
အဘိုးအိုဖုသည် သာမန်သာ ပြန်ပြောသည်။
“အစ်ကိုသွမ်က ချန်ကျန်းကို တွေ့ချင်နေတာလား။ အဲ့တစ်ချက်တော့ ဆိုးသွားပြီဗျ။ ညီလေးချန်က ခု ဂိုဏ်းပြင်ပ ကိစ္စတွေကို ကိုင်တွယ်နေတာပါ။ ဒါပေမဲ့ ပြိုင်ပွဲပြီးခါနီးကျရင် သူ ပြန်ရောက်ရင် ရောက်လာလောက်မှာပါ…”
အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် ခဏအကြာတွင် သူ့အမူအရာမှာ ပြန်ကောင်းမွန်သွား၏။
“ဒီလိုဆိုမှတော့ ဘယ်တတ်နိုင်မလဲ…။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနိုင်ဖို့ဆိုတာ ကံပေးမှလည်း ဖြစ်တာကို။ ခုလက်ရှိ ကိစ္စကိုပဲ ပြောကြရအောင်။ သူကတော့ ငါ့ရဲ့ ဂျူနီယာညီလေးယုပဲ။ သူ့ကိုဆက်ပြီး မိတ်ဆက်ပေးဖို့တော့ လိုမယ်မထင်ဘူး။ လူတိုင်း သူ့ကို သိပြီးသားနေမှာပါ။ ပြီးတော့ ဂိုဏ်းတူညီမလေးစုန့်ကိုတော့ လူတိုင်းအနေနဲ့ ခုမှ မြင်ဖူးကြလိမ့်မယ်လို့ ကျုပ် ထင်တယ်။ ကျုပ်ကို သူမအကြောင်း မိတ်ဆက်ခွင့်ပြုပါဦး…”
အဘိုးအိုက ဤသို့ပြောရင်း သူ့နောက်ဘက်မှ မင်သက်ရှုမောဖွယ်လှပသောမိန်းမပျိုကို လက်ညှိုးထိုပြသည်။
အဘိုးအိုဖုသည် ကျင့်ကြံသူစုန့်ကို သေချာကြည့်ပြီး အံ့အားတကြီး ပြော၏။
“ခင်ဗျားက ဖီးနစ်ဖြူနတ်သမီးလို့ နာမည်ကျော်ကြားနေတာ ကြာပြီဖြစ်တဲ့သူမလား။ ခုမှပဲ ခင်ဗျားရဲ့ အလှတရားကို မျက်မြင်တွေ့ဖူးတော့တယ်။ ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေတယ်…”
အပြာရောင်ဝတ်စုံနှင့်မိန်းမပျိုသည် ညင်သာနူးညံ့စွာပြုံး၍ တုံ့ပြန်သည်။
“အစ်ကိုဖုကတော့ ကျမကို မြှောက်နေပါပြီ။ ကျမဟာ နတ်သမီးဆိုတဲ့ နာမည်ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူး ထင်ပါတယ်…”
ကျင့်ကြံသူစုန့်၏ ကျော့ရှင်းလှသော အော်ရာအငွေ့အသက်ကြောင့် အဆင့်နိမ့်ကျင့်ကြံသူများဆို သူမကို လှမ်းကြည့်နေစဉ် စိတ်နှလုံးမတည်ငြိမ်နိုင် ဖြစ်ရလေ၏။ အဆင့်မြင့်ကျင့်ကြံသူများသည် သူတို့၏ဂျူနီယာများထက်စာလျှင် အခြေအနေပိုကောင်းသော်ငြား သူတို့၏မျက်လုံးထဲ၌လည်း တပ်မက်စိတ်တို့ လောင်ကျွမ်းနေပေသည်။
ထို့နောက်တွင် မြောလွင့်တိမ်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ရှေးဟောင်းဓားဂိုဏ်းမှသူများကို နှုတ်ဆက်ကြသည်။
ကျန်းယွမ်သည် မထူးခြားနားဟန် အမူအရာဖြင့် ရှိနေသော်ငြား စကားအချို့ကိုတော့ မပြောချင်ပြောချင်ဖြင့် ဆို၏။ ဝတ်ရုံဖြူနှင့်အမျိုးသမီးကမူ ကျင့်ကြံသူစုန့်နားသို့ သွားရောက်ပြီး တရင်းတနှီးစကားသွားပြောသည်။ သို့တိုင် မိန်းမပျိုစုန့်သည် သူမ၏ကျော့ရှင်းလွှမ်းမိုးမှုကို ထိန်းထားနိုင်ဆဲပင်။ သူမ၏အပြုအမူ၊အပြောအဆိုများတွင် ပြစ်ချက်ဟူ၍ စိုးစိမျှ မရှိနေပေ။
နောက်လာသည့် ကိစ္စများကမူ ရိုးရှင်းပေသည်။ အနာဂတ်ခန့်မှန်းခြင်းခန်းမသည် ထုံးတမ်းစဉ်လာအတိုင်း ပြောဆိုဆက်ဆံပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းကို သက်ဆိုင်ရာ ခြံဝန်းထံ ခေါ်သွားပေးပြီး သည်နေ့အတွက် အနားယူခိုင်းကြသည်။ တရားဝင်ပြိုင်ပွဲကား နောက်နေ့မနက်ခင်းပိုင်းတွင် စတင်မည် ဖြစ်၏။
ထိုညသည် အေးအေးဆေး ကုန်လွန်သွားခဲ့လေသည်။ ဒုတိယမြောက်နေ့သို့ ရောက်လာသည့်အခါ ဂိုဏ်းသုံးဂိုဏ်းသည် အပြိုင်အဆိုင် ယှဉ်ပြိုင်ကြတော့မည် ဖြစ်၏။
ပြိုင်ပွဲတွင် လူသုံးဆယ်ပါ အုပ်စုသုံးအုပ်စု ခွဲထား၏။ တစ်အုပ်စီတွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူတပည့်ဆယ်ယောက်ကို ပါဝင်စေမည်။ အုပ်စုတိုင်းတွင် နောက်ဆုံးလေးယောက်ကျန်သည့်အထိ တစ်ပွဲရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ထို့နောက်တွင် နောက်ဆုံးကျန်သော ဆယ့်နှစ်ယောက်ကို မဲနှိုက်၍ ယှဉ်ပြိုင်ခိုင်းပြီး ထိပ်ဆုံးဆယ်ယောက်အဖြစ် သတ်မှတ်မည် ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သူ မများသည့်အတွက်ကြောင့် တစ်ချိန်တည်းမှာ အချီချီတိုက်ခိုက်ရန် လိုလိမ့်မည် မဟုတ်ပေ။ တိုက်ပွဲများကို စင်မြင့်တစ်ခုတည်းတွင် နေရာခွဲ၍ ကျင်းပမည် ဖြစ်၏။
အနာဂတ်ခန့်မှန်းခြင်းခန်းမမှ တပည့်မြောက်များစွာသည် စင်မြင့်ပတ်ပတ်လည်၌ ရှိနေကြသည်။ စင်မြင်၏အလယ်တွင်မူ ဦးခေါင်းပြောင်လူတစ်ယောက် ရပ်နေပြီး သူက ဖြည်းဖြည်းချင်း ကြေညာ၏။
“ပထမဆုံးတိုက်ပွဲကို မျောလွင့်တိမ်ဂိုဏ်းက ဟန်လိနဲ့ ရှေးဟောင်းဓားဂိုဏ်းက ယောင်ဖန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်…”
ထိုသူ ကြေညာပြီးသည်နှင့် တပည့်တစ်ယောက်သည် လူအုပ်ထဲမှ လှမ်းထွက်လာ၏။ ထိုအခါ အနာဂတ်ခန့်မှန်းခြင်းခန်းမ၏ တပည့်များထံမှ တီးတိုးဆွေးနွေးသ့များ ထွက်ပေါ်လာသည်။
“ကျုပ် အမြင်မှားတာ မဟုတ်ဘူးမလား။ ချီစုဆောင်းခြင်းအဆင့်ဆယ့်တစ်ကျင့်ကြံသူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ပြိုင်ရမှာဟာ တကယ်ကြီးလား…”
“သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့် ကွာဟမှုက ကြီးမားလွန်းတယ်…”
ရှေးဟောင်းဓားဂိုဏ်းမှ ကျင့်ကြံသူသည် သူ့ပြိုင်ဘက်ဖြစ်သူ ဟန်လိကို မတူသလို၊မတန်သလို လှမ်းကြည့်သည်။ ဤမျှနိမ့်ကျသော ကျင့်ကြံမှုအဆင့်ရှိသူကို သူ့အနေဖြင့် အလွန်လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်ဟု ခံစားမိနေသည်။
သူ့ပြိုင်ဘက်ဖြစ်သူမှာ သာမန်ရုပ်ရည်သာ ပိုင်ဆိုင်ထားပေသည်။
အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများကမူ ခုချိန်တွင် တပည့်များနှင့် အတူတူရှိမနေပေ။ သူတို့သည် အလင်းအရံအတား၏အထက်ရှိ လေထဲတွင် ရပ်လျက် စကားစမြည် ပြောနေကြသည်။
“အစ်ကိုသွမ်…မျောလွင့်တိမ်ဂိုဏ်းက ဒီဓားပြိုင်ပွဲကနေ ပယ်ထွက်ဖို့ အမှန်တကယ် အကြံရှိနေတာလား။ အဆင့်ဆယ့်တစ်တပည့်တစ်ယောက်က ဘယ်လိုလုပ် ရွေးချယ်ခံထဲမှာ ပါလာရတာလဲ။ ခင်ဗျားတို့က သူ့ကို အိမ်ဖြည့်အနေနဲ့များ ခေါ်လာကြတာလား…”
ကျန်းယွမ်သည် မျောလွင့်တိမ်ဂိုဏ်းမှ တပည့်ဖြစ်သူကို မြင်သည့်အခါ မရယ်မောမိဘဲ မနေနိုင် ဖြစ်သွားရသည်။
အနီရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် တည်ငြိမ်စွာ ပြန်ဖြေသည်။
“ဟား…အဆင့်ဆယ့်တစ်တဲ့လား။ မဆိုးပါဘူး။ လူရွေးပွဲမှာ သူ အနိုင်ရတုန်းကဆို အဲ့ကောင်လေးက အဆင့်တစ်ဆယ်ပဲ ရှိသေးတယ်။ အချိန်ခဏနဲ့ အဆင့်တစ်ခု တိုးတက်သွားအောင် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ခဲ့တဲ့အတွက် အထင်ကြီးဖို့ ကောင်းသားပဲ…”
ကျန်းယွမ်သည် သံသရ ဖြစ်သွား၏။
“ဘာလဲ။ သူက အဆင့်တစ်ဆယ်ထဲနဲ့ ခင်ဗျားတို့ဂိုဏ်းရဲ့ ရွေးချယ်ခံ ဖြစ်လာခဲ့တာလို့ ဆိုလိုချင်တာလား။ ခင်ဗျားဟာက မဟုတ်သေးဘူး။ ခင်ဗျားက ဟာသ လုပ်နေတာလား…”
သည်တစ်ကြိမ်တွင်မူ အနီရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ပြုံး၍သာ တုံ့ပြန်လိုက်လေသည်။
ကျန်းယွမ်က ဤသည်ကို မြင်သည့်အခါ ဒေါသဖြစ်သွား၏။ သို့သော် သူသည် မည်သည့်စကားမျှ ထပ်မဆိုတော့ပေ။ သူက အောက်ဘက်ရှိ ပြိုင်ပွဲစင်မြင့်ထံသာ အာရုံစိုက်လိုက်သည်။
“စကြမယ်…” ဦးခေါင်းပြောင်လူထံမှ ကြေညာသံ ထွက်ပေါ်လာသည်။
ရှေးဟောင်းဓားဂိုဏ်းမှ လူငယ်သည် ထိုစကားသံကို ကြားသည်နှင့် သူ့နောက်ကျရှိ ဓားအိမ်ထဲမှ အနီရောင်ဓားတစ်လက်နှင့် အပြာရောင်ဓားတစ်လက်တို့ကို ဆွဲထုတ်သည်။ ယင်းဓားများက သူ့အထက်တွင် ဝဲလွင့်လျက် ရှိ၏။ သူ့လက်နှစ်ဖက်မှ အလင်းများ ဖြာထွက်သွားပြီး သူ့ပတ်ပတ်လည်၌ အစိမ်းရောင်အလင်းအရံအတားတစ်ခု ပေါ်လာသည်။ ယင်းနောက်တွင် လူငယ်သည် မန္တာန်ချိပ်ဟန်တစ်ခုကို အမြန်ဖြစ်ပေါ်စေပြီး ဓားများနှင့်တိုက်ခိုက်ရန် ဟန်ပြင်သည်။
သို့သော် သူ ကောင်းကောင်း မလှုပ်ရှားနိုင်ခင်မှာပင် ပူပြင်းတောက်ပလှသော မီးလုံးခြောက်ဆယ်ကျော်က သူ့ထံ ရုတ်တရက်ကြီး တိုးဝင်လာခဲ့လေ၏။
“ အန်…” ထိုလူငယ်သည် အလန့်တကြားနှင့် ထအော်၏။ သူ့မျက်နှာက သေလောက်အောင် ဖြူရော်သွားလေသည်။
သို့ရာတွင် သူသည် တိုက်ပွဲအတွေ့အကြုံရှိသူ ဖြစ်သောကြောင့် လျင်မြန်စွာ တုံ့ပြန်သည်။ တိုက်ခိုက်မည့်ဓားများကို လက်လျော့ကာ ချက်ခြင်း မြေပေါ်သို့ ပစ်လှဲပြီး သူ့ဘေးပတ်လည်ရှိ ဓားအကာအရံထဲမှ လှိမ့်ထွက်သည်။ ထိုအခိုက်တွင် သူ ချွေးစေးပြန်နေလေပြီ။ သို့သော် ခဏအကြာတွင် မီးလုံးများက သူ့ခေါင်းပေါ်သို့ ကျော်လွန်သွားစဉ် ဒေါသပုန်ထသွားသည်။ ဟန်လိကို ပြန်လက်စားချေသည့် ဆန္ဒဖြင့် သူသည် ရှေ့သို့ ခုန်ထွက်ရန် ဟန်ပြင်သည်။ ထိုစဉ် သူ့ရှေ့သို့ အရိပ်တစ်ခု ဖြတ်ခနဲ့ ရောက်လာပြီး သူ့ခေါင်းပေါ်သို့ အကြင်နာမဲ့စွာ နင်းခြေလာသည်။ ရုတ်တရက် သူ၏ကမ္ဘာမှာ အမှောင်အတိ ကျသွားလေသည်။