တားမြစ်နေရာ
Vol. 45 Ch. 629
“သူက အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကို ရောက်ဖို့ တံခါးပိတ်ကျင့်ကြံနေတာလား…”
ထိုသူသည် အံ့အားသင့်သွား၏။ သို့သော် သူသည် သက်ပြင်းချ၍ စကားထပ်မဆက်တော့ပေ။
ထို့နောက် ရှေးဟောင်းဓားဂိုဏ်း၏ ကျင့်ကြံသူပိုင်သည် စကားမဆိုဘဲ လက်ပင့်မြှောက်၍ အနီးအနားရှိ ကျောက်တုံးပုံထံ အဖြူရောင်အလင်းတန်းဖြင့် ထိုးစိုက်လိုက်သည်။ ထိုအခါ ကျောက်တုံးပုံသည် လင်းလက်သွားပြီး သူလည်း ပျောက်ကွယ်သွား၏။ ၎င်းကျောက်တုံးပုံမှာ လျှို့ဝှက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုဖြစ်မှန်း သိသာ၏။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အခြားအဆုံးတစ်ဖက်တွင် အနာဂတ်ခန့်မှန်းခြင်းခန်းမ၏ ကျောက်တုံးအခန်းငယ်တစ်ခု ရှိနေသည်။ ပညာရှိအသွင်ဖြင့်ကျင့်ကြံသူပိုင်သည် အစီအရင်အတွင်း၌ ပေါ်လာသည်။ ဂိုဏ်းသုံးဂိုဏ်းမှ အဆင့်မြင့်ကျင့်ကြံသူများသည် သူ့နားသို့ ရောက်လာကြ၏။
ကျင့်ကြံသူကျန်းက မေးလိုက်၏။
“ဂျူနီယာညီလေး…အခြေအနေ ဘယ်လိုရှိလဲ။ ပြင်တာဆင်တာတွေ ပြီးသွားပြီလား…”
ပညာရှိအသွင်နှင့်ကျင့်ကြံသူပိုင်က ပြန်တုံ့ပြန်သည်။
“စီနီယာအစ်ကို…စိတ်အေးအေးထားပါ။ အရာအားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ကျုပ်တို့ သူတို့ကို ခုပဲ ခေါ်သွားလို့ ရပါပြီ…”
အဘိုးအိုဖုသည် ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်သည်။
“ကောင်းတယ်…။ ဒီတော့ အစ်ကိုသွမ်ကိုပဲ ဂျူနီယာဆယ်ယောက်ကို ခေါ်သွားပေးဖို့ ဒုက္ခပေးရတော့မှာပဲ…”
အဘိုးအိုဖုက ဆက်ပြောသည်။
“စီစဉ်ပြီးပြီးဆိုတော့ ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းက သူတို့နဲ့အတူ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကို လွှတ်ကြတာပေါ့။ မျောလွင့်တိမ်ဂိုဏ်းက ရောင်းရင်းကျင့်ကြံသူယုက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဟိုဘက်မှာ ရောက်နှင့်နေပြီး ဖြစ်တယ်။ အစ်ကိုကျန်း…ခင်ဗျား…ဘယ်သူ့ကို စေလွှတ်မလဲ…”
ကျန်းယွမ်က ပြန်ဖြေ၏။
“ဂျူနီယာညီလေးပိုင်…သွားမယ်ဆိုရင်ကော…အဆင်ပြေနိုင်မလား…”
အဘိုးအိုဖုက ပြုံး၍ ပြောလိုက်သည်။
“ကောင်းပါပြီ။ ရောင်းရင်းပိုင်က တစ်ချိန်တုံးက ဓားပြိုင်ပွဲရဲ့ နောက်ဆုံးဆယ်ယောက်ထဲမှာ ပါဖူးတဲ့သူပဲလေ။ သူ့အတွက် အတိတ်ကို ပြန်ပြောင်းအမှတ်ရတာမျိုး ဖြစ်စေနိုင်မှာပါလေ…”
ကျင့်ကြံသူပိုင်သည် တည်ငြိမ်သောဟန်ပန်ဖြင့် ခေါင်းညိတ်၏။ သို့သော် သူသည် မည်သည့်စကားမျှ မဆိုပေ။ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကမူ စွဲဆောင်မှုရှိစွာ ပြုံး၍ စိုက်ကြည့်ပြီး သူ့ပုခုံးအား ညင်ညင်သသာ လှမ်းပုတ်သည်။
ထိုအခိုက်တွင် အခန်းတံခါးအပြင်ဘက်မှ ခြေသံများ ကြားရသည်။ အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် နောက်ဆုံးလက်ရွေးစင်ဆယ်ယောက်ကို ဦးဆောင်ခေါ်လာပြီး တည်ငြိမ်စွာ ဝင်ရောက်လာသည်။
မျောလွင့်တိမ်ဂိုဏ်းသည် ပထမနေရာ မရခဲ့သော်လည်း နောက်ဆုံးဆယ်ယောက်ထဲတွင် လေးနေရာထိ ပါဝင်နိုင်ခဲ့ပေသည်။ ဂိုဏ်းသုံးဂိုဏ်းကြားထဲ၌ နေရာအများဆုံးကို သိမ်းပိုက်ထားနိုင်ခဲ့၏။ ထိုအဖြစ်ကြောင့် အဘိုးအိုသွမ်သည် အတော်လေး စိတ်ကျေနပ်နေ၏။
ထိုအတွေးဖြင့် သူသည် တပည့်လေးယောက်ကို ဝေ့ခတ်ကြည့်ရှုသည်။ ထိုလေးယောက်မှာ မီးတိမ်တောင်မှ စွန်ဟောင်၊ နွေဦးတောင်မှ မျက်နှာကြောကြောတင်းတင်းနှင့်လူငယ်မု၊ ဟန်လိနှင့် တုတုံတို့ ဖြစ်ကြသည်။
အဘိုးအိုသွမ်သည် တုတုံကို ကြည့်ကာ စိတ်ထဲ၌ နှာခေါင်းရှုံ့၏။ သူ့စိတ်ထဲတွင်လည်း လှောင်ပြောင်စိတ် ဖြစ်ပေါ်သွားသည်။
ပထမနေရာရသွားသော တပည့်သည် အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ပင်။ သူ၏ဟန်ပန်မှာ ဓားတစ်စင်းနှယ် ကြည်လင်တောက်ပလျက် ရှိ၏။ သူသည် ဓားကိုးသွယ်စိတ်ဝိညာဉ်တည်ဆောက်ပုံ ပိုင်ရှင်ဖြစ်သော ရှေးဟောင်းဓားဂိုဏ်းမှ မန်တိပင်။
“ဓားကိုးသွယ်စိတ်ဝိညာဉ်တည်ဆောက်ပုံ” သည် ကျင့်ကြံခြင်းလောက၌ အကြီးကျယ်ဆုံး ဓားခန္ဓာတည်ဆောက်ပုံသုံးမျိုးထဲမှ တစ်မျိုးဖြစ်သည်။ ပြိုင်ပွဲအတွင်း၌ မန်တိသည် လက်ထဲ၌ ထိပ်တန်းအဆင့်ဓားတစ်လက်ကို ကိုင်ဆောင်ကာ ရန်သူများကို ချေမှုန်းခဲ့တာပင်။ ဓားတိုက်ကွက်များဖြင့် သူသည် ပထမနေရာကို ရယူခဲ့သူ ဖြစ်၏။
မျောလွင့်တိမ်ဂိုဏ်းမှ အဘိုးအိုသွမ်သည် ရှေးဟောင်းဓားဂိုဏ်း၏ ကံကောင်းမှုအပေါ် မနာလိုအားကျ ဖြစ်ရလေ၏။ ဟန်လိသည် အခန်းထဲရှိ “ဆရာသခင်” များဖြစ်ကြသည့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများကို ပုံမှန်အတိုင်းသာ တစ်ချက်ကြည့်လိုက်သည်။ သူသည် ပျော်လည်းပျော်မနေသလို၊ ထိတ်လန့်ကာ သတိထားနေခြင်းမျိုးလည်း ရှိမနေပေ။
တတိယအချီမြောက် အနိုင်ယူပြီးနောက် ဟန်လိသည် အနာဂတ်ခန့်မှန်းခြင်းခန်းမမှ တပည့်ဖြစ်သူကို တမင်တကာ အရှုံးပေးခဲ့ပေ၏။ ထို့နောက်တွင် သူသည် နောက်ဆုံးဆယ်ယောက်တွင် ကျန်သည့်လေးနေရာတွင် ပါဝင်ရန် ပြိုင်ဘက်ခြောက်ယောက်နှင့် ယှဉ်ပြိုင်ခဲ့ပေသည်။ အဆုံးသတ်တွင် သူ၏အဆောင်များအားလုံးနီးပါးကို အသုံးပြုကာ အဆင့်ကိုးနေရာသို့ ဝင်ရောက်နိုင်ခဲ့ပေသည်။
တုတုံသည်လည်း ဟန်လိကဲ့သို့ အကြံမျိုး ရှိခဲ့ပုံရ၏။ သူသည်လည်း စတုတ္ထအချီတွင် အရှုံးပေးကာ အဆင့်တစ်ဆယ်နေရာသို့ ကြိုးစားဝင်ရောက်ခဲ့ရသည့်ပုံ ဖမ်းခဲ့သည်။ ထိုအပြုအမူများသည် ဟန်လိကို အံ့အားသင့်မင်သက်သွားစေခဲ့၏။ မျောလွင့်တိမ်ဂိုဏ်းရှိ တပည့်များကြား၌ ထိပ်ဆုံးအဆင့်ဖြစ်သူမှာ စွန်ဟောင်ဟူသော လူငယ်တစ်ယောက်ပင်။ သူ့ကျင့်ကြံမှုက အတော်လေးအားကောင်းပြီး တတိယနေရာကို အရယူနိုင်ခဲ့သည်။
သို့သော် ဟန်လိအမြင်အရမူ ဓားတိုက်ကွက်များကျွမ်းကျင်လှသောလူငယ်မန်တိကလွဲ၍ အခြားသူများအား သူ့နည်းလမ်းဟောင်းများကိုသာ အသုံးပြု၍ အနိုင်ယူနိုင်စွမ်းရှိနေပေသည်။
ပြိုင်ပွဲပြီးသည်နှင့် ထိပ်ဆုံးတပည့်ဆယ်ယောက်သည် ထိပ်တန်းမှော်ပစ္စည်းများ လက်ခံရရှိကြ၏။ မန်တိကမူ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံး ထည့်ထားသော ကျောက်စိမ်းသေတ္တာကိုပါ ရရှိခဲ့သည်။
ဟန်လိသည် ထိုကျောက်စိမ်းသေတ္တာကို မြင်သည့်အခါ ချက်ခြင်းဆုံးဖြတ်ချက် ချ၏။
“ငါ့အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်သွားခဲ့မယ်ဆိုရင်တော့ ဆေးလုံးဖော်မြူလာနဲ့အတူ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ရဲ့ အမြစ်ကိုပါ ငါ့အနေနဲ့ ရယူနိုင်စွမ်း ရှိလိမ့်မယ်။ အဲ့လိုမဖြစ်ခဲ့ရင်တော့ ဒီရှေးဟောင်းဓားဂိုဏ်းက တပည့်လက်ထဲက ဆေးလုံးကို ငါ ယူရလိမ့်မယ်။ တကယ်တော့ ဒီဆေးလုံးဟာ အမြုတေစိတ်ဝိညာဉ်ဖွဲ့စည်းရာမှာ ကြီးကြီးမားမား အထောက်အကူ ပြုနိုင်တယ် မဟုတ်လား…”
ဟန်လိ ဤသို့ စဉ်းစားနေစဉ် အဘိုးအိုဖုသည် ခေါ်လာသောတပည့်များကို တည်နေရာရွှေ့ပြောင်းပေးဖို့ စတင်၏။ ဂိုဏ်းသုံးဂိုဏ်းလုံးမှ လူငယ်များသည် သူတို့သွားရမည့် နေရာကို သိနှင့်ထားပြီး ဖြစ်ကြ၍ ကျေနပ်ဝမ်းသာစွာ ပြုံးနေကြသည်။
အဖြူရောင်အလင်း လင်းလက်သွားခြင်းနှင့်အတူ ကျင့်ကြံသူပိုင်နှင့် အနာဂတ်ခန့်မှန်းခြင်းခန်းမမှ သက်လတ်ပိုင်းလူတို့သည် သည်တပည့်များနှင့်အတူ တည်နေရာရွှေ့ပြောင်းလာကြသည်။ တည်နေရာရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ် ပြီးမြောက်သည့်အခါ ဟန်လိနှင့် အခြားသူများသည် မူးဝေမင်သက်စွာ တစ်ဖက်တွင် ပေါ်လာကြသည်။ သူတို့သည် သိပ်သည်းသောမြူများနှင့် ကျောက်တုံးပုံတစ်ခုအနားတွင် ရောက်နေမှန်း သိသွားကြသည်။
ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး သူ့စိတ်ဝိညာဉ်အာရုံကို ဤဧရိယာတစ်ခွင်သို့ ဖြန့်ကျက်ကြည့်သည်။ သို့ရာတွင် မီတာတစ်ရာလောက်ထိ ရောက်သည့်အခါ သူ့စိတ်အာရုံကို အတားအဆီးတစ်ခုက ပိတ်ဆို့ထားသည်ဟု ခံစားလိုက်ရသည်။ ဤတွေ့ရှိချက်ကြောင့် သူ့စိတ်နှလုံး တုန်ရင်သွား၏။ ဤနေရာရှိ မန္တာန်အစီအရင်များမှာ အားကောင်းလွန်းမှန်း သိသွားပြီးသည်နှင့် ဟန်လိသည် ခိုးကြောင်ခိုးဝှက်ဖြင့် သူ့ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူတို့ရောက်လာတာ မြင်သည့်အခါ အစောတည်းက ကြိုရောက်နေသော မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုသည် တည်ငြိမ်စွာ ထရပ်၍ လက်ပင့်မြှောက်သည်။ အဝါရောင်မန္တာန်ချိပ်တံဆိပ်တစ်ခုသည် သိပ်သည်းသောမြူများကြား တိုးဝင်သွား၏။
ဘေးပတ်ဝန်းကျင်မှ မြူများသည် စတင်လိမ့်တက်ကာ ရုတ်တရက် ကျဲပါးသွားသည်။ သူတို့နှင့် မနီးမဝေးတွင် ရေညှိများ အလိပ်လိုက်တက်နေသော နံရံတစ်ခု ရှိနေတာကို တွေ့မြင်ရသည်။
ကျင့်ကြံသူပိုင်သည် လက်ရွေးစင်တပည့်ဆယ်ယောက်ကို အေးတိအေးစက်လေသံဖြင့် သတိပေးစကားဆိုသည်။
“ကောင်းကောင်းနားထောင်ကြ။ မင်းတို့အနေနဲ့ စိတ်ဝိညာဉ်ရေကို သန့်စင်ပြီး မင်းတို့ရဲ့ အမြင်အာရုံကို ကြည်လင်သန့်ရှင်းအောင် လုပ်ရမယ်။ အဲ့အကြောင်းရင်းတစ်ခုအတွက်ပဲ မင်းတို့ကို ဒီတားမြစ်ဧရိယာဆီ ဝင်ခွင့်ပြုခဲ့တာ။ ပုံမှန်ဆို ဒီနေရာရဲ့ အနီးအနားကို လာဖို့တောင် ခွင့်ပြုထားတာ မဟုတ်ဘူး။ မင်းတို့ ဝင်ရောက်ပြီးရင် တစ်ရက်နေခွင့်ရမယ်။ တစ်ရက်စေ့တာနဲ့ ချက်ခြင်းပြန်ထွက်ခွာရမယ်။ ဒါ့အပြင် ဒီနေရာမှာ အတားအဆီးတွေ အများကြီး ရှိတယ်။ မင်းတို့ ဒီနေရာကို စိတ်ထင်သလို လျှောက်သွားလို့ မရဘူး။ မဟုတ်ရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ…”
တပည့်များသည် သူ့စကားများကို နားထောင်ကြ၏။
ထိုအခိုက်တွင် ကျောက်သားနံရံဘက်မှ အမျိုးသားတစ်ယောက်၏အသံကို ကြားရလေ၏။
“ကောင်းပြီလေ…မင်းတို့အနေနဲ့ တခြားပြောစရာဆိုစရာ မရှိဘူးဆို…မင်းတို့ မဝင်ခင် ပြောပါ။ ငါက မင်းတို့အတွက် မဟာမန္တာန်အစီအရင်ကနေတစ်ဆင့် လမ်းကြောင်းတစ်ခု ဖွင့်ပေးတော့မှာ ဖြစ်တယ်…”
ယွဲ့မျိုးရိုးနှင့်ကျင့်ကြံသူက ထိုသို့ ပြောသည့်အခါ၌ ကျောက်နံရံသည် လှိုင်းများထကာ အစိမ်းရောင်လင်းလက်၍ ပျောက်ကွယ်သွားသည်။ သူတို့ရှေ့ရှိ ကျောက်နံရံ ပျောက်ကွယ်သွားခြင်းကြောင့် တပည့်များသည် အံ့အားသင့်နေစဉ်မှာပင် ကြီးမားသော တံခါးချပ်ကြီးက ၎င်းကျောက်နံရံနေရာတွင် အစားထိုးသွားသည်။ ယင်းတံခါးကြီးသည် တင်းကျပ်စွာ ပိတ်ထားလျက်ရှိ၏။
ကျောက်ဂိတ်တံခါးပေါ်တွင် အဆောင်သင်္ကေတများနှင့် ပြည့်နှက်နေကာ သက်တံရောင်လင်းထင်းနေ၏။ ထိုအတားအဆီးမှာ မည်မျှအစွမ်းထက်မလဲ မသိရနိုင်ချေ။ ဂိတ်တံခါးပတ်ပတ်လည်၌ အဝါရောင်အလင်းအရံအတားများပါ ရှိနေသေးသည်။
ထိုအခိုက်တွင် မီတာသုံးဆယ်ခန့်မျှ အမြင့်ရှိသော ဤတံခါး၏ရှေ့၌ လက်နောက်ပစ်ကာ ရပ်နေသော အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက်ကို မြင်ရသည်။ သူသည် အသက်လေးဆယ်ဝန်းကျင်လောက် ရှိမည်။ သူ့မျက်ခုံးများက ထူထဲဖြောင့်တန်း၏။ သူသည် ပြတ်သားရက်စက်မည့်ရုပ်သွင်မျိုးကို ပိုင်ဆိုင်ထားသည်။ သာမန်လူတစ်ယောက်ကသာ သူ့ကို တွေ့မြင်ရပါက ကြောက်လန့်ကာ သူနှင့်အကြည့်ချင်းပင် ဆုံဝံ့လိမ့်မည် မဟုတ်ပေ။
အနာဂတ်ခန့်မှန်းခြင်းခန်းမမှ သက်လတ်ပိုင်းလူသည် ထိုသူ့ကို မြင်သည့်အခါ လေးစားသည့်အရိပ်အယောင် ဖြစ်ပေါ်လာ၏။
“ဟားဟား…အစ်ကိုယွဲ့က သူ့တစ္ဆေမိစ္ဆာပညာရပ်မှာ အများကြီးတိုးတက်သွားပြန်ပြီ။ ကြည့်ရတာ ဒီတော်ဝင်သစ်ပင်နားမှာ ကျင့်ကြံတာက ကျင့်ကြံမှုအဆင့်ကို ပိုလွယ်ကူမြန်ဆန်စေပုံ ရတယ်နဲ့ တူတယ်…”
သူ့စကားသံများက မကျယ်လောင်လှသော်ငြား ကျင့်ကြံသူယွဲ့၏ နားထဲ၌ ရှင်းလင်းစွာ ကြားလိုက်ရသည်။ ထိုအဝါရောင်ဝတ်စုံနှင့် ကျင့်ကြံသူယွဲ့သည် မျက်လုံးကစားကာ နှာခေါင်းရှုံ့၍ ပြန်ပြောလာသည်။
“ဒီနေရာမှာ နှစ်ပေါင်းခြောက်ဆယ် နေဖို့ သေချာတယ်ဆိုရင် မင်းလည်း အဲ့လိုကျင့်ကြံနိုင်တာပဲ။ ဂျူနီယာညီလေးပိုင်က ဒီလိုဒဏ်ကို တောင့်ခံနိုင်၊မလား ငါ သိချင်မိတယ်…”
အနာဂတ်ခန့်မှန်းခြင်းခန်းမမှ သက်လတ်ပိုင်းကျင့်ကြံသူသည် ရှက်သွားပုံ ပေါ်ပြီး သူက စကားထပ်ဆက်၏။
“ကျုပ်က မစဉ်းစားဘဲ ပြောလိုက်မိတာပါ။ စီနီယာအစ်ကိုယွဲ့၊ အစ်ကိုဝူနဲ့ အစ်ကိုထျန်တို့လို ဒီနေရာမှာ စောင့်ကြပ်နေဖို့ဟာ အလွန်ခက်ခဲတဲ့ကိစ္စပါ။ ကျုပ်စကားပြော…”
“တော်လောက်ပြီ….အပိုတွေထပ်ပြောနေဖို့ မလိုတော့ဘူး။ ဒီက အတားအဆီးတွေဟာ ကျုပ်တို့ရဲ့ စဦးစိတ်ဝိညာဉ်အဆင့် သိုင်းဦးလေးတွေ ချခင်းထားခဲ့တဲ့အရာတွေပဲ။ ကျုပ် ဒီအတားအဆီးတွေကို အချိန်ခဏပဲ ဖွင့်ပေးနိုင်မှာ။ မြန်မြန်လုပ်ကြ…”
ထို့နောက်တွင် အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ အဝါရောင်အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ယင်းနောက် သူသည် အလေးအနက်ဟန်ပန်ဖြင့် မန္တာန်စရွတ်၏။
အမိန့်ပေးတံဆိပ်ပြားထံမှ ရုတ်တရက် တော်ဝင်လှသော အဝါရောင်အလင်း တောက်ပလာပြီး အနီးဝန်းကျင်ထိ ဖြာထွက်သွားကာ အလင်းအရံအတားများကို ချက်ခြင်း ပျော်ကျသွားစေသည်။ ထိုအခါ ဆယ်မီတာမျှအကျယ်ရှိသော လမ်းကြောင်းတစ်ခု ပေါ်လာ၏။
“လူတိုင်းပဲ…သွားကြမယ်…။ မြန်မြန်လုပ်ကြ…” ထိုလမ်းကြောင်းကို မြင်သည်နှင့် ပညာရှိဟန်ပန်နှင့်လူက အလောတကြီး ဆော်ဩကာ အဖြူရောင်အလင်းတန်းအသွင်ပြောင်း၍ ရှေ့သို့ ပျံသန်းသွားသည်။ အခြားအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်ကလည်း အလားတူ အမိန့်များပေး၍ ရှေ့သို့ ပြေးဝင်သွားကြသည်။
ဟန်လိနှင့်အခြားသူများသည် ဤမြင်ကွင်းကို တွေ့သည်နှင့် သူတို့၏မှော်အသုံးအဆောင်များကို ထုတ်ကာ ထိုသူများနောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။