အဟာရဖြစ်ရန်လိုခြင်း
Vol. 010 Ch. 931
“ယူယူ သမီးရဲ့မွေးစားအမေဘယ်လိုနေလဲ မြန်မြန် သူမကိုကြည့်ပေးဦး” ရွှမ်ရှင်းမန်၏ ခန္ဓာကိုယ်မှာမကောင်းလှဟု ရှီမာယူယူပြောသည်ကိုကြားသည် နှင့် ဝူလာမိုင်သည် ပျာယာခတ်နေသည်။
“မွေးစားအဖေ ပျာယာခတ်ဖို့မလိုပါဘူး၊ မွေးစားအမေက ကောင်းသွား မှာပါ၊ သူမခန္ဓာကိုယ်ကိုစမ်းသပ်ပြီးမှပဲ သေချာသိနိုင်မှာ” ရှီမာယူယူ ပြော လိုက်သည်။
“ဒါဆို မြန်မြန်စမ်းသပ်လိုက်လေ” ဝူလာမိုင် ပြောလေသည် “သမီး မွေးစားအမေက အရင်သမီးရဲ့အစ်ကို၉ယောက်ကိုလွယ်တုန်းကနဲ့ အခု ကိုယ်ဝန်ကိုမတူဘူးလို့ခံစားနေရတာ”
“ရှင်ကတော့လေ ဘာမှမဟုတ်တာလေးတွေကို ဇာချဲ့နေပြန်ပြီ” ရွှမ်ရှင်းမန်သည် သူ ပျာယာခတ်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။
“မွေးစားအမေ အိမ်ထဲသွားရအောင် သမီးစမ်းသပ်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ”
ဝူလာလီနှင့် အနီးအနားတွင်ရှိနေသောတခြားသူများသည် ထို အကြောင်းကိုကြားသည်နှင့် မူးနေသောဝူလာရှုံကိုဆွဲပြီး ရောက်လာကြ သည်။
“ညီမလေး၁၀ မယ်မယ်ဘယ်လိုနေလဲ”
“စမ်းတောင်မစမ်းသပ်ရသေးဘူး၊ ဘယ်လိုဖြစ်လို့ရောက်လာကြတာလဲ” ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သည် “ဟိုမှာရပ်ပြီး တိတ်တိတ်နေကြ”
ညီအစ်ကိုများသည် စကားပြောရပ်ကာ ဘေးမှ သူမအလုပ်လုပ်သည် ကို ကြည့်နေကြသည်။ သူမ အမူအရာသည် ပိုပိုတည်လာကာ သူမ၏ မျက်ခုံး သည် ကျစ်ကျစ်လာသည်ကိုကြည့်ရင်းနှင့် မွန်းကြပ်လာလေသည်။
သူမ စမ်းသပ်ပြီးသည်နှင့် သူမ အမူအရာသည် မည်းနေပြီး စကား မပြောသည်ကို တွေ့လိုက်သည်။ အိမ်ထဲတွင် တင်းမာမှုတစ်ခုဖြစ်နေသလို ပင်။
လေထုကိုဖြိုခွဲသူမှာ ဝူလာမိုင်ဖြစ်ပြီး သူမေးလိုက်သည် “ယူယူ မွေးစား အမေဘယ်လိုနေလဲ”
ရှီမာယူယူ သက်ပြင်းချကာ “အဲတုန်က မွေးစားအမေရဲ့ ဒဏ်ရာတွေက အချိန်အတော်ကြာတဲ့အထိ ဆွဲလာတာ၊ သူမ ပြန်ကောင်းလာပေမဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းစဉ်အရာ အာ… မိန်းကလေးတစ်ယောက်အနေနဲ့ စောလွန်းနေတယ်၊ ကိုယ်ဝန်ဆောင်တာက အမေ့ရဲစွမ်းအင်တွေကို ယူသွား သလိုပဲ၊ သူမခန္ဓာကိုယ်က အဲဒါကိုမခံနိုင်ဘူး၊ အဲဒါကြောင့် ခန္ဓာကိုယ်က နည်းနည်းဗလာကျင်းပြီး မခံနိုင်ဘူး”
“ပြင်းထန်လား” ဝူလာရှုံ မေးလေသည်။
“ပြင်းထန်လားလို့မေးရင်လည်း အဲလောက်ကြီးမဟုတ်ဘူး၊ ဒါပေမဲ့ ဒါကို ဘာမှမဟုတ်သလိုနေလို့မရဘူး၊ စောစောသိသွားတာကောင်းတယ်၊ မဟုတ်ရင် မွေးစားအမေနဲ့ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်” ရှီမာယူယူ ပြောလေသည် “ကုသဖို့ နည်းနည်းအခက်တွေ့တာတော့ရှိတယ် အချိန်လိုလိမ့်မယ်”
“သူမကို ဘယ်လိုကုကြမလဲ” ဝူလာအာ မေးလေသည်။
“မွေးစားအမေ ပြန်နာလန်ထူနိုင်အောင်လို့ ကျွန်တော်ဝိညာဉ်စွမ်းအင် သုံးပြီး ကူညီပေးမယ်၊ ပြီးရင် ဆေးဟင်းလျာနဲ့ ဆေးတွေသုံးပေးမယ်” ရှီမာယူယူ ပြောလေသည် “အမေ့ခန္ဓာကိုယ်က အားနည်းနေပြီး ပြင်းတဲ့ဆေး တွေကို မခံနိုင်ဘူး၊ ဖြည်းဖြည်းချင်းလုပ်ဖို့လိုလိမ့်မယ်၊ အဲဒါကြောင့် အချိန် တစ်ခုလောက် မွေးစားအမေ ကြယ်ကိုးပွင့်သမုဒ္ဒရာထဲက မထွက်သင့်ဘူး”
“ဘယ်လောက်ကြာမလဲ” ဝူလာလီ မေးလေသည်။
“အနည်းဆုံးတော့ ၆လ” ရှီမာယူယူ ပြောလိုက်သည် “ကလေးမွေးတဲ့ အထိ ပတ်ဝန်းကျင်ကောင်းဖို့လိုတယ်”
“ဒါဆို မယ်မယ်က ညီမလေး၁၀ဘေးမှာနေသင့်တယ်” ဝူလာလီ ပြော လေသည် “မယ်မယ်မပြန်သေးနဲ့ဦး ခန္ဓာကိုယ်ကို အနားပေးလိုက်ဦး”
“အင်း ဟုတ်တယ် ငါတို့ဒီမှာနေပြီး မျိုးနွယ်ရဲ့ကိစ္စတွေကို သားတွေကို ပဲအပ်ထားရအောင်” ဝူလာမိုင်သည် ချက်ချင်းပင် အစီအစဉ်ဆွဲတော့သည်။
ရွှမ်ရှင်းမန်သည် တစ်စုံတစ်ရာကိုပြောချင်နေသော်လည်း နောက်ဆုံး တွင် တိတ်နေရန်ကိုသာ ရွေးချယ်လိုက်သည်။ သူမ ဝမ်းဗိုက်ထဲမှ ကလေးကို တစ်ခုခုလွဲမှားသွားသည်မျိုး သူမ မလိုချင်ပေ။ သို့သော် သူမ မပြန်လျှင် ဝူလာမိုင်သည် သူမ မပါပဲနှင့် ပြန်ရန်မဖြစ်နိုင်ပေ။
ဒီလူ သူမကိုဂရုစိုက်သည့်အတိုင်းအတာမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရပေ။
“ဘာပဲဖြစ်ဖြစ် မယ်မယ်သတိမေ့နေတုန်းကလဲ အစ်ကို၂ကပဲ မျိုးနွယ် ကိစ္စတွေစီမံတာလေ” ဝူလာဘို ပြောလေသည် “ခမည်းတော် မယ်မယ် နှစ်ယောက်လုံး စိတ်ချပါ အကုန်လုံး အဆင်ပြေသွားမှာ”
“အင်း အဲလိုဆိုမှတော့ မင်းတို့ပြန်သွားလိုက်ကြတော့ တစ်ခုခုဆိုရင် ချန်းရှင်းနဲ့တိုင်ပင်ကြ၊ မကိုင်တွယ်နိုင်တာဆိုရင် ငါ့ဆီကိုဆက်သွယ်လိုက်ကြ” ဝူလာမိုသည် ပြောလေသည်။
“ဟုတ်ကဲ့ပါ ခမည်းတော”
“ဒါဆို မင်းတို့ဒီနေ့ပဲပြန်လိုက်ကြ”
“….”
အဖေ ဒီလောက်မြန်မြန် နှင်ထုတ်ဖို့မလိုဘူးထင်တယ်။
“မယ်မယ်ရဲ့ အခြေအနေတိုးတက်တဲ့အထိစောင့်ပြီးမှ ပြန်တာပိုကောင်း မယ်ထင်တယ်” ဝူလာလီသည် ပြောရဲဆိုရဲရှိကာ ငြင်းဆန်ရဲသည်။
နှမြောစရာကောင်းစွာပင်…
ခွင့်ပြုချက်မရပေ
“မင်းတို့ဒီမှာနေလည်း အသုံးမဝင်ဘူး၊ ကြယ်ကိုးပွင့်သမုဒ္ဒရာရဲ့ အခြေ အနေကမတည်ငြိမ်သေးဘူး၊ အိမ်မြန်မြန်ပြန်ကြ၊ အဲကောင်တွေ ထပ်တိုက် လာရင် မင်းတို့တုံ့ပြန်ရုံပဲ သည်းမခံနဲ့” ဝူလာမိုင် ပြောလေသည်။
“ဒါပေမဲ့ မယ်မယ်ရဲ့အခြေအနေက…”
“မွေးစာအမေရဲ့အခြေအနေကို စိုးရိမ်ဖို့မလိုပါဘူး၊ ကျွန်တော်သူမကို ကောင်းကောင်း ဂရုစိုက်လိုက်ပါမယ်” ရှီမာယူယူ ပြောလေသည်။
“ဒါဆို ညီမလေး၁၀ မင်းကိုပဲဒုက္ခပေးရတော့မယ်”
ပြီးခဲ့သည့်တစ်ခေါက် ရွှမ်ရှင်းမန်ကိုကယ်ခဲ့စဉ်က သူမ သူတို့အတွက် ဆေးများစွာကိုဖော်ပေးခဲ့သည်။ သူမသည် သူတို့စိတ်ထဲတွင် အံ့ဖွယ် သမားတော်တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူမ အဆင်ပြေသည်ဟုပြောလာ လျှင် သူတို့အားလုံးစိတ်ချကြသည်။
“အင်း အစ်ကိုတို့ စိတ်ချကြပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီအချိန်ထိ ကို တိုက်ပွဲတိုက်နေရတုန်းလား၊ ဆေးတွေရောလောက်ရဲ့လား၊ မလောက်ရင် ထပ်ပြီးဖော်ပေးမယ်၊ အဲဒါတွေယူသွားကြပေါ့”
“အများကြီးကျန်ပါသေးတယ်” ဝူလာလူပြောလေသည် “ပြီးခဲ့တဲ့တစ် ခေါက်ကကိုအများကြီးယူသွားခဲ့တာ၊ ဒါပေမဲ့ အဲကတည်းက တိုက်ပွဲမတိုက်ရ ဘူး၊ အများကြီးမသုံးရဘူး၊ ကုန်သွားရင် မင်းကိုပြောလိုက်ပါမယ်”
“ဒါဆိုလည်းကောင်းပါပြီ ကျွန်တော့်ကိုအချိန်နည်းနည်တော့ပေးရမယ် လုံးဝပြတ်သွားတဲ့အထိမစောင့်ပဲ ကျွန်တော့်ကိုပြောပေး” ရှီမာယူယူ ပြော လိုက်သည် “ဆေးအများကြီးဖော်ဖို့ဆို အချိန်လည်းလိုသေးတယ်”
“ကောင်းပါပြီ”
“တော်ပြီ တော်ပြီ မင်းတို့မြန်မြန်ပြန်လိုက်ကြတော့” ဝူလာမိုင် ပြောလေ သည် “ယူယူ ရွှမ်ရှင်းမန်ကိုကုတာကို မကြန့်ကြာစေနဲ့”
“….”
သူတို့မပြန်ချင်သော်လည်း မျိုးနွယ်သည် အခြေအနေတစ်ခုနှင့် ရင်ဆိုင် နေရသဖြင့် လူတစ်ယောက်သည် တာဝန်ယူရမည်။ သူတို့ မတတ်သာပဲ အိမ် ပြန်ရမည်။
သည်လိုနှင့် မူးနေသော ဝူလာရှုံနှင့် ချန်းရှင်းတို့ကို ဆွဲခေါ်သွားကြလေ သည်။ သူတို့ထွက်သွားသော်လည်း ဝိုင်တောင်းသွားသေးသည်။
“မွေးစားအမေ အရင်ဆုံး အပ်တစ်ခေါက်စိုက်မယ်နော်” ရှီမာယူယူ ပြောလေသည်။
“ဧည့်သည်တွေရော ဘယ်လိုလုပ်မလဲ သူတို့ကိုဧည့်ခံရဦးမှာမလား” ရွှမ်ရှင်းမန် မေးလေသည်။
“မလိုဘူးရယ် သူတို့မနေ့ကသောက်တာများထားတော့ မူးနေကြတုန်းပဲ သူတို့နိုးလာရင်တောင် ဖန်အာနဲ့ တခြားသူတွေက ဂရုစိုက်ပေးပါလိမ့်မယ်” ရှီမာယူယူ ပြောလေသည် “မွေးစားအမေ လာခဲ့ပါ”
ရွှမ်ရှင်းမန် ခေါင်းညိတ်သည်။ သူတို့သည် ဝူလာမိုင်ကို အပြင်သို့ နှင်ထုတ်လိုက်ကြသည်။
ထိုသည်မှာ ရှီမာယူယူ သူမအတွက် အပ်စိုက်ပေးခြင်းမှာ ပထမဆုံး မဟုတ်ပေ။ သို့သော် ထိုစဉ်က သူမသတိမေ့နေတုန်းဖြစ်သည်။ ထို့အပြင် ဒီ တစ်ကြိမ်တွင် သူမသည် ကိုယ်ဝန်လွယ်ထားရသည်။ ထို့ကြောင့် သူမ အနည်းငယ် စိုးရိမ်လျက်ရှိသည်။
“မွေးစားအမေ အများကြီးမတွေးပါနဲ့ စိတ်အေးအေးထားပါ မကြာခင် ပြီးမှာပါ” ရှီမာယူယူ နှစ်သိမ့်လေသည်။
“အင်း”
ဒီတစ်ကြိမ်တွင် ရှီမာယူယူသည် အချိန်အများကြီးမသုံးပဲ နာရီဝက် အတွင်းပြီးစီးသွားလေသည်။ သူမသည် ရွှမ်ရှင်းမန်အား အဝတ်ကူဝတ်ပေး ရင်းနှင့် ပြောလေသည် “အမေ့အတွက် ဆေးတချို့ဖော်ပေးမယ် သောက်ရုံပဲ”
“အဲအတိုင်းဆို ကောင်းသွားပြီလား” ရွှမ်ရှင်းမန်ပြောလေသည်။
“မရသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဗိုက်ထဲက ကလေးက အရင်အချိန်တစ်ခုလောက် အာဟာရမရခဲ့ဘူး၊ အဲဒါကြောင့် အားနည်းနေ တယ်၊ သူအာဟာရပြည့်အောင် ဝိညာဉ်စွမ်းအင်သုံးပေးရမယ်၊ အဲဒါကြောင့် သမီး အမေ့ကို တစ်နေ့သုံးမျိုးလောက်လုပ်ပေးမယ်၊ အပ်စိုက်တာရယ် ဆေး တိုက်တာရယ် သမီးဝိညာဉ်စွမ်းအင်နဲ့ အာဟာရဖြည့်တာရယ်၊ အဲဒါတွေကို လတစ်ဝက်လောက်လုပ်မယ်၊ ကောင်းလာရင် အပ်ထပ်စိုက်စရာမလိုတော့ ဘူး”
“ကျေးဇူးတင်ပါတယ် ကလေးရယ်” ရွှမ်ရှင်းမန်၏ အသံသည် နူးညံ့ သည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “အမေက သမီးမွေးစားအမေပဲကို ကလေးကလည်း သမီးရဲ့ မောင်လေးမဟုတ်ရင် ညီမလေးပဲ၊ ဘာလို့ ယဉ်ကျေးနေရတာလဲ၊ ဟုတ်သားပဲ ကိုယ်ဝန်ဆောင်နေချိန်က ခန္ဓာကိုယ်ကို ကောင်းကောင်းအားဖြည့်ဖို့ အကောင်းဆုံးအချိန်ပဲ၊ အဲအချိန်ကို ကောင်းကောင်းအာဟာရပြည့်အောင်လုပ်ပေးရင် ဒီကလေးက အရမ်း အရည်အချင်းရှိလာမှာ၊ သမီးညီမလေးလို”
“သူမလိုပဲဟုတ်လား”
“သမီး အမေကိုယ်ဝန်ရှိတုန်းက သူတို့ကို အဲလိုပဲပြောပြဖူးတယ်၊ အဲဒါ ကြောင့် လီအာကမွေးလာတုန်းက အံ့ဖွယ်အဆင့်နဲ့မွေးလာတာ၊ သူမ ခန္ဓာ ကိုယ်ကလည်း အားကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် အလုံးလေးမှ သူမဝိညာဉ်စွမ်းအင်ကိုခိုးယူပြီး ကြီးထွားနေ သည်ကို မသိရုံသာဖြစ်သည်။
***