ကိုယ့်ဆုံးဖြတ်ချက်ကို လေးစားပါ
Vol. 92 Ch. 1275
ဝူယုမှာ ကောင်းကင်ဖျက်ဆီးသူ၏ အကာအကွယ်လွှာ အထက်၌ တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။ သူ၏ တည်ရှိမှုက မယိုင်းယိုင်သော ထိန်းသိမ်း စောင့်ရှောက်သူ တစ်ယောက်လိုပင်။ မိနစ် အနည်းငယ် အတွင်းမှာပင် အခြား ဟင်းလင်းပြင် သင်္ဘောများမှာ ကောင်းကင်ဖျက်ဆီးသူထက်၌ လူတစ်ယောက် ရောက်ရှိနေသည်ကို သတိထားမိသွားကြ၏။
“မဟာ သူရဲကောင်း ဝူယု...”
သူတို့က တဖြည်းဖြည်း ချဉ်းကပ်လာကာ လုံခြုံလောက်သည့် အကွာအဝေး တစ်ခုတွင် ရပ်ရင်း လေ့လာ လိုက်ကြသည်။ မကြာခင်မှာပင် ကောင်းကင် ဖျက်ဆီးသူထက်၌ ရပ်နေသူက အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝူယု ဖြစ်ကြောင်း သူတို့ သတိထားမိသွားကြသည်။ အခြေအနေက ပုံမှန် မဟုတ်တာ ထင်ရှားနေချေပြီ ဖြစ်လေသည်။
ဟုန်ယန်လျှို့လန်နှင့် ကာဒီနယ်ဆောင်းတို့မှာ အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ဟင်းလင်းပြင် သင်္ဘောထက်၌ ရှိနေခဲ့သည်။
ဟုန်ယန်လျှို့လန်မှာ ပထမ၌ ဝေ့ဝူယင်နှင့် အတူ တိုက်ခိုက်ဖို့ စောင့်ဆိုင်း နေခဲ့သော်လည်း အခြေအနေများ ပုံမှန် ပြန်ဖြစ်သွားပြီး နောက်တွင်တော့ မူလသင်္ဘောထက်တွင်သာ ပြန်လည် စောင့်ဆိုင်း နေခဲ့သည်။ ယခုအချိန်အထိ ဝေ့ဝူယင်နှင့် အတူ ရပ်တည်ဖို့ ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်ကို သူမ အံ့သြနေမိဆဲ ဖြစ်သည်။ ၎င်းက သေခြင်းရှင်ခြင်း နယ်နိမိတ် စည်းမျဉ်းထက်၌ ရပ်တည် နေခဲ့ရသလိုပင်။ သို့သော်လည်း... သူမမှာ ဝေ့ဝူယင် အတွက် ထိုနေရာ၌ ရပ်ခဲ့ခြင်း မဟုတ်ချေ။ မာ့ကျန်း အတွက်သာ ဖြစ်သည်။
မာ့ကျန်းဆိုသည့် လူအိုကြီးနှင့် သူမ အကြားတွင် သဘောတူညီချက် များစွာ ရှိပေသည်။ ထိုသဘော တူညီချက်များက သမီးဖြစ်သူ၏ အနာဂတ်နှင့်လည်း များစွာ သက်ဆိုင်နေပေသည်။ ထို့အပြင် မာ့ကျန်းမှာ ဝေ့ဝူယင်နှင့် ပတ်သက်၍ တစ်ချို့ အချက်များကို သူမထံ အာမခံထားပေသည်။
သို့သော်လည်း... ကောင်းကင်ဖျက်ဆီးသူထက်တွင် ဝူယု ရပ်နေသည်ကို မြင်လိုက်ရသော အခိုက်တွင်တော့ သူမ၏ ခံစားချက်များမှာ ဗလောင်ဆူ သွားခဲ့တော့သည်။
“သူက ရူးနေတာလား... အဂ္ဂိရတ် အာဏာရှင်ဝေ့က အင်ပါယာ ကလန်ကိုပါ တိုက်ခိုက်ဖို့ ကြံစည်နေတယ် လို့ ငါ့ကို လာမပြောနဲ့...”
ကာဒီနယ်ဆောင်းက ရေရွတ်လိုက်၏။ ကောင်းကင် ဖျက်ဆီးသူ တစ်စင်း၏ ခွန်အားမှာ အလွန်တရာပင် ကြောက်စရာ ကောင်းလှသည်။ ထိပ်တန်း မြေကြီး ရှန့်ထို အဆင့်များ ပင်လျှင် ၎င်းကို ရင်ဆိုင်ရန် လက်တွန့်ကြပေသည်။ ၎င်းတို့မှာ မြေကြီး ရှန့်ထိုများ ပိုင်ဆိုင်မထားသည့် တစ်ချို့သော စွမ်းအင်များကိုပင် ပိုင်ဆိုင်ထားသည်။ အထင်ရှားဆုံးသော စွမ်းအင်မှာ သူတို့ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် စွမ်းအင်ပင် ဖြစ်လေသည်။ လုံလောက်သည့် လျှို့ဝှက် ကျောက်တုံးများကို စတေးနိုင်သရွေ့ ကောင်းကင် ဖျက်ဆီးသူမှာ အင်အား အပြည့် တိုက်ခိုက်မှုများကို နှစ်နှင့်ချီ၍ပင် ထုတ်ဖော်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာပင်... လေ့လာ စောင့်ကြည့်နေကြသူများမှာ ဝူယု ကောင်းကင် ဖျက်ဆီးသူကို ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း သဘောမပေါက်ကြပါချေ။ အင်ပါယာ မျိုးနွယ်၏ မြေကြီး ရှန့်ထိုများမှာ ဝင်္ကပါ အတွင်း ပိတ်မိ နေကြပြီ ဖြစ်ကာ ပြင်ပ အကူအညီကို စောင့်ဆိုင်းနေကြရုံသာ တတ်နိုင်ကြပေသည်။
အနှိုင်းအဆမဲ့ ဟင်းလင်းပြင် သင်္ဘောထက်တွင်တော့...
“နင့်ရဲ့ လင်လေးက တော်တော် သတ္တိရှိတာပဲ...”
တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက တရှန်းကို ကြည့်ကာ ရယ်မောရင်း မှတ်ချက်ပြု လိုက်သည်။ ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့ရုံမျှသာ မက ယခုလည်း သူ၏ အဂ္ဂိရတ် သူရဲကောင်းမှာ အင်ပါယာ ကလန်ကို ရန်စ နေခဲ့ပြန်ပြီ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူ့ထံတွင် မိုက်ရူးရဲ ဆန်မှုနှင့် လိုက်ဖက်သည့် ခွန်အားလည်း ရှိသည်ဟု ဆိုနိုင်ပေသည်။
ဝေ့ဝူယင်အား သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သည့် မြေကြီး ရှန့်ထို သုံးဆယ့် ရှစ်ယောက် ဘာဖြစ်သွားသည်ကို သူတို့ ယခုတိုင် မသိနိုင်သေးချေ။ သူတို့က သေဆုံးသွားတာ သို့မဟုတ် အဖမ်းခံနေရတာ ဖြစ်နိုင်ပေသည်။ ထိုအချက် တစ်ခုတည်းကပင် ဝေ့ဝူယင်မှာ သာမန်လူတစ်ယောက် မဟုတ်မှန်း သက်သေခံနေပေသည်။
တရှန်းမှာ ဝူယုကို လှမ်းကြည့် လိုက်မိ၏။ ဝေ့ဝူယင် မည်မျှ သတ္တိရှိကြောင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းကပင် သူမ သိရှိပြီး ဖြစ်သည်။ သူတို့ ချစ်ကျွမ်း မဝင်ခင်က ဝေ့ဝူယင်မှာ လူသား တစ်ယောက် အနေဖြင့်ပင် နတ်ဆိုးတောင်ထွတ်ကို လာရောက်ကာ သူမနှင့် တိုက်ခိုက်ခဲ့သည်။ ကျင့်ကြံခြင်း အခြေခံ ကွာခြားမှုများ ရှိသည့် ကြားမှပင် သူမကို တစ်ကြိမ်ပြီး တစ်ကြိမ် အနိုင်ယူခဲ့သည်။
ဝေ့ဝူယင်နှင့် ပတ်သက်၍ အံ့သြ ထိတ်လန့်ဖွယ်ရာများကို သူမ ဘဝတွင် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ သို့ဖြစ်လေရာ... တရှန်း၏ အံ့သြမှုများက တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီတို့နှင့် နှိုင်းယှဉ်လျှင် များပြားလှခြင်း မရှိပါချေ။
ချစ်စဖွယ် ကောင်းသည့် မိန်းမငယ်လေး (တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီ) က တရှန်းကို ကြည့်လိုက်၏။
“သူ ဝါးနိုင်တာထက် ပိုမစားဖို့ပဲ ငါတို့ မျှော်လင့်ရမှာပေါ့လေ... အင်ပါယာ မျိုးနွယ်က အစစ်အမှန် မွေးဖွားခြင်း မဟုတ်ဘူး”
ထို့နောက်... သူမက အစစ်အမှန် မွေးဖွားခြင်း ကြယ်ကွင်းပြင်ဘက်ကို ပြန်လည် လှည့်လိုက်သည်။
“နည်းနည်းလေးတောင် မနီးစပ်ဘူး...”
...
ကောင်းကင် ဖျက်ဆီးသူ အတွင်းတွင်တော့ လေထု၏ အခြေအနေက မှုန်မှိုင်း နေခဲ့သည်။ အားလုံး၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေး နေကြ၏။
ကုန်းရီမှာ အောက်မှ နေ၍ ဝူယုကို မော့ကြည့် လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာပင် အော်ဟစ် လိုက်၏။
“အဂ္ဂိရတ် သူရဲကောင်းဝူ... အခု ခင်ဗျား ဘာလုပ်နေတယ် ဆိုတာ သိရဲ့လား... ခင်ဗျားရဲ့ လုပ်ရပ်က အင်ပါယာ ကလန်ကို တိုက်ရိုက် ဆန့်ကျင် နေတယ် ဆိုတာ နားလည်ရဲ့လား... ခင်ဗျားရဲ့ အဂ္ဂိရတ် အာဏာရှင်က ဒီလိုလုပ်ဖို့ ခိုင်းတာလား”
အပြင်ပန်း၌ တည်ငြိမ်နေသည့်တိုင် ကုန်းရီ၏ နှလုံးသားက ပြင်းထန်သော ဒေါသများနှင့် ပြည့်နှက် နေ၏။ ကပ္ပတိန် တစ်ယောက် အနေဖြင့်... သူက ကိုယ်တိုင် ထိန်းချုပ်နေသည့် ကောင်းကင် ဖျက်ဆီးသူကို ရန်သူထံ၌ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်က မည်ကဲ့သို့ ကွက်ကျော်ရိုက် သွားသည်ကို ယခုတိုင် သူ နားမလည်နိုင်သေးချေ။
ဝူယုက အောက်ကို ငုံ့ကြည့်လိုက်၏။ သူ၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။
“အဂ္ဂိရတ် သူရဲကောင်းဝူ... ခင်ဗျား နားလည်သင့်တယ်... အခု ခင်ဗျားက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ ဧကရီကို ဖမ်းထားသလို ဖြစ်နေတယ်... နောက်ပြီး ဟွမ်ရီကောင်း ဆိုတာကလည်း ကျုပ်တို့ အင်ပါယာ မျိုးနွယ် အပေါ် နှစ်ပေါင်း ထောင်နဲ့ချီပြီး သစ္စာ စောင့်သိခဲ့တဲ့လူ... ခင်ဗျားနဲ့ အဂ္ဂိရတ် အာဏာရှင်ဝေ့တို့ ခုလို စော်ကားနေတာကိုသာ အင်ပါယာ သိရင် ချက်ချင်း ဒေါသတကြီးနဲ့ တုန့်ပြန်မှာ သေချာတယ်”
“ကျုပ် ပြောတာကို သဘောပေါက်ရဲ့လား... နောက်ပြီး ကောင်းကင် ဖျက်ဆီးသူကို လုယူတဲ့ ကိစ္စကလည်း အရမ်းကို အပြစ်ကြီးတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျုပ် အင်ပါယာဆီမှာ အသနားခံပေးပါ့မယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့က ငယ်ရွယ်သေးတဲ့ အတွက် အကျိုးအကြောင်း ဘယ်ဟာကောင်းတယ် မကောင်းဘူး ဆိုတာ သိပ်နားမလည်ဘူး... နောက်ပြီး ခင်ဗျားကလည်း သူ့ အမိန့်အတိုင်းပဲ လုပ်ရတာ မလား... အင်ပါယာက နားလည် ခွင့်လွှတ်ပေးလိမ့်မယ် ဆိုတာ ကျုပ် အာမခံပါတယ်”
ကုန်းရီမှာ စိတ်ရှည်စွာ ရှင်းပြရင်း ဝူယုကို ဖျောင်းဖျဖို့ ကြိုးပမ်း နေခဲ့၏။ သူ၏ စကားလုံးများက ယုတ္တိဗေဒ ဆန်လှကာ လက်ခံနိုင်လောက်သည့် ရင်းမြစ် တစ်ခုကို ကိုးကားထားသည်။
ဟွမ်ရီကောင်းကတော့ များစွာ စိုးရိမ်ခြင်း မရှိချေ။ သူ့ နောက်တွင် အင်ပါယာ ကလန် ရှိလေရာ ဝေ့ဝူယင်ကို သူ မကြောက်ချေ။ ပျောက်ကွယ်သွားသည့် မြေကြီး ရှန့်ထိုများလား...။ သူတို့က ယာယီ ချိပ်ပိတ် ခံထားရခြင်းမျိုး ဖြစ်နိုင်သည်။ မြေကြီး ရှန့်ထိုများမှာ သတ်ဖြတ်ရန် အလွန် ခက်ခဲလှသည်။ အကယ်၍ သူတို့ကို သတ်နိုင်လျှင်ပင် နေကြယ် ပေါက်ကွဲမှုနှင့် အပျက်အစီးများ ကျိန်းသေ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်စဉ်မျိုး ယခု အချိန်အထိ သူ မတွေ့ရသေးချေ။
“မင်းတို့က တကယ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိနေတာလား... သရုပ်ဆောင် နေတာလား ဆိုတာ ငါတောင် မခွဲခြား တတ်တော့ဘူး”
ဝူယုက အောက်ကို ငုံ့ကြည့်ရင်း ပြုံးလိုက်၏။ သူ၏ အမူအရာက များစွာသော လူများကို မှောင်မည်း သွားစေခဲ့သည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ နာမည် စကားဝိုင်း အတွင်း ပါလာချိန်တွင်ပင် သူက ဆက်လက်၍ မထီမဲ့ပြင် ပြုနေသည်လား။
အပြင်ဘက်ရှိ လူများမှာလည်း ဝူယု၏ အမူအရာကို ကြည့်ကာ ထပ်တူ ထပ်မျှပင် အံ့အားသင့် နေမိ၏။ အဘယ်ကြောင့်နည်း။ သူ၏ စကားလုံးများက ကောင်းကင် ဖျက်ဆီးသူထက်ရှိ လူများကို တိုက်ရိုက် လှောင်ပြောင်သလို ဖြစ်နေသောကြောင့်ပင်။
ကောင်းကင် ဧကရာဇ်များ၊ အင်ပါယာ ဧကရာဇ်များမှာ အရေး မကြီးသော်လည်း ကောင်းကင် ဖျက်ဆီးသူ ထက်တွင် မည်သူမှ စော်ကား၍ မရနိုင်သည့် လူတစ်ယောက် ရှိနေပေသည်။
ဧကရီ ရှောင်ချွမ်းပင်။
ဧကရီ ရှောင်ချွမ်းမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် အင်ပါယာ ကလန်တို့၏ အရှင်သခင်မ ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အစွမ်း အထက်ဆုံး ကျင့်ကြံသူ၏ ဇနီး ဖြစ်သည်။ ဝေ့ဝူယင်က အင်ပါယာ ကလန်ကို တိုက်ရိုက်ပင် ဆန့်ကျင်တော့မည်လော။ သူတို့ မယုံကြည်နိုင်သလို ခံစားလိုက်ကြရလေ၏။
“ဒါပေမဲ့ ဘာလို့လဲ...”
ကာဒီနယ်ဆောင်းမှာ ဝေ့ဝူယင် အဘယ်ကြောင့် အင်ပါယာ ကလန်အား ဆန့်ကျင်ဖို့ ကြိုးပမ်းနေရသည်ကို နားမလည်နိုင်ချေ။ လူငယ်မှာ အသက် တစ်ရာ မပြည့်သေးချေ။ အထူးသဖြင့်... ယခုလို မိမိကိုယ်ကို တိုးတက်ဖို့ ကြိုးစားနေရမည့် အချိန်တွင် ထိုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းက လောလွန်းသည်ဟု သူမ ခံစားရသည်။
ကောင်းကင် ဖျက်ဆီးသူထက်တွင် ထျန်းမူယန်ကတော့ ဧကရီကိုသာ တစ်ချိန်လုံး အကဲခတ် နေခဲ့၏။ သူမ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေကာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်း နေသယောင် ရှိသည်။ ထိုတစ်ယောက်က ဝေ့ဝူယင်လော။
ထျန်းလင်းယုက ထျန်းမူယန်ထံ ဝိညာဉ်အာရုံဖြင့် လျှို့ဝှက် ဆက်သွယ်လိုက်သည်။
“ဝေ့ဝူယင်နဲ့ ငြိမ်းချမ်းရေးယူဖို့ ဧကရီက ဟွမ်ရီကောင်းကို လက်လွှဲပေးလိမ့်မယ်လို့ ရှင်ထင်လား”
ထျန်းမူယန်မှာလည်း အလားတူပင် ထိုဖြစ်နိုင်ချေကို တွေးတောနေခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ သေမျိုး တစ်ယောက် ဆိုသည့်တိုင် လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ လူငယ်မှာ သူတို့ မျက်လုံးအောက်တွင်ပင် ကောင်းကင် ဖျက်ဆီးသူ တစ်စင်းကို ခိုးယူ သွားနိုင်ခဲ့သည်။
အကယ်၍ သူတို့သာ သူ့ကို တိုက်ခိုက်ခဲ့ပါက ကောင်းကင် ဖျက်ဆီးသူ အားလုံးကို သိမ်းပိုက် မသွားဟု မည်သူ အာမခံနိုင်ပါမည်နည်း။
ထို့အပြင် ဝေ့ဝူယင်မှာ ကောင်းကင် ဖျက်ဆီးသူ အားလုံးကို ဖောက်ခွဲပစ်ကာ သူတို့ကို သတ်ပစ်နိုင်ပေသေးသည်။ ထိုအရာက အင်ပါယာ ကလန်၏ ကလန်ကို များစွာ လျော့ကျသွားစေလိမ့်မည် ဖြစ်သည်။
ထို့အပြင်.. လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် အရ... အစစ်အမှန် မွေးဖွားခြင်းတွင် နတ်ဘုရား အင်ပါယာနှင့် နှိုင်းယှဉ်နိုင်သည့် ပုဂ္ဂိုလ် တစ်ယောက် ရှိနေတာ ထင်ရှားပေသည်။ လက်ရှိ၌ ထိုပုဂ္ဂိုလ်မှာ ဝေ့ဝူယင်နှင့် ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်နိုင်ပေသည်။ ထိုအရာက အင်ပါယာ ကလန် အတွက် ကောင်းမွန်သည့် လက္ခဏာ တစ်ရပ် မဟုတ်ချေ။
ဝေ့ဝူယင်နှင့် သူက ရန်သူများ မဟုတ်ပဲ မဟာမိတ်များသာ ဖြစ်နေခဲ့တာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အင်ပါယာ မျိုးနွယ်သည်လည်း သူနှင့် သဘောထားချင်း တူညီစေဖို့ ထျန်းမူယန် ကြိတ်ကာ ဆုတောင်းနေခဲ့မိ၏။
“...”
ဧကရီ ရှောင်ချွမ်းကတော့ ဆက်လက် တိတ်ဆိတ် နေဆဲ ဖြစ်ပေသည်။
“အိုး...”
ရုတ်တရက်... ဝူယု၏ မျက်လုံးများမှာ အစစ်အမှန် မွေးဖွားခြင်း၏ တွယ်ရာမဲ့ နှလုံးသား အကာအကွယ် အစီအရင်ကို လှမ်းကြည့်ကာ အရောင်ပြောင်း သွားခဲ့၏။
ဝမ်... ဝမ်...
အားလုံး၏ အကြည့်များ အောက်တွင်ပင် အလင်း အကာအကွယ်မှာ စတင် လှုပ်ရှားလာကာ ပေပေါင်း များစွာ ကျယ်ဝန်းသည့် ထွက်ပေါက် တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပေါက်မှ နေ၍ လူတစ်ယောက်နှင့် သားရဲ တစ်ကောင်မှာ မထိမခိုက်ပင် ပျံသန်း ထွက်ခွာလာခဲ့သည်။
ထိုမြင်ကွင်းက အဓိပ္ပာယ် တစ်ခုကို ဖော်ဆောင်ပေသည်။ ၎င်းကား... အစစ်အမှန် မွေးဖွားခြင်း ရှုံးနိမ့်သွားခဲ့ပြီ ဟူ၍ပင်။