← Chapters

ဝူယု

Vol. 92 Ch. 1276

ဝူယု

Vol. 92 Ch. 1276

အစစ်အမှန် မွေးဖွားခြင်းမှာ ပျက်သုဉ်းသွားခြင်း မရှိလျှင်ပင် ဝေ့ဝူယင်ထံ၌ အရှုံးပေးခဲ့ရပြီ ဖြစ်သည်။ လက်မြှောက်ခဲ့ရပြီ ဖြစ်သည်။ ထိုအရာက ထင်ရှားပေသည်။

မဟုတ်ပါက... သူတို့၏ နယ်မြေ အတွင်း ဝင်ရောက်ပြီးနောက်တွင်ပင် ဝေ့ဝူယင် မည်ကဲ့သို့ အန္တရာယ် ကင်းကင်း ထွက်လာနိုင်မည်နည်း။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင် တစ်ယောက် လက်မှ မည်ကဲ့သို့ လွတ်မြောက်လာမည်နည်း။

အားလုံးမှာ အဝေးရှိ ပုံရိပ်ကို လှမ်းကြည့် နေမိကြ၏။ သူတို့၏ စိတ်ခံစားချက်များက ရှုပ်ထွေး ပွေလီနေသည်။ အစစ်အမှန် မွေးဖွားခြင်းမှာ ကြယ်တာရာ နယ်မြေကြီး လေးခုကိုပင် နှစ်လ အတွင်း အလွန် မြန်ဆန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အင်အားစု တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ မြေကြီး ရှန့်ထို အယောက် သုံးဆယ်ကျော်... ထိုအင်အားက အလွန်ပင် ကြောက်စရာ ကောင်းလှကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အင်ပါယာ ကလန် သာလျှင် သူတို့ထက် သာလွန်ပေလိမ့်မည်။

ယခုတွင်တော့ အသက် တစ်ရာပင် မပြည့်သေးသည့် သေမျိုးလေး တစ်ယောက်မှာ ထိုကဲ့သို့ အဖွဲ့အစည်းကြီးကို အနိုင်ယူခဲ့ပြီ ဖြစ်သည်။

ဝူယု ခေါင်းညိတ် လိုက်မိ၏။ ထိုအရာက သူ၏ အဂ္ဂိရတ် သခင် ဖြစ်ပေသည်။ ဝေ့ဝူယင် နောက်ကို လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် သူ အလွန်ပင် ဂုဏ်ယူ နေမိ၏။

ဧကရီ ရှောင်ချွမ်းကတော့ ဝေ့ဝူယင် ချဉ်းကပ်လာသည်ကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ ဟွမ်ရီကောင်းမှာလည်း အင်ပါယာ၏ ဂုဏ်သတင်းနှင့် နာမည်တို့အပေါ် မှီခိုကာ တည်ငြိမ် နေခဲ့သည်။ သူက အင်ပါယာ ကလန်သား တစ်ယောက် ဖြစ်သည်။ သူ့အား ထိခိုက် အန္တရာယ်ပြုခြင်းက အင်ပါယာ ကလန်ကို စော်ကားခြင်း မည်သည်။ ထို့အပြင်... အစွမ်းထက် မြေကြီး ရှန့်ထို တစ်ပါး ဖြစ်သည့် ကုန်းရီမှာ သူ့ နံဘေးတွင် ရှိနေပေသည်။

ဝေ့ဝူယင်မှာ ကျောက်ချရပ်နားနေသည့် ဟင်းလင်းပြင် သင်္ဘောများ အနားသို့ အရောက်တွင် ရပ်တန့် လိုက်၏။ သူ၏ မျက်လုံးများက ဖြည်းညင်းစွာပင် ရွေ့လျားသွားကာ သူနှင့် အတူ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည့် လူများထံသို့ အရောက်တွင် ရပ်တန့်သွားသည်။ သူက လက်နှစ်ဖက်ကို ယှက်လိုက်၏။

“ဒီနေ့ ကျုပ်နဲ့ အတူ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လူတွေကို ကျေးဇူးတင်ပါတယ်... ကျုပ် ခင်ဗျားတို့ကို ကတိတစ်ခု ပေးနိုင်တယ်... အဲဒါက ခင်ဗျားတို့ကို ဘယ်တော့မှ မမေ့ဘူး ဆိုတာပါပဲ”

ထို့နောက် သူက လက်နှစ်ဖက်ကို ပြန်ချကာ အခြားလူများကို ခြုံကြည့်လိုက်သည်။

“အခြားလူတွေကိုလည်း ကျုပ် အပြစ်မတင်ပါဘူး... ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် သေသည် အထိ လေးစားသွားမှာပါ”

"..."

"..."

အားလုံး တိတ်ဆိတ် သွားကြ၏။ ဝေ့ဝူယင်၏ စကားလုံးများထဲမှ အဓိပ္ပာယ်ကို သူတို့ အားလုံး နားလည် ကြပေသည်။ ၎င်းက ဝေ့ဝူယင်နှင့် သူတို့ အကြားတွင် ဘဝတစ်လျှောက်လုံး နက်ရှိုင်းသည့် ဆက်ဆံရေး တစ်ခု မရှိနိုင်တော့ဟု ဆိုလိုပေသည်။ ရန်သူများ ဖြစ်မသွားလျှင်ပင် သူတို့ ဝေ့ဝူယင်ထံမှ မည်သည့် အကျိုးအမြတ်ကိုမှ မျှော်လင့်လို့ မရနိုင်တော့ချေ။

ဝေ့ဝူယင်ကတော့ သူတို့ကို ထပ်မံ အနှောက်အယှက် ပေးခြင်း မပြုတော့ချေ။ ပိုင်လင်မှာ ချိပ်ပိတ်ထားသည့် ကောင်းကင် ဖျက်ဆီးသူထံကိုသာ ဦးတည် ပျံသန်းလာခဲ့၏။

“သခင်လေး...”

ဝူယုက လေးစားစွာပင် ဝေ့ဝူယင်ကို နှုတ်ဆက်လိုက်၏။ ဝေ့ဝူယင်က အပြုံးဖြင့် တုန့်ပြန်လိုက်သည်။ ထို့နောက် သူက အောက်ရှိလူများ၏ အကြည့်များကို လျစ်လျူကာ ကောင်းကင် ဖျက်ဆီးသူပေါ်သို့ ဆင်းသက် လိုက်သည်။

ဝူယုနှင့် စကားအနည်းငယ် ဖလှယ်ပြီး နောက်၌ ဝေ့ဝူယင်က အောက်ကို ငုံ့ကာ ဟွမ်ရီကောင်းကို ကြည့်လိုက်သည်။ ထိုအခိုက်၌ သူ၏ မျက်လုံးများက ရေခဲကဲ့သို့ အလွန်အမင်း အေးစက် နေခဲ့သည်။ ဤသည်က ထိုအဂ္ဂိရတ် အမှိုက်ကို အဆုံးသတ်ရမည့် အချိန် ဖြစ်သည်။

ကောင်းကင် ဖျက်ဆီးသူ အစီအရင် အတွင်းတွင် ဖြစ်လေရာ သူ့ထံတွင် ဟွမ်ရီကောင်းကို သတ်ရန် နည်းလမ်းပေါင်း များစွာ ရှိသည်။ ဝေ့ဝူယင် ဝူယုကို အမိန့်ပေးဖို့ ဟန်ပြင်လိုက်စဉ်မှာပင် သြဇာ တိက္ကမနှင့် ပြည့်စုံသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

“နေဦး...”

အော်ဟစ်လိုက်သူက အခြားလူ မဟုတ်...။ လာဗန်ဒါ အဂ္ဂိရတ် အာဏာရှင် တစ်ဖြစ်လည်း အင်ပါယာ မျိုးနွယ်၏ ဒုတိယ အမြင့် အဂ္ဂိရတ် အာဏာကို ပိုင်ဆိုင်ထားသည့် ဟွမ်ရီကောင်းပင် ဖြစ်လေသည်။

ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက် အောက်ကို ငုံ့ကြည့်လိုက်ကြ၏။ အာရုံစူးစိုက်မှုကို ရရှိခဲ့ကြောင်း တွေ့မြင်ပြီး နောက်တွင် ဟွမ်ရီကောင်းက ရှေ့သို့ ထွက်လာခဲ့သည်။ ဟွမ်ရီကောင်းမှာ မိမိကိုယ်ကို ယုံကြည်မှုကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ လှုပ်ရှားမှုများက ကြီးမြတ်မှု အာရုံ တစ်ခုကို သယ်ဆောင်ထား၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ဟွမ်ရီကောင်းက ခေါ်လိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင်တော့ မခို့တယို့ အပြုံးတစ်ခု ရှိနေခဲ့သည်။

“မင်း သေချာပြီလား...”

သူက အထက်စီး လေသံမျိုးဖြင့် မေးလိုက်၏။ ၎င်းမှာ မရှင်းလင်းသည့် မေးခွန်း တစ်ခု ဖြစ်သော်လည်း တစ်ချိန်တည်း၌ အဓိပ္ပာယ်ပေါင်း များစွာကို သယ်ဆောင်ထားပေသည်။ အခြေအနေပေါ် မူတည်၍ ကွဲလွဲ နိုင်ပေသည်။

ယခု ဝေ့ဝူယင် လိုက်လာသည်မှာ သူ့ကို သတ်ရန် ဖြစ်ကြောင်း ဟွမ်ရီကောင်း သိသည်။ ဝေ့ဝူယင်က ယနေ့မှာ သူ့သေနေ့ဟု ဆိုခဲ့သည်။ ဝူယုပါ ရောက်ရှိလာမှုက ထိုအချက်ကို ပိုမို သေချာစေခဲ့သည်။

သို့သော်လည်း... သူ့ဘေးတွင် ကောင်းကင် အင်ပါယာ နှစ်ယောက်နှင့် အင်ပါယာ ဧကရာဇ် တစ်ယောက် ရှိသည်။ ဧကရီ ရှိသည်။ သူ့ နောက်တွင် အင်ပါယာ မျိုးနွယ် ရှိသည်။ ဧကရာဇ်၏ နာမည် ရှိသည်။

ဟွမ်ရီကောင်း၏ မျက်နှာထက်ရှိ မထီတရီ အပြုံး၊ အထက်စီးဆန်သည့် လေသံ၊ ယုံကြည်ချက် ရှိနေသည့် မျက်နှာအမူအရာ... စသည်တို့ကို ထောက်ချင့်ရလျှင် ထိုလူအိုကြီး၏ မေးခွန်းကို “ဂျူနီယာ... မင်း လုပ်ရဲလား” ဟု အဓိပ္ပာယ် ကောက်နိုင်လိမ့်မည် ဖြစ်သည်။

"..."

ဝေ့ဝူယင် ဟွမ်ရီကောင်း၏ တည်ငြိမ်နေသည့် မျက်နှာကို ကြည့်လိုက်၏။ ထို့နောက် အခြားလူများ၏ အမူအရာများကိုပါ အကဲခတ် လိုက်သည်။ ကုန်းရီမှာ သူ၏ လျှို့ဝှက် အော်ရာကို ထုတ်ဖော်ထားကာ ဟွမ်ရီကောင်း၏ ဘေးနား၌ ခိုင်မာစွာ ရပ်နေခဲ့၏။ ထျန်းမူယန်၏ မျက်လုံးများထဲတွင်တော့ ခါးသီးမှု တစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း... သူက အတွေးများကို ဖုံးဖိဖို့ ကြိုးစားနေကာ တည်ငြိမ်သည့် အမူအရာကို ဆင်မြန်းထားသည်။ ထျန်းလင်းယုကတော့ ဝေ့ဝူယင်ကို စိုက်ကြည့် နေခဲ့၏။ သူမ၏ စိတ်ခံစားချက်များက ဝေ့ဝူယင် အတွက် အလွန်အမင်း ရင်းနှီးပေသည်။ ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။

သို့သော်လည်း ဧကရီကတော့ ခြားနားပေသည်။ သူမ၏ အမူအရာက တည်ငြိမ်နေကာ အခြေအနေကို အေးအေးဆေးဆေးပင် လေ့လာ နေခဲ့သည်။ သို့သော်လည်း... အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးကို သန့်စင်ပြီး နောက်တွင် စိတ်စွမ်းအင်လှိုင်းများ အဖြစ် ဝေ့ဝူယင်၏ အာရုံ ခံနိုင်စွမ်းမှာ အလွန်အမင်း တိုးတက် လာခဲ့သည်။ ထို့ကြောင့်ပင် ဧကရီ၏ စိတ်အတွင်း၌ မသေချာ မရေရာမှုများနှင့် စိုးရိမ်မှုများ တည်ရှိနေကြောင်း သူ အာရုံခံနိုင်ပေသည်။ သို့‌စေကာမူ... အပြင်ပန်းတွင်တော့ သူမမှာ အင်ပါယာ မျိုးနွယ် ဧကရီ တစ်ပါးတွင် ရှိသင့် ရှိထိုက်သည့် အကြွင်းမဲ့ တည်ငြိမ်မှုမျိုးကို ဆက်လက် ပြသထားဆဲ ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ...”

ဝေ့ဝူယင် စိတ်ထဲမှ တွေးလိုက်ရင်း ဝူယုကို အမိန့်ပေးလိုက်၏။

“အကာအကွယ်ကို ဖွင့်လိုက်ပါ”

ဝူယုက ပြန်လည် မေးခွန်းထုတ်ခြင်း မရှိပဲ လက်ထဲရှိ အဆောင်ကို အသက်သွင်းကာ ကောင်းကင် ဖျက်ဆီးသူ လျှို့ဝှက် အကာအကွယ် အစီအရင်ကို ဖယ်ရှားလိုက်သည်။

ဝှစ်... ဝှစ်...

ဝေ့ဝူယင်တို့ သုံးယောက်မှာ သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် သူတို့က အင်ပါယာ ကလန်၏ မြေကြီး ရှန့်ထိုများနှင့် မီတာ ဒါဇင် ဂဏန်းခန့် အကွာတွင် ရပ်လိုက်ကြလေသည်။

ပိုင်လင်၏ မျက်လုံးများက ရွှေရောင် မီးတောက်မီးလျှံများနှင့် ပြည့်နှက်နေကာ အင်ပါယာ ကလန်သားများကို တစ်ယောက်ချင်း စိုက်ကြည့် နေခဲ့၏။ ဟွမ်ရီကောင်းထံသို့ အရောက်၌ သူ၏ သတ်ဖြတ်လိုစိတ်များက အမြင့်ဆုံးထိ မြင့်တက်သွားသည်။ ထိုလူအိုကြီးကို သူ အရှင်လတ်လတ် မီးလောင်တိုက် သွင်းပစ်ချင်နေခဲ့ပြီ ဖြစ်သည်။

ကုန်းရီ၏ ခန္ဓာကိုယ်က တောင့်တင်း သွား၏။ သူ ဟွမ်ရီကောင်းကို ခေါ်‌ဆောင်ကာ ဘေးလွတ်ရာ နေရာကို ရွေ့လျားဖို့ ဟန်ပြင်လိုက်သည်။ သို့သော်လည်း... ချက်ချင်း ဆိုသလိုပင် ဝူယု၏ ဝိညာဉ်အာရုံက သူ့ကို လွှမ်းခြုံထားကြောင်း သတိထားမိသွားသည်။ အကယ်၍ သူ တစ်ခုခု လှုပ်ရှားဖို့ ကြိုးပမ်းပါက ဝူယုမှာ စတင် တိုက်ခိုက်တော့မည့်ပုံ ရသည်။ မြေကြီး ရှန့်ထို နှစ်ယောက် အကြားမှ တိုက်ပွဲ အဟုန်ကို ဟွမ်ရီကောင်း တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်း တစ်ခုကပင် သူ့ အသက်ကို ချွေယူပစ်နိုင်ပေသည်။

ထို့အပြင်... ဝူယုမှာ ကောင်းကင် ဖျက်ဆီးသူ အစီအရင်ကို ထိန်းချုပ်ထားသည်။ ထို့ကြောင်ပင် သူ့လက်မှ လွတ်မြောက်ရန်မှာ အလွန် ခက်ခဲလှသော အလုပ် ဖြစ်ပေသည်။ လေထုအတွင်း တင်းမာမှု တစ်ခုက အရှိန်အဟုန် ပြင်းစွာဖြင့် မြင့်တက်လာခဲ့၏။

တစ်ချိန်တည်း၌ ဝေ့ဝူယင်က ဧကရီကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက မောက်မာခြင်း မရှိသလို နှိမ့်ချခြင်းလည်း မရှိပါချေ။

“ဧကရီ... ခင်ဗျားနဲ့ သင်္ဘောသားတွေ အားလုံး လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပါတယ်... ကျုပ် ကိစ္စ ပြီးတာနဲ့ ကောင်းကင်ဖျက်ဆီးသူကို ပြန်ပေးမယ်”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က ဝူယုဘက်ကို လှည့်ကာ အမိန့်ပေးလိုက်၏။

“သူ့ကို နည်းနည်း အလုပ်ပေးထားလိုက်ပါ”

အားလုံး၏ အမူအရာများက ကြောင်အ သွားကြ၏။ မည်သူ့ကိုနည်း။ သူတို့ အားလုံး သဘောမပေါက်နိုင်ခင်မှာပင် ဝူယုက ခေါင်းညိတ်လိုက်၏။

“နည်းနည်း‌လောက် အညောင်းဖြေရတာပေါ့”

ဝှစ်...

မတ်တပ်ရပ်လျှက် အနေအထားကပင် ဝူယုမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ကုန်းရီထံသို့ တိုးဝင် သွားခဲ့၏။

ဘုန်း...

အင်ပါယာ ကလန်၏ အသက် အကြီးဆုံး ကောင်းကင် ဧကရာဇ်မှာ သူ့ အပေါ် တောင်တစ်လုံး သဖွယ် ဖိအား တစ်ခု ပြုတ်ကျလာသလို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများက ရန်လိုစွာဖြင့် မှေးစင်းသွားကာ လေစွမ်းအင် လျှို့ဝှက် ဝိညာဉ်မှာ ချက်ချင်းပင် တုန့်ပြန်လာခဲ့၏။

ဟူး... ဟူး...

သူ့ ခန္ဓာကိုယ်ကို ဝန်းရံ၍ လေဆင်နှာမောင်း တစ်ခု ကြမ်းတမ်းစွာ ဖွဲ့စည်းလာခဲ့သည်။ သို့သော်လည်း... ဝူယု၏ လှုပ်ရှားမှုက အလွန်ပင် ကြမ်းကြုတ်ကာ အတင်းအကြပ် ဆန်လွန်းလှသည်။

ဘုန်း...

ပင့်လက်သီးတစ်ချက်တည်းဖြင့်ပင် ကုန်းရီ၏ လေဆင်နှာမောင်းမှာ ပျက်စီးကာ ခန္ဓာကိုယ်မှာ အပေါ်သို့ လွင့်စဉ် သွားခဲ့၏။ တဒင်္ဂအတွင်းမှာပင် သူက မိုင်ထောင်ပေါင်းများစွာ အကွာသို့ ရောက်ရှိသွားခဲ့သည်။ ဝူယုမှာ ချက်ချင်းပင် ရောင်စုံ အင်ပါယာ အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ထိုနောက်သို့ လိုက်ပါ သွားခဲ့၏။

ဘုန်း... ဘုန်း...

တဒင်္ဂ အတွင်းမှာပင် အမှောင် ဟင်းလင်းပြင်အတွင်း၌ မြေကြီး ရှန့်ထို နှစ်ယောက်၏ တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်လေတော့သည်။

All Chapters