အမှတ်တရနေ့
Vol. 92 Ch. 1277
ဘုန်း... ဘုန်း...
မြေကြီး ရှန့်ထို နှစ်ယောက်၏ တိုက်ပွဲမှာ အနီးအနားရှိ ဟင်းလင်းပြင် သင်္ဘောများစွာကို ငလျင်လှုပ်သလို ကြမ်းတမ်း ခက်ထန်စွာ တုန်ခါသွားစေခဲ့၏။ ချက်ချင်းပင် ၎င်းတို့မှာ ဝင်္ကပါပေါင်းများစွာကို အသက်သွင်းကာ ကာကွယ်ဖို့ ကြိုးပမ်း လိုက်ကြသည်။ သို့သော်လည်း သူတို့မှာ ကြာရှည်စွာ ခုခံနိုင်စွမ်း မရှိလေရာ နောက်ကိုသာ ဆုတ်လိုက်ကြရ၏။
“...”
ကာဒီနယ်ဆောင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း ဟင်းလင်းပြင် သင်္ဘောကို ထိန်းချုပ်ကာ နောက်ဆုတ် လိုက်၏။ သူမက ဝူယုနှင့် ကုန်းရီတို့ကိုသာ မက ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲ လိုက်မိခြင်း ဖြစ်သည်။ တိုက်ပွဲ တစ်ခု အချိန်မရွေး ပေါ်လာနိုင်ကြောင်း သူမ သတိပြုမိခဲ့သင့်သည်။ ကံဆိုးစွာပင် ယခုတွင်တော့ သူမ၏ ဟင်းလင်းပြင် သင်္ဘောမှာ ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုအရာက မြေကြီး ရှန့်ထို နှစ်ယောက်၏ အသေးငယ်ဆုံးသော ဟင်းလင်းပြင်လှိုင်းကလေးများသာ ဖြစ်ပေသည်။ တိုက်ပွဲက အမြင့်ဆုံးသော အရှိန်အဟုန်ကိုပင် မရောက်ရှိသေးချေ။
ထိုအချက် တစ်ခုတည်းကပင်လျှင် မြေကြီး ရှန့်ထိုများ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ထင်ရှားလှသည်။ မြေကြီး ရှန့်ထို တစ်ယောက် လက်နက် အပြည့်အစုံနှင့် အင်ပြည့်အားပြည့် တိုက်ခိုက်ခြင်းမှာ ကြယ်တာရာ နယ်မြေများကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် မြေကြီး ရှန့်ထို ကဲ့သို့ ထိပ်သီး အဆင့် ကျင့်ကြံသူ များစွာမှာ ချိပ်ပိတ်ကာ သီးသန့် ဟင်းလင်းပြင် တစ်ခုတွင် တိုက်ခိုက်ကြခြင်း ဖြစ်လေသည်။
ထျန်းလင်းယုမှာ သင်္ဘောသားများအား ကာကွယ်သည့် အနေအထားကိုပင် ဆက်လက် လုပ်ဆောင် နေခဲ့၏။ ထျန်းမူယန်ကတော့ ကောင်းကင်ရှိ တိုက်ပွဲကိုသာ လှမ်းငေးကြည့် နေခဲ့သည်။ သူ့ မျက်ဝန်းများ အတွင်းတွင်တော့ ထူးဆန်းသည့် အရောင်အဝါ တစ်ခု ရှိနေခဲ့လေသည်။
ဝေ့ဝူယင်က ထိုနှစ်ယောက်ကို ကြည့်လိုက်၏။
“ခင်ဗျားတို့ နှစ်ယောက် ဘာလို့ အခြားလူတွေကို ခေါ်သွားပြီး ပိုင်လင်နဲ့ မကစားကြတာလဲ”
ပိုင်လင်...။ ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ အံ့သြသွားကာ မီးဖီးနစ်ကို လှမ်ကြည့် လိုက်ကြ၏။ သူတို့က ထိုငှက်နှင့် တိုက်ခိုက်ရမည်လား။
ပိုမို၍ အရေးကြီးသည့် အရာက ဝေ့ဝူယင်မှာ ဧကရီကို စကားပြောခွင့် တစ်ချက်မှ မပေးခဲ့ခြင်း ဖြစ်သည်။ သူတို့ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ပိုင်လင်၏ နိဗာန မီးတောက်များမှာ လှပသည့် ခန္ဓာကိုယ်တွင် အရှိန်အဟုန် ပြင်းစွာ တောက်လောင်လာခဲ့၏။ ထို့နောက်တွင်တော့ သင်္ဘောသားများထံသို့ တိုးဝင် သွားခဲ့တော့သည်။ ထျန်းမူယန်နှင့် ထျန်းလင်းယုတို့မှာ သူတို့ ဘာလုပ်ရမည် ဖြစ်ကြောင်း ချက်ချင်းပင် သိပေသည်။ သူတို့က ချက်ချင်းပင် သင်္ဘောသားများကို ကာကွယ်ကာ အမှောင် ဟင်းလင်းပြင် အတွင်း ခေါ်ဆောင် သွားကြ၏။
သူတို့ နှစ်ယောက်၏ လှုပ်ရှားမှုများမှာ အလွန်ပင် မြန်ဆန်လှပေသည်။ ပိုင်လင်က အော်ဟစ်ရင်း သူတို့နောက်ကို လိုက်ပါသွားခဲ့၏။
များမကြာခင်မှာပင် သူတို့မှာ မိုင်သောင်းပေါင်းများစွာ အဝေးသို့ ရောက်ရှိသွားခဲ့၏။ ပိုင်လင်မှာ ခပ်ထန် ကြမ်းတမ်းစွာ တိုက်ခိုက်ခြင်း မပြုသည့်တိုင် မီးပင်လယ် တစ်ခုကို ထုတ်ဖော်ထားကာ သူတို့ အားလုံးကို ကောင်းကင် ဖျက်ဆီးသူထံ မပြန်နိုင်အောင် တားဆီးထား၏။
မကြာခင် လူသုံးယောက်မှာ သင်္ဘောထက်၌ ကျန်ရှိပေတော့သည်။ သူတို့က ဝေ့ဝူယင်၊ ဧကရီနှင့် ဟွမ်ရီကောင်းတို့ပင် ဖြစ်ပေသည်။ ဟွမ်ရီကောင်းမှာ ယုံကြည်ချက် အပြည့်အဝပင် ရှိနေသေးဆဲ ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် နောက်ထပ် မြေကြီး ရှန့်ထို တစ်ယောက် ရှိနေသေးကြောင်း သူ သိပေသည်။ သို့သော်လည်း သူ့ထံတွင် ဧကရီ ရှိသည်။
ဝေ့ဝူယင် နောက်ထပ် လှုပ်ရှားမည့် အရာကို ဟွမ်ရီကောင်း ခန့်မှန်းမိသည်။ သူက နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုကို ခေါ်ယူကာ ဧကရီနှင့် ရင်ဆိုင်ခိုင်းလိမ့်မည်။ ထို့နောက်တွင်ရော...။ ပိုင်လင်၊ ဝူယု၊ ထူးဆန်းသော မြေကြီး ရှန့်ထို... သူ့တွင် ရှိသမျှ အင်အားစု အားလုံး ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်ထံတွင် အစွမ်း အဆောင်များ ရှိနေနိုင်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။ သို့သော်လည်း... အချိန် ကြာမြင့်စွာ အသက်ရှင်ခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် သူ့ထံတွင်လည်း ရှိသည်သာ ဖြစ်သည်။ ထို့အပြင်... သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် အနေဖြင့် သူက ဝေ့ဝူယင်ထက် ပိုမို လျှင်မြန်စွာ လှုပ်ရှားနိုင်စွမ်း ရှိသည်။
အဆိုပါ အချက်အလက်များ အပြင် ဟွမ်ရီကောင်း ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိနေရသည့် နောက်ထပ် အကြောင်းရင်း တစ်ခု ရှိနေပေသေးသည်။ ထိုအကြောင်းကြောင့်ပင် ဟွမ်ရီကောင်းမှာ ယခုလောက် အကြောက်အလန့် ကင်းမဲ့နေရခြင်း ဖြစ်သည်။ ၎င်းသည်ကား...။
ဟွမ်ရီကောင်းက အတွေးများကို ရုတ်သိမ်းရင်း ပြုံးလိုက်၏။
“မင်းက တကယ့်ကို ကလေးပဲ... အခု မင်းရဲ့ နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုကို ခေါ်ထုတ်ပြီး ဧကရီနဲ့ တိုက်ခိုက်ခိုင်းမှာ မလား... လုပ်လေ”
ဝေ့ဝူယင်က ဟွမ်ရီကောင်းကို အဖက်မလုပ်သေးပဲ ဧကရီကိုဘက်ကိုသာ လှည့်လိုက်သည်။
ဧကရီမှာ အလွန်ပင် တည်ငြိမ်နေသည်။ သူမ၏ လျှို့ဝှက် အော်ရာက မုန်တိုင်းတစ်ခု၏ မျက်လုံးအလား အေးချမ်းနေသည်။ သူမထံတွင် တိုက်ပွဲ အတွက် ပြင်ဆင်သည့် လက္ခဏာ မရှိချေ။
ဟုန်ယန်လျှို့လန်မှာ အဝေးတွင် ဖြစ်ပျက်နေသည့် မြင်ကွင်းများကို တိတ်တဆိတ်ပင် လှမ်းကာ အကဲခတ် နေခဲ့သည်။ သူမ၏ အတွေးက ဟွမ်ရီကောင်းနှင့် များစွာ ခြားနားခြင်း မရှိချေ။ ဝေ့ဝူယင်မှာ ဧကရီကို ရင်ဆိုင်ရန် အတွက် နဂါးခေါင်းဆောင်နှင့် မြေကြီး ရှန့်ထိုကို ခေါ်ယူလိမ့်မည် ဖြစ်သည်။
“ကျုပ် အဲဒီလို လုပ်ရင် ဧကရီကို ထိခိုက်သွားမှာ စိုးရိမ်မိတယ်... အဲဒါဆိုရင် အခြေအနေတွေက ထိန်းချုပ်မှုကို နည်းနည်းလေး ကျော်သွားလိမ့်မယ်”
ဝေ့ဝူယင်က ဟွမ်ရီကောင်း၏ မေးခွန်းကို ပြန်လည် တုန့်ပြန်လိုက်၏။ ဧကရီ၏ အမူအရာကတော့ လုံးဝ မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... သူမ၏ စိတ်စွမ်းအင်လှိုင်းများက အံ့သြမှုဖြင့် အနည်းငယ် တုန်လှုပ် သွားကြောင်း သူ ခံစားနိုင်ပေသည်။ သို့သော်လည်း... ၎င်းက အံ့သြမှု သက်သက်သာ ဖြစ်သည်။ ပြင်းထန်သည့် ယုံကြည်ချက် အငွေ့အသက်များက သူမထံတွင် တည်ရှိနေသေးဆဲ ဖြစ်သည်။
ဝေ့ဝူယင် စိတ်ထဲမှ ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ သူ ဟွမ်ရီကောင်း ပြောသည့် အစီအစဉ်ကို အစောကြီး ကတည်းကပင် စဉ်းစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ထိုကဲ့သို့ လုပ်ဖို့ ကြိုးပမ်းပါက အရာရာမှာ ထိန်းချုပ်မှုမှ လွတ်ထွက်သွားမည် ဖြစ်ကြောင်း သူ ခံစားရသည်။ အဘယ်ကြောင့်နည်း။ မူမမှန်သည့် တစ်စုံတစ်ရာ ရှိနေသောကြောင့်ပင်။ သို့သော်လည်း... ၎င်းက မည်သည့်အရာ ဖြစ်ကြောင်း သူ တိတိကျကျက မပြောတတ်ပါချေ။
နောက်ဆုံး၌ ဝေ့ဝူယင်က ဟွမ်ရီကောင်းဘက်သို့ ပြန်လှည့်လိုက်၏။
“ခုနကတုန်းက ခင်ဗျား ကြောက်နေခဲ့တာပါ... ဘယ်အရာက ခင်ဗျားစိတ်ကို ပြောင်းလဲ စေခဲ့တာလဲ”
သူ စိတ်ဝင်တစားပင် မေးလိုက်၏။
“ဘာဖြစ်လို့ မင်း အစီအစဉ်တိုင်း လုပ်ပြီး စောင့်မကြည့်ရတာလဲ”
ဟွမ်ရီကောင်းက ရယ်မောလိုက်၏။
“မင်းရဲ့ လူထူးဆန်းကောင်ကို ထုတ်လိုက်လေ... နောက်ပြီး ငါ့ကို သတ်ဖို့ စီစဉ်ထားတဲ့ဟာကိုပါ ထုတ်လိုက်... ငါ တကယ် စိတ်ဝင်စားနေပြီ”
ပျော်စရာ ကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်ရတော့မည့် အလား သူ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။ ဝေ့ဝူယင် ခေါင်းအား ခါယမ်း လိုက်မိသည်။ ထို့နောက် သူက တည်ငြိမ်စွာပင် မေးလိုက်သည်။
"ကျုပ် ခင်ဗျားကို ဘာပြောခဲ့တယ် ဆိုတာ မှတ်မိလား...”
ဟွမ်ရီကောင်းက လျှို့ဝှက် အော်ရာကိုပင် ထုတ်ဖော်ထားခြင်း မရှိပဲ ဧကရီ ကဲ့သို့ တည်ငြိမ် နေခဲ့သည်။ သူက ခါးကို ဆန့်တန်း၍ မားမားမတ်မတ်ပင် ရပ်နေကာ ယုံကြည်ချက် အပြည့် ရှိနေသည့်ပုံ ပေါ်၏။
“မင်းလို ကလေးစုတ်လေးတွေ ပြောတဲ့ စကားကို ငါက မှတ်ထားလိမ့်မယ်လို့ ထင်နေတာလား... အဲဒီလိုသာ လိုက်မှတ်ထားရရင် ငါ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်ဘူး”
ဝေ့ဝူယင်၏ အကြည့်များက ပြောင်းလဲမှု မရှိပါချေ။
“ဒါဆိုလည်း နောက်တစ်ကြိမ် ထပ်ပြီး နားထောက်လိုက်ပါ... ကျုပ် ပြောတာက ခင်ဗျားရှေ့မှာ ဘယ်သူပဲ ရပ်နေ ရပ်နေ... ဧကရီနဲ့ အင်ပါယာ လာရပ်နေရင်တောင် နောက်နှစ် ဒီနေ့က ခင်ဗျားရဲ့ နှစ်ပတ်လည်နေ့ ဖြစ်ရမယ် လို့”
ရွှင်း...
ဝေ့ဝူယင် လက်ထဲတွင် ဆေဘာတစ်စင်း ပေါ်လာခဲ့၏။ ၎င်းမှာ စစ်အမတေဖြင့် ဖန်တီးထားသည့် ဓားအိမ်အတွင်း ငြိမ်သက်စွာပင် ရှိနေပေသည်။ သူ၏ မျက်လုံးများက ရေခဲအလား အေးစက်နေကာ ဟွမ်ရီကောင်းကို စိုက်ကြည့် နေခဲ့သည်။
လူအုပ်မှာ ထိုမြင်ကွင်းကို ဒွိဟဖြစ်စွာဖြင့် ကြည့်နေခဲ့၏။ ဝေ့ဝူယင်က ဟွမ်ရီကောင်းကို ကိုယ်တိုင် တိုက်ခိုက်တော့မည်လော။ သို့သော်လည်း သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင်... ဧကရီမှာ သူတို့ နံဘေးတွင် ရှိနေသည်။ နဂါးခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထို ပေါ်လာကာ ဧကရီကို တားဆီးလိမ့်မည် ဟု သူတို့အား ထင်မှတ်ထားကြသော်လည်း... မည်သူမှ ပေါ်မလာခဲ့ပါချေ။
ဖျပ်...
“ကျုပ် ဘဝမှာ ခွန်အားကို အမြဲတမ်း ကန့်သတ်ထားခဲ့ရတယ်...”
ဝေ့ဝူယင်မှာ ဟွမ်ရီကောင်းထံသို့ ဖြည်းညင်းစွာပင် စတင် လျှောက်လာခဲ့၏။ သူ၏ ခြေလှမ်းများက တည်ငြိမ်ကာ ကြည်လင် ရှင်းလင်းလှသည်။
“သေမျိုး အဆင့် ခန္ဓာကိုယ်ကြောင့် ကျုပ် ဘယ်တော့မှ ခွန်အားကို အပြည့်အဝ မထုတ်ဖော်ခဲ့ရဘူး... ကျုပ် ဘယ်လောက်ပဲ သန့်စင် သန့်စင် သေမျိုး အဆင့် ဆိုတဲ့ အနေအထားက ရုန်းမထွက် နိုင်ခဲ့ဘူး...”
ဖျပ်... ဖျပ်... ဖျပ်...
“အဲဒီလို ခန္ဓာကိုယ် အကန့်အသတ်ကြောင့်ပဲ ကျုပ်မှာ သုံးနိုင်တဲ့ စွမ်းအား တစ်ရာ ရှိတယ် ဆိုရင် သုံးခုလောက်ကိုပဲ သုံးနိုင်ခဲ့တယ်”
ဝေ့ဝူယင်မှာ ဧကရီ ရှောင်ချွမ်းကို ကျော်လွန်သွားခဲ့၏။ သူမ၏ လှပသော မျက်လုံးများက တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိပဲ ဝေ့ဝူယင်ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။ သေမျိုး ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်မှာ ဟွမ်ရီကောင်းကို အန္တရာယ် ပေးနိုင်လိမ့်မည်ဟု သူမ မယုံကြည်ချေ။
သူမ လှုပ်ရှားခြင်း မပြုချေ။ သူမ လှုပ်ရှားလိုက်သည်နှင့် အရာရာက ကစဉ့်ကလျား ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“အဂ္ဂိရတ် အာဏာရှင် ဟွမ်... အခု ကျုပ်ဆီမှာ အဲဒီ အကန့်အသတ် မရှိတော့ဘူး... ကျုပ်ရဲ့ အစစ်အမှန် ခွန်အားကို ပထမဆုံး ခံစားခွင့် ရခဲ့တဲ့ လူတစ်ယောက် အနေနဲ့ ခင်ဗျားကို ကျုပ်ရဲ့ သေမျိုး တစ်ဘဝလုံး အမှတ်ရနေမှာပါ... ဒီနေ့က ကျုပ်တို့ နှစ်ယောက် စလုံး အတွက် အကြီးကျယ်ဆုံး အမှတ်တရနေ့ပဲ...”
“ကျုပ် ဆိုတဲ့ ဝေ့ဝူယင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို အဂ္ဂိရတ် သမား တစ်ယောက် အနေနဲ့ မဟုတ်ပဲ ကျင့်ကြံသူ တစ်ယောက် အနေနဲ့ စပြီး ဝင်ရောက်တဲ့နေ့... ခင်ဗျား ဆိုတဲ့ လာဗန်ဒါ အဂ္ဂိရတ် အာဏာရှင် သေဆုံးတဲ့နေ့...”
ဖျပ်...
ဟွမ်ရီကောင်းနှင့် ကိုးမီတာခန့် အကွာအဝေးတွင် ဝေ့ဝူယင် ခြေလှမ်းများကို ရပ်တန့် လိုက်သည်။ ထိုအခိုက်တွင်ပင် လူအိုကြီး၏ မျက်လုံးများမှာ မထိန်းချုပ်နိုင်စွာ ပြူးကျယ် လာခဲ့၏။
"..."
ဟွမ်ရီကောင်း၏ မျက်နှာ ထက်၌ ကြောက်ရွံ့သည့် အမူအရာ တစ်ခု ပြန်ပေါ်လာခဲ့သည်။ ထိုကြောက်ရွံ့မှုမှာ အလွန်တရာ နက်ရှိုင်းလွန်းရကား သူ၏ မျက်နှာ အသားအရည်များပင် လှုပ်ခါ လာခဲ့၏။
“ကျုပ် နောင်တရတာ တစ်ခုပဲ ရှိတယ်... အဲဒါက ခင်ဗျားကို နှစ်ခါပြန် မသတ်နိုင်တာပဲ”
ချက်...
ရုတ်တရက် ဟွမ်ရီကောင်း၏ လည်ပင်းတွင် အစင်းကြောင်းလေး တစ်ခု ပေါ်လာခဲ့၏။ ထိုအစင်းကြောင်းလေးက တဖြည်းဖြည်း ပိုမို ထင်ရှားလာ သွေးများက အဆက်မပြတ် စီးကျလာသည်။ ထို့နောက်တွင်တော့ လာဗင်ဒါ အဂ္ဂိရတ် အာဏာရှင်၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ကင်းကွာကာ အောက်သို့ လျှောကျသွားခဲ့လေတော့၏။
ဘုန်း...
ထို့နောက်တွင်တော့ ထိုဦးခေါင်းမှာ အဖြူရောင် မီးတောက်များနှင့် တဟုန်းဟုန်း တောက်လောင် သွားခဲ့လေတော့သည်။
***