← Chapters

ကျိန်စာနံပတ် ၃၃

Vol. 92 Ch. 1279

ကျိန်စာနံပတ် ၃၃

Vol. 92 Ch. 1279

“...”

အမျိုးမျိုးသော အင်အားစုများမှ တက်ရောက်လာကြသော ပုဂ္ဂိုလ်များစွာမှာ ဝေ့ဝူယင်ကြောင့် ဆွံ့အ နေကြ၏။ ထိပ်တန်း မြေကြီး ရှန့်ထို တစ်ယောက်၏ ရှေ့တွင်ပင် သေမျိုး တစ်‌ယောက်က သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်း... ၎င်းမှာ သာမန်လူများ နားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန် နေပေသည်။ များစွာသော လူများ၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ် နေကြ၏။

စက္ကန့်ပေါင်းများစွာ ကြာပြီးနောက်မှ သူတို့မှာ အခြေအနေကို လက်ခံ လာနိုင်ကြသည်။ ဟုတ်သည်။ ဝေ့ဝူယင်မှာ လာဗန်ဒါ အဂ္ဂိရတ် အာဏာရှင် တစ်ဖြစ်လည်း အင်ပါယာ ကလန်၏ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။ အနီးအနားရှိ ဧကရီ ပင်လျှင် ဟွမ်ရီကောင်း၏ အသက်ကို အချိန်မှီ ကယ်တင် နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

သို့သော်လည်း... ထိုလုပ်ရပ်၏ အတိမ်အနက်ကို သူတို့ အားလုံး နားလည်ကြပေသည်။ ထိုအရာက အင်ပါယာ ကလန်ကို စစ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ခေတ်သစ်တစ်ခု၏ ဦးဆောင် ပုဂ္ဂိုလ် ဖြစ်သော သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့မှာ အင်ပါယာ ကလန်ကို စစ်ခင်းတော့မည်လော။

သူတို့စိတ်ထဲ ပေါ်လာသည့် ပထမဆုံး အတွေးက အလွန် ရူးမိုက်ခြင်း ဖြစ်သည်။ နတ်ဘုရား အင်ပါယာနှင့် အင်ပါယာ ကလန်မှာ ပြိုင်ဘက်ကင်းသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကိုပင် ကိုင်တွယ်နိုင်ခဲ့သူ ဖြစ်သည်။ သူ့ကို အထင်သေး၍ မရနိုင်ပါချေ။

ပိုမို၍ အရေးကြီးသည့် အရာက သူက ဝေ့ဝူယင် ဖြစ်နေခြင်း ဖြစ်သည်။

ဝေ့ဝူယင်...

သူက အဂ္ဂိရတ် လမ်းစဉ်တွင် အထွတ်အထိပ် ပါရမီမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက မကြာခင်မှာပင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲ ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ သူက ကျင့်ကြံခြင်း လမ်းစဉ်တွင်မှာပါ အလွန် ထူးချွန်ကြောင်း သက်သေပြခဲ့သည်။ သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို သတ်ဖြတ်ပြခဲ့သည်။

စောစောပိုင်းက အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်အား ဝေ့ဝူယင် ခုခံနိုင်ခဲ့ခြင်း အပေါ် သူတို့ သံသယ မရှိတော့ချေ။ လူငယ်မှာ လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုကို ပိုင်ဆိုင်ထားသည့် အပြင်... ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန် လုံလောက်သည့် ဝိညာဉ် အင်အားကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူက တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။

ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ရန် လုံလောက်သည့် ယုံကြည်ချက် ရှိနေခဲ့သည့် အပြင်... အင်ပါယာ ကလန်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့သည် အထိ ရဲတင်းခဲ့လေရာ သူက အင်ပါယာ ကလန်ကို နည်းနည်းလေးမျှ မကြောက်ဟု ဆိုလိုပေသည်။

“နေဦး...”

ရုတ်တရက် လျှို့ဝှက် အင်အားစု တစ်ခုမှ တက်ရောက်လာသည့် အကြီးအကဲ ကျင့်ကြံသူ တစ်ယောက်၏ အမူအရာက ပြောင်းလဲ သွားသည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ မျက်နှာမှာ တမုဟုတ်ချင်း နက်မှောင် သွားသည်။

ဘေးနားရှိ လူငယ်လေးက သူ၏ ဆရာ ဖြစ်သူကို စိတ်ဝင်တစား မော့ကြည့်လိုက်၏။ သူက ဤခရီးစဉ်ကို အတွေ့အကြုံ အတွက် လိုက်ပါလာခြင်း ဖြစ်သည်။ ယခုလို ကြယ်ကွင်းပြင် တစ်ခုလုံး၏ အနာဂတ် အပေါ် သက်ရောက်နိုင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ပါချေ။

ထိုကဲ့သို့ တုန့်ပြန်မှုများ ဖြစ်ပေါ်နေသည်က အကြီးအကဲ တစ်ယောက်တည်း မဟုတ်ပါချေ။ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း လိုလို ဖြစ်သည်။ သူတို့ အားလုံး၏ စိတ်များက အလွန် လျှင်မြန်စွာပင် ပြေးလွှားနေကာ တစ်ခုတည်းသော ဖြစ်နိုင်ချေကို တွက်ချက် နေခဲ့သည်။

တိုက်တန်ငရဲ ဖျက်ဆီးခြင်း ဧကရီမှာ သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။ သူမ၏ လှပ ဝိုင်းစက်သော မျက်ဝန်းများက အံ့အားသင့်သည့် အလင်းတန်းများနှင့် တောက်လောင်နေ၏။

“သူက ကျိန်စာနံပတ် ၃၃ ကို အသက်သွင်း နေတာလား”

“ကျိန်စာနံပတ် ၃၃...”

တရှန်းက အံ့သြသွားကာ ဆရာ ဖြစ်သူကို လှည့်ကြည့်လိုက်၏။ ကျိန်စာနံပတ် ၃၃ က အဘယ်နည်း။ တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက ချက်ချင်း ပြန်မဖြေချေ။ သူမ၏ မျက်လုံးများက ကောင်းကင် ဖျက်ဆီးသူထံမှ အမှောင် ဟင်းလင်းပြင် အတွင်း တိုက်ခိုက်နေသည့် ဝူယုနှင့် ကုန်းရီတို့ထံ ရွေ့လျား သွား၏။ သူမ၏ အမူအရာက ပိုမို၍ နက်မှောင် သွားသည်။

သို့‌စေကာမူ... တပည့်ဖြစ်သူ၏ မေးခွန်းကိုတော့ ပြန်လည်၍ ဖြေကြားလိုက်၏။

“ကျိန်စာနံပတ် ၃၃ က လျှို့ဝှက် အင်အားစု တော်တော်များများ ကျိန်ဆိုရတဲ့ လျှို့ဝှက် ကျိန်စာပဲ... တစ်နည်းအားဖြင့် အဆုံးမဲ့ ကောင်းကင် နေကြယ်ရဲ့ ရောင်ခြည်ကို သုံးစွဲနေတဲ့ လျှို့ဝှက် အင်အားစုတွေ ကျိန်ဆိုရတဲ့ ကျိန်စာပေါ့လေ... အတိုချုပ်ပြီး ပြောရရင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် တစ်ခုခု ဖြစ်လာတာနဲ့ ဘယ်လို ပဋိပက္ခ‌တွေ၊ သဘောထား ကွဲလွဲမှုတွေပဲ ရှိရှိ အဲဒီ အင်အားစုတွေ အားလုံးက စုပေါင်းပြီး တိုက်ခိုက် နှိမ်နင်း ကြရတယ် ဆိုပါတော့”

တရှန်းမှာ အံ့သြသွားခဲ့၏။ သို့သော်လည်း သူမ တမုဟုတ်ချင်း သဘောပေါက် ပေသည်။

“ဧကရီ ရှောင်ချွမ်းက ဝေ့ဝူယင်ကို မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွက် ခြိမ်း‌ခြောက်မှုလို့ နာမည်တပ် မလို့လား... ဘာလို့လဲ”

"..."

တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက ထိုမေးခွန်းကို ပြန်မဖြေချေ။ ကျိန်စာနံပတ် ၃၃ ကို တကယ်ပဲ အသက်သွင်းလား၊ မသွင်းသလား ဆိုတာကို သူမ မသိချေ။ သို့သော်လည်း... ဝေ့ဝူယင်ကို မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွက် ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်ရန် လုံ‌လောက်သည့် အကြောင်းရင်းများ ရှိကြောင်းကိုတော့ သူမ သိပေသည်။

နံပတ်တစ် အချက်... ဝေ့ဝူယင်မှာ မည်သည့် လျှို့ဝှက် ကျိန်စာကိုမှ ကျိန်ဆို မထားချေ။ နံပတ်နှစ် အချက်... သူ့ နောက်ကွယ်ရှိ အင်အားစုမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မည်သည့် တန်ခိုးရှင် အဖွဲ့အစည်းကို မဆို အချိန်မရွေး ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ မကြာသေးခင်ကပင် ဝေ့ဝူယင်မှာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းကို တိုက်ခိုက်ခဲ့ကာ သူ၏ မီးဖီးနစ်နှင့် အတူ ထရီလျံပေါင်းများစွာသော အသက်များကို ခြိမ်းခြောက်ခဲ့ပေသည်။

“နေဦး...”

တစ်စုံတစ်ခုကို တွေးတောမိသည်နှင့် တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီ၏ အမူအရာက ပြောင်းလဲ သွား၏။ ကျိန်စာနံပတ် ၃၃ က အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ စည်းမျဉ်းများမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်ရန် တားဆီးထားသည်။ ထိုအရာမှာ ထာဝရ အစည်းအရုံး ဖန်တီးထားသည့် ကျိန်စာ တစ်ခု ဖြစ်ကာ အဖွဲ့အစည်းတိုင်း ကျိန်ဆိုခဲ့ရပေသည်။

သို့ဖြစ်လေရာ... အဂ္ဂိရတ် စွမ်းရည်ကြောင့် ဝေ့ဝူယင်ကို မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွက် အန္တရာယ် တစ်ခု အဖြစ် သတ်မှတ်ရန် လွယ်ကူတော့မည် မဟုတ်ချေ။ စစ်ပွဲ ဖြစ်လာလျှင်ပင် ထိုအရာက ဝေ့ဝူယင်နှင့် အင်ပါယာ ကလန်ကြားတွင်ပင် ဖြစ်ပေလိမ့်မည်။ အခြား အင်အားစုများ အနေဖြင့် ကိုယ်ပိုင် သဘော ဆန္ဒနှင့် အတူ ကြားနေရန် သို့မဟုတ် တစ်ဖက်ဖက်သို့ ပူးပေါင်းရန် လွတ်လပ်စွာ ဆုံးဖြတ်နိုင်လိမ့်မည် ဖြစ်သည်။

“ဧကရီ ဘာတွေ တွေးနေတာလဲ...”

အခြားလူများ နည်းတူပင် တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီမှာ မရေမရာ ဖြစ်နေခဲ့လေတော့၏။

...

ကောင်းကင် ဖျက်ဆီးသူထက်တွင်တော့ ဝေ့ဝူယင်က ပြုံးရင်း ဧကရီကို ကြည့်လိုက်၏။

“စစ်ကြေညာတာ ဟုတ်လား... ဧကရီ ဘာကို ဆိုလိုချင်တာလဲ မသိဘူး... ကျုပ် ဘယ်သူ့ကိုမှ အန္တရာယ် မပြုခဲ့ဘူး... မယုံဘူး ဆိုရင် ဟွမ်ရီကောင်းရဲ့ အသက်အဆောင်ကို စစ်ကြည့်ပါ”

“...”

ဧကရီမှာ ဝေ့ဝူယင် စကားကြောင့် အံ့သြသွားခဲ့၏။ လူငယ်ကို အတန်ကြာ စိုက်ကြည့်ပြီး နောက်မှ သူမက အင်ပါယာ ကလန်ထံ ဆက်သွယ်လိုက်သည်။ တစ်ခဏ ကြာပြီးနောက်... ဟွမ်ရီကောင်းနှင့် ဆက်သွယ်နေသည့် အသက်အဆောင်မှာ အကောင်းအတိုင်း ရှိနေသေးကြောင်း သူမ ပြန်စာ ရရှိလိုက်၏။

ဧကရီ၏ အမူအရာက ပြောင်းလဲ သွားခဲ့သည်။

“ဘာလဲ...”

သူမက ဟွမ်ရီကောင်း၏ အသက်မဲ့ အလောင်းကို ကြည့်လိုက်၏။ သူက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။အရာရာတိုင်းက သူ အသက်မရှိတော့ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။

“နင် ဘာလုပ်ခဲ့တာလဲ...”

သူမက ဝေ့ဝူယင်ကို လှည့်ကြည့်ရင်း မေးလိုက်၏။ ထိုအခိုက်၌ သူမ၏ တည်ငြိမ်မှုများက ပြိုကွဲလုနီးပါး အခြေအနေ တစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ကျုပ် ဘာမလုပ်ပါဘူး... ဟွမ်ရီကောင်းက တစ်နေရာရာမှာ ရှိနေတယ်လို့ ကျုပ် ထင်တယ်... ဒါပေမဲ့ ကောင်းကင် ဖျက်ဆီးသူထက်မှာတော့ မဟုတ်ဘူး... ကျုပ် သူ့ကို မသတ်လိုက်ဘူး... ဒီတော့ ကျုပ်က ဘာကိစ္စနဲ့ စစ်ကြေညာရမှာလဲ... ကျုပ် ဧကရီတို့ အားလုံးကို ခဏ ထွက်သွားဖို့ ပြောခဲ့တယ် မလား.. သူက ထွက်သွားတာ နေမှာပေါ့... ကျုပ်တော့ အဲဒီလိုပဲ ထင်တယ်”

ဝေ့ဝူယင်၏ စကားလုံးများက ပေါ့ပေါ့ပါးပါး နိုင်လှသည်။ သို့သော်လည်း ဧကရီကတော့ ကျောရိုးများ စိမ့်တက်သွားသလိုပင် ခံစားလိုက်ရ၏။

“ဝူယု...”

ဝေ့ဝူယင် လှမ်းခေါ်လိုက်၏။ ချက်ချင်းဆိုသလိုပင် တိုက်ပွဲမှာ အမြင့်ဆုံး အဟုန်သို့ မြင့်တက်သွား၏။

ဘုန်း... ဘုန်း...

သို့သော်လည်း ၎င်းက မျက်တောင် တစ်ခပ်စာလောက်သာ ကြာမြင့်လိုက်ပေသည်။ ချက်ချင်း ဆိုသလိုပင် ဆက်တိုက် ပေါက်ကွဲမှုများနှင့် အော်ဟစ်သံများက ရပ်တန့်သွားသည်။

ဝှစ်...

ရောင်စုံ အလင်းတန်း တစ်ခုမှာ ကောင်းကင် ဖျက်ဆီးသူထံသို့ ပျံသန်း ရောက်ရှိလာ၏။

ဘုန်း...

ဝူယုက ကြမ်းပြင်ပေါ် ခပ်ပြင်းပြင်း ခြေချလိုက်ရင်း ကုန်းရီ၏ အသိစိတ်မဲ့ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် အမှိုက်တစ်စလို ပစ်ချလိုက်သည်။ ကုန်းရီ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးများဖြင့် စိုရွှဲနေကာ အဝတ်အစားများမှာ စုတ်ပြဲနေ၏။ သူက တိုက်ပွဲ၌ ကြီးကြီးမားမား ထိခိုက်သွားခဲ့တာ ထင်ရှားလှပေသည်။

All Chapters