ထွက်ခွာခြင်း
Vol. 92 Ch. 1280
“သခင်လေး...”
ဝူယုက ဝေ့ဝူယင် နံဘေးသို့ တည်ငြိမ်စွာပင် လျှောက်လာကာ ရပ်တန့်လိုက်၏။ သူ၏ ပုံစံက ကျိုးနွံတတ်သော အဂ္ဂိရတ် သူရဲကောင်းတစ်ယောက်လိုပင်။
“ခင်ဗျား အညောင်းပြေရဲ့လား...”
ဝေ့ဝူယင်က မေးလိုက်၏။ ဝူယုက အသာအယာပင် ပြုံးလိုက်သည်။
“နည်းနည်းပါပဲ...”
တကယ်တမ်းအားဖြင့် သူ့အတွက် သွေးပူရုံလောက်သာ ဖြစ်သည်။ ထိုအရာက ကောင်းကင် ဧကရာဇ် တစ်ယောက်လော။ သို့သော်လည်း ကုန်းရီမှာ အလွန်အမင်း အားနည်းသည်ဟုတော့ ဝူယု လက်လွှတ်စပယ် မတွေးပါချေ။ လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလ အတွင်း သူ စားသုံးခဲ့သည့် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်က မရေမတွက်နိုင်အောင် များပြားလွန်းလှခဲ့သည်။ ဝေ့ဝူယင်၏ ကျားကန်ပေးမှု အောက်တွင် သူ၏ ကျင့်ကြံခြင်း အခြေခံက အခြား မြေကြီး ရှန့်ထိုများစွာထက် သာလွန်နေသည်မှာ အံ့သြစရာ မရှိပါချေ။
လမ်းစဉ် ရှစ်ခု မြေကြီး ရှန့်ထို အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည့်တိုင် ဝူယုမှာ သူ့ကိုယ်သူ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မြေကြီး ရှန့်ထိုများထဲတွင် ပြိုင်ဘက်ကင်းသည်ဟု ခံစားရသည်။ သို့သော်လည်း... ဝေ့ဝူယင်၏ နောက်လိုက် ထူးဆန်းသော မြေကြီး ရှန့်ထိုများနှင့်တော့ သူ မယှဉ်ရဲပါချေ။ ထိုပုဂ္ဂိုလ်များမှာ သာမန် ကျင့်ကြံသူများ လုံးဝ မဟုတ်သည်မှာ သေချာလှသည်။
မည်သို့ပင် ဆိုစေ... သူ့ထံတွင် အသက်အရွယ် အားသာချက် ရှိနေသေးဆဲ ဖြစ်သည်။ မြေကြီး ရှန့်ထို အများစုနှင့် နှိုင်းယှဉ်လျှင် သူ၏ အသက်အရွယ်က အတော်လေးကို ငယ်ရွယ်သည်။ အသက် ၁၀၀၀၀ အောက် မြေကြီး ရှန့်ထိုများထဲတွင် ပြိုင်ဘက်ကင်းသည်ဟု ဝူယု ယုံကြည်ချက် ရှိရှိ ပြောရဲပေသည်။
“...”
ဧကရီ၏ မျက်လုံးများက ဝူယုကို လေ့လာရင်း တလက်လက် တောက်ပနေသည်။ ဖုံးကွယ်ထားသည့်တိုင် ဝူယု၏ ကျင့်ကြံခြင်းကို ကြည့်ရင်း သူမ တုန်လှုပ်နေကြောင်း ဝေ့ဝူယင် ပြောနိုင်ပေသည်။ ဝူယုမှာ မြေကြီးရှန့်ထို အဆင့်ကို လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်ကမှ တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူက ကုန်းရီလို လူမျိုးကို ချွေးတစ်စက်မျှ မထွက်ပဲ အနိုင်ယူနိုင်နေခဲ့ပြီ ဖြစ်သည်။
ကုန်းရီမှာ လမ်းစဉ် ငါးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူ ကျင့်ကြံခဲ့တာပင် နှစ်ပေါင်း တစ်သောင်းလောက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက မြေကြီး ရှန့်ထို အဆင့်ကို ထာဝရ ဧကရာဇ် ပေါ်လာခင်တည်းက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ လူအိုကြီးမှာ ထျန်းမူယန် နည်းတူ သက်တမ်းရင့် မြေကြီး ရှ့န်ထို တစ်ယောက်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ယခုတွင်တော့ မနေ့တနေ့ကမှ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည့် လူသစ် တစ်ယောက် လက်ထဲတွင် ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ အလွန်တရာပင် ကြောက်စရာ ကောင်းလွန်းလှသည်။
ဧကရီ၏ မျက်လုံးများမှာ ဖြည်းညင်းစွာပင် ဝေ့ဝူယင်ထံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမက အေးစက်စွာပင် ပြောလိုက်၏။
“ငါ ဒီကိစ္စကို အင်ပါယာ ကောင်စီနဲ့ ဆွေးနွေးလိုက်မယ်... အကယ်၍ ဟွမ်ရီကောင်း သေသွားပြီ ဆိုရင် စစ်ကြေညာတယ် ဆိုတဲ့ ကိစ္စက ပြောင်းလဲမှာ မဟုတ်ဘူး”
"..."
ဝေ့ဝူယင် သူမကို တစ်ခဏမျှ ကြည့်လိုက်၏။ ထို့နောက် သူက ထူးမခြားနား အမူအရာဖြင့် ခေါင်းညိတ် ပြလိုက်သည်။
“သူတို့ကို ပြောလိုက်ပါ... တကယ်လို့ ဟွမ်ရီကောင်းကို သက်သေ မရှိပဲ သေဆုံးသွားပြီလို့ သတ်မှတ်မယ် ဆိုရင် သူ့ အသက်က အနန္တ ဧကရာဇ် ကျမ်းစာ အတွက် လျော်ကြေး ဖြစ်သွားလိမ့်မယ် လို့”
“...”
ဧကရီ ရှောင်ချွမ်းမှာ တိတ်ဆိတ် သွား၏။ အနန္တ ဧကရာဇ် ကျမ်းစာမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ထိန်းသိမ်းထားပေသည်။ ပထမ၌ သူတို့မှာ အနန္တ ဧကရာဇ် ကျမ်းစာ အတွက် အပေးအယူ တစ်ခုနှင့် ဝေ့ဝူယင်ထံ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အနန္တ ဧကရာဇ် ကျမ်းစာမှာ တန်ဖိုး မဖြတ်နိုင်လေရာ ၎င်းနှင့် ညီမျှသည့် အပေးအယူမျိုး မလုပ်နိုင်ခဲ့ချေ။ ထို့အပြင်... ဝေ့ဝူယင်ဘက်မှ တောင်းဆိုခြင်းလည်း မပြုခဲ့ချေ။
“...”
ဧကရီ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ဝေ့ဝူယင်က ပြုံးကာ ပိုင်လင် ကျောထက်သို့ တက်လိုက်၏။ ပထမ၌ သူက ကောင်းကင် ဖျက်ဆီးသူကို တစ်ခဏမျှ သိမ်းပိုက်ကာ လေ့လာဖို့ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... ဧကရီမှာ လျှို့ဝှက် ဆန်းကြယ်လွန်းလှသည်ဟု သူ ခံစားရ၏။ သူမ မည်သည့် အရာများကို ကြံစည်နေကြောင်း ဝေ့ဝူယင် ပင်လျှင် ဖော်ထုတ်ခြင်း မပြုနိုင်ပါချေ။ သို့ဖြစ်လေရာ အကောင်းဆုံးက လက်ရှိ အချိန်တွင် ရှောင်လိုက်ခြင်းသာ ဖြစ်သည်။
ဝေ့ဝူယင်၊ ပိုင်လင်နှင့် ဝူယုတို့မှာ တိတ်တဆိတ်ပင် ပြန်လည်၍ ထွက်ခွာ သွားခဲ့ကြ၏။ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် သူတို့၏ ပုံရိပ်များကို လှမ်းကြည့်ရင်း ဧကရီ၏ မျက်လုံးများက စိတ်ပျက်မှု၊ မချင့်မရဲ ဖြစ်မှုများနှင့် ပြည့်နှက် လာခဲ့သည်။ ထိုအခိုက်၌ သူမ မည်သည့် အရာများတွေးတောနေကြောင်း သူမ တစ်ယောက်သာလျှင် သိပေလိမ့်မည်။
ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ နှစ်ယောက်မှာ အမှောင် ဟင်းလင်းပြင် အတွင်းတွင်ပင် တိတ်တဆိတ် ရပ်နေခဲ့မိကြသည်။ လင်းထျန်းယု၏မျက်လုံးများက ကုန်းပတ်ထက်တွင် လှဲလျောင်းနေသည့် ဟွမ်ရီကောင်း၏ ဦးခေါင်းမဲ့ အလောင်းကို လှမ်းကြည့်လိုက်သည်။ ထိုလူအိုကြီးမှာ အစောကြီးတည်းက မှားယွင်းခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်လို လူမျိုးကို မစော်ကားခဲ့သင့်ချေ။
ထျန်းမူယန်၏ အာရုံ စူးစိုက်မှုများကတော့ ကုန်းရီ အပေါ်တွင် ကျရောက်နေ၏။ ထိုကောင်းကင် ဧကရာဇ်မှာ မြေကြီး ရှန့်ထိုများထဲတွင် ကြောက်ဖို့ကောင်းသူ ဖြစ်သည်။ သို့သော်လည်း... သူနှင့် ဝူယု အကြားရှိ တိုက်ပွဲကတော့ ရှက်စရာ ကောင်းအောင် တစ်ဖက်သတ် ဆန်လွန်းလှသည်။ ၎င်းက အဆင့်တူ ကျင့်ကြံသူများ အကြားမှ တိုက်ပွဲဟုပင် မထင်ရချေ။
ထို့အပြင်... ဝူယုမှာ မဟာ အသွင်ပြောင်းခြင်းကိုပင် တစ်စက်ကလေးမှ ထုတ်ဖော်သွားခဲ့ခြင်း မရှိချေ။ အင်ပါယာ ကလန်သား တစ်ယောက် အနေဖြင့်... ကောင်းကင် အရှင် အသွင်ပြောင်းခြင်းနှင့် ဆင်တူသည့် မဟာ အသွင်ပြောင်းခြင်း အကြောင်းကို သူ ကောင်းစွာ နားလည်ပေသည်။ ၎င်းမှာ ကျင့်ကြံသူကို အဆင့် ကျော်လွန်၍ တိုက်ခိုက်နိုင်အောင်ပင် ကူညီပေးနိုင်သည်။
ဝူယုမှာ ထိုစွမ်းအင်ကို တစ်စက်ကလေးမျှ သုံးမသွားသည့် တိုင်အောင် သူ၏ တိုက်ခိုက်ရေး ခွန်အားမှာ အသက် အကြီးဆုံး ကောင်းကင် ဧကရာဇ်ကို အပြတ်အသတ် အနိုင်ယူနိုင်သည် အထိ သန်မာနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် နောက်ကို လိုက်လိုသည့် ထျန်းမူယန်၏ ဆုံးဖြတ်ချက်များမှာ ပိုမို၍ ခိုင်မာလာခဲ့၏။ အကယ်၍ လျှို့ဝှက် ကျိန်စာသာ မရှိပါက သူ ချက်ချင်းပင် ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း အဖြစ် ခံယူလိုက်ပြီ ဖြစ်သည်။
ပဋိပက္ခများ အတွင်း၌ ဝူယုမှာ ထူးချွန်မှုကို ပြသခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် မဟုတ်ပါချေ။ ဝေ့ဝူယင်မှာလည်း အချိန်သခင် တစ်ယောက် အနေဖြင့်ပင် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ကို သတ်နိုင်ခဲ့သည် အထိ သန်မာခဲ့ပေသည်။ ဝေ့ဝူယင်မှာ ဒုတိယမြောက် ထာဝရ ဧကရာဇ် မဟုတ်ကြောင်း သူ မှတ်ချက်ချလိုက်မိ၏။ လူငယ်မှာ အဂ္ဂိရတ် လမ်းစဉ် တစ်ခုတည်းတွင်သာ ထူးချွန်သူ မဟုတ်ချေ။ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ ပြသသွားခဲ့သည့် စွမ်းရည်မှာ သမိုင်းတွင် တုပြိုင်နိုင်သူ မရှိသလောက် ဖြစ်သည်။
အသက်တစ်ရာ မပြည့်ခင် ကျင့်ကြံခြင်း ဝိညာဉ် နှစ်ခုနှင့် အလွန်အမင်း ရှားပါးလှသည့် လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခု ပိုင်ဆိုင်ထားသူမျိုးကို သူတို့ ဘယ်တုန်းက ကြားဖူးခဲ့လို့နည်း။ ၎င်းအား နတ်ဆိုးဆန်သည့် ပါရမီဟု တင်စားလျှင် လွန်လိမ့်မည် မထင်ချေ။
မကြာခင်မှာပင် တစ်လောကလုံးမှာ ဝေ့ဝူယင်၏ အစစ်အမှန် ခွန်အားနှင့် ပါရမီတို့ကို သိရှိသွားကြလိမ့်မည် ဖြစ်သည်။ မကြာခင်မှာပင် တစ်လောကလုံးမှာ ဒုတိယမြောက် ထာဝရ ဧကရာဇ်ခေတ် ပေါ်ထွန်းလာနေခြင်း မဟုတ်ကြောင်း သဘောပေါက် သွားကြပေလိမ့်မည်။ ၎င်းက အာရုဏ်ဦး ခေတ်သစ် တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်၏ နည်းလမ်းများမှာ သာမန် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ထက် များစွာ ကျော်လွန်နေသည်။ ဝူယုနှင့် နဂါးခေါင်းဆောင်းမြေကြီး ရှန့်ထိုတို့၏ တိုးတက်မှုနှုန်းကို ထောက်ချင့်ရလျှင် ရာစုနှစ် တစ်ခု အတွင်းမှာပင် သူ၏ အင်အားမှာ ထိပ်ဆုံး အဆင့်ကို ရောက်ရှိလာမှာ သေချာသည်။
ထျန်းမူယန် ဧကရီ ရှောင်ချွမ်းကို ကြည့်လိုက်မိ၏။ ထိုအမျိုးသမီးမှာ အင်ပါယာ၏ သြဇာအာဏာကို အလွဲသုံးစား လုပ်ကာ အင်ပါယာ ကလန်ကို ကြောက်မက်ဖွယ် စစ်ပွဲကြီး တစ်ခု အတွင်း ဆွဲသွင်းနေခြင်း ဖြစ်သည်။ ဝေ့ဝူယင်က မြေကြီး ရှန့်ထို သုံးဆယ်ကျော်ကို တဒင်္ဂ အတွင်း ချိပ်ပိတ်နိုင်လိုက်တာ သူမ မတွေ့ခဲ့သည်လော။ ဝေ့ဝူယင်က ရန်သူ့ နယ်မြေ အတွင်း ဝင်သွားကာ မထိမခိုက် ပြန်ထွက်လာနိုင်ခဲ့တာ သူမ မတွေ့ခဲ့သည်လော။
ရုတ်တရက်... ဧကရီထံမှ ထွက်ပေါ်လာခဲ့သည့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို သူ ပြန်လည် သတိရလိုက်မိသည်။ သူမမှာ ကောင်းစွာ ဖုံးကွယ်ထားသည့်တိုင်အောင် ထျန်းမူယန်မှာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ အပေါ်တွင် အလွန် အကဲဆတ်သူ ဖြစ်သည်။
အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်က လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့သည့် အခိုက်တွင် ဧကရီမှာ ထိန်းချုပ်မှု လွတ်ထွက်သွားကာ သူမ၏ အစစ်အမှန် အတွေးများကို မမျှော်လင့်ပဲ ထုတ်ဖော်ခဲ့မိခြင်း ဖြစ်သည်။ ထျန်းမူယန် ထိုအရာကို ထင်ထင်ရှားရှားပင် တွေ့မြင်ခဲ့ရသည်။ သူမက ဘာကို လိုချင်နေသနည်း။
“အင်ပါယာ ဧကရာဇ် ထျန်းမူယန်...”
ရုတ်တရက် ဧကရီက ခေါ်လိုက်၏။
“ဟွမ်ရီကောင်းရဲ့ အလောင်းကို လုံခြုံအောင်နဲ့ တာရှည်ခံအောင် ထိန်းသိမ်းထားပါ... ကျွန်မတို့ သူ့ အခြေအနေကို သေချာအောင် စုံစမ်းဖို့ လိုတယ်... ဝေ့ဝူယင်က အစီအရင် တစ်ခုခု နဲ့ ဟွမ်ရီကောင်းကို ခေါ်ထုတ်သွားလား... ဒါမှမဟုတ် ဒါက ဟွမ်ရီကောင်းရဲ့ ခန္ဓာကိုယ် အစစ်မဟုတ်ပဲ ကိုယ်ပွား တစ်ခုလားဆိုတာ ခုထိ မသေချာသေးဘူး”
သူမ၏ အမိန့်စကားက ထျန်းမူယန်၊ ထျန်းလင်းယုနှင့် သင်္ဘောသားများကို အံ့အားသင့် သွားစေခဲ့၏။
“သူက အသက်ရှင်နေနိုင်တာလား...”
ထျန်းလင်းယုက ဟွမ်ရီကောင်း၏ ဦးခေါင်းမဲ့ အလောင်းကို ကြည့်ရင်း မေးလိုက်သည်။ သူတို့ မြင်တွေ့ရသလောက် ဟွမ်ရီကောင်း တစ်ယောက် သေဆုံးသွားတာ သေချာသည်။ သို့သော်လည်း ဧကရီ၏ စကားက ဟွမ်ရီကောင်း အသက်ရှင်နိုင်ချေကို ဖော်ပြနေသည်။ မည်ကဲ့သို့နည်း။
“အဲဒီ ကိစ္စကို ကျွန်မတို့ သေချာအောင် စစ်ဆေး ရမယ်”
ဧကရီက မသေမချာ ဆိုလိုက်၏။ ဟွမ်ရီကောင်း၏ အသက် အဆောင်မှာ ယခုတိုင် အကောင်း ပကတိ ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းက သူ အသက်ရှင်နေသေးသည်ဟု အဓိပ္ပာယ် ရပေသည်။
“...”
အမှောင် ဟင်းလင်းပြင် အတွင်းရှိ သင်္ဘောများစွာမှာ တိတ်ဆိတ်နေကြ၏။ လူများမှာ ဦးနှောက် အတွင်း ဗလာဟင်းလင်းဖြစ်သလို ခံစားနေကြရသည်။ အဖြစ်အပျက်များမှာ အလွန် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ရကား သူတို့ အလိုက် လိုက်မှီရန် ခက်ခဲလွန်းလှသည်။
စိတ်များ ရှုပ်ထွေးပွေလီနေသည့် ကြားမှပင် သူတို့မှာ ဟင်းလင်းပြင် သင်္ဘောများကို ပြန်လည်၍ အသက်သွင်း လိုက်ကြ၏။ မည်သို့ပင် ဆိုစေ... သူတို့ ထိုသတင်းစကားများကို မဟာစက်ဝန်း ကြယ်ကွင်းပြင်ထံ ပြန်လည် ပို့လွှတ် ရတော့မည် မဟုတ်ပါလား။